Friday, October 9, 2009

စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လာတဲ့သဘောလို့ NLD ယူဆ

စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လာတဲ့သဘောလို့ NLD ယူဆ

2009-10-09 ( RFA )

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့တဲ့အတိုင်း အနောက်တိုင်းသံအမတ်တွေနဲ့ တွေ့ဆုံဖို့ စစ်အစိုးရက စီစဉ်ပေးခဲ့တာဟာ နိုင်ငံရေးအရ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်လာတဲ့ သဘောလို့ ယူဆနိုင်ကြောင်း၊ အဲဒီကတဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောပါတယ်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးလည်း ဖြစ်သူ ဦးဉာဏ်ဝင်းက အင်းစိန်ထောင် အထူးတရားရုံးမှ ဇူလိုင် ၂၄ ရက် အမှုချိန်းမှာ ပြန်လာပြီးနောက် အမှုအခြေအနေကို NLD ဌာနချုပ်ရုံးတွင် သတင်းဌာနများအား ရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဦးဥာဏ်ဝင်းကို RFA ဝိုင်းတော်သူ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်အယူခံ ဗဟိုတရားရုံးချုပ် တင်သွင်းရေးကြန့်ကြာနေ

ဒေါ်အောင်ဆန်းစုကြည်အယူခံ ဗဟိုတရားရုံးချုပ် တင်သွင်းရေးကြန့်ကြာနေ

2009-10-08 ( RFA )

ရန်ကုန်တိုင်း တရားရုံးက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို ပယ်ချလိုက်ပေမဲ့ အခုချိန်ထိ စီရင်ချက်မိတ္တူကို အကျိုးဆောင်ရှေနေတွေဘက်က မရရှိသေးဘူးလို့ သိရပါတယ်။


ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အဦး ဖြစ်ပါသည်။ (Photo: AFP)

ဒါကြောင့် အယူခံကို ဗဟိုတရားရုံးချုပ်ထိ ဆက်လက် တင်သွင်းဖို့ ရှိတဲ့ကိစ္စမှာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

ဦးကြည်ဝင်း။ ။ 'ဗဟိုတရားရုံးကို ကျွန်တော်တို့ တင်တယ်။ သို့သော်၊ အခု တင်ဖို့ရာအတွက် ဒီ တိုင်းတရားရုံးက ချတဲ့ စီရင်ချက် မိတ္တူကို တောင်းထားတယ်။ တောင်းထားတော့ကာ အဲဒီ အမှုတွဲကို ဗဟိုတရားရုံးက ယူသွားလို့ အဲဒီမိတ္တူကို ခုထက်ထိ ထုတ်မပေးနိုင်သေးဘူး။'

ရှေ့နေတွေအနေနဲ့ တိုင်းတရားရုံးရဲ့ စီရင်ချက်ကို ဖတ်ခွင့်မရမချင်း အယူခံမှုနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်လို့ မရတဲ့အကြောင်း ဦးကြည်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် တနှစ်ခွဲ ချမှတ်ခဲ့တာကို ပယ်ဖျက်ဖို့အတွက် ရန်ကုန်တိုင်း တရားရုံးမှာ အယူခံတင်သွင်းခဲ့ပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ပယ်ချခံခဲ့ရပါတယ်။့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို စစ်အစိုးရက တရားမဝင်တော့တဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စွဲဆိုထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှုကနေ ကွင်းလုံးကျွတ် လွတ်သင့်တယ်လို့ အကျိုးဆောင်ရှေ့နေတွေဘက်က အဓိက ထောက်ပြနေတာ ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်း သံတမန်များတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်း သံတမန်များတွေ့ဆုံ

Friday, 09 October 2009 11:24 ကိုစိုး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်အခြေစိုက် အနောက်တိုင်း သံတမန် ၃ ဦး ယနေ့တွေ့ဆုံကြောင်း သံတမန် အသိုင်းအဝိုင်းမှ သိရသည်။

ယခုတွေ့ဆုံသည့် အစီအစဉ်သည် စစ်အစိုးရ၏ ခွင့်ပြုချက်အရဖြစ်ကြောင်းနှင့် တွေ့ဆုံသည့် သံတမန်များမှာ အမေရိကန်၊ ဗြိတိန်နှင့် သြစတေးလျ သံတမန်များဖြစ်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု များနှင့် ပတ် သက်၍ ဆွေးနွေးရန်ဖြစ်ကြောင်း အနောက်တိုင်း သံတမန် တဦးက ပြောသည်။


ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၆ ရက်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆို ဆန္ဒပြသူများကို တွေ့ရစဉ် ။ (ဓာတ်ပုံ - Getty Images)

ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီးဆွေးနွေးရန် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရန် တောင်းဆိုချက်ကိုမှု ပြောင်းလဲမည်မဟုတ်ဟု သံတမန် တဦးက ပြောဆိုကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် လိုကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာထဲ၌ အနောက် တိုင်း သံတမန် ၃ ဦးနှင့် တွေ့ဆုံရန် တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စာနှင့်ပတ်သက်ပြီး စစ်အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင် ဆန်းစုကြည် တို့ ပြီးခဲ့သည့် တပတ်အတွင်း ၂ ကြိမ်တွေ့ဆုံခဲ့သည်။

ယင်း ဖြစ်ရပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ ပေါ်ထွက်လာပြီးနောက် ဆက်တိုက် ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်အရေးနှင့် ပတ်သက်၍ စစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြီး စေ့စပ် ဆွေးနွေးခြင်း နှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်း တို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က စက်တင်ဘာ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

မစ္စ ကလင်တန်က ကုလသမဂ္ဂမှ စီစဉ်သည့် မြန်မာ့ မိတ်ဆွေနိုင်ငံများ အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံရာတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မကြာမီ စင်္ကာပူနိုင်ငံတွင် ကျင်းပမည်ဖြစ်သော အာဆီယံ ထိပ်သီး အစည်းအဝေးသို့ လာရောက်မည့် အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ တွေ့ဆုံ ရန်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 8, 2009

တုပ်ကွေးလို့ ယူဆရတဲ့ ရောဂါဆန်းတမျိုး ဖာပွန်ခရိုင်မှာ ကူးစက် ဖြစ်ပွားနေ

တုပ်ကွေးလို့ ယူဆရတဲ့ ရောဂါဆန်းတမျိုး ဖာပွန်ခရိုင်မှာ
ကူးစက် ဖြစ်ပွားနေ


2009-10-08 ( RFA )

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ကျေးရွာတချို့မှာ ကူးစက်နှုန်းအထူး မြန်ဆန်တဲ့ တုပ်ကွေးလို့ ယူဆရတဲ့ ရောဂါဆန်းတမျိုး ဖြစ်ပွားနေတယ်လို့ ဒေသခံ ကျန်းမာရေးအဖွဲ့တွေက ပြောပါတယ်။

အစိုးရ စစ်တပ်၏ လိုက်လံ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် တောတောင်များထဲတွင် ထွက်ပြေး ပုန်းအောင်းနေရသော ကရင်ရွာသူရွာသားများ။
(Photo: Free Burma Rangers)


အဲဒီတုပ်ကွေးရောဂါဟာ ဖာပွန်ခရိုင် လူတော မြို့နယ် ယွန်းစလင်းမြစ်ရဲ့ အနောက်ဖက်ခြမ်းမှာ စတင်ဖြစ်ပွားနေတာဖြစ်ပြီး၊ အခုဆိုရင် မြစ်ရဲ့အရှေ့ဖက်ခြမ်းကိုပါ ကူးစက်ဖြစ်ပွားနေပြီလို့ သိရပါတယ်။ လောလောဆယ်အထိ ကျေးရွာ ၁ဝ ရွာလောက်မှာ ရောဂါဖြစ်ပွားသူ ၇ဝဝ လောက်နဲ့ သေဆုံးသူတဦး ရှိသွားပြီလို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ ညွှန်ကြားရေးမှူး ဆရာမန်းမန်းက RFA ကို ဒီကနေ့ ပြောပါတယ်။

ဆရာမန်းမန်း။ ။ 'ဒီ ယွန်းစလင်းချောင်းရဲ့ ဒီဖက် အနောက်ဖက်ခြမ်းပေါ့နော်၊ အဲဒီမှာ ၇ ရွာ ၈ ရွာလောက် ကျွန်တော်တို့ အရင်တုန်းက ဖြစ်နေတယ်။ လူဦးရေ လူနာဦးရေ ၅ဝဝ ကျော်ကျော်လောက် ရှိတာပေါ့။ အဲဒါတွေကတော့ တစုံတရာ က္ဆွန်တော်တို့ အရေးယူ ဆောင်ရွက်ပေးလို့တော့ သက်သာမှုတော့ ရပြီ၊ သို့သော်လည်းပဲ နောက်ထပ် ယွန်းစလင်းချောင်းရဲ့ အရှေ့ဖက်ခြမ်းမှာပေါ့နော်၊ အဲဒီမှာ ၃၊ ၄ ရွာ တခါထပ် ဖြစ်လာတာကျွန်တော်တို့ ကြားသိရတယ်။ အဲဒါလည်း ကျွန်တော်တို့ အရေးယူ ဆောင်ရွက်ပေးဖို့လို့ ကျွန် တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ပြီးပြီပေါ့နော်။ ဒီကြားထဲမှာပဲ အဲဒီမှာပဲ အပြစ်ဖြစ်တဲ့ ရွာတွေမှာပဲ ၁၅ဝ- ၂ဝဝ လောက် ဖြစ်ရှိနေပြီ။ ဒီထဲမှာ ၇ နှစ် ရွာက ကလေးတယောက်ကလည်း ဆုံးသွားတယ်ပေါ့နော်။'

ရောဂါလက္ခဏာအရ တုပ်ကွေးလို့ လတ်တလော ယူဆရပေမဲ့ ရောဂါဇာစ်မြစ်ကို အတိအကျ သိရှိနိုင်ဖို့ ရောဂါပိုးနမူနာကို မဲဆောက်ဆေးရုံကတဆင့် ထိုင်းဆေးရုံတခုကို ပေးပို့ထားတယ်လို့ ဆရာမန်းမန်းက ပြောပါတယ်။

ဆရာမန်းမန်း။ ။ 'အဲဒီ လက္ခဏာအရကတော့ တုပ်ကွေးလို့တော့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ သို့သော်လည်းပဲ ပိုသေချာအောင် ဘယ်အမျိုးအစားလဲ ပေါ့နော်၊ H1N1 လား၊ H5N1 လား၊ H2N1 လား၊ အဲဒါတွေကို ကျွန်တော်တို့ ခွဲခြားရဦးမယ် ဆိုတဲ့အတွက် မဲဆောက်ဆေးရုံကတဆင့် သူတို့ ပို့လိုက်တယ်ပေါ့နော်။ အဲဒါလည်းပဲ ဒီ သူတို့ ဆောင်ရွက်ဖို့ကလည်း တပတ် ၁ဝ ရက်လောက် ကြာဦးမယ်တဲ့။ အဲဒီတော့ ကျွန်တော်တို့လည်း ဒါကို အချိန်စောင့် နေတယ်ပေါ့နော်။'

ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံနယ်မြေထဲမှာ ဖြစ်ပြီး၊ စစ်အစိုးရရဲ့ ထိုးစစ်တွေကြောင့် ရွာသူရွာသားတွေ တောတောင်တွေထဲမှာ စုဝေးပုန်းအောင်းနေကြရာက ရောဂါဖြစ်ပွားမှု ဆိုးဝါးလာခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံ ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။

လောလောဆယ်မှာ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့အပါအဝင် ဒေသခံ ကျန်းမာရေး အဖွဲ့အစည်းတွေက အဲဒီဒေသတွေဆီ သွားရောက်ပြီး ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ သွားရောက် ကူညီဆောင်ရွက် ပေးနေကြတယ်လို့ သိရပါတယ်။

ဒီရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်လို့ နယ်လှည့်ကျောပိုးအိတ် လုပ်သားအဖွဲ့ ညွန်ကြားရေးမှူး ဆရာမန်းမန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကျေးလက်သျှမ်းရွာများ မီးရှို့မှု၌ ရပခ တိုင်းမှူးကိုယ်တိုင်အမိန့်ပေး

ကျေးလက်သျှမ်းရွာများ မီးရှို့မှု၌ ရပခ တိုင်းမှူးကိုယ်တိုင်အမိန့်ပေး


ကြာသပတေးနေ့ ၊ 08 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်


ဂျူလိုင်လနှောင်းပိုင်းက သျှမ်းပြည်အလယ်ပိုင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုတွင် တောင်ကြီးအခြေ စိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင် အမိန့်ပေးညွှန်ကြားခဲ့သည်ဟု သျှမ်းပြည်အလယ်ပိုင်းသတင်းရပ်ကွက်ပြောပါသည်။

“မီးရှို့ခိုင်းတုန်းကလဲ သူဘဲ၊ အခု အားချင်းအိမ်ပြန်ဆောက်ပေးခိုင်းတော့လဲသူဘဲ၊ ပြည်သူတွေကို ဘယ်လို မျက်နှာပြရမလဲ” - ဟု သျှမ်းပြည်အလယ်ပိုင်းရှိ တပ်ရင်းမှူးတဦးပြောကြောင်း နီးစပ်သူတဦး က ပြောပါသည်။

မီးရှို့ဖျက်ဆီးခံရသည့် လဲချားမြို့နယ် တတ်မောက်ကျေးရွာအုပ်စု နှင့် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု အလိုက် ပျဉ်ထောင်အိမ် အလုံးပေါင်း ၁၂၀ ကျော်အား သုံးလအတွင်း အပြီးဆောက်လုပ်ပေးရန် တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ညွှန်ကြားမှု အပေါ် ဆိုဒ်အတွင်းကွပ်ကဲသည့် တပ်ရင်းမှူးများ မကျေမနပ် ညည်းတွားကြောင်း၊ မီးရှို့ခိုင်းစဉ်ကလည်း ဗိုလ်ရာပြည့်ကိုယ်တိုင် အမိန့်ပေးခဲ့ကြောင်း မြောက်ပိုင်းအပစ်ရပ်တပ်ဖွဲ့နှင့် - နီးစပ်သည့် အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ မှူး ဗိုလ်မှူးကြီးကျော်ဇံမြင့် ဆီတိုက်ရိုက်ညွှန်ကြားတယ် တဲ့။ ဗျူဟာနှစ်ခု လက်အောက်ခံ တပ်ရင်း ၅ ရင်းက ရွာတွေကိုမီးရှို့ဖျက်ဆီးတယ်။ အဓမ္မပြောင်း ရွေ့ခိုင်းတယ်။ ရွာသူ ရွာသားတွေ မိုးတွင်းတခုလုံး အိုးမဲ့ အိမ့်မဲ့ဘ၀ နဲ့ ဒုက္ခခံခဲ့ရပြီး မိုးကုန်မှ အလျင်စလို အိမ်ပြန် ဆောက်ပေးဖို့ တိုင်းမှူးက ပြန်ပြောလာတယ်။ သူခိုင်းချင်ရာခိုင်းနေတော့ တပ်ရင်းမှူးတွေကလဲ မခံနိုင်ဖြစ်လာ တာပေါ့” - ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြ၏။

နအဖတပ်မီးရှို့ဖျက်ဆီးခဲ့သည့်သျှမ်းပြည်အလယ်ပိုင်းမှ ကျေးလက်နေအိမ်များ
Photo:Taifreedom


မီးရှို့ဖျက်ဆီးခံရသည့် ကျေးလက်လူထုအတွက် စစ်တပ်က သစ်လုပ်ငန်းရှင်များအား (ခွဲစိတ်ပြီးသားသစ် တန်ချိန် ၃၀၀၀ ထောင်၊ သစ်တုံး တန်ချိန် ၂၀၀၀ ကျော်) သစ်ပါမစ်ပေးခဲ့သော်လည်း မိုင်းကိုင်မြို့နယ် တုံလောဝ် အခြေစိုက် ဗျူဟာမှူးက ကားလမ်းဘေးရှိ ကျေးရွာများအား တစ်အိမ်လျှင် သစ်တစ်တန်နှုန်းခုတ်ဖြတ်ပေးရန် ဆင့်ဆိုခဲ့သည်ဟုဆိုသည်။

အမည်မဖေါ်လိုသည့် ရွာသူကြီးတဦးက - “ တရုပ်နယ်စပ်အခြေအနေက မကောင်းဘူးဆိုတော့ သစ်ပါမစ်ရလဲလုပ်စားဖို့က အဆင်မပြေပြန်ဘူး၊ ရှင်းရှင်းပြောရင် ဗျူဟာမှူးအမိန့်နဲ့ ရွာသားတွေကို လုပ်အားပေးခုတ်ခိုင်း ထားတဲ့သစ်တွေကိုသစ်ပါမစ်ရ ထားတဲ့သူတွေက တတန် ၃ သိန်းနှုန်းနဲ့ ပြန်သွားဝယ်ရတယ်။ အဲဒီသစ်တွေနဲ့ မီးရှို့ခံရတဲ့ သူတွေအတွက်ပြန်ဆောက်ပေး ရမယ်၊ သစ်ပါမစ် ရထားတဲ့ဟာကတော့ သူတို့နဲ့မဆိုင်တော့ဘူး၊ ကိုယ့်ဟာကိုဘဲ ခုတ်ဖြတ်ထုတ်ရောင်းဖို့ရှိတယ်” - ဟု ရှင်းပြ၏။

မီးရှို့ ဖျက်ဆီးခံရသော တတ်မောက်ကျေးရွာအုပ်စု၊ ဟိုခိုင်းကျေးရွာအုပ်စုအား နားဂစ်ပျဉ်ထောင်အိမ်ပုံစံတူ စံပြကျေးရွာ လုပ်ပေးရန် နှင့် အစိုးရဌာနများဖြစ်သည့် သစ်တော၊ ကျန်းမာရေး၊ ပညာရေးဌာနအပြင် တိုင်းစစ်ဗျူဟာ တခုလည်းတိုးချဲ့ ထားရှိသွားမည်ဟု အမည်မဖေါ်လိုသည့် ဒေသခံ ခေတ်ပညာတတ် လူငယ် တဦးက ပြောပါသည်။

ကျေးလက်လူထုအား သျှမ်းသူပုန် ဆက်သွယ်သတင်းပေးသည် ဟုဆိုကာ နေအိမ်ဥစ္စာပစ္စည်းများ၊ စပါးကျီများပါမကျန် မီးရှို့ဖျက်ဆီးခဲ့ပြီး သုံးလအတွင်း အိမ်အသစ်ပြန်ဆောက်ပေးရန် ရပခ တိုင်းမှူးညွှန်ကြားရခြင်းမှာ အကြောင်း ၃ ရပ်ရှိကြောင်း -

(၁) ၂၀၁၀ ရွေးကောက်ပွဲအတွက် ထောက်ခံမဲရရန် ပြည်သူလူထုအား စည်းရုံး ချွေးသိပ်ခြင်း။
(၂) သျှမ်းပြည်တပ်မတော် လှုပ်ရှားနယ်မြေအတွင်း စစ်အစိုးထပ်တိုးချရန်ရှိခြင်း။
(၃) ဒေသခံ စစ်အရာရှိများက သစ်လုပ်ငန်းရှင်များထံမှ ၀င်ငွေရရန် ဖန်တီးပေးခြင်း
တို့ ဖြစ်သည်ဟု သုံးသပ်သူများ ပြောဆိုကြသည်။

သျှမ်းသူပုန်များအား ဆက်သွယ်ထောက်ပံ့သတင်းပေးသည်ဟု ယူဆခံရသည့် လဲချား မိုင်းကိုင်မြို့နယ်မှ ကျေးရွာ ၁၀ ရွာကျော် (အိမ်ခြေ ၅၀၀ ကျော်) အား ဂျူလိုင်လနှောင်းပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၃၉ ရွာကိုလည်း နေရပ်ရင်းမှ အဓမ္မပြောင်းရွေ့ အိုးအိမ်စွန့်ခွာခိုင်းခဲ့ပါသည်။


မှတ်ချက် ။ ။ http://www.mongloi.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စု အတွက် ဂုဏ်ပြုတေး လူငယ်များအကြား ထိရောက်မှုရှိ

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စု အတွက် ဂုဏ်ပြုတေး
လူငယ်များအကြား ထိရောက်မှုရှိ

ဝီရ / ၈ အောက်တိုဘာ ၂၀၀၉


မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) က ဖြန့်ချိလိုက်သည့် ဟစ်ပ်ဟော့ပ်သီချင်း အယ်လ်ဘမ်တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစပ်ဆိုထားသည့် ‘အမေ ၆၄’ ဟူသည့် သီချင်းမှာ ပြည်တွင်းလူငယ်များ အကြား ရေပန်းစားနေပြီး ထိုအယ်လ်ဘမ်သည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိကြောင်း အဖွဲ့ဝင်များနှင့် လူငယ်များက ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ဖြစ်ပျက်နေသည့် လတ်တလောအခြေအနေများကို လူငယ်အမြင်မှ ဖွဲ့သီစပ်ဆိုထားသော ထိုအယ်လ်ဘမ်ကို လူငယ်တို့၏ နိုင်ငံရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် ပထမဦးဆုံး ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း GW အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် မင်းရန်နိုင်က ပြောကြားသည်။

ပြည်တွင်းဖြန့်ချိမှုနှင့် ပတ်သက်၍ ၎င်းက “လူငယ်တွေကို ဦးတည်ဖြန့်ပါတယ်။ ပြည်တွင်းက အားပေးတဲ့အသံတွေ၊ ဂုဏ်ယူတဲ့ အသံတွေ ကျနော်တို့ပြန်ကြားရတယ်။ နည်းမျိုးစုံနဲ့ဖြန့်တာ၊ ကိုယ့်အချင်းချင်း လက်ဆင့်ကမ်းပြီး ဖြန့်တယ်။ တက္ကသိုလ်ကျောင်းတွေမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ ချထားပေးတယ်။ ဘတ်စ်ကားပေါ်မှာ ချထားတယ်။ အိမ်ဆွဲခေါင်းလောင်းမှာ ချိတ်ထားပေးတယ်။ တနိုင်ငံလုံး အတိုင်းအတာအထိ ဖြန့်နိုင်အောင်လည်း ကျနော်တို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံးသည် လှုံ့ဆော်စာများ ဖြန့်ဝေခြင်း၊ စစ်အစိုးရဆန့်ကျင်ရေး ဆေးဖြန်းခြင်း စသည့် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတို့ကြောင့် အနုပညာရပ်ဝန်းမှ နာမည်ကြီး ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော် အပါအဝင် အဖွဲ့ဝင် (၃၀) ဦးခန့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတရပ်ဖြစ်သည်။

“မျိုးဆက်လှိုင်း” ဟု အမည်ရသည့် ယခု အယ်လ်ဘမ်ကို ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖြန့်ချိလိုက်ခြင်းဖြစ်ပြီး ၂၀၀၇ ခု စက်တင်ဘာအရေးအခင်းအတွက် ဆိုထားသည့် ‘နိုးထကြလော့’၊ ၂၀၁၀ ရွေးကောက်ပွဲကို သရော်ထားသည့် ‘တစ်ဆယ်’၊ ‘အမေ ၆၄’၊ ‘အခြေအနေများ’၊ ‘မာရ်နတ်အိမ်’၊ ‘တိုက်’ နှင့် တော်လှန်ရေးသားသမီးတို့အတွက် ရည်ရွယ်သည့် ‘ခွင့်ပြုတော့ မေမေ’ အစရှိသည့် သီချင်း (၇) ပုဒ် ပါဝင်သည်။

ပြည်တွင်းမှ နိုင်ငံရေးလှုပ်ရှားတတ်ကြွသူ လူငယ်တဦးက “ဒီသီချင်း (၇) ပုဒ်ထဲမှာ ‘အမေ ၆၄’ သီချင်းက လူငယ်တွေ တော်တော်သိကြတယ်။ သီချင်းက ဟစ်ပ်ဟော့ပ် အေးအေးလေးတပုဒ်လည်းဖြစ်တော့ မိန်းကလေးတွေပါ အီမေးလ်တွေက တဆင့်၊ နီးစပ်သူတွေဆီကတဆင့် တောင်းပြီး နားထောင်ကြတယ်။ ဒီလိုသီချင်းတွေ များများထုတ်စေချင်တယ်။ ခိုးပြီး နားထောင်ရတော့ ပိုအရသာရှိတာပေါ့” ဟု ပြောသည်။

‘အမေ ၆၄’ သီချင်းတွင် “အမြဲတမ်း အပြုံးမပျက် ဦးဆောင်သူ၊ အားလုံးအရေးအတွက် ဘဝကို မမှု၊ ပန်းတိုင်အရောက်သွားဖို့ ရှေ့သို့ အားမလျှော့ဘူး။ အမေ..... အာဏာရှင်တွေ လက်ထဲမှာ ရင်နင့်စွာ နေ့ပေါင်းများစွာ မှေးစက်လို့ ....၊ ဂုဏ်ယူမယ့်နေ့ ဒီမိုကရေစီတိုက်ပွဲမှာ ဒို့သမိုင်းမှာ ကျနော့်သီချင်းများဟာ အမေအတွက်မို့.......” စသည့် စာသားများဖြင့် ဖွဲ့ဆိုထားသည်။

ဟစ်ပ်ဟော့ပ် အဆိုတော်များ၏ တဖွဲ့နှင့်တဖွဲ့ ရန်စောင်တိုက်ခိုက်သည့် သီချင်းများကို ပြည်တွင်းလူငယ်တို့က စိတ်ဝင်စားမှု လျော့ကျနေချိန်တွင် ယခုကဲ့သို့ တစုံတရာအတွက် အဓိပ္ပာယ်ရှိစေသည့် သီချင်းအယ်လ်ဘမ်မျိုး အများအပြား လိုအပ်နေကြောင်း ပြည်တွင်းမှ အဆိုပါလူငယ်က ပြောသည်။

မျိုးဆက်လှိုင်းသီချင်းများကို GW အဖွဲ့၏ http://www.generation-wave.co.cc/ အင်တာနက်စာမျက်နှာတွင် အခမဲ့ ရယူနိုင်သည်။

နာဂစ်မုန်တိုင်းတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် “ကမ္ဘာမကြေဘူး” နှင့် “နာဂစ်အတွက်” ဟူသည့် သီချင်း (၂) ပုဒ်ကို ၂၀၀၈ ခုနှစ်တွင် GW အဖွဲ့က သီဆိုထုတ်ဝေခဲ့ဖူးသည်။

GW အဖွဲ့ကို မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် ACID အဖွဲ့မှ ဇေယျာသော်က ရွှေဝါရောင်တော်လှန်းရေး နောက်ပိုင်း ဖွဲ့စည်းခဲ့ပြီး GW ၏ သီချင်းများကို GW အဖွဲ့ဝင်တို့က ရေးသားသီဆိုထားကြသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 7, 2009

တရားဝင် မြန်မာအလုပ်သမားအများအပြား မလေးရှား အကျဉ်းစခန်းတွေမှာ ပြန်လမ်းမဲ့ဆဲ

တရားဝင် မြန်မာအလုပ်သမားအများအပြား မလေးရှား အကျဉ်းစခန်းတွေမှာ ပြန်လမ်းမဲ့ဆဲ

2009-10-07 ( RFA )

မြန်မာနိုင်ငံကနေ တရားဝင် အလုပ်အကိုင်ပါမစ်နဲ့ မလေးရှားနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်တာ ဖြစ်ပေမဲ့ အကြောင်း အမျိုးမျိုးနဲ့ အလုပ်လက်မဲ့ ဖြစ်နေပြီး တရားမဝင် နိုင်ငံခြားသားအဖြစ်နဲ့ မလေးရှား အကျဉ်းထောင်တွေမှာ အကျဉ်းကျနေသူ ထောင်ချီ ရှိနေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။(Photo: AFP)

မလေးရှားကို တရားဝင် စာရွက်စာတမ်းတွေနဲ့ အလုပ်အေဂျင်စီတွေကတဆင့် သွားရောက် အလုပ်လုပ်တာ ဖြစ်ပေမဲ့ အလုပ်လက်မဲ့ဖြစ်ပြီး တရားမဝင်ဘဝရောက် အကျဉ်းကျနေသူ အလုပ်သမား ၄၅ဝ ကို မြန်မာအာဏာပိုင်တွေက ပြန်လည် ခေါ်ဆောင်ခဲ့တဲ့အကြောင်း စစ်အစိုးရ သတင်းမီဒီယာတွေက မနေ့က ရေးသားဖော်ပြခဲ့ပါတယ်။

အကျဉ်းစခန်းတွေမှာ သေဆုံးရတဲ့ မြန်မာအလုပ်သမားတွေတောင် ရှိတယ်လို့ မလေးရှားနိုင်ငံ ကွာလာလံပူ အခြေစိုက် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုအောင်လွင်က ပြောပါတယ်။

ကိုအောင်လွင်။ ။ 'ပူထရာဂျာယာ အင်မီဂရေးရှင်းကမ့်မှာပေါ့နော်၊ သူတို့ ဖမ်းထားတဲ့အထဲမှာ သေသွားတဲ့ လူလည်း ရှိတယ်ဗျ။ ကျွန်တော်တို့ ရခိုင်က နှစ်ယောက်ရှိတယ်၊ အဲဒီမှာ သေသွားတာ၊ နောက်ထပ် သေတဲ့လူလည်းရှိတယ်။ လေးငါးယောက် ရှိတယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ နောက် ဆေးရုံပေါ်မှာလည်း အသည်းအသန် ဖြစ်တဲ့လူ ရှိတယ်တဲ့။ အဲဒီလို ဒီကို ဝင်လာတဲ့ လူတွေပေါ့နော်၊ အဲဒီ အဖမ်းခံရပြီးတော့ မြန်မာပြည်ကို ပြန်ဖို့အတွက် စောင့်နေတဲ့ အဲဒီလို သေသွားတာရှိတယ်။'

မလေးရှားအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူတွေရဲ့ အဆိုအရရော၊ မြန်မာအစိုးရကြေညာချက်မှာပါ မလေးရှားမှာ အလုပ်လက်မဲ့ဖြစ်ပြီး မြန်မာနိုင်ငံ မပြန်နိုင်တဲ့အတွက် အကျဉ်းစခန်းတွေမှာ သောင်တင်နေသူ စုစုပေါင်း ၂၇ဝဝ ကျော် ရှိနေသေးတယ်လို့ သိရပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပေမဲ့ မလေးရှားရောက် မြန်မာတွေရဲ့ အဆိုအရ ဒီလိုပြန်ဖို့အတွက် မြန်မာသံရုံးကို ငွေကြေးပေးရတဲ့အတွက် ငွေမတတ်နိုင်လို့ ဒုက္ခရောက်နေသူက အများစုဖြစ်တယ်လို့ ကိုအောင်လွင်ကပဲ ပြောပြပါတယ်။

ကိုအောင်လွင်။ ။ 'အဲဒီ ပြန်ဖို့အတွက်လေ၊ သူတို့ဟာ ၁၆ဝဝ ပေးရတယ်။ အဲဒီ ၁၆ဝဝ ဆိုတာကလည်း လေယာဉ်လက်မှတ်အပါအဝင် နောက်တခါ ရန်ကုန်လေဆိပ်မှာ အဖမ်းမခံရအောင် ဆိုပြီးတော့ပေါ့နော်၊ ပိုက်ဆံ ပေးရတယ်ဗျ။ ၁၆ဝဝ ဆိုတော့ သူတို့က တချို့ဆိုလို့ရှိရင် သိပ်မကြာသေးဘူး၊ အဖမ်းခံသွားရတာ ရှိတယ်။
အဲဒီလို လူမျိုးတွေ ဘယ်ပိုက်ဆံပေးမလဲ၊ ကမ့်ထဲမှာပဲ နေရမှာပေါ့၊ အဲဒီ ထောင်တွေ ကမ့်တွေထဲမှာပဲ နေရမဲ့ သဘောရှိတယ်။ သံရုံးက လာထုတ်မှ ဒီဟာက ထွက်လို့ရမယ်လေ၊ အဲဒီတော့ကာ သံရုံးကလည်း မထုတ်ဖူး၊ ပိုက်ဆံလည်း မရှိဘူး။ ပိုက်ဆံ မရှိလို့ရှိရင် သံရုံးကလည်း မကူညီဘူး။ အဲဒီတော့ကာ ဒီလူတွေရဲ့ ဘဝ ဘယ်မှာသွားနေရမလဲ၊ ထောင်ထဲမှာပဲ နေရမှာပေါ့။ သူတို့တွေအကုန်လုံး အဲဒီလို ဖြစ်နေတယ်။'

'ဒီနိုင်ငံအစိုးရကလည်း အဲဒီ လဝကကလည်း ပိုက်ဆံပေးမှ သံရုံးက လာထုတ်မှ ပို့နိုင်မယ်။ ဒီလူတွေက အမှန်မှာ ဆိုလို့ရှိရင် အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ချင်ကြပါတယ်။ ဒါပေမဲ့ ဘယ်လို ဖြစ်လဲဆိုတဲ့အခါ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရတယ်။ နောက်တခါ ဆဲဆိုခံရတယ်။ နောက် ပါမစ် သက်တမ်းကို တိုးမပေးဘူး၊ အဲဒီ သူဌေးတွေ အေးဂျင့်တွေက။ အဲဒါမျိုးတွေ ရှိတယ်။ လမ်းသွား လမ်းလာတဲ့အခါမှာလည်း ဘာအထောက်အထားမှ မပေးဘူးလေ။ မပေးတဲ့အခါကျတော့ အဖမ်းခံရတယ်။ အဲဒီလိုပေါ့ အခက်အခဲ အမျိုးမျိုးကြောင့် မခံနိုင်ပဲ ထွက်ပြေးကြတယ်ဗျ။'


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး

ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး

NEJ / ၇ အောက်တိုဘာ၂၀၀၉

နအဖစစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံမှုအား ပယ်ဖျက်ခဲ့ပြီး နောက်တနေ့တွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင် ခေါ်ယူတွေ့ဆုံခဲ့သည်။
ယင်းသို့ နအဖအာဏာပိုင်များ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆက်ဆံမှုနှင့် နိုင်ငံရေး ရပ်တည်ချက်တို့ကို ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။



မေး။ ။ အမေရိကန်အစိုးရ အရာရှိကြီးတွေက နအဖထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံစကားပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်အကျယ်ချုပ်အယူခံမှုကို နအဖစစ်အစိုးရက အောက်တိုဘာ (၂) ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စအပေါ် သဘောထားအမြင်ကို သိပါရစေ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့မြင်သင့်တာက သိပ်ကိုအဓိကကျတဲ့ ဆုပ်ကိုင်ထားရမယ့်အချက်က ဒါနိုင်ငံရေးမှုဖြစ်တယ်ဆိုတဲ့ ကိစ္စပါ။ နိုင်ငံရေးအပေါ်မှာ အခြေခံတယ်၊ နိုင်ငံရေးကြောင့်မို့ ပေါ်ပေါက်လာတာဖြစ်တယ်၊ နိုင်ငံရေးကြောင့်မို့လို့ပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်၊ မလွတ်ဘူးဆိုတာ ဖြစ်မှာပါ။ ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး။ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးအချိုးအကွေ့အပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှာဖြစ်ပါတယ်။ အခုဟာက နအဖဘက်က ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နံပါတ်တစ်က သူတို့အတွက် အဓိကအကျဆုံး သူတို့ကို ဒုက္ခပေးနိုင်တဲ့သူဖြစ်ပါတယ်။ လောလောဆယ်မှာ အဓိကရန်သူ နံပါတ်တစ်လို့ ပြောရင်ရပါတယ်။ သူတို့အတွက်ဆို ဒါဟာ အင်မတန် အကဲဆပ်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကို သူတို့ နည်းနည်းလေးမှ အတိမ်းအစောင်း မခံနိုင်ဘူး။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ နအဖ သဘောထားတာတခုက ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အင်မတန်ကောင်းတဲ့ ဈေးဆစ်လို့ရတဲ့ bargaining chip ပဲ။ အထူးသဖြင့် အမေရိကန်နဲ့စကားပြောဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျန်တဲ့နိုင်ငံရေးသမားတွေအားလုံး လွှတ်ရေးမလိုအပ်ဘူး။ နိုင်ငံရေးကစားဖို့အတွက်၊ နိုင်ငံရေးအရောင်းအ၀ယ်လုပ်ရာမှာ မဲတင်းဖို့အတွက် သေချာကို ချန်ထားတဲ့၊ ယုတ်ယုတ်မာမာ အကြံအစည်နဲ့ချန်ထားတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။

အဲတော့အခု အမေရိကန် မစ္စတာဝက်ဘ်ကိစ္စနဲ့ပတ်သက်လို့ကတော့ သူပြောတာ မပြောတာ အပထား၊ ဒေါ်အောင်ဆန်းစုကြည်ကို လောလောဆယ်ဆယ် အမေရိကန်နဲ့ မပြတ်မချင်း ထောင်ထဲက ထုတ်လို့ကို မရသေးဘူး။ တနည်းနည်းနဲ့ ထည့်ထားရမှာပဲ။ အဲဒါအရ အခုလို လုပ်လိုက်တာပဲ။

မေး။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်အယူခံမှုကို ပယ်လိုက်တာဟာ နအဖကလုပ်မယ့် ရှေ့နှစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပေါ်မှာ တစုံတရာသက်ရောက်မှုမျိုး ဖြစ်ပေါ်နိုင်ပါသလား။

ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ရဲ့အခြေခံရပ်တည်ချက်က ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်လိုဟာမှန်းလည်း မသိရသေးဘူး၊ ဘာမှလည်း မပြောသေးဘူး။ အဲဒါကြောင့်မို့ လုပ်ငန်းပိုင်းကို ကျနော်တို့ ထင်မြင်ချက်မပေးချင်ဘူး။ ဒါပေမယ့် အက္ခရာကျတာက ၂၀၁၀ ရွေးကောက်ပွဲရဲ့ အဓိကလုပ်နေတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့၊ အဲဒါကို တရားဝင်သွားအောင် လုပ်ဖို့ဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ ဗမာပြည်သူလူထုကြီး ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ အဲတော့ အဲဒါကြီးကို ဦးတည်ပြီး လုပ်တာမှန်သမျှကို ကျနော်တို့က အားမပေးဘူး။ ၂၀၀၈ ဥပဒေကို အတည်ပြုပြီးသွားရင် ရွေးကောက်ပွဲမှာ ဘယ်သူတက်လာလာ နအဖ က ဂရုမစိုက်တော့ဘူး။ ကျန်တဲ့လူတွေဟာ သူလုပ်တာတွေအားလုံးကို လက်ညှိုးထောင် ခေါင်းညိမ့်ရတဲ့သူတွေပဲ ဖြစ်မှာပဲ။ ပြောချင်တာပြော ဒါပေမယ့် ဘာမှအကောင်အထည်ပေါ်မှာ မဟုတ်တော့ဘူး။ အခုဟာ အချိန်မရွေး တရားဥပဒေနဲ့အညီ အာဏာသိမ်းလို့လည်း ရနေတယ်။ ခန့်လို့ ဖြုတ်လို့လည်း ရနေတယ်။

မေး။ ။ အဓိက အတိုက်အခံပါတီတခုဖြစ်တဲ့ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။

ဖြေ။ ။ အဲဒါကတော့ စောစောက ကျနော်ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်လို့ရှိရင်လည်း လွှတ်ပြီးတဲ့အခါမှာ သူ့ဘောင်ထဲကနေပဲ နအဖက ရွေးကောက်ပွဲကို လုပ်သွားမှာပဲ။ အဲဒီဖွဲ့စည်းပုံဥပေဒေ အတည်ပြုဖို့အတွက် ဆက်လုပ်သွားမယ် ဆိုရင်တော့လည်း ဒေါ်စုပါရောပြီး သူတို့အသုံးချသွားတဲ့ဟာမျိုး ဖြစ်မှာပဲ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံမှုကိုပယ်ပြီး နောက်တနေ့၊ အောက်တိုဘာ (၃) ရက်နေ့မှာ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်စုကို အစိုးရဧည့်ဂေဟာမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒေါ်စုက စာရေးတဲ့ကိစ္စလို့ သိရပါတယ်။ အဲလို ဦးအောင်ကြည်ရဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး နအဖလုပ်ရပ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ ဒီဝန်ကြီးနဲ့တွေ့တယ်ဆိုတဲ့ အစီအစဉ်ကိုက၊ အရင်ကတည်းက နအဖဟာ ကမ္ဘာ့အာဘော်ပိုင်းကို လိမ်ညာဖို့အတွက် ထွင်ထားတဲ့ဟာလို့ ယူဆပါတယ်။ ဒေါ်စုကို မဗေဒါ ရေဖြည့်သလို ဖြည့်ခိုင်းထားတာ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သက်သက် အချိန်ဆွဲခိုင်းထားတာ။ အခုဟာမှာလည်း အဲဒီလိုပဲ၊ အမေရိကန်ကို ပြန်ပြီးတော့ မျက်စိလှည့်နေဖို့၊ သူတို့အလုပ်လုပ်နေပါတယ်ဆိုတာမျိုး ပြချင်တဲ့အတွက် ဒါတမင်ဖန်တီးလာတဲ့ကိစ္စပါ။ နောက်တခုက အခုပဲ သူ့ကို ပြင်းပြင်းထန်ထန် မတရားဆုံးဖြတ်ချက် ချထားပြီးပြီ၊ နောက်တနေ့မှာ ပြုံးပြုံးရယ်ရယ်နဲ့ ထွက်ခိုင်းတယ်ဆိုတာဟာ အင်မတန်ကို မတရားတဲ့ဟာ၊ လူလူချင်း အင်မတန်စော်ကားတဲ့ဟာ ဖြစ်တယ်။ ကျနော်တော့ ဒေါ်စုနေရာကနေ အင်မတန်နာပါတယ်။

မေး။ ။ အခုလို နအဖဆက်ဆံရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာဟာ တွေ့ဆုံဆွေးနွေးမှု လမ်းပွင့်သွားနိုင်တဲ့ ကောင်းတဲ့အလားအလာလို့ ယူဆသူတွေရှိသလို တဘက်ကလည်း ဒေါ်စုကြောင့် ပိတ်ဆို့တားမြစ်မှုတွေ ဖြစ်လာတာမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း နအဖဥက္ကဋ္ဌထံ ဒေါ်စုက စာပေးပို့တာနဲ့ပတ်သက်ပြီးလည်း မလုပ်တာကို လုပ်ပါတယ်လို့ ၀န်ခံရာကျတဲ့သဘော သက်ရောက်တယ်ဆိုပြီး ဘ၀င်မကျသူတချို့ရဲ့ အသံတွေလည်း ကြားရပါတယ်။
ဒါကြောင့် အခုလို တွေ့ဆုံမှု အလားအလာကို ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့တာ အခုမှတွေ့တာမဟုတ်ဘူး။ ဒါကြောင့်မို့ ဒါဟာအခုမှ လမ်းပွင့်တယ်လို့ ပြောလို့မရဘူး။ အစောကြီးကတည်းက လုပ်နေတာ၊ ပြီးတော့ သူတို့ဘာလို့ပိတ်ပစ်လိုက်လဲ၊ အကြောင်းမရှိဘဲနဲ့။ သူတို့ဘက်က ရိုးသားမှုတကယ်ရှိတယ်ဆိုလို့ရှိရင် ဒီကိစ္စကို တလျှောက်လုံး ဆက်ပြီးလုပ်နေရမယ်။ နောက်ပြီးတော့ ပိုအဓိကကျတာက အပြင်ကို အသိပေးနေရမှာ၊ ဒီဆွေးနွေးပွဲဟာလည်း အပြင်ကမြင်နိုင်တဲ့ transparency ရှိတဲ့ဆွေးနွေးပွဲ ဖြစ်ရမယ့်ဟာ၊ အဲလိုမဟုတ်ဘဲနဲ့ တံခါးပိတ်ပြီး လက်ဆွဲနှုတ်ဆက်တာလေးတွေ ဓာတ်ပုံရိုက်ရိုက် ပြနေလို့ကတော့ ဒါဟာ ဘယ်လိုမှ ပြည်သူလူထုကို လက်ခံစေနိုင်မှာမဟုတ်ဘူး။ နောက်တခုက ပိတ်ဆို့တားမြစ်မှုနဲ့ ပတ်သက်လို့ ဒေါ်စုက ၀န်ခံလိုက်တဲ့သဘော သက်ရောက်နေတယ်လို့ ပြောကြစတမ်းဆိုရင် နအဖဘက်ကရော ဦးအောင်ကြည်ကို လွှတ်လိုက်တဲ့ဟာက သူတို့အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ထားတဲ့ဟာတွေ မှားပါတယ်လို့ ၀န်ခံလိုက်တာလား။ အဲလို သာမန်အရပ်သားချင်းပြောကြတဲ့ logic တွေနဲ့ လုပ်လို့မရဘူးထင်တယ်။ ဒေါ်စုပြောတဲ့ဟာ ရှင်းရှင်းလေး၊ သူက နအဖကို အကူအညီပေးတယ်၊ အဲလိုအဓိပ္ပာယ်ပဲ၊ သူက လက်ကမ်းတာပဲ။ နအဖက ဘာပဲလုပ်လုပ် သူလုပ်တာမှန်သမျှက ဗမာပြည်မှာ အဓိကလိုအပ်နေတဲ့ ရင်ကြားစေ့ရေးဆိုတဲ့ဟာနဲ့ ဝေးသထက်ဝေးအောင်၊ တချို့အာရုံပြတ်သွားအောင် တမင်ကို ဆွဲဆွဲပြီး တနေရာကို လှမ်းခေါ်သွားနေတာဖြစ်တယ်။

မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ပြေလည်လာနိုင်မယ့် အလားအလာရော မြင်ပါသလား။

ဖြေ။ ။ နအဖ အခုလို သွားနေပုံမျိုးနဲ့တော့ မရှိဘူးဗျ။ နအဖက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတာကို သူက လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို နိုင်ငံရေးပြဿနာလို့ သူက ထုတ်မပြောဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုလည်း နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ ဖိနှိပ်တဲ့နည်းနဲ့ ဖြေရှင်းနေတာ။ သေနတ်နဲ့စောင့်နေတဲ့ အစောင့်တွေကြားထဲမှာ ဒေါ်စုကိုထည့်ထားတာဟာ နအဖက လက်နက်နဲ့ ဖြေရှင်းထားတာဖြစ်တယ်။

မေး။ ။ ၂၀၁၀ မှာလုပ်မယ်လို့ နအဖကကြေညာထားတဲ့ ရွေးကောက်ပွဲက နီးလာပေမယ့် ရွှေဂုံတိုင်ကြေညာချက်အပါအ၀င် အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို နအဖက လျစ်လျူရှုထားပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ့ ဘယ်လို ရပ်တည်မှုမျိုး ရှိသင့်ပါသလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ အန်အယ်လ်ဒီဟာ ပါတီကြီးဗျ။ ဒါကြောင့် ပါတီကြီးကို ကျနော်တို့အနေနဲ့ ဘယ်လိုလုပ်သင့်ပါတယ်ဆိုတာမျိုး မပြောလိုဘူး။ မပြောလည်း မပြောထိုက်ဘူး။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ အန်အယ်လ်ဒီ ချမှတ်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ ဒီနေ့အခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီအနေနဲ့ အဲဒီကြေညာချက်အပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်သွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲကတော့ တိုင်းပြည်ကို ဘာမှကောင်းကျိုးပေးမယ့်ဟာ မဟုတ်ပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလျှောက်လဲချက် နအဖ ပယ်လိုက်တာဟာ နိုင်ငံရေးရပ်တည်ချက်အသစ်တွေနဲ့ အယူဆသစ်တွေကို အဖြေပေးလိုက်တဲ့သဘောလို့ ဆရာ့ဆောင်းပါးမှာ ပါရှိပါတယ်။ အဲဒါ ဘာကို ဆိုလိုတာပါလဲ။

ဖြေ။ ။ ဗမာပြည်ထဲမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတာနဲ့ တပြိုင်နက်တည်း ထောင့်ပေါင်းစုံကနေပြီး အသံမျိုးစုံထွက်လာတယ်။ အဲဒီဟာတွေထဲမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ဟာတွေကိုတော့ အထူးမပြောတော့ဘူး။ ရွေးကောက်ပွဲဝင်ဖို့ ထောက်ခံနေတဲ့ဟာတွေ၊ ဘာကြောင့် ၀င်သင့်တယ်ဆိုပြီး အမျိုးမျိုးပြောနေတဲ့ဟာတွေကို ဥပမာ တချို့က ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် space တခု လှုပ်ရှားစရာနေရာတခု၊ နိုင်ငံရေးလှုပ်ရှားစရာခွင်တခုတော့ ရသွားမှာပဲလို့ ပြောတယ်။ ဒါပေမယ့် အဲဒီခွင်ထဲမှာ ဒီဒေါ်အောင်ဆန်းစုကြည်အမှုလိုဟာမျိုး ဆင်ပြီးဖမ်းတယ်၊ ဘိန်းပစ်ဖမ်းတာမျိုး လုပ်တယ်၊ ဖဲဆင်ပြီး ဖမ်းတာမျိုးလုပ်တယ်။ ထပ်ပြီးတော့ သူတို့ကြိုက်သလိုမျိုးလုပ်နေတာကို ဆက်ပြီးသယ်ဆောင်နေမယ်ဆိုရင်၊ လှုပ်ရှားခွင့်ရတယ်ဆိုတာလည်း အဲဒါတွေ ထောက်ခံနေရမှာပဲ၊ တခြားဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။ ဒါ space ဆိုတာနဲ့ပတ်သက်လို့ပါ။ တချို့ကပြောတော့လည်း ရွေးကောက်ပွဲကနေပြီးတော့ ဒီမိုကရေစီကို တလှမ်းချင်းလှမ်းတက်သွားမယ်လို့ပြောတယ်။ ဒါကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည်လို ကိစ္စမျိုးဟာ ဒီမိုကရေစီလား။ အဲဒါမျိုး နောက်မရှိတော့ဘူးလို့ ဘယ်သူက အာမခံထားလဲ။ နအဖလည်း အာမမခံဘူး၊ အခုရွေးကောက်ပွဲဝင်မယ့် လူတွေလည်းပဲ ဘယ်သူကမှ ဒီရွေးကောက်ပွဲလုပ်ရင် ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်လို့ ဘယ်သူမှ မပြောရဲဘူး။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုပေမယ့် ရွေးကောက်ပွဲဥပဒေ၊ ပါတီများမှတ်ပုံတင်ခွင့်၊ မီဒီယာလွတ်လပ်ခွင့် စတဲ့ ရွေးကောက်ပွဲဆိုင်ရာ အခင်းအကျင်းတွေ အခုထိမပေးသေးတဲ့အတွက် ဒီရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒါကလည်း စဉ်းစားစရာတော့ ကောင်းတယ်။ ဘာလို့ သူတို့မထုတ်ပြန်နိုင်သေးလဲဆိုတာ။ သေချာတာကတော့ သူတို့တွင်းမှာ ပြဿနာရှိတယ်။ သူတို့ထဲမှာ မပြတ်လို့ သူတို့အပြင်ကို မထုတ်နိုင်တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာ အခုလုပ်လိုက်ချင် လုပ်လိုက်လို့ရတယ်၊ အာဏာရထားတဲ့သူ သေနတ်ကိုင်ထားတဲ့သူဆိုတာ။ အဓိကတော့ သူတို့ထဲမှာ အာဏာနဲ့ပတ်သက်တဲ့ ပြဿနာတော့ ရှိမှာပါ။

မေး။ ။ မြန်မာပြည်သူတွေမှာ သူတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီ မျှော်လင့်ချက် ရှိနိုင်ပါသေးလား။

ဖြေ။ ။ ပြည်သူလူထုကတော့ သူတို့နဲ့မဆိုင်ဘူး။ ပြည်သူလူထုမှာ မျှော်လင့်ချက် ရှိလား မရှိဘူးလားဆိုတာ ကိုယ်ဘယ်လောက် လုပ်နိုင်လဲဆိုတဲ့အပေါ်မှာ တည်တာ။ နအဖက သဘောထားပြောင်းလာတာ၊ စိတ်ကောင်းရှိလာတာ ဆိုတဲ့အပေါ်မှာ မူတည်တာမဟုတ်ဘူး။ ပြည်သူလူထုကို တကယ့်တကယ် မျှော်လင့်ချက်ပေးနိုင်တာက အတိုက်အခံတွေပဲ။ အတိုက်အခံတွေ ဆိုတာ ပြည်တွင်းပြည်ပပေါ့။ အထူးသဖြင့် ပြည်တွင်းကပေါ့။ ပြည်သူလူထုကို ဘယ်လောက်အထိ ဦးဆောင်ပြီးတော့ လုပ်ချင်ကြသလဲ။ အဲဒါ ပိုပြီးအဓိကကျလိမ့်မယ်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 6, 2009

၅ ထောင်ကျပ်တန်နဲ့ လူမှုရေးစီးပွားရေး ဂယက်

၅ ထောင်ကျပ်တန်နဲ့ လူမှုရေးစီးပွားရေး ဂယက်

2009-10-06 ( RFA )

မြန်မာစစ်အစိုးရအာဏာပိုင်တွေက အောက်တိုဘာလ ၁ ရက်နေ့မှာ ၅ ထောင်တန် ငွေ စက္ကူအသစ်ကို တရားဝင် ထုတ်ဝေခဲ့ပေမဲ့ ပြည်သူတွေအကြား ငွေဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ရှိနေတဲ့အတွက် ဈေးကွက်ထဲကို ပမာဏ ကြီးကြီးမားမား ဖြန့်ဝေတာ မရှိသေးဘူးလို့ သိရပါတယ်။


မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တခုတွင် ငွေစက္ကူထုပ်များကို ရေတွက်နေသော
ဘဏ်အမှုထမ်း နှစ်ဦး ဖြစ်ပါသည်။ (Photo: AFP)

၅ ထောင်တန် ငွေစက္ကူသစ်နဲ့ လက်ရှိ ဈေးကွက်အခြေအနေအကြောင်း RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက ဆက်ပြီး စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ

ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ
သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ

အောင်ထက် / ၆ အောက်တိုဘာ ၂၀၀၉

နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။

ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန်အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။

“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်းတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေးဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။

ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာဝစ္စကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက်ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။

ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်းသုံးနေသည်။ ဖမ်းဆီးထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာနကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီးထားသော သံဃာတော်အချို့ ရှိနေသည်ဟုလည်း သိရသည်။

၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန်အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာနကျောင်းဆောင်၌ ဦးစွာစစ်ဆေးလေ့ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။

ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပခရီးထွက်ခွာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။

တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။

နယ်စပ်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်သတင်းများ ထွက်ပေါ်အပြီး သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။

အဆိုပါ စွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေး ခွင့်ပြုချက် လက်မှတ်ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့် ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။
ယခုအခါ ပြည်ပသာသနာပြုခရီးအတွက် ပြည်ပထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ်ကြာသည့်တိုင် ခွင့်ပြုချက်မချသေးကြောင်း ပြည်တွင်းမှ ဆရာတော်တပါးက မိန့်သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, October 5, 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ
မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်


NEJ / ၅ အောက်တိုဘာ ၂၀၀၉


မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်းပြည်ပ သိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့တို့က တင်ပြထားသည်။

ယင်းသို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်နိုင်ခဲ့သော်လည်း သံဃာတော်များ တောင်းဆိုထားသည့်အချက်ကို နအဖစစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သည့် ဦးသန်းရွှေက မလိုက်နာသည့်အပြင် သံဃာတော်များအား ဆက်လက်ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်းသတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နှင့် ၎င်း၏မိသားစုတစုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း၊ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သံဃာတော်များအပေါ် ကျူးလွန်မှုများနှင့် သာသနာအပေါ် စော်ကားမှုများကို တတိယအကြိမ် သပိတ်မှောက်ကံဆောင်မည့် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အောက်တိုဘာ (၂) ရက် နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် နအဖစစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နှိုးဆော်ထားခဲ့သည်။

သံဃာတော်များအနေဖြင့် ၁၉၉၀ ခုနှစ်တွင် မန္တလေး၌ တကြိမ်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် နအဖစစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်ပြီး သတိပေးခဲ့သော်လည်း စစ်အစိုးရအာဏာပိုင်များက လိုက်နာတောင်းပန်ခြင်း မရှိသည့်အပြင် သံဃာတော်များနှင့်သာသနာကို ဆက်လက်စော်ကားနေသဖြင့် ယခုကဲ့သို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ ကမိန့်ကြားသည်။

၎င်းက “ပြည်ပနဲ့ ပြည်တွင်း ပြည်နယ်အသီးသီးမှာ အခက်အခဲတွေကြားထဲကပဲ သံဃာတော်တွေ ညီညွတ်စွာနဲ့ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဆိုပြီးတော့ သပိတ်ကို အောင်မြင်စွာ မှောက်လိုက်ခြင်းက တချက်ပေါ့လေ။ နောက်တချက်က တကယ့်တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေဟာ တကယ်ဗုဒ္ဓဘာသာဝင်ကောင်းတဦးဆိုရင် သာသနာဘောင်က ရဟန်းသံဃာတော်တွေအားလုံးကို ပြန်လွှတ်ရမယ်၊ တောင်းပန်ရမယ်။ အဲလိုပြန်မလွှတ်ဘဲ သူက သံဃာတော်တွေကို ဆက်လက်ဖမ်းဆီး နှိပ်စက်နေတယ်၊ ထောင်ချနေတဲ့အတွက်ကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေကို ဗုဒ္ဓဘာသာရဲ့ လုပ်ရပ်တွေနဲ့ မညီတဲ့အတွက်ကြောင့် သူ့ကို ဗုဒ္ဓဘာသာဝင်အဖြစ် ဦးဇင်းတို့သာသနာတခုလုံးက လုံးဝလက်မခံဘူး၊ ထုတ်ပယ်ပစ်မယ်။ ပြီးတော့ ဦးဇင်းတို့ရဲ့သာသနာတော်ကို သံဃာတော်တွေကို သတ်ဖြတ်ညှဉ်းဆဲနေတဲ့အတွက်ကြောင့် သူသည် ဗုဒ္ဓဘာသာရဲ့လမ်းစဉ်မဟုတ်တဲ့အပြင် သာသနာကိုဖျက်နေတဲ့ မိစ္ဆာဒိဋ္ဌိလမ်းစဉ်ဖြစ်နေတယ်။ ဒါကြောင့်မို့ ဦးဇင်းတို့က သူ့ရဲ့အယူမစွန့်မခြင်း၊ သူ့ကို မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်ပြီး သာသနာ့ဘောင်ကနေ ဗုဒ္ဓဘာသာဝင် အဖြစ်ကနေ စွန့်ပယ်ထုတ်ပစ်တာပါ” ဟု ကြေညာချက်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ဆိုသည်။

တတိယအကြိမ် သပိတ်မှောက်ကံဆောင်မှုကို ပြည်တွင်းရှိမြို့နယ်များမှ သိမ်များတွင် သံဃာတော်များက မဖြစ်ဖြစ်သည့်နည်းဖြင့် ကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ခဲ့ကြကြောင်း၊ အချို့သံဃာတော်များမှာ ပ၀ါရဏာပြုရင်းနှင့် လျှို့ဝှက်စွာဖြင့် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာကို ရွတ်ဆိုခဲ့ကြကြောင်း အရှင်ဣဿရိယ ကမိန့်သည်။

“နအဖစစ်အစိုးရကလည်း ရွတ်ဆိုခွင့်မရအောင်ဆိုပြီးတော့ နေရာအနှံ့အပြားမှာ လိုက်ရှာတဲ့ကြားထဲကနေပြီး သံဃာတော်တွေက အောင်မြင်အောင် သပိတ်မှောက်လိုက်ကြတယ်။ အခုဒီကမ္မ၀ါစာရဲ့ အဓိပ္ပာယ်က သိမ်တသိမ်ထဲမှာတောင် ရွတ်ဆိုလိုက်ရင် အောင်မြင်သွားတယ်။ အခုဟာက တကယ့်သိမ်တွေအများကြီးမှာ သံဃာတော်တွေ ညီညွတ်စွာနဲ့ ကမ္မ၀ါစာတွေရွတ်ဆိုပြီးတော့ သပိတ်မှောက်လိုက်ကြတဲ့အတွက်ကြောင့် ယခုတတိယအကြိမ်ရဲ့သပိတ်က တကယ့်ကို ကြီးမားတဲ့အောင်မြင်မှုလို့ ပြောလို့ရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့လို့ ပြောလို့ရပါတယ်။ ရခိုင်၊ အထက်ဗမာပြည်၊ အလယ်ပိုင်း မန္တလေး၊ ပဲခူး အစရှိသဖြင့် နေရာအနှံ့အပြား ရန်ကုန်အထိဆိုတော့ တတိုင်းပြည်လုံးကို ခြုံမိငုံမိသွားပါတယ်” ဟု ၎င်းကမိန့်သည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံတွင် သံဃာတော်များ ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေခွင့်မရအောင် လုပ်ဆောင်နေပြီး သာသနာကို ဖျက်ဆီးနေသည့်အတွက် ယင်းလုပ်ရပ်ကို ထိရောက်စွာအရေးယူပေးပါရန် သံဃာ့ခေါင်းဆောင်များ စုပေါင်းလက်မှတ်ထိုးကာ ကမ္ဘာ့ခုံရုံးအဆင့်ဆင့်ထိ တရားစွဲဆိုသွားရန်လည်း သံဃာတော်များ တိုင်ပင်ဆွေးနွေးနေကြောင်း အရှင်ဣဿရိယ ကမိန့်ကြားသည်။

ကြေညာချက်တွင် သာသနာနှင့် နိုင်ငံတော်ကိုဖျက်ဆီးနေသည့် ဦးသန်းရွှေအား တပ်မတော်မှဖယ်ရှားပေးရန် တပ်မတော်သားများကို တိုက်တွန်းထားပြီး ၀ိနည်းကံကို လေးစားလိုက်နာခြင်းမရှိသည့် သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းခြင်းမပြုကြရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

တတိယအကြိမ် သပိတ်ကံဆောင်တာ အောင်မြင်တယ်လို့ သံဃာ့ တပ်ပေါင်းစုက မိန့်ကြား

တတိယအကြိမ် သပိတ်ကံဆောင်တာ အောင်မြင်တယ်လို့
သံဃာ့ တပ်ပေါင်းစုက မိန့်ကြား


2009-10-05 ( RFA )


သီတင်းကျွတ်လပြည့်နေ့က ပြည်တွင်းပြည်ပ သံဃာတော်များ စစ်အစိုးရကို သပိတ်ကံဆောင်ခဲ့တာ အောင်မြင်တယ်လို့ သံဃာ့ တပ်ပေါင်းစုက RFA ကို ပြောပါတယ်။ စစ်အစိုးရအာဏာပိုင်တွေဟာ သံဃာတော်တွေကို စော်ကားခဲ့တဲ့ အပြင် သာသနာတော်ကို ပါ ညှိုးနွမ်းအောင် ဆောင်ရွက်ခဲ့တာကြောင့် အခုတတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောင်တာ အောင်မြင်ခဲ့တယ်လို့ သံဃာ့တပ်ပေါင်းစုက မိန့်ကြားပါတယ်။


၂ဝဝ၇ခုနှစ်က သံဃာတော်များ ဦးဆောင်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးကို မြန်မာစစ်အစိုးရက အကြမ်းဖက် ဖြိုခွဲစဉ် စက်တင်ဘာ ၂၆ ရက်နေ့က သံဃာတော်တပါး၏ ဦးခေါင်းကို နံပတ်တုတ်ဖြင့် ရိုက်နှက်ခံရသည့် မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo:AFP)

သံဃာ့ တပ်ပေါင်းစုအဖွဲ့ဝင် ဆရာတော်တပါးက ခုလိုမိန့်ကြားပါတယ်။

ဆရာတော်။ ။ 'ရခိုင်ပြည်နယ်၊ စစ်တွေတို့၊ တောင်ကုတ်တို့၊ မောင်းတောတို့မှာ ရှိတဲ့ ကျောင်းတိုက် သုံးကျောင်းမှာ သံဃာတွေ ကံဆောင်ကြတယ်။ နောက် ဒီမနက်မှာရတဲ့ သံဃာတွေကနေ ပေးပို့တဲ့သတင်းအရ ဆိုလို့ရှိရင် လှိုင်သာယာမှာ ကျောင်းတိုက် သုံးကျောင်းမှာ သံဃာ ၁၂ ပါးစီ၊ နောက်ပြီးတော့ ထန်းတပင်မှာ တကျောင်း၊ အဲဒါလည်း ၉ ပါး။ မရမ်းကုန်း သုံးကျောင်းမှာလည်း သံဃာ ၁၁ ပါးစီ။ နောက် အင်းစိန် ငါးကျောင်းမှာလည်းပဲ ၁၃ ပါးစီနဲ့ ကံဆောင်သွားတယ်လို့ ဦးဇင်းတို့ သိရတယ်။ နောက်တချက်က အထက်မြန်မာပြည်မှာလည်းပဲ မနေ့က ကြေညာသွားတာကတော့ မန္ဈလေးစတဲ့ ကိုးမြို့မှာ သံဃာ ၉ဝ ကျော်နဲ့ ကံဆောင်သွားတယ် ဆိုပြီးတော့ ဦးဇင်းတို့ အဲလိုမျိုး သိရတယ်။'

ခုလိုမြန်မာပြည်တွင်းမှာ သပိတ်မှောက် ကံဆောင်နိုင်ခဲ့သလို ထိုင်းနိုင်ငံ အန္ဒိယ သိရိလင်္ကာစတဲ့ နိုင်ငံတွေမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကလည်း စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့တကွ မန္တလေးစတဲ့ မြို့တွေမှာ ဘုန်းကြီးကျောင်းတချို့နဲ့ သိမ်တချို့မှာ အရပ်ဝတ်နဲ့ရော ယူနီဖောင်းဝတ်တွေနဲ့ပါ အာဏာပိုင်တွေ ရှိနေတဲ့အပြင် သံဃာထုကြားမှာလည်း ကြံ့ခိုင်ဖွံဖြိုးရေးအဖွဲ့ဝင်တချို့ သင်္ဃန်းဝတ်ပြီး ရောပါ နေတာတွေ ရှိတာကြောင့် သပိတ်ကံဆောင်တဲ့ သံဃာတော်တွေဟာ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရတာ ဖြစ်သလို တချို့ ဒေသတွေမှာ သပိတ်မှောက် ကံဆောင်တာကို မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဆရာတော်။ ။ 'အဲ ပြောချင်တာကတော့ ဦးဇင်းတို့က ဒီကံက ကိုးပါးတည်းနဲ့ ကံမြောက်တယ်။ ဒါပေမဲ့ အခု အပါး ၁ဝဝ ကျော် ၂ဝဝ လောက်က ကံဆောင်ကြတယ်ဆိုတော့ တော်တော်ကို အောင်မြင်တယ်လို့ ပြောလို့ ရပါတယ်။'

သံဃာ့ တပ်ပေါင်းစုက ဆရာတော်တပါး မိန့်ကြားသွားတာပါ။ သံဃာတော်တွေ အနေနဲ့ သပိတ်မှောက် ကံဆောင်တဲ့ပွဲများကို ၁၉၉ဝ ခုက မန္တလေးက သံဃာတော်တွေ နှိပ်စက်ညှဉ်းပန်းခံရစဉ်က ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်ပြီး တကြိမ်၊ ၂ဝဝ၇ စက်တင်ဘာလက ပခုက္ကူသံဃာတော်တွေ မေတ္တာပို့ ကြွချီတာကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နှင်းခဲ့တုန်းက တကြိမ်နဲ့ အခုလက်ရှိ သံဃာတော်တွေနဲ့ သီလရှင် ၂၄ဝ ကျော်ကို ဖမ်းဆီးနှိပ်စက်ပြီး ပြန်လွှတ်မပေးသေးတဲ့အတွက် တကြိမ် စုစုပေါင်း သုံးကြိမ် ကံဆောင်ခဲ့တာပါ။

သံဃာ့ တပ်ပေါင်းစုက အရှင် ဣဿရိယကို ဦးတင်အောင်ခိုင်က ဆက်သွယ်လျှောက်ထား မေးမြန်းထားပါတယ်။

ဆက်သွယ် လျှောက်ထား မေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

GAB မှ တိုက်ပွဲဝင် ပြင်ဆင်ရေး အထူးကြေငြာချက် တစောင်ထုတ်ပြန်

ွ

GAB မှ တိုက်ပွဲဝင် ပြင်ဆင်ရေး အထူးကြေငြာချက် တစောင်ထုတ်ပြန်

ပြည်တွင်းပြည်ပမှ နိုင်ငံရေးအဖွဲ့အစည်းများ ၁၀၀ ကျော်နှင့်စုစည်းထားသည့် Global Action for Burma (GAB) အဖွဲ့ကြီးမှ ယနေ့ ရက်စွဲဖြင့် တိုက်ပွဲဝင် ပြင်ဆင်ရေး အထူး ကြေငြာချက် တစောင်ကို ထုတ်ပြန်လိုက် ပါတယ်။

Global Action for Burma (GAB) အဖွဲ့ကြီး၏ ပြောရေးဆိုခွင့် ရှိသူ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုရွှေစင်ထွန်းက ထိုကြေငြာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက် နှင့် ပတ်သက်ပြီးဟံသာဝတီကို အခု လို ပြောပြပါတယ်။

မေး - တိုက်ပွဲဝင်ပြင်ဆင်ရေးအထူးကြေငြာချက် ထုတ်ရခြင်းရဲ့ရည်ရွယ်ချက်လေး ပြောပြပေးပါ။

အဓိကအကြောင်းအရင်း ၂-ခု နဲ့ ဂျီအေဘီ အင်အားစုကြီးက ဆက်လက်လုပ်ဆောင်သွားမဲ့ လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရေးတို့အပြင် ၂၀၁၀ ရွေးကောက်ပွဲ ဝင်မယ်တပြင်ပြင် ပုဂ္ဂိုလ်များ အနေနှင့်ပါ တိုင်းပြည်ကို အကောင်းဖက်သို့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တွေပါဝင်ပါတယ်။

(က) ပထမအကြောင်းအရင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခိုင်အမာတောင်းဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်ပေးရေး အကြောင်းအရာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင် ရေးဆွဲရေးအကြောင်းအရာများဟာ အနာဂါတ်တိုင်းပြည်ကို အာမခံချက် ပေးနိုင်တဲ့ အကောင်းဖက်ကို ပြောင်းလဲဖို့ လုပ်ဆောင်တာဖြစ်တဲ့ အတွက်ကြောင့် ပြည်တွင်းပြည်ပမှ နိုင်ငံရေး အဖွဲ့အစည်းများ ၁၀၀ ကျော် နှင့်စုစည်းထားသည့် Global Action for Burma (GAB) အဖွဲ့ကြီးမှ အခိုင်အမာ ထောက်ခံ လိုက်ခြင်း ဖြစ်ပါတယ်။

(ခ) တချိန်ထဲမှာ နအဖ စစ်ခေါင်းဆောင်တွေအနေတဲ့ တိုင်းရင်းသား ငြိမ်းအဖွဲ့တွေကို သေနတ် နားထင်တေ့ပြီး နယ်ခြားစောင့်တပ်အသွင်ဖြစ်အောင်ဖန်တီးနေကြတဲ့ လုပ်ရပ်ဟာ အနာဂါတ်မှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကိုတည်ဆောက်နိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် တိုင်းရင်သား အဖွဲ့စည်းများ အနေနဲ့ အမျိုးလွတ်မြာက်ရေးလှုပ်ရှားမှုကြီး အပေါ်မှာ ပူးပေါင်းပါဝင်လာနိုင်ဖို့အတွက် ကျနော်တို့က ပထမ အဦးဆုံး ဖိတ်ခေါ်ကြောင်း ဖေါ်ပြနိုင်ဘို့ ဖြစ်ပါတယ်။

မေး - (ဂျီအေဘီ) အင်အားစုကြီး၏ လုပ်ငန်းစဉ်(၇)ရပ်ကကော အောင်မြင်မယ် ထင်ပါသလား။

ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်(၇)ရပ်ဟာ အသေအချာ အောင်မြင်ဖို့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ နအဖ စစ်အာဏာရှင်စနစ်အောက်က အတူတကွ ရုန်းထွက်ဖို့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အစည်းအရုံးတွေ၊ သမဂ္ဂတွေ၊ ပြည်နယ်တိုင်း မြို့နယ် ကျေးရွာတွေအထိ လျှို့လျှို့ဝှက်ဝှက် ကျယ်ပြန့်လာပြီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်ရေးလုပ်ငန်းတွေကို အတူ တကွ လုပ်ဆောင်လာကြပြီ ဆိုတာနဲ့ တိုင်းရင်းသားပြည်သူ အားလုံးအနေနဲ့ လွတ်မြောက်ရေး ယုံကြည်ချက်တွေခိုင်မာလာစေပြီး စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေး ယန္ဒရား လုံးဝပြိုကျ သွားနိုင်တဲ့ အဆုံး အဖြတ်တိုက်ပွဲတွေကို တိုင်ပင်ကိုက် စနစ်တကျ လုပ်ဆောင်မှာဖြစ်တဲ့တွက်အောင်မြင်မယ် ဖြစ်ပါတယ်။ တဆက်ထဲမှာဘဲ (ပြည်တွင်းမှာ) အစိုးရဖွဲ့နိုင်ဖို့အထိပါ လုပ်ဆောင်သွားမယ် ဖြစ်တဲ့အတွက်ကြောင့် စစ်အာဏာရှင် စနစ် လုံးဝ နိဂုံးချုပ်သွားမယ်ဖြစ်ပါတယ်။

မေး - ၂၀၁၀ ရွေးကောက်ပွဲ ၀င်မဲ့ လူတွေအပေါ် (ဂျီအေဘီ) အဖွဲ့ကြီး ရဲ့ အမြင်လေး ပြောပြပေးပါ။

ရွေးကောက်ပွဲဝင်မယ် တပြင်ပြင်လုပ်နေတဲ့ သူတွေဟာ အသေအချာ ပြန်လည်စည်းစားသင်တယ်။ စစ်အာဏာရှင်စနစ်ကို လုံးဝဖယ်ရှားဖို့ လုံလောက်တဲ့ အချိန်ရှိနေသေးတဲ့ အချိန်မှာ စစ်အာဏာရှင်များရဲ့ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ လမ်ကြောင်းပေါ်မှာ စစ်အာဏာရှင်များရဲ့ ရှေးတော်ပြေးတွေလေသံအတိုင်း လိုက်ပြီး ဝါဒဖြန့်နေတာတွေ ရပ်တန်းကရပ်ပြီး တိုင်းပြည်ကို အကောင်းဖက်ကို ပြန်ပါလာအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ပြည်သူလူထုကို တကယ် ဦးဆောင်နိုင်ဖို့ အတွက်ဆိုရင် တိုင်းရင်းသားပြည်သူတွေရဲ့ လိုလားချက်တွေ၊ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေအတွက် ပြည်သူအားလုံးအရှေ့က မားမားမာတ်မာတ် ရပ်တည်ပြီး ပြောနေနိုင်ရမယ်။ နအဖက မတရား ကျူးလွန်ထားတဲ့ လုပ်ရပ်တွေနဲ့ ကျူးလွန်နေဆဲလုပ်ရပ်တွေကို ပြည်သူတွေအရှေ့က မားမားမာတ်မာတ် ရပ်တည်ပြီး ပြောဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ထားတာက မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကနေ စစ်ဂိုင်းဂဏ အာဏာရှင်များလက်အောက်ကိုကျရောက်စေဖို့ ဖန်တီးထားတာကို ဝိုင်းဝန်းတားဆီဖို့တာဝန်ဟာ သမိုင်းကပေးလာတဲ့ အမျိုးသားရေး တာဝန်ဖြစ်ပါတယ်။ ဒါကိုလစ်လျှူရှူပြီး ကိုယ်နိုင်ငံရေးလုပ်နိုင်ခွင့်ရဖို့ တခုတည်းကို စကားလုံး လှလှလေးတွေရွေးပြီး စစ်အစိုးရ အရှေ့က လိုက်ပြီးပြောဆိုဆောင်ရွက်နေတာတွေဟာ တိုင်းပြည် အတွက် မကောင်းတဲ့ရလဒ်တွေဖြစ်လာဖို့ နွားရှေ့ထွန်ကျူးတဲ့ လုပ်ရပ်တွေပြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်စေလိုပါတယ်။

မေး - ဂျီအေဘီ အဖွဲ့ကြီး ကို ဘယ်အချိန်က ဘာရည်ရွယ်ချက်နဲ့ စဖွဲ့ခဲ့တာလဲ

ဂျီအေဘီအင်အားစုကြီးအဖြစ် စုစည်းလုပ်ဆောင်နိုင်ဖို့အတွက်က အရင်အရင်က လုပ်ခဲ့တဲ့ အကြောင်း အရာများနဲ့ အဓိက ပါတ်သက်ပါတယ်။ မြန်မာပြည်မှာ နာဂစ် မုန်တိုင်းဖြစ်ပြီးကထဲက စုစီးပြီး လုပ်ခဲ့တဲ့ အင်တာနေရှင်နယ် ကမ်ပိန်းတွေကနေ တဆင့် မြင့်ပြီး လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂျီအေဘီ အင်အားစုကြီး အနေနဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေငြာတဲ့ ရွေဂုံတိုင်ကြေငြာချက်ကို ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့ပေါင်း(၆၅) ဖွဲ့နဲ့ စုပေါင်းထောက်ခံပြီး နောက်ပိုင်းမှာ ဂျီအေဘီ ဆိုပြီး အမည်ပေး လိုက်တာဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းမှာ နိုင်ငံရေး အဖွဲ့များတည်ဆောက်ပြီး ဆက်လက် တိုးချဲ့လာခဲ့တာ အခုဆို ပြည်တွင်းရေးပြည်ပမှာ အဖွဲ့ပေါင်း ၁၀၀ ကျော် ရှိပြီးဖြစ်တယ်။ ပြည်တွင်း နိုင်ငံရေး အဖွဲ့များက ပိုများလာပါတယ်။

မေး - ဂျီအေဘီ အဖွဲ့ကြီး ရဲ့ ရှေ့ဆက်သွားမဲ့ လုပ်ငန်းစဉ်တွေကို တချက်ပြောပြပေးပါ

ရှေးဆက်ပြီးလုပ်မဲ့ လုပ်ငန်းစဉ်နဲ့ စပ်လျှင်းပြီးတော့က ကျနော်တို့ အင်အားစုတွေအားလုံးက အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်ပြီး စစ်အဏာရှင်စနစ်ကို မြန်မာပြည်မြေကြီးပေါ်က အပြီးအပိုင်ဖယ်ရှားရေးကို လုပ်ငန်းစဉ် (၇)ရပ်ထားပြီး လုပ်ဆောင်ကြမယ်လို့ ချမှတ်ထားကြပါတယ်။

(၁) တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့တိုင်းနယ်တိုင်တွင် နအဖ စစ်အုပ်ချုပ်ရေး ယန္တရားကို တွန်းလှန် ဖယ်ရှားရန် မိမိတို့ တူညီရာ မိတ်ဆွေအသိုင်းအဝိုင်းအလိုက် အဖွဲ့အစည်းများ သမဂ္ဂများ ပေါ်ပေါက်လားရေး၊

(၂) ပြည်သူအားလုံး တိုင်းရင်းသားအားလုံးနှင့် ပေါ်ထွက်လာသည့် နိုင်ငံရေး၊တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးအနေနှင့် ကျွန်ုပ်တို့အားလုံးမှ နအဖ စစ်အာဏာရှင်စနစ်ကြီးကို မိမိတို့ဘာသာ တွန်းလှန်ဖယ်ရှား နိုင်ရမည်ဟု ခိုင်မာသည့် ယုံကြည်မူ ရရှိသည်ထိ တည်ဆောက်ရေး၊

(၃) ဖြစ်ပေါ်လာသည့် အဖွဲ့အစည်းအားလုံး နှင့် ပူးပေါင်းပါဝင်လိုသော လူပုဂ္ဂိုလ်အားလုံးတို့ အနေဖြင့် တူညီသည့် လုပ်ငန်းများ၊ လှုတ်ရှာမှုကမ်ပိန်းများကို အတူတကွလုပ်ဆောင်ခြင်းဖြစ် စုစည်းညီညွတ်စွာဖြင့် ခိုင်မာသည့် ပြည်တွင်းအောင်နိုင်စွမ်အားတည်ဆောက်ရေး နှင့် အောင်ပွဲရသည်ထိ ချီတက်လုပ်ဆောင်ရေး၊

(၄) နအဖ စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားအတွင်း မလွှဲမရှောင်သာ အလုပ်လုပ်ပေးနေကြရသည့် အမျိုးကောင်းသားအမျိုးကောင်းသမီး ပညာတတ်များ၊ စစ်တပ်တွင်းရှိ တိုင်းချစ်ပြည်ချစ် အရာရှိအရာခံ အကြပ်တပ်သားများ၊ လုံထိန်းများ၊ စွမ်းအားရှင်များ၊ ကြံ့ခိုင်ဖွံ့ရေးအဖွဲ့ဝင်များ၊ နအဖစစ်အာဏာရှင် စနစ်အောက်မှ ကျနော်တို့ အားလုံးနှင့်အတူတူ လွတ်မြောက်လိုစိတ်ရှိမည်ဟု ယူဆထားသည့် မရက နှင့် ရရက အုပ်ချုပ်ရေး ဝန်ထမ်းများ၊ ဆယ်အိမ်ခေါင်း ရာအိမ်ခေါင်းများပါ မကျန် အမျိုသား လွတ်မြောက်ရေး လှုတ်ရှားမှုကြီး တွင် ပူးပေါင်းပါဝင်လာရေး၊

(၅) အစပိုင်းတွင် မြို့တွင်းပျောက်ကျားသပိတ်တိုက်ပွဲများမှ တဆင့် နောက်ပိုင်းတွင် နအဖ စစ်အာဏာရှင်တို့၏ နိုင်ငံရေးအာဏာကို အသက်ဆက်ပေးနေသည့် အုပ်ချုပ်ရေးယန္တရားကြီးတခုလုံး လုံးဝ ပြိုကျသွားသည်ထိ အဆုံးအဖြတ်ပေးမည့်တိုက်ပွဲ (သို့) အမျိုးသားလွတ်မြောက်ရေး လှုတ်ရှားမှု နိဂုံးချုပ် တိုက်ပွဲကို နအဖ တို့ ပြုလုပ်လိုသည့် ရွေးကောက်ပွဲ မတိုင်မီ အကောင်အထည်ဖေါ်ရေး၊

(၆) ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုခေါင်းဆောင်နိုင်သည့် အစိုးရတစ်ရပ်ပေါ်ထွက်လာရေး၊

(၇) အသွင်ကူးပြောင်းကာလကို အောင်မြင်စွာ ကူးပြောင်းနိုင်ရေး တို့ ဖြစ်ပါတယ်၊

လုပ်ငန်းစဉ် ၁၊ ၂၊ ၃၊ နှင့် ၄ တို့အား တပြိုင်တည်း အရှိန်အဟုန်ဖြင့် အကောင် အထည် ဖေါ်ဆောင် ရွက်သွားမည်။

နအဖတို့အနေဖြင့် အရှင်ဦးဂမ္ဘီရ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် စသည့် ခေါင်းဆောင်များ၊ လူအခွင့်အရေးလှုတ်ရှားသူအားလုံးကို ထောင်သွင်းအကျဉ်းချပြီး တိုင်ပြည်အား တရားဝင် စစ်ကျွန်ပြုရေး လမ်းပြမြေပုံ (၇-ချက်) အတိုင်း လုပ်ဆောင်နေကြရာ ကျွန်ုပ်တို့ အဖွဲ့အစည်း အားလုံးမှ အောက်တွင်ဖေါ်ပြထားသည့် အခြေခံအကြောင်းအရင်းများ၊ လတ်တလော အခြေအနေများ နှင့် ဆက်စပ်မှု တည်သည့် လုပ်ငန်းရည်ရွယ်ချက် သုံးရပ်ကို ထားရှိလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖေါ်ရေး ရှေးလုပ်ငန်းစဉ် (၇-ရပ်)ကို ဒေါ်အောင်ဆန်းစုကြည်အား မတရားခုံးရုံးတင် အပြစ်ပေးရန်း နအဖ စစ်ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ကျနော်တို့ (ဂျီအေဘီ) အင်အားစုကြီးမှ အကောင်းဆုံး စနစ်တကျ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။

အထက်ပါလုပ်ငန်းများကို စတင်ကြေငြာခဲ့စဉ်က အကြောင်းအရင်းများက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) နအဖစစ်ခေါင်းဆောင်များ နှင့် အပေါင်းအပါ အာဏာပိုင်များက တိုင်းပြည်နဲ့အဝှမ်းတွင် ယနေ့အထိ ဆက်လက်ဆက်တိုက် ကျူးလွန်နေသော မတရားမှုများ နှင့် ဒေါ်အောင်ဆန်းစုကြည်အား မတရား ခုံရုံး တင်နေခြင်း အားလုံးတို့အတွက် တတိုင်းတပြည်လုံးမှ အရှိန်အဟုန်ဖြင့် တုန့်ပြန်ရေး၊

(၂) နအဖတို့၏ လမ်းပြမြေပုံ(၇)ချက်အား တန်ပြန်ကောင်တာလိုက်ပြီး စစ်အာဏာရှင်စနစ်၏ စစ်အုပ်ချုပ်ရေး ယန္တရားကြီး ပုံမှန်လည်ပါတ်နေရာမှ လုံးဝရပ်ဆိုင်းပြိုကျသွားစေရန် လုပ်ဆောင်ရေး၊ နှင့်

(၃) ပြည်သူလူထု၊ တိုင်းရင်းသားအားလုံး နှင့် ပြန့်ကျဲနေသည့် နိုင်ငံရေးအင်အားစုများ အားလုံး အမျိုးသားလွတ်မြောက်ရေး လှုတ်ရှားမှု လမ်းကြောင်းကြီးအပေါ်တွင် တစုတစည်းတည်း စုပေါင်း တော်လှန်နိုင်ရေး တို့ ဖြစ်သည့်အကြောင်း ကိုရွှေစင်ထွန်း ပြောပြ သွားတာ ဖြစ်ပါတယ်။


၎၊၁၀၊၂၀၀၉ ထွေးထွေးခိုင်


မှတ်ချက် ။ ။ http://www.hanthawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 4, 2009

ရွေးကောက်ပွဲဝင်သင့်၊ မဝင်သင့် ပါတီတွင်း အကွဲအပြဲမဟုတ် စဉ်းစားပုံကွဲပြားခြင်းသာဖြစ်

ရွေးကောက်ပွဲဝင်သင့်၊ မဝင်သင့် ပါတီတွင်း အကွဲအပြဲမဟုတ်
စဉ်းစားပုံကွဲပြားခြင်းသာဖြစ်

2009-10-04 ( RFA )

စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နဲ့ ကျင်းပမယ့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို ဝင်သင့်၊မဝင်သင့် ပါတီတွင်း သဘောထားရပ်တည်ချက် ကွဲနေတာမဟုတ်ဘဲ စဉ်းစားပုံ ကွဲပြားမှုသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်က ဒီကနေ့ အာအက်ဖ်အေကို ရှင်းလင်း ပြောကြားပါတယ်။

အကျဉ်းထောင်မှ လွတ်မြောက်လာသော သတင်းစာဆရာကြီး ဦးဝင်းတင်၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း အနှစ် ၂ဝ ပြည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ်။ (Photo: AFP)

ရွေးကောက်ပွဲ သပိတ်မှောက်သင့် မမှောက်သင့် NLD ပါတီတွင်းမှာ ကွဲပြားမှုရှိနေတယ်လို့ ဒီကနေ့ထုတ် The New York Times သတင်းစာမှာ ရေးသားချက်နဲ့ ပတ်သက်ပြီး အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဦးဝင်းတင်။ ။'ကွဲတယ်ဆိုတာတော့ ကျနော် လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းအားဖြင့်တော့ နိုင်ငံရေးဆိုတာတော့ အမျိုးမျိုး စဉ်းစားကြတာပေါ့။ သူ့ခေါင်း၊ ကိုယ့်ခေါင်းပေါ့။ သူ့စိတ် ကိုယ့်စိတ်၊ သူ့နှလုံသား ကိုယ့်နှလုံးသား၊ သူ့ခံစားချက် ကိုယ့်ခံစားချက်။ ကွဲပြားမှုတွေက ရှိနေတာပဲ။ ဒါ ကျနော်တို့ပါတီမှာမှ မဟုတ်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် ရှိနိုင်တယ်။ ဒါ အယူအဆ ကွဲတာလည်း မဟုတ်ဘူး၊ လိုင်းကွဲတာလည်း မဟုတ်ဘူး၊ ရပ်တည်ချက် ကွဲတာလည်း မဟုတ်ဘူး။ သို့သော် ကျနော်က အရေးတော်ပုံထဲက ထွက်လာတဲ့ခါကျတော့ အရေးတော်ပုံ မာန်နဲ့ စဉ်းစားတယ်ဗျ။ သို့သော် ပါတီထဲ ပြန်ကြည့်တဲ့အခါကျတော့ တချို့သော မိတ်ဆွေများ၊ တချို့သော ရဲဘော်များ၊ တချို့သော လုပ်ဖော်ကိုင်ဘက်များက ရွေးကောက်ပွဲတို့ အခြေအနေတို့ ဘာတို့ဆိုတာ တနေ့များ ကောင်းမလား၊ စစ်အစိုးရနဲ့ ဖြစ်မလား စသည်ဖြင့် တွေးကြတယ်။ အဲဒီအခါကျတော့ ကျနော်က ဘယ်လိုတွေးသလဲဆိုတော့ အော် သူတို့ရဲ့အတွေးအမြင်၊ ပျော့ပြောင်းတဲ့ အတွေးအမြင်တွေ ဘာကနေပေါ်လာသလဲဆိုတော့၊ ဆင်ခြင်တုံတရားပေါ့'

ထောင်တွင်းမှာ နှစ်အရှည်ကြာဆုံး အကျဉ်းချခံခဲ့ရပြီး ထောင်တွင်းမှာ ကိုယ်ရောစိတ်ပါ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရတဲ့ ဦးဝင်းတင်ဟာ ထောင်အပြင်မှာ ရောက်နေတော့လည်း ပါတီတွင်း လုပ်ဖော်ကိုင်ဖက်တွေက စစ်အစိုးရ ဥပဒေသစ်နဲ့ ရွေးကောက်ပွဲ ဝင်တော့လေမလားလို့ စိတ်လက် မသက်မသာ ဖြစ်နေရတယ်လို့ The New York Times သတင်းစာက ရေးသားထားပါတယ်။

ဆရာကြီးဦးဝင်းတင်က သူ့ လွတ်ရက် မစေ့ခင်လေးမှာ ထောင်ကနေ ပြန်လွှတ်ခဲ့တာဟာ NLD ပါတီကို ကွဲအောင် ရည်ရွယ်ရှိရှိနဲ့ တမင်စောပြီး လွှတ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့လည်း ပြောတဲ့အကြောင်း ဒီသတင်းမှာ ဖော်ပြထားပါတယ်။
ပါတီတွင်း စဉ်းစားပုံကွဲတဲ့ အပေါ်မှာ စိတ်မသက်သာဖြစ်ရတယ်ဆိုတာ မှန်ပေမယ့် ဒီစဉ်းစားပုံ ကွဲပြားမှုကြောင့်တော့ ပါတီတွင်းရပ်တည်ချက် ကွဲဖို့ မဖြစ်နိုင်ပါဘူးလို့လည်း ဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

ဦးဝင်းတင်။ ။'ကျနော် ဒီနေ့အထိလည်း ဥက္ကဋ္ဌကိုလည်း ပြောပြီးသား၊ ပါတီထဲမှာလည်း အပြတ်အသား ကြေညာပြီးသား။ ကျနော်ဘယ်တော့မှ ပါတီကွဲရာကွဲကြောင်း မလုပ်ဘူး။ ကျနော်လည်း အသက်ကြီးပြီဗျာ၊ ဦးအောင်ရွှေလည်း အသက်ကြီးပြီဗျာ။ အခြားအခြားသော ပါတီထဲမှာ ရှိတဲ့ ခေါင်းဆောင်တွေ ဦးလွန်းတင်တို့ ဦးသန်းထွန်းတို့၊ သခင်စိုးမြင့်တို့၊ ဦးညိုဝင်းတို့ ဦးလှဖေတို့ စသည် ပုဂ္ဂိုလ်တွေလည်း အသက်ကြီးလှပြီ။ ကုန်ကုန်ပြောရင် ဒေါ်စုသည်ပင်လျှင် ၆၄ နှစ်ဗျ၊ ၆၅ နှစ်ထဲရောက်နေပြီ။ ဒီလိုအချိန်မှာ ကျနော်တို့ဟာ အကွဲအပြဲတွေ မလုပ်ဘူး၊ လုံးဝ မရှိဘူး၊ လုံးဝ မစဉ်းစားဘူး။ လျှော့ပေးရင် ကိုယ်က လျှော့ပေးဖို့ပဲ ရှိတယ်။ ကိုယ့်အယူအဆ နိုင်အောင်ပြောမယ်။ မရဘူးဆိုရင် သူ့အယူအဆကို ကျနော်လိုက်မယ်။ ဘယ်သူ့အယူအဆဖြစ်ဖြစ် ဦးအောင်ရွှေရဲ့ အယူအဆကို လိုက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူအဆကို လိုက်မယ်။ ဦးသန်းထွန်းရဲ့ အယူအဆကို လိုက်မယ်။ ဒါပဲဗျ'

စစ်အစိုးရက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂ဝ၁ဝ ပြည့် ရွေးကောက်ပွဲအပေါ် သဘောထားနဲ့ ပတ်သက်လို့ ပါတီအတွင်း သဘောထား ကွဲလွဲမှုတွေကြောင့် ပါတီခေါင်းဆောင်ပိုင်းမှာ အကွဲအပြဲတွေ ဖြစ်လာမလားလို့ လေ့လာသူအများက သတိထား စောင့်ကြည့်နေကြပါတယ်။ ဒီ အကြောင်းတွေနဲ့ ဆက်စပ်ပြီး ဆရာကြီးဦးဝင်းတင်ကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အပြည့်အစုံအား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...