NEJ / ၂၀ ဖေဖော်ဝါရီ ၂၀၀၉
(ရန်ကုန်မြို့မှ စာရေးဆရာကြီး ဦးအောင်သင်းသည် ယခု အသက် (၈၂) နှစ် ရှိပြီဖြစ်သည်။ ဆရာအောင်သင်းသည် လူငယ်များ တိုးတက်ရေးအတွက် အစဉ်တစိုက် ရေးသား ဟောပြော ခဲ့သူဖြစ်သည်။ ဘ၀မှာ လူငယ်တွေအတွက် လုပ်ပေးနိုင်သမျှ လုပ်ပေးသွားသည့် ကိစ္စမှလွဲ၍ အခြားမရှိတော့ပြီဟု ဆရာက ခေတ်ပြိုင်သို့ပြောသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ လူငယ်တွေအတွက် လူကြီးတွေက ကိုယ့်ဘ၀ကို စတေးရမှာ နှမြောနေကြသည့်အတွက် အတော် စိတ်မကောင်းစရာ ဖြစ်သည်ဟု ဆရာအောင်သင်းက ယူဆသည်။ နိုင်ငံရပ်ခြားမှ လူငယ်များ၊ ပြည်တွင်းမှ လူငယ်များ တိုးတက်အောင်မြင်ရေးနှင့် ပတ်သက်ပြီး စာရေးဆရာကြီး ဦးအောင်သင်းနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်တို့ တယ်လီဖုန်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ လူငယ်တွေ ဘာလုပ်ရမလဲ၊ ထွက်ပေါက်ရှာ ရမလား ဖောက်ထွက်ရမလား၊ အခက်အခဲကြားက ရုန်းထွက်နည်း၊ အင်္ဂလိပ်စာ ဘယ်လိုသင် မလဲ၊ မျိုးချစ်စိတ်ဓါတ် စသည်တို့ကို ဆွေးနွေးခဲ့သည်။ အောက်ဖော်ပြပါ နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း အကြံပေးချက်မှာ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်ဖြစ်သည်။ အပြည့်အစုံကို အသံဖိုင်ဖြင့် နားဆင်နိုင်သည်။)
နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်
၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ
လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ် ဆိုတဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့ အရေးကြီးတယ်။ များသောအားဖြင့် လူငယ်တွေဟာ အမှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်မာမာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင် ပဲရှိတတ်တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊ သစ္စာဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရတယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူထိန်းသွားလို့ရှိတယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် အဲဒီဟာက အရေးကြီးတယ်လို့ ကျနော် ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။
၂။ ကျန်းမာရေးကို ကိုးကွယ်ပါ
နံပါတ် (၂) အချက်ကတော့ အဲအောင်မြင်ချင်လို့ရှိရင် ကျန်းမာရေးကို ကိုးကွယ်ရတယ်။
ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကို ကျနော်တကယ်ပြောတာပါ။ ကိုယ့်ကျန်းမာရေးကို
ဘယ်လောက် အရေးကြီးတယ်ဆိုတာက လူငယ်တွေဟာ အမှတ်မထင် နေတတ်ကြတယ်။ မကျန်းမာရင် ဘာမှမဖြစ်နိုင်တော့ဘူး၊ သူများကို မှီခိုနေရတဲ့ဘ၀ကို ရောက်သွားတတ် တယ်ဆိုတာကို မေ့နေကြတယ်။
ကိုယ်ကကျန်းမာနေတဲ့အခါမှာ ကျန်းမာရေးရဲ့တန်ဖိုးကို မေ့နေတတ်တယ်။ အဲဒီတော့ ဘုရားရှင်က မေတ္တာပို့တာတောင်မှ မိမိကိုယ်ကို မိမိပထမဆုံးမေတ္တာပို့ပါ လို့ပြောခဲ့တာ။ ဘာကြောင့်လဲလို့ဆိုတော့ ကိုယ့်ကိုယ်ကို ကျန်းမာမှ တခြားသူကို ဒုက္ခမပေးမိမှာပေါ့။ အဲဒီတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ဆိုတဲ့ကိစ္စမှာ အဲဒါဟာ မေ့မေ့လျော့လျော့ ဖြစ်တဲ့အခါကျတော့ ကျန်းမာရေးနဲ့ ဆန့်ကျင်ဘက် ဥပမာ မူးယစ်ဆေးဝါး သုံးတာတွေ၊ အရက်သေစာအများကြီး သောက်တာတွေ၊ သို့မဟုတ်လို့ရှိရင် အ၀လွန်လွန်းတဲ့ အဆီအအိမ့် တမက်တမောစားတာတွေ အဲဒီဥစ္စာတွေ အကုန်လုံးကို ထိန်းချုပ်သွားရတာ။
အဲဒီဘာကိုပဲ စားသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ အိပ်သည်ဖြစ်စေ၊ နေသည်ဖြစ်စေ ကျန်းမာရေးကို မထိခိုက်ရအောင် လူတွေသိပ်ကိုအရေးကြီးတယ်။ မကျန်းမာတာနဲ့ တပြိုင်နက်တည်း ကိုယ်သည် မှီခိုသော လူဘ၀ကို ရောက်သွားတတ်တယ် ဆိုတာကို မေ့နေတတ်တယ်။ အင်မတန်အရေးကြီးပါတယ် ကိုစိန်ကျော်လှိုင် အဲဒါလေးကို သေသေချာချာ အလေးနက် ကလေး ထည့်ပေးစေချင်ပါတယ် နော်။
၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ
နောက်တခါ နံပါတ် (၃) အချက်က ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကို ရွေးချယ်ရတယ်။
ဥပမာ လျှပ်စစ်ဘက်မှာ စိတ်ထက်သန်လား၊ ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်လား သို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်သန်တာလား အစရှိတာတို့ပေါ့နော်။ တကယ့်ကို အသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့် လုပ်ငန်းတခုကို ကိုယ်ချင့်ချင့်ချိန်ချိန် ရွေးချယ်ရပါမယ်။ ကိုယ့်ဝါသနာပါတဲ့ဥစ္စာ ဟော်ဘီသဘောမျိုးပေါ့။ အပိုဝါသနာပါတဲ့ ကိစ္စမျိုးကတော့ ပန်းချီရေးသည် ဘာရေးသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။
ဒါပေမယ့် လက်ငင်းအရေးကြီးတဲ့ ဥစ္စာကတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လုပ်ငန်းကို စိတ်ဝင်စားလဲ ဆိုတာ ပထမဆုံး ရွေးချယ်ဖို့ လိုပါတယ်။ အဲဒီရွေးချယ်တဲ့ ဥစ္စာဟာ ကိုယ့်စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ ရှိတဲ့အထဲမှာမှ ကိုယ်ရွေးလို့ ရနိုင်တဲ့ လုပ်ငန်းတွေထဲမှာ ဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊ အဲဒါကို ချင့်ချိန်ရွေးချယ်ပြီးတော့ အဲဒီဥစ္စာကို နေ့နေ့ညည လေ့လာရတယ်။
၎။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ
ဆက်ပြီးတော့ ပြောချင်တာက နံပါတ် (၄) အချက်က အဲဒီရွေးချယ်လိုက်တဲ့ ပညာရပ်ကို သို့မဟုတ် အဲလုပ်ငန်းကို လေ့လာတာ အဲဒါကို နေ့နေ့ညည စိတ်ထဲမှာတွေးပြီးတော့ ကြံဆနေရပါတယ်။ အဲကြံဆမနေလို့ရှိရင် အဲဒီဥစ္စာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ အဲဒီလို ကြံဆရင်းကနေ ဘာဖြစ်လာသလဲဆိုတော့ တခါတရံမှာ ဖြစ်သွားတတ်တာက ပထမ ရွေးချယ်ထားတဲ့ လုပ်ငန်းထက် ပိုပြီးကောင်းတဲ့လုပ်ငန်း၊ ကိုယ်နဲ့ပိုသင့်တော်တဲ့ လုပ်ငန်း တွေ့သွားတတ်တယ်။ ဒါမှမဟုတ်လို့်ရင် ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကျနော်ပြောတာ နေ့နေ့ညည ကြံဆပါလို့ ကျနော် ပြောချင်ပါတယ်။
၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့
နောက်နံပါတ် (၅) အချက်က အဲဒီဟာနဲ့ ပတ်သက်ပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိကျွမ်းတဲ့သူ၊ မိတ်ဆွေအပေါင်းအသင်း အဲဒီကနေ ဆရာတင်ဖို့ ကိုယ်က တပည့်ခံဖို့ ၀န်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊ ငါ့အဲဒါလေးသင်ပေးစမ်းပါကွာ ဆိုတာမျိုး ပြောတာလိုမျိုး။ ကျနော့်ကို အဲဒါလေးသင်ပေးပါခင်ဗျာလို့ အဲဒီလိုပြောတာမျိုး။ အဲဒီလို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကဖြစ်စေ တပည့်ခံဖို့ ၀န်မလေးရဘူး။ တချို့က ဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန် ၀န်လေးတတ်ကြတယ်။
ကျနော်ကိုယ်တိုင် ပြောရမယ်ဆိုလို့ရှိရင် ကျနော်တချို့ အပိုင်းတွေမှာကို ကျနော်တပည့်တွေ ဆီကနေ ပြန်ပြီးသင်ယူနေတာပဲ။ တပည့်တွေက ကိုယ့်ဆရာဖြစ်တဲ့အခါကျတော့ လိုလိုချင်ချင် သင်ပေးကြတယ်။ ကျနော် အဲဒီနည်းအားဖြင့် ကျနော် ပညာတွေ အများကြီးရခဲ့တယ်။ ကိုယ့်တပည့်ဆီမှာပြန်ပြီး ကျနော်တပည့်ခံခဲ့တာပါ။
အဲဒီတော့ ကိုယ့်တပည့်ဆီတောင်မှ တပည့်ခံရတယ်ဆိုလို့ရှိရင် ကိုယ့်မိတ်ဆွေ၊ အပေါင်း အသင်းဆီ ဘာဖြစ်လို့ တပည့်မခံနိုင်ရမှာလည်း။ ဒါပေမယ့် အဲတခုရှိတယ် တပည့်ခံပြီး သင်လို့ရတဲ့အခါမှာ ကိုယ်ကနှုတ်ဆိတ်ပြီးတော့ မနေပါနဲ့။ သူ့ကို ကျေးဇူးတင်ကြောင်းကို လှိုက်လှိုက်လှဲလှဲ ပြောဖို့လိုတယ်။ နောက်ပြီး ကျေးဇူးတင်ကြောင်းကိုလည်း ပြဖို့လိုပါတယ်။ ဥပမာဆိုပါတော့ သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ကြောင်းလေး စာနဲ့တကြောင်းလေးဖြစ်စေ၊ မင်းပေးလိုက်တဲ့ ကျေးဇူးလေးရတယ် ကွာ ငါအခုထက်ထိ ကျေးဇူးမမေ့နိုင်သေးဘူး ဆိုတာမျိုးလေး စာလေးတကြောင်းလောက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကဒ်လေးတခုလောက် ပို့ပြီးဖြစ်စေ ၀န်မလေးပါနဲ့။ တကယ်လို့ကြုံလို့ ဖြစ်စေ သူ့ကို လက်ဖက်ရည်တခွက်တိုက်တာဖြစ်စေ၊ ထမင်းတနပ်ကျွေးတာဖြစ်စေ ၀န်မလေး ပါနဲ့။ အဲဒီဥစ္စာ တသက်တာလုံး ကိုယ့်အတွက်ကို သင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊ လမ်းညွှန် မယ့်သူတွေ ပေါ်လိမ့်မယ်၊ အဲဒီလိုဟာမျိုး အဲဒါမျိုးဝန်မလေးပါနဲ့။
နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီ အပေါင်း အသင်းက ကိုယ့်ဘ၀ တိုးတက်မှုအတွက် အမြဲစောင့်ရှောက်မယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် အကြံဥာဏ်ပေးချင်ပါတယ်။ အဲဒါရပ်ဝေးမှာနေတဲ့ ကလေးတွေအတွက် ကျနော် တတ်နိုင်တဲ့ အကြံပေးချက်ပါ။ အဲဒါလေးပါပဲ ကိုစိန်ကျော်လှိုင်။
<<<(လူငယ်ရေးရာနှင့် ပတ်သက်ပြီး စာရေးဆရာ အောင်သင်းနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် တွေဆုံမေးမြန်းခန်း အပြည့်အစုံနားဆင်ရန်)
မှတ်ချက် ။ ။ http://www.khitpyaingnews.org မှ ကူးယူ မျှဝေပါသည်။
Saturday, February 21, 2009
လူငယ်များ တိုးတက်ရေးအတွက် ဆရာအောင်သင်း၏ အကြံပေးချက်
Wednesday, February 18, 2009
လမိုက်ညမှာလင်းတဲ့ကြယ်စင်
အမှောင်ထုမည်မျှပင် ပိတ်ကာလွှမ်းစေကာမူ လမ်းပြကြယ်၏ အလင်းရောင်လေးနှင့် လမ်းဆုံးအောင် သွားနိုင်သည့် လူသား သတ္တိရှင်များ ကမ္ဘာအရပ်ရပ်တွင် ရှိခဲ့ဖူးပါသည်။ ရှိလဲရှိနေဆဲ။ နောင်လဲရှိနေမည်မလွဲ။ သို့ပေမယ့် ထိုလူသားများ လမ်းဆုံးထိ ရောက်စေရေးအတွက် လမ်းပြကြယ်စင်လေးများ လင်းလက်ပေးဖို့တော့ လိုပေလိမ့်မည်။
မြန်မာပြည်မှာ လူဖြစ်ခွင့်ရသော ကလေးငယ်များ၏ ဘဝကို လေ့လာကြည့်ပါ။ လမိုက်ညနှင့် ကြုံတွေ့နေကြရပေသည်။ လသာညမှာ ခရီးသွားခွင့်ရနေပြီး ဖြောင့်ဖြူးသော အနာဂတ်လမ်းနှင့် ကြီးပြင်းခွင့်ရသူများကား ခပ်ရှားရှား။ တကယ့်ကို ခပ်ရှားရှားရယ်ပါ။
ကလေးငယ်၊ လူငယ်များအား လေ့လာကြည့်လျှင် သူတို့မိဘများ၏ အလုပ်အကိုင်၊ စီးပွားရေးအခြေအနေကိုကြည့်၍ ဘဝအမျိုးမျိုးကွာခြားနေကြရသည်ကို တွေ့ရမည် ဖြစ်ပေသည်။ လူ့ဘဝအနာဂတ်၏ တစ်ခုတည်းသော ဖန်ဆင်းရာဖြစ်သည့် ပညာရေး ရရှိပုံများမှာလဲ ဘဝအခြေအနေပေါ်မူတည်၍ ကွာခြားကြလေသည်။
(၁)အချို့ သော ကလေးငယ်၊လူငယ်များ၏ မိဘများမှာ စစ်ဘက်ဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ ရာထူးကြီးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ကလေးများဖြစ်ပြီး၊ ငယ်စဉ်မှစ၍ နာမည်ကြီးထိပ်တန်းကျောင်းများ၊ နိုင်ငံတကာအဆင့်မီကျောင်းများတွင် ပညာသင်ကြားခွင့်ရကြပြီး၊ အထက်တန်းပညာအောင်ပြီးသောအခါတွင်လဲ စင်ကာပူ၊ သြစတြေးလျ၊ အင်္ဂလန်နိုင်ငံများမှ ဘွဲ့များရရှိကာ နိုင်ငံရပ်ခြားတွင်ပင် ပညာနှင့် အလုပ်လုပ်သူလုပ်၊ ပြည်တွင်းပြန်ဝင်ပြီး မိဘပိုင်လုပ်ငန်းများတွင် ဦးစီးလုပ်ကိုင်သူ လုပ်ကိုင်၊ စစ်အာဏာရှင်တို့၏ ဌာနဆိုင်ရာများတွင် ရာထူးကြီးရသူရနှင့် ဘဝလမ်းခရီးအဆင်ပြေကြပါသည်။
(မှတ်ချက် ။ ။ မိဘအရှိန်အဝါနှင့် ဆိုးသွမ်းမိုက်မဲနေသူများကို မဆိုလိုပါ။ ပညာရနိုင်သော အခွင့်အလမ်းများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်)
(၂) အချို့ သော ကလေးငယ်လူငယ်များမှာမူ သင့်တင့်သော ဝင်ငွေရှိသည့် မိသားစုများတွင် ကြီးပြင်းလာကြပြီး၊ အချိန်တန်ဘွဲ့တစ်ခုရ၊ လုပ်ငန်းခွင်ဝင်၊ မဟုတ်လျှင်လဲ မိဘလုပ်စာ ထိုင်စားပြီး လိုက်လျားလိုက်လျား ဘဝခရီးလမ်းကို ကြုံတွေ့ကြပါသည်။ ဤမိသားစုများတွင်းမှ အချို့ သော ပညာလိုလားသူများမှာမူ နိုင်ငံခြားတက္ကသိုလ်များတွင် ပညာဆက်သင်နိုင်သည် ဆိုသော ပညာသင်ဆု အခွင့်အရေးများကြောင့် နအဖလက်ကိုင်တုတ်အဖွဲ့များ အတွင်းသို့ ရောက်ရှိပြီး ပေးတာယူ ကျွေးတာစားဘဝတွင် တင်းတမ်ရောင့်ရဲကြရသည်။ အချို့ လဲ နအဖထောက်လှမ်းရေး ကြိုးကိုင် ဂျာနယ်များတွင် အလုပ်လုပ်ကိုင်ရင်း၊ အဆိုပါဂျာနယ်များနှင့် ဆက်သွယ်ထားသည့် တက္ကသိုလ်တချို့မှ ပညာသင်ဆုများ ရရှိကာ တတိယအုပ်စုဝင်များ ဖြစ်လာကြသည်။ အချို့မှာလဲ အလွယ်နည်းလိုက်ကာ နအဖတို့၏ စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ စစ်ကွန်ပျူတာ တက္ကသိုလ်များသို့ ရောက်ကုန်ကြပါသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် တပ်မတော်တက္ကသိုလ်များသို့ လျှောက်ထားသူများ ယခုကာလတွင် မရှိသလောက် ဖြစ်နေပါပြီ။ အချို့မှာလဲ နိုင်ငံရပ်ခြားသို့ ထွက်ခွာကာ ကြုံရာကျပန်းလုပ်ကိုင်ရင်း အိမ်စရိတ်ကို ပြန်လည်ထောက်ပံ့ကြရပါသည်။ ကြိုးစားရင်း မိမိဥာဏ်ပညာဖြင့် နိုင်ငံခြား တက္ကသိုလ် ပညာသင်ဆုများရ၍ ကျောင်းများ ဆက်တက်နိုင်ကာ ဘ၀ရေး အဆင်ပြေလာသူများလဲ ရှိသည်။ သို့ပေမယ့် ရာခိုင်နှုန်းကား အလွန်နည်းပါးနေဆဲ။
(၃)အချို့ သော ကလေးငယ်၊လူငယ်များမှာကား မိဘများမှ အလယ်တန်း၊ အထက်တန်းပညာ လောက်အထိသာ သင်ကြားပေးနိုင်ပြီး၊ စက်မှုလက်မှုလုပ်ငန်းများ၊ ယာဉ်လုပ်ငန်းများ၊ စတိုးဆိုင် အရောင်းစာရေး လုပ်ငန်းများသို့ ရောက်ရှိနေကြပါသည်။ ကံဆိုးသူတချို့ မှာ အခြေအနေ အကြောင်းကြောင်းကြောင့် ကိုယ်ခန္ဓာနှင့် ရင်းပြီး စီးပွားရှာရသည့် ဘဝသို့ ရောက်ရှိနေကြရသည်။
(၄)အချို့ သော ကလေးငယ်၊ လူငယ်များမှာကား မူလတန်းပညာရေးကိုပင် သွားရောက်သင်ကြားပေးရန် မိသားစုဝင်ငွေမလုံလောက်သဖြင့်၊ ဝမ်းရေးအတွက် အိမ်ရှိလူကုန် အလုပ်လုပ်ကြရကာ သူတပါးအိမ်မှ အိမ်ဖော်ဘဝ၊ လက်ဖက်ရည်ဆိုင် စားပွဲထိုးဘဝ၊ လမ်းဘေးဈေးသည်ဘဝ၊ လက်ငုတ်လက်ရင်း လယ်ယာကိုင်းသမား ဘဝများနှင့် ကျင်လည်နေကြရပါသည်။ မသမာဝိသမသမားများ၏ လူကုန်ကူးမှု သားကောင်ဘဝသို့ ရောက်ကာ ဘဝပျက်ရသူများလဲ ရှိပါသည်။
(၅)အချို့ သော ကလေးငယ်၊လူငယ်များမှာမူ စစ်မက်ဇုံတွင် နေထိုင်ကြီးပြင်းရသဖြင့် ပညာသင်ခွင့်ဆုံးရှုံးကာ တပြေးပြေး တလွှားလွှား၊ တထိတ်ထိတ်တလန့်လန့်နှင့် နေထိုင်နေကြရပါသည်။
(၆)အခြားသော သီးသန့်ထွက်ပေါ်လာသည့် အုပ်စုမှာ အတိုက်အခံ နိုင်ငံရေးသမားများ၏ ရင်သွေးငယ်များ ဖြစ်ကြပါသည်။ မည်သည့် ဝင်ငွေရှိသည့် မိသားစုဝင်ပင်ဖြစ်ပါစေ၊ တခုတည်းသော တူညီချက်မှာ ကျောင်းနေစဉ်မှစ၍ ဆရာ၊ဆရာမများ၊ ရွယ်တူများ၏ ခွဲခြားဆက်ဆံခြင်းကို ခံကြရပြီး၊ အထက်တန်းပညာအောင်၍ တက္ကသိုလ်များ လျှောက်သော အခါ၌ကား အသက်မွေးဝမ်းကြောင်း ပညာများကို သင်ခွင့်မရကြခြင်းပင်ဖြစ်သည်။
မြန်မာပြည်ကျောင်းသားလူရွယ်၊ ကလေးသူငယ်များ၏ ထိုသို့ဖြစ်ပေါ်နေဆဲ အခြေအနေများကြားတွင် နအဖပြန်ကြားရေးတာဝန်ရှိသူကတော့ “မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချမှတ်ထားသော လူမှုရေးဦးတည်ချက်ဖြစ်သည့် မူလတန်းပညာ အားလုံးတတ်မြောက်ရေး ရည်မှန်းချက်အား ပြည့်မှီသည် ” ဆိုကာ အရှက်မရှိသော မျက်နှာဖြင့် ပြက်လုံးထုတ်သလား အောက်မေ့ရအောင် ပြောဆိုသွားခဲ့ဖူးပါသည်။ ထိုသို့ပြောကြားနေသည့် နေရာနှင့် မလှမ်းမဝေး မြို့ တစ်မြို့ ဆီမှ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြရရှာသော မူလတန်းအရွယ် ကလေးငယ်များကိုပင် မမြင်နိုင်လောက်အောင် အမြင်လွှာ ချွတ်ယွင်းအားနည်းနေ၍ပင် ဖြစ်ပေလိမ့်မည်။
စာရေးသူအထက်ပါအတိုင်း ခွဲခြားထားသည့် အုပ်စုများမှာ မိဘများ၏ ဝင်ငွေပေါ်မူတည်၍ ပညာသင်ခွင့် ကွဲပြားခြားနားပုံကို ပြသခြင်းဖြစ်ပါသည်။ ပထမအမျိုးအစား လူငယ်များမှာ မြန်မာ့လူရွယ် ကလေးငယ်များ၏ တစ်ရာခိုင်နှုန်းပင်မရှိပါ။ ပညာသင်ကြားခွင့်ရရေးသည် လူ့အခွင့်အရေး တခုဖြစ်ပါလျက် မြန်မာကျောင်းသားလူငယ်များ၏ ပညာသင်ခွင့်ရရေးသည် အဘယ်ကြောင့် ဝင်ငွေပေါ် မူတည်နေရပါသနည်း။ စာရေးသူတို့နိုင်ငံကို အုပ်ချုပ်မင်းလုပ်သူများ အသုံးမကျ၍သာဖြစ်သည်။ နိုင်ငံတစ်ခု၏ အနာဂတ်သည် လက်ရှိလူရွယ်၊ ကလေးသူငယ်များပေါ်တွင်မူတည်သည့် အမှန်တရားကိုပင် မမြင်နိုင်လောက်အောင် အာဏာရူး၊ ဥစ္စာရူးများ ဖြစ်နေကြလို့သာဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး၏ အပိုဒ်(၁၆)တွင် လူသားတို့၏ ပညာသင်ကြားခွင့်နှင့် ပတ်သက်၍
(၁)လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံးမူလတန်းနှင့် အခြေခံအဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။
(၂)ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝတိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင် လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့်ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့အပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလဲ ဖြစ်မြောက်အောင် အားပေးရမည်။
(၃)မိဘတို့တွင် မိမိတို့ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော ကနဦး အခွင့်အရေးရှိရမည် ဟူ၍ ဖော်ပြပါရှိလေသည်။
ဤသို့ဆိုလျှင် မြန်မာနိုင်ငံတွင် လူတိုင်းအတွက်ပညာရေးဟူသော လူ့အခွင့်အရေးမရှိသည်မှာ သေချာနေပေပြီ။ ကျွန်ုပ်တို့၏ နောင်အနာဂတ်မျိုးဆက်လေးများသည် ကမ္ဘာ့လူသားတိုင်း ခံစားခွင့်ရသည့် လူ့အခွင့်အရေးကို ခံစားခွင့်မရရှာကြ။ လမိုက်ညအမှောင်တွင် လမ်းပျောက်နေသူများနှယ် ဖြစ်နေကြရရှာသည်။
ထိုလမိုက်ညထဲမှ လမ်းပျောက်နေသူများအတွက် အလင်းပေးမည့် ကြယ်စင်များ လိုအပ်လှပါသည်။ ထိုင်းနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်နေသော မင်းမဟော်၊ အေအီအိုင်အိုယူ နှင့် အခြားပညာရေး ဖွံဖြိုးတိုးတက်မှု အစီအစဉ်များမှာ ထိုသို့ အနာဂတ်အတွက် လမ်းပြပေးမည့် ကြယ်စင်လေးများဖြစ်ကြပါသည်။
အဆိုပါလမ်းပြကြယ်စင်လေးများ ရေရှည်တည်တံ့ခိုင်မြဲရန်၊ ကြယ်စင်အသစ်လေးများ ဆက်လက် ပေါ်ပေါက်လာစေရန်နှင့် နောက်ဆုံး မြန်မာ့မျိုးဆက်များအပေါ်တွင် ဖုံးအုပ်နေသော အမှောင်ထုများ ပျောက်ကွယ်သွားစေရန်ကတော့ စာရေးသူတို့ မြန်မာများအားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း----။
အမှောင်ခွင်း၍ အလင်းဆောင်နိုင်သူများဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။
ခင်မမမျိုး
မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါသည်။
Tuesday, February 17, 2009
ပြည်သူ့ အကျဉ်းသား
ခိုင်ထွန်း
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 17 2009 16:05 - မြန်မာစံတော်ချိန်
အဖြစ်မှန်တခု ရှိနေသည်။ ဒီမိုကရေစီကို လိုလားပါသည်ဆိုသော ပြည်သူလူထုက ဒီမိုကရေစီတိုက်ပွဲကို တိုက်ယူနေကြသော ရဲဘော်များကို စစ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်သောအခါ ၎င်းတို့နှင့် ပတ်သက်ရမည်ကို ကြောက်နေကြလေသည်။ ဤအဆို တကယ်မှန်သလော။
ရွေးကောက်ပွဲပြီးသည်မှစ၍ စစ်တပ်က အာဏာကို သိမ်းပိုက်သည်။ မခံနိုင်သော တော်လှန်ရေးသမားများက ဆန့်ကျင်သည်။ ကန့်ကွက်သူမှန်သမျှ နှိပ်စက်သည်။ ထောင်ချသည်။ မိသားစုကိုပါ ဒုက္ခပေးတော့သည်။ တချို့မှာ ပြည်တွင်း၌ပင် မနေနိုင်တော့ဘဲ ပြည်ပသို့ လက်လွတ်ပြေးရသည်။ စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသော ဒုက္ခမျိုးစုံ ခံကြရသည်။ ဤသို့ဖြင့် စစ်တပ်အာဏာ ကြီးမားလာသောအခါ ဒီမိုကရေစီတောင်းဆိုသော ပြည်သူတို့မှာ ချောက်ချားလာပြီး နိုင်ငံရေးလှုပ်ရှားသူ တော်လှန်ရေး ရဲဘော်များကို ရှောင်လာတော့သည်။
ယခု နိုင်ငံရေးအကျဉ်းသားများကို ကြည့်ပါ။ ၎င်းတို့ အဘယ့်ကြောင့် ထောင်ကျ၊ တန်းကျ အနှိပ်စက်ခံကြရသနည်း။ ပြည်သူတို့ တောင်းဆိုကြသော လိုချင်ကြသော ဒီမိုကရေစီကို ပြည်သူ့ကိုယ်စား ရယူတောင်းဆို တိုက်ပွဲဝင်မိခြင်းကြောင့် ဖြစ်ရလေသည်။ ယခု ၎င်းတို့ကို အစိုးရက နှိပ်စက်၊ ၎င်းတို့မိသားစုကို အခြောက်တိုက် ဒုက္ခပေး၊ ကြွက်မနိုင်ကျီမီးရှို့။ ဒါကိုပြည်သူက မသိကျိုးကျွံ။
ယခု စစ်တပ်က အကျဉ်းသားတွေကို နယ်ဝေးထောင်တွေ ပို့သည်။ မိသားစုဝင်တွေ ဒုက္ခများကြရသည်။ သည်ဒုက္ခကို ပြည်သူတို့ မျှဝေ၍ မယူသင့်သလော။ ၎င်းတို့မိသားစုကို မစောင့်ရှောက်သင့်ကြသလော။
ဒီမိုကရေစီရဲဘော်များမှာ ၎င်းတို့ဆန့်ကျင်မိသည့် အာဏာရှင်စစ်တပ်က နှိပ်စက်ရသည့်အထဲ ကိုယ့်ပြည်သူကိုယ်တိုင်က ရှောင်ဖယ်ဖယ်လုပ်ကြတော့ "ပက်လက်လန်ကျန်ရစ်" ဆိုသလို ခံစားရတော့သည်။
၎င်းအကျဉ်းသားတို့သည် မည်သူတို့နည်း။ ပြည်သူ့အတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ဘက်တော်သား၊ ပြည်သူ့အကျဉ်းသားများဖြစ်သည်။
ဤတော်လှန်ရေးသမားများကို စစ်တပ်က ဒဏ်ခတ်လျှင် ပြည်သူက ဆုတံဆိပ်ချီးမြှင့်ခံရသော ကိုယ့်ရင်သွေးကဲ့သို့ ဂုဏ်ယူပြီး ကိုယ့်ရဲဘော် ကိုယ့်ရင်သွေးကို ယခုမှ ချီးမြှောက်ခွင့်ရပြီ၊ စောင့်ရှောက်ခွင့်ရပြီ၊ ကူညီခွင့်ရပြီဆိုပြီး အားပေးသင့်လှပေသည်။
ထိုအခါ စစ်အစိုးရက ဖိနှိပ်လေလေ ရဲဘော်များက ဆန့်ကျင်လေလေ၊ ဒဏ်ခတ်ခံရလေလေ၊ ပြည်သူက ချီးမြှောက်ခွင့်၊ စောင့်ရှောက်ခွင့် ရလေလေ ဖြစ်နေရပေမည်။
ဆရာမင်းသုဝဏ်၏ ဖိုးမောင်ကဗျာ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ခွပ်ဒေါင်း လေးချိုးတို့သည် ဤဇာနည်ရဲဘော်များကို ဥဒါန်းတွင်အောင် စာပေဖြင့် ချီးမြှောက်ခဲ့ကြခြင်းဖြစ်ပေသည်။
ယခု ပြည်သူတို့ မိမိတို့၏ တော်လှန်ရေးရဲဘော်များကို မည်သို့ သဘောထားနေကြပါသနည်း။ မည်သို့ ချီးမြှောက်နေကြပါသနည်း။ မြန်မာကဗျာဆရာတို့ ဘာတွေရေးဖွဲ့နေကြပါသနည်း။ မှိုင်းရာပြည့်၊ ၀ဏ်ရာပြည့်၊ လုပ်နေကြပါလျက် အဘယ်ကြောင့် မှိုင်းတို့၊ ၀ဏ်တို့လို ပြည်သူ့သားကောင်းများအကြောင်း မဖွဲ့ဆိုနိုင်ကြပါသနည်း။ မဂ္ဂဇင်းထဲ ပါဖို့မလို၊ ပြည်သူထဲ ပျံ့နှံ့ဖို့လိုသည်။ သို့မှသာ သားကောင်းဇာနည် တော်လှန်ကဗျာသည် ကမ္ဘာချီပေလိမ့်မည်။ ကဗျာဆရာတို့ စဉ်းစားကြပါကုန်။
ရဲဘော်များအတွက် လိုအပ်လှသော စိတ်ဓာတ်ခွန်အားနှင့် ပြည်သူ့မေတ္တာရေစင်သည် တောင်ကိုလည်း ထွင်းနိုင်၏။ ဓားသွားပေါ်လည်း လျှောက်နိုင်၏။ ဤမျှထိ တန်ခိုးကြီးလှသည်။
ပြည်သူ့တာဝန်က ဘာပါလိမ့်။ တိုင်းပြည်၏ အဖိနှိပ်ခံ သားကောင်းတို့ကို စစ်အစိုးရက ထောင်ဆုချီးမြှင့်လျှင် ပြည်သူကကော ဘာဆုချီးမြှင့်မည်နည်း။ အပယ်ခံဆုလော။
ထောင်ကျအကျဉ်းသား၊ လူပုဂ္ဂိုလ်၊ ရဟန်းသံဃာတို့ကို အားတက်စေမည့် မည်သည့်အပြုအမူတို့ကို လုပ်ကြမည်နည်း။
နယ်ဝေးထောင်ကိုပို့လျှင် မည်မျှပင်ဝေးပါစေ ထိုနယ်တို့ရှိ နယ်ခံလူထုတို့က ကိုယ့်ဆီရောက်လာသော ကိုယ့်သားကောင်းများကို ပြုစုစောင့်ရှောက်ခွင့် မရပြီလော။ မကူညီသင့်ပြီလော။ ၎င်းတို့၏ မိသားစုများကို မစောင့်ရှောက်သင့်ပြီလော။ အ၀တ်အထည်၊ စားစရာ၊ အိပ်ရာ၊ နေရာ၊ သွားရေးလာရေးတို့ကို နယ်ခံလူထုတို့ မကူညီသင့်ပြီလော။ ငွေကြေးမတတ်နိုင်စေကာမူ စိတ်ဓာတ်ဖြင့် အားမပေးသင့်မည်လော။ ဤကမ္ဘာတွင် ကိုယ်နှင့်မဆိုင်ပါဘဲလျက် ကိုယ့်တာဝန်၊ ကိုယ့်အသိဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်းကာ နယ်ပယ်အသီးသီးတွင် ပရဟိတ လုပ်ဆောင်နေကြသော လူသားများကို အလွန်လေးစားဖွယ် ကောင်းလှသည်။ ယခုလည်း စစ်အစိုးရ နှိပ်စက်သမျှ အကျဉ်းသားများကို အသင်းဖွဲ့၍ ကူညီနေကြသော ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာပုဂ္ဂိုလ်များ၊ အေအေပီပီ ခေါ် အကျဉ်းသားများကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထာသော အဖွဲ့များကို အတုယူစရာ ကောင်းလှပေသည်။
၎င်းတို့ကို နမူနာယူ၍ ကိုယ့်နယ်၊ ကိုယ့်ဒေသတွင် ကိုယ်စွမ်းသလောက် စုစည်းပြီး အဆက်အသွယ်များ ရယူကာ အနှိပ်စက်ခံ ရဲဘော်တို့ကို ကူညီစောင့်ရှောက်သင့်လှသည်။ အတွေ့အကြုံရှိပြီးသား ထိုပရဟိတ အဖွဲ့အစည်း များကလည်း ထိုသို့ ဖွဲ့စည်းရန် နည်းပေးလမ်းပြ ပြုလုပ်သင့်သည်။ သို့မှသာ ထိထိရောက်ရောက်ရှိပေလိမ့်မည်။ အဖွဲ့အစည်းများ နယ်ပယ်အသီးသီးတွင် အဆင့်ဆင့်ဖွဲ့စည်းပြီး စည်းစနစ်ကျနစွာဖြင့် ထိရောက်သော အကူအညီများ ပေးအပ်နိုင်ကြမည်ဆိုလျှင် တိုက်ပွဲဝင် ရဲဘော်တို့၏ စိတ်ထဲ ဘယ်နေရာရောက်ရောက် ပြည်သူ၏ အားဖြင့် စစ်တပ်က နှိပ်စက်သမျှကို ရင်ကော့ခံနိုင်ကြပေလိမ့်မည်။
ပြည်တွင်းရှိ အလွှာအသီးသီးမှ ပြည်သူများ၊ ပြည်တွင်းပြည်ပမီဒီယာများက အကျဉ်းသားတို့အတွက် အကောင်းဆုံး အတတ်နိုင်ဆုံး၊ လုပ်ဆောင်ပေးရပေလိမ့်မည်။ သို့မှသာ တချိန်တွင် ဒီမိုကရေစီကို မျက်မှောက်ပြုနိုင်လာလျှင် ကိုယ့်ရဲဘော် ကိုယ့်ခေါင်းဆောင်များကို စောင့်ရှောက်ခွင့် ရလိုက်ဖူးသည့်အတွက် မမေ့နိုင်သော ပီတိကို ခံစားကြရပေလိမ့်မည်။ သခင်စိုးမောင်က ဗိုလ်ချုပ်အောင်ဆန်းမဖြစ်မီ၊ သခင်အောင်ဆန်းဘ၀က အင်္ဂလိပ်ရန်မှ တိမ်းရှောင်နေစဉ်အတွင်း ထမင်းကျွေးခဲ့ဖူးသည်။ ပြေးဆဲ၊ လွှားဆဲဘ၀က ရဲဘော်အောင်ဆန်း။ ဤသည်ကို သားစဉ်မြေးဆက် ပြောလို့မဆုံး၊ ဂုဏ်ယူမဆုံး ဖြစ်ခဲ့သည်။ သည်လိုပဲ စောင့်ရှောက်ခဲ့ကြဖူးသည့် လူများစွာ ရှိခဲ့ကြပေလိမ့်မည်။ ၀မ်းသာမဆုံး၊ ဂုဏ်ယူမဆုံးသော လူထု၏ ပီတိများ။
ဤသည်ကပင် ကိုယ်စွမ်းသမျှ တာဝန်ကျေခဲ့ကြသော ပြည်သူ၏ တန်ဖိုး၊ ဂုဏ်သိက္ခာမဟုတ်ပါလော။ တလောကပင် သခင်သိန်းဖေက သခင်အောင်ဆန်း အပါအ၀င် ရဲဘော်များကို ဒို့ဗမာအစည်းအရုံး ကာလအတွင်း ကျွေးခဲ့မွေးခဲ့ဖူးသည်များကို မှတ်မှတ်ရရ ပြန်ပြောနေဆဲ၊ ပီတိကို ခံစားနေရဆဲ။ သည်အကြောင်းကို ယခုနှစ်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ၀မ်းသာအားရ ပြန်ပြောပြသည်။ အလွန်ချစ်စရာကောင်းသော ညီအကိုစိတ်ဓာတ်ပင်။
တော်လှန်ရဲဘော်တို့အတွက် အုတ်တချပ်၊ သဲတပွင့်၊ ဖြစ်ကြပါစို့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဆရာမင်းသုဝဏ်တို့၏ ပြည်ချစ်စိတ်ဓာတ်နှင့် သားကောင်းရဲဘော်များကို ဂုဏ်ပြုတတ်သည့် စာဆိုစိတ်ဓာတ်ကို အောက်ပါကဗျာဖြင့် ရေးဖွဲ့ပူဇော်ပါသည်။
ကောင်းကျိုးအထွေထွေ ချွန်စေ မြစေသော်ဝ်
ဒေါင်းအိုးဝေတို့ တွန်စေကစေသော်ဝ်
တို့ရွာသူရဲကောင်း ကိုဖိုးမောင်
သမိုင်းတွင်သည့် သူ့ဂုဏ်ရောင်
သည်စာသည် ကဗျာရေးသူများကိုဖြင့်
အလေးအဆင့်ဆင့်ပြုလိုက်ပါ၏။
သူတို့ကျေးဇူး စာအထူးထူးကြောင့်
ကိုယ့်ရဲဘော် ကိုယ့်ပြည်သား
ဇာနည်များရဲ့ ရာဇ၀င်
နှုတ်တွင်အစဉ်စွဲပါ၏။
အသည်းတွင် အစဉ်မြဲပါ၏။
ဒီမိုကရေစီ
တောင်းဆိုသည့်တိုက်ပွဲ
အဆုံးတိုင် ညီညီမြဲပါလို့
မာန်သွင်းကာ ဘာမထီရဲဘော်တို့
ရဲကြသည် မြန်မာပီပီ
ဒီလိုမှ သားကောင်း မောင်းခတ်နိုင်မည်။
သူ့အမည် သူ့အကြောင်းကိုဖြင့်
တို့ရင်မှာ ဘယ်မမေ့နိုင်ဘူး
စွဲခတ်လိုက်ပြီ။
မျက်ရည်ကကျဆဲ
နောက်လူတွေ ဂုဏ်ယူကြစရာပေါ့
သမိုင်းစဉ် ဥဒါန်းတွင်အောင်လို့
စာပြောင်ပြောင်ရာဇ၀င်ထွင်းခဲ့မယ်
(အမေရေ) ငါတို့ရဲ့ ဒေါင်းမျိုးနွယ်ဖွား။
ကဗျာနာမည်ကိုတော့ " ရဲရင့်ဇာနည်" လို့ ပေးထားပါတယ်။
နောက်ကဗျာတပုဒ်ကတော့ အစိုးရထောင်ထဲက ပြည်သူ့အကျဉ်းသား အကြောင်းပါ။
ခေါင်းစဉ်က " ပြည်သူ့အကျဉ်းသား " ပါ။
ငါတို့ပြည်တွင်
နှစ်ရှည်လများ
ဗိုလ်ကျထားသည့်
ငမိုက်သားတသိုက်ရှိလေသည်။
ထိုလူတသိုက်
စရိုက်ညစ်ဆိုး
အမျိုးဂုဏ်လည်း ချိုးခဲ့ပြီ။
ထိုလူတသိုက်
ကံကြီးထိုက်၍
သံဃာကိုလည် သတ်ခဲ့ပြီ။
ထိုလူတသိုက်
မောဟမိုက်ဖြင့်
ပြည်သူကိုလည်း ရိုက်ခဲ့ပြီ။
ငါတို့ဇာနည်
ဘာမထီတို့လည်း
ရင်နှင့်ဆီးခံ
အမြဲအံတု
မမှုခဲ့ပြီ။
ငါတို့သမိုင်း
မရိုင်းကြအောင်
ဇာနည်မော်များ
ရဲဘော်များကို
ဝိုင်းလို့ကူညီကြရမည်။
ငါတို့သမိုင်း
မရိုင်းရအောင်
စုကာရုံးကာ
ညီညာစွာဖြင့်
သင်းပင်းဖွဲ့စည်း
အနည်းနည်းဖြင့်
ထောင်နီးထောင်ဝေး
ပြေးလွှားရောက်လာ
ရင်ဆို့ရှာသည့်
ရဲဘော်အမိကို ကူရမည်။
ရဲဘော်အမကို ကူရမည်။
ရဲဘော်ညီဘွား နောင်တော်များလည်း ကူရမည်။
ရဲဘော်မယား သမီးသားလည်း ကူရမည်။
ရဲဘော်အမျိုး တို့အမျိုးလည်း ကူရမည်။
အကျဉ်းစခန်း
သူညှဉ်းပမ်း၍
နွမ်းခွေလဲကျ
ဇာနည်လှကို
အားအင်ပြည့်ဖြိုး
စိတ်ဓာတ်တိုးအောင်
ပြည်သူ့မေတ္တာ
ကရုဏာဖြင့်
ရေစင်ပက်ဖျန်း
ရွှင်လန်းစေမည်။
ရဲဘော်တောင့်ထား
ပျော့မသွားနှင့်
ရဲဘော်နောက်က
တို့ရှိကြသည်
အားကူညီကြ ရိုင်းပင်းကြ။
ဤသို့မှသာ
အမှောင်တိုက်တွင်း
စိတ်ဓာတ်ပြင်းသည့်
ဇာနည်ရဲဘော်
စက်လို့ပျော်လိမ့်
ဘ၀င်လည်းကျ
ခံစားသမျှသည်
ထိုက်တန်ပေ၏ တန်ပေ၏။
စွန့်သင့်ပေ၏ သင့်ပေ၏ဟု
ဝမ်းမြောက်ဝမ်းသာ ရှိရှာမည်။
ပြည်သူလူထု
ဤသို့ပြုမှ
ပြည်သူ့အကျဉ်းသား
ပြည်ချစ်သားကို
တန်ဖိုးထားရာ ရောက်ပေမည်။
ရဲဘော်နှင့်ပြည်သူ
အစဉ်သွေးတူမှ
တိုင်းပြည်နှိပ်စက်
စစ်သဘက်တို့
ခွေးပြေးဝက်ပြေး ပြေးလိမ့်မည်။
ငါတို့ညီညာ
ရှိကြပါလေ မျှကြစေ။
တိုင်းဖွဲ့ပြည်ဖွဲ့ ကဗျာတွေ၊ ရဲဘော်တွေအတွက် ခွန်အားရှိမယ့် အလုပ်တွေ လုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။