Thursday, October 7, 2010

ကုလသမဂ္ဂမှာ ဦးဉာဏ်ဝင်း မှားယွင်းပြောဆို

မျိုးဝင်းဇော် | ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့၌ ကျင်းပသည့် (၆၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက လွှတ်တော်နေရာ (၁,၁၇၁) နေရာ ရှိသည်ဟု မှားယွင်းပြောဆိုခဲ့မှုအပေါ် ပြည်တွင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် သတင်းဂျာနယ် အယ်ဒီတာများ အံ့သြနေကြကြောင်း သိရသည်။

လသာမြို့နယ် အမှတ် (၂) ရပ်ကွက် မဲရုံတွင် ပြီးခဲ့သည့် အောက်တိုဘာ (၁) ရက်နေ့၌ ကျင်းပသည့် သရုပ်ပြ မဲပေးပွဲ ရွေးကောက်ပွဲ တာဝန်ရှိသူတဦးက “တပြည်လုံးမှာ မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာရှိပါတယ်။ အဲဒါ သတင်းစာကနေ အတိအလင်း ကြေညာထားပြီးသားပါ။ လွှတ်တော်နေရာ (၁,၁၆၃) နေရာကို ဆိုလိုတာပါ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဘာကြောင့် (၁,၁၇၁) နေရာလို့ ပြောဆိုသလဲ ကျနော်တို့ မသိပါဘူး” ဟု ပြောသည်။

ပြည်တွင်းသတင်းအယ်ဒီတာ တဦးကလည်း “ဂျာနယ်တွေ အားလုံးမှာရော၊ အစိုးရ ဝါဒဖြန့် ဆောင်းပါးတွေမှာပါ မဲဆန္ဒနယ် (၁,၁၆၃) ဆိုပြီး ရေးနေကြတယ်။ ဒါက မှားစရာလည်း ဘာအကြောင်းမှ မရှိဘူး။ ဦးဉာဏ်ဝင်းက ဘာကြောင့် ကုလသမဂ္ဂမှာ (၁,၁၇၁) နေရာလို့ ပြောရလဲ။ အခု သူ့မိန့်ခွန်းအတိုင်း (၁,၁၇၁) နေရာဆိုပြီး ဂျာနယ်တွေမှာ ဖော်ပြတော့ စိစစ်ရေးက ခွင့်ပြုတယ်။ သတင်းတွေ ဆောင်းပါးတွေမှာ အမှန်အတိုင်း (၁,၁၆၃) နေရာဆိုလည်း ခွင့်ပြုထားတယ်။ အစိုးရဟာ လုပ်ချင်တာ လုပ်နေတဲ့ သဘောပဲ” ဟု ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်သည် ပြီးခဲ့သည့် သြဂုတ်လ (၁၁) ရက်၌ လွှတ်တော် (၃) ရပ်အတွက် မဲဆန္ဒနယ်မြေများကို သတ်မှတ်ကြေညာခဲ့ပြီး ကြေညာချက် အပြည့်အစုံကို သြဂုတ် (၁၂-၁၃-၁၄-၁၅) ရက် သတင်းစာတို့တွင် (၄) ရက်ဆက်တိုက် ဖော်ပြခဲ့သည်။

အဆိုပါ ဖော်ပြချက်များအရ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေပေါင်း (၃၃ဝ)၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေပေါင်း (၁၆၈)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် မဲဆန္ဒနယ်မြေပေါင်း (၆၃၆) နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် လူမျိုးစု မဲဆန္ဒနယ်မြေပေါင်း (၂၉) နေရာ၊ စုစုပေါင်း မဲဆန္ဒနယ်မြေပေါင်း (၁,၁၆၃) နေရာအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက “ဝန်ကြီးဦးဉာဏ်ဝင်းက မဲဆန္ဒနယ်မြေ စာရင်းတွေ တရားဝင် မထုတ်ပြန်ခင်က ရရှိထားတဲ့စာရင်းကို အသုံးပြုမိတာ ဖြစ်နိုင်တယ်။ ဝတိုင်းဒေသအတွင်းက မြို့နယ် (၄) ခုရဲ့ ရှမ်းပြည်နယ် လွှတ်တော်အတွက် (၈) နေရာရှိပြီး အဲဒီ နေရာတွေပါ ပါမယ်ဆိုရင် မဲဆန္ဒနယ် စုစုပေါင်း (၁,၁၇၁) နေရာရှိမှာဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်း စစ်အစိုးရက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပေါ်ပေါက်မလာအောင် အဲဒီ မဲဆန္ဒနယ် (၈) နေရာကို မထည့်သွင်းတော့ဘဲ မဲဆန္ဒနယ်မြေစာရင်း ထုတ်ပြန်ခဲ့တယ်” ဟု သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ မဲဆန္ဒနယ်ကွဲပြားမှုနှင့် ပတ်သက်၍ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ မေးမြန်းကြည့်ရာ သတင်းစာပါ ထုတ်ပြန်ကြေငြာချက်များ အတိုင်းသာ ဖြစ်ပါသည်ဟု ပြောဆိုပြီး ကိန်းဂဏန်း အမှန်ကိုမူ ပြောဆိုဖြေကြားခြင်း မပြုပေ။

စစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ယခုကဲ့သို့ပင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စများကို ထုတ်ပြန်ပြောဆို ရှင်းလင်း ဖြေကြားခြင်း မပြုသည့်အတွက် ကော်မရှင် အဆင့်ဆင့်၊ နိုင်ငံရေးပါတီများနှင့် သတင်းသမားများပါ အမြဲတစေ အခက်အခဲကြုံကြရကြောင်း သိရသည်။

source by :NEJ