Thursday, October 8, 2009

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စု အတွက် ဂုဏ်ပြုတေး လူငယ်များအကြား ထိရောက်မှုရှိ

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စု အတွက် ဂုဏ်ပြုတေး
လူငယ်များအကြား ထိရောက်မှုရှိ

ဝီရ / ၈ အောက်တိုဘာ ၂၀၀၉


မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) က ဖြန့်ချိလိုက်သည့် ဟစ်ပ်ဟော့ပ်သီချင်း အယ်လ်ဘမ်တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစပ်ဆိုထားသည့် ‘အမေ ၆၄’ ဟူသည့် သီချင်းမှာ ပြည်တွင်းလူငယ်များ အကြား ရေပန်းစားနေပြီး ထိုအယ်လ်ဘမ်သည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိကြောင်း အဖွဲ့ဝင်များနှင့် လူငယ်များက ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ဖြစ်ပျက်နေသည့် လတ်တလောအခြေအနေများကို လူငယ်အမြင်မှ ဖွဲ့သီစပ်ဆိုထားသော ထိုအယ်လ်ဘမ်ကို လူငယ်တို့၏ နိုင်ငံရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် ပထမဦးဆုံး ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း GW အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် မင်းရန်နိုင်က ပြောကြားသည်။

ပြည်တွင်းဖြန့်ချိမှုနှင့် ပတ်သက်၍ ၎င်းက “လူငယ်တွေကို ဦးတည်ဖြန့်ပါတယ်။ ပြည်တွင်းက အားပေးတဲ့အသံတွေ၊ ဂုဏ်ယူတဲ့ အသံတွေ ကျနော်တို့ပြန်ကြားရတယ်။ နည်းမျိုးစုံနဲ့ဖြန့်တာ၊ ကိုယ့်အချင်းချင်း လက်ဆင့်ကမ်းပြီး ဖြန့်တယ်။ တက္ကသိုလ်ကျောင်းတွေမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ ချထားပေးတယ်။ ဘတ်စ်ကားပေါ်မှာ ချထားတယ်။ အိမ်ဆွဲခေါင်းလောင်းမှာ ချိတ်ထားပေးတယ်။ တနိုင်ငံလုံး အတိုင်းအတာအထိ ဖြန့်နိုင်အောင်လည်း ကျနော်တို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံးသည် လှုံ့ဆော်စာများ ဖြန့်ဝေခြင်း၊ စစ်အစိုးရဆန့်ကျင်ရေး ဆေးဖြန်းခြင်း စသည့် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတို့ကြောင့် အနုပညာရပ်ဝန်းမှ နာမည်ကြီး ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော် အပါအဝင် အဖွဲ့ဝင် (၃၀) ဦးခန့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတရပ်ဖြစ်သည်။

“မျိုးဆက်လှိုင်း” ဟု အမည်ရသည့် ယခု အယ်လ်ဘမ်ကို ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖြန့်ချိလိုက်ခြင်းဖြစ်ပြီး ၂၀၀၇ ခု စက်တင်ဘာအရေးအခင်းအတွက် ဆိုထားသည့် ‘နိုးထကြလော့’၊ ၂၀၁၀ ရွေးကောက်ပွဲကို သရော်ထားသည့် ‘တစ်ဆယ်’၊ ‘အမေ ၆၄’၊ ‘အခြေအနေများ’၊ ‘မာရ်နတ်အိမ်’၊ ‘တိုက်’ နှင့် တော်လှန်ရေးသားသမီးတို့အတွက် ရည်ရွယ်သည့် ‘ခွင့်ပြုတော့ မေမေ’ အစရှိသည့် သီချင်း (၇) ပုဒ် ပါဝင်သည်။

ပြည်တွင်းမှ နိုင်ငံရေးလှုပ်ရှားတတ်ကြွသူ လူငယ်တဦးက “ဒီသီချင်း (၇) ပုဒ်ထဲမှာ ‘အမေ ၆၄’ သီချင်းက လူငယ်တွေ တော်တော်သိကြတယ်။ သီချင်းက ဟစ်ပ်ဟော့ပ် အေးအေးလေးတပုဒ်လည်းဖြစ်တော့ မိန်းကလေးတွေပါ အီမေးလ်တွေက တဆင့်၊ နီးစပ်သူတွေဆီကတဆင့် တောင်းပြီး နားထောင်ကြတယ်။ ဒီလိုသီချင်းတွေ များများထုတ်စေချင်တယ်။ ခိုးပြီး နားထောင်ရတော့ ပိုအရသာရှိတာပေါ့” ဟု ပြောသည်။

‘အမေ ၆၄’ သီချင်းတွင် “အမြဲတမ်း အပြုံးမပျက် ဦးဆောင်သူ၊ အားလုံးအရေးအတွက် ဘဝကို မမှု၊ ပန်းတိုင်အရောက်သွားဖို့ ရှေ့သို့ အားမလျှော့ဘူး။ အမေ..... အာဏာရှင်တွေ လက်ထဲမှာ ရင်နင့်စွာ နေ့ပေါင်းများစွာ မှေးစက်လို့ ....၊ ဂုဏ်ယူမယ့်နေ့ ဒီမိုကရေစီတိုက်ပွဲမှာ ဒို့သမိုင်းမှာ ကျနော့်သီချင်းများဟာ အမေအတွက်မို့.......” စသည့် စာသားများဖြင့် ဖွဲ့ဆိုထားသည်။

ဟစ်ပ်ဟော့ပ် အဆိုတော်များ၏ တဖွဲ့နှင့်တဖွဲ့ ရန်စောင်တိုက်ခိုက်သည့် သီချင်းများကို ပြည်တွင်းလူငယ်တို့က စိတ်ဝင်စားမှု လျော့ကျနေချိန်တွင် ယခုကဲ့သို့ တစုံတရာအတွက် အဓိပ္ပာယ်ရှိစေသည့် သီချင်းအယ်လ်ဘမ်မျိုး အများအပြား လိုအပ်နေကြောင်း ပြည်တွင်းမှ အဆိုပါလူငယ်က ပြောသည်။

မျိုးဆက်လှိုင်းသီချင်းများကို GW အဖွဲ့၏ http://www.generation-wave.co.cc/ အင်တာနက်စာမျက်နှာတွင် အခမဲ့ ရယူနိုင်သည်။

နာဂစ်မုန်တိုင်းတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် “ကမ္ဘာမကြေဘူး” နှင့် “နာဂစ်အတွက်” ဟူသည့် သီချင်း (၂) ပုဒ်ကို ၂၀၀၈ ခုနှစ်တွင် GW အဖွဲ့က သီဆိုထုတ်ဝေခဲ့ဖူးသည်။

GW အဖွဲ့ကို မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် ACID အဖွဲ့မှ ဇေယျာသော်က ရွှေဝါရောင်တော်လှန်းရေး နောက်ပိုင်း ဖွဲ့စည်းခဲ့ပြီး GW ၏ သီချင်းများကို GW အဖွဲ့ဝင်တို့က ရေးသားသီဆိုထားကြသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။