Friday, December 10, 2010

ဖလူးဒေသတွင် DKBA မှ လိုက်လံရှင်းလင်း (ရုပ်သံ)


source by : http://komoethee.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

NLD ရုံးချုပ်မှာကျင်းပတဲ့ ၆၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (ရုပ်သံ)



source by :http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားတပ်မတော် စစ်ကော်မရှင် အတွင်းရေးမှူးနှင့် မေးမြန်းခန်း

ဒီကနေ့မှာ ဖလူးဒေသမှာ ဖြစ်နေတဲ့ ဒီကေဘီအေ နအဖ တိုက်ပွဲတွေ ရပ်နားနေပါတယ်။
ဒါပေမယ့် မနေ့က ဆုတ်ခွာသွားတဲ့ နအဖတပ်တွေ နောက်ကို လိုက်လံ ရှင်းလင်းနေတယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ပူးတွဲတိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်သားတပ်မတော်) စစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်ခင်ကျော် ကို ဒီဗွီဘီ သတင်းထောက် မောင်တူး မှ ဆက်သွယ် မေးမြန်းထားပါတယ်။

မောင်တူး။ ။ ဗိုလ်ခင်ကျော်လားခင်ဗျ၊ ဒီနေ့ တိုက်ပွဲ အခြေအနေလေး ပြောပြပါဦး။

ရဲဘော်ခင်ကျော်။ ။ “ဒီနေ့က တိုက်ပွဲတော့ မရှိဘူး၊ မနေ့က ရွှေပြည်သာက ဆုတ်ခွာသွားတဲ့ ရန်သူနောက်ကိုတော့ ရှာဖွေတာ လိုက်လံရှင်းလင်းတာ ဒါပဲရှိတယ်။” နအဖဘက်က တပ်လန်ပြီးတော့ ဆုတ်ခွာသွားတာ ရှိတယ်ပေါ့။

မောင်တူး။ ။ဘယ်တပ်ရင်းတွေလဲ ခင်ဗျ။

ရဲဘော်ခင်ကျော်။ ။ “မနေ့က ဝေါ်လေဘက်မှာ ပထမဦးဆုံး အခြေပြုထားတဲ့ ဗျူဟာပေါ့။ ဗျူဟာနဲ့ ၂ ရင်း၊ နောက်တခါ ၁၂ လက်အောက်ခံ တပ်ရင်း ၂ ရင်းပေါ့။ ၅၄၇ နဲ့ ၂၃ဝ၊ မနေ့က ဖြစ်သွားတဲ့ အဲဒီ ဖရိုဖရဲနဲ့ တချို့တပ်တွေ ထွက်သွားကြတယ်လေ။ အဲဒီနောက်ကို လိုက်ပြီးတော့ လိုက်လံရှင်းလင်းနေတဲ့ အပိုင်းတွေ ရှိတယ်။”

မောင်တူး။ ။ ကျနော်တို့ ဒီနေ့ ကြားနေတာ နအဖဘက်ကနေပြီးတော့ ပေါ်တာတွေ ဆွဲထားတယ်၊ တောင်ကုန်း တက်မယ် အဲဒီလိုမျိုး ကျနော်တို့ ကြားနေလို့ဗျ။

ရဲဘော်ခင်ကျော်။ ။ “ဖြစ်နိုင်ခြေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်းတော့ သူတို့ နေဖို့တော့ မရှိဘူး။ တပ်တွေ ဒီလောက်အထိနာနေတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေတဲ့ အလေ့အထတော့ ရန်သူမှာတော့ မရှိဘူး။ သို့သော်ငြားလည်းပဲ တဖက်က စစ်မျက်နှာတွေ အကျယ်အပြန့် ဖွင့်ထားသလို ဖြစ်တယ်။ ပြည်တွင်းလို နေရာမျိုးတွေ၊ ပြီးတဲ့အခါကျတော့ တခြား တပ်မဟာတွေ၊ အက်စ်အက်စ်အေလို နေရာမျိုးတွေ၊ ဒီလိုနေရာမျိုးတွေမှာ တိုက်ပွဲတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတော့ ဒီလိုနေရာက အခု လက်ရှိဖြစ်နေတဲ့ ဝေါ်လေလို နေရာမျိုးကို သူတို့အနေနဲ့ စစ်ကူလာပြီးတော့ ထိုးစစ်ကြီးကြီးမားမား ဆင်ဖို့ နှောင့်နှေးနေတဲ့ သဘောပါပဲ။ အနှေးနဲ့အမြန်ကတော့ ကျနော်ထင်တယ်။ စစ်ဆင်ရေး တခုခုတော့ လုပ်လိမ့်မယ်လို့ အဲဒီလို သုံးသပ်ကြည့်တယ်။”

မောင်တူး။ ။ မာနယ်ပလောဘက်က တိုက်ပွဲတွေ အခြေအနေကကော ဘယ်လို ရှိပါသလဲခင်ဗျ။

ရဲဘော်ခင်ကျော်။ ။ “မာနယ်ပလောမှာလည်း ဝေါ်လေလိုပဲ အလားတူပေါ့။ အဲဒီ ကချောဝါးလေးတောင်ကို တက်ပြီးတော့ ပစ်တယ်။ ပြီးတဲ့အခါကျတော့ အဲဒီအဖွဲ့ကို တုံ့ပြန်လာတဲ့ ရန်သူ၊ တုံ့ပြန်တဲ့ အနေနဲ့ ရန်သူစစ်ကူတွေလာတဲ့ လမ်းတွေကို ဖြတ်ထားတယ်။ အဲဒီလိုပဲ အဲဒီ စခန်းကုန်းမှာ ရှိတာနဲ့ ဒီ စစ်ကူတွေ အခု ဝေါ်လေလို ဟာမျိုးပဲ ဖြတ်ထားတဲ့ သဘောတော့ ရှိတယ်လို့ ကြားတယ်။”

မောင်တူး။ ။ အဲဒီဘက်မှာ ဒီ စစ်ကူတွေ မလာနိုင်အောင် ဆိုပြီးတော့ တံတားတွေ ၇ စင်း တောင်မှ ချိုးထားတယ် ဆိုတာမျိုးတွေလည်း ကျနော်တို့ ကြားရလို့ အဲဒီ အခြေအနေကကောဗျ။

ရဲဘော်ခင်ကျော်။ ။ “ပုံမှန်ကတော့ နှစ်စဉ်နှစ်တိုင်း လုပ်လေ့လုပ်ထ ရှိတဲ့ဟာပဲ။ ရန်သူက ဒီအချိန်ဆိုရင် ရှေ့တန်းမှာ ရှိနေတဲ့ နယ်စပ်အခြေပြု စခန်းတွေအတွက်ကို ရိက္ခာ သယ်ယူ ပို့ဆောင်ရေး ကိစ္စတွေလုပ်တယ်။ အဲဒီလို သယ်နိုင်ဖို့အတွက်ကို အဲဒီ ရိက္ခာသယ်မယ့် လမ်းကြောင်းတွေကို ပုံမှန် ဒီလိုအခြေအနေမျိုးတွေမှာ ပြန်လည် ပြုပြင်တာတွေ ရှိတယ်။ အဲဒီအခါမျိုးမှာလည်း ဒီဘက်က လက်နက်ကိုင် အင်းအားစုတွေနဲ့ ရန်သူရဲ့ ပြုမူဆောင်ရွက်ချက်တွေကို အမြဲတမ်း နှောင့်နှေးကြန့်ကြာအောင် တိုက်ပွဲကြီးငယ်တွေ လုပ်တယ်။ ပြီးတဲ့အခါကျတော့ လမ်းကြောင်းတွေကို အတတ်နိုင်ဆုံး ရန်သူအနေနဲ့ ချောချောမွေ့မွေ့ အသုံးမပြုနိုင်အောင် လုပ်လေ့လုပ်ထရှိတဲ့ အပိုင်းတော့ ရှိတယ်။ ဒါကတော့ သိပ်ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။”

မောင်တူး။ ။ မဲပေးပွဲကနေ စတာပေါ့။ နောက်နေ့ ၇ ရက်၊ ၈ ရက် တိုက်ပွဲတွေ ဖြစ်လာတယ်။ အခုဆိုရင် တလပြည့်လာပြီပေါ့လေ။ ကျောင်းသားတပ်မတော်ပါ ဒီကေဘီအေနဲ့ ပေါင်းတိုက်နေပြီ။ ရှေ့ဆက်ပြီးတော့ တိုက်ပွဲတွေ အခြေအနေက ဘယ်လိုများ ဆက်ဖြစ်လာနိုင်ပါသလဲခင်ဗျ။

ရဲဘော်ခင်ကျော်။ ။ “ပထမဦးဆုံး စဖြစ်ကတည်းကိုက ကျနော်တို့ သုံးသပ်တာက ဒီအပစ်အခတ်တွေကို ရပ်ကြဖို့အတွက် ရန်သူအနေနဲ့ ဘယ်လို လုပ်သင့်သလဲပေါ့။

ပထမတနည်းကတော့ သူတို့ လုပ်နိုင်မယ်ဆိုရင် လုပ်လို့ ရတဲ့နည်းကတော့ ပြန်ပြီးတော့ ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ နည်းပေါ့။

ဒုတိယ နည်းကတော့ သူတို့ အမြဲတမ်း သုံးလေ့သုံးထရှိတဲ့ အခုလိုမျိုး စစ်ရေးအရ ပြန်တိုက်တဲ့နည်း။

ဒီ နည်းလမ်း ၂ ခု ထဲက ဘယ်ဟာကို သုံးမလဲလို့ ပြန်သုံးသပ်ကြည့်တဲ့အခါကျတော့ ပထမနည်းကတော့ တော်တော် ဝေးသွားပြီ။ ဆိုတော့ လွန်ခဲ့တဲ့ ကာလမှာလည်း တိုက်ပွဲတွေ ဖြစ်နေရင်းနဲ့ပဲ နအဖက လာညှိနှိုင်းတာတွေ ရှိတယ်။ အဲဒီ ညှိနှိုင်းချက်တွေမှာ ဆိုလို့ရှိရင် လက်နက်အပ်ဖို့ ဆိုတာမျိုးပဲ ဖြစ်တယ်။

အထူးသဖြင့် ဒီကေဘီအေနဲ့ ဖြစ်တဲ့ကိစ္စကို ပြောတာပေါ့။ ဒါပေမယ့် ဒီကေဘီအေကလည်း ဘာပဲပြောပြော နိုင်ငံရေးအရ အခြေခံပြီး ဖြစ်လာတဲ့ စစ်ပွဲဆိုတော့ သူတို့ နိုင်ငံရေးရည်မှန်းချက် မရမချင်းတော့ ဆက်တိုက်သွားဖို့ပဲ ရှိတယ်။ ရန်သူကလည်း အလျှော့ပေးမှာ မဟုတ်ဘူးလေ။ အဲဒီအတွက်ကြောင့် တိုက်ပွဲတွေကတော့ ဆက်ပြီးတော့ ဖြစ်မှာပဲလို့ ကျနော်တို့ကတော့ ယုံကြည်နေတယ်။”

မောင်တူး။ ။ နောက်ဆုံးအနေနဲ့ ပေါ့နော်။ မဲပေးပွဲကနေ ပြန်စလာတယ်၊ ပြည်တွင်းစစ်တိုက်ပွဲပေါ့။ ဒီကေဘီအေနဲ့ ပေါင်းပြီး ကျောင်းသားတပ်မတော်က တိုက်နေပြီ။ ဒီလို တိုက်နေတဲ့ အချိန်မှာ ကျောင်းသားတပ်မတော်ကို အားပေးနေတဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေကို ဘာများ နောက်ဆုံးအနေနဲ့ ပြောချင်တာ မှာချင်တာ ရှိပါသလဲခင်ဗျ။

ရဲဘော်ခင်ကျော်။ ။ “ပြောချင်တာကတော့ ကျောင်းသားတပ်မတော်အနေနဲ့ကတော့ တချို့ကာလတွေမှာ ငုပ်လျှိုးပြီး နေခဲ့ရတဲ့ ပုံစံမျိုးတော့ ဖြစ်တယ်လေ။ သို့သော်ငြားလည်းပဲ မူလဗီဇ ဂုဏ်သတ္တိကတော့ ဘယ်တော့မှ ပျောက်သွားမှာလည်း မဟုတ်ဘူး၊ အရင် ဦးတည်ချက် ရည်မှန်းချက်တွေလည်း ပျောက်သွားမှာလည်း မဟုတ်ဘူး။ အခြေအနေပေးတာနဲ့ တပြိုင်တည်း ကျနော်တို့ ကတော့ ရန်သူကို တိုက်တဲ့ အလုပ်တွေကို တိုးမြှင့်လုပ်ဆောင်သွားမှာပဲ။ အခုလည်း ဘာပဲပြောပြော အခြေအနေပေးလို့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ညီညီညွတ်ညွတ် ဘုံရန်သူကို ဝိုင်းတိုက်တဲ့ လုပ်ငန်းစဉ်လေးပေါ့။ ဒါပေမယ့် ဒီဟာက ထူးထူးခြားခြားလုပ်ငန်းတော့ မဟုတ်ဘူး။

“အေဘီအက်စ်ဒီအက်ဖ် အနေနဲ့ ပုံမှန်လုပ်နေတဲ့အလုပ်၊ ကိုယ်လုပ်စရာရှိတဲ့ အလုပ် ကိုယ်လုပ်သင့်တဲ့ အလုပ်ကို လုပ်နေတယ်လို့ပဲ မှတ်ယူတယ်။ အဲဒီတော့ ပြည်တွင်း ပြည်ပမှာ ရှိတဲ့လူတွေကို ဘာပြောချင်သလဲ ဆိုတဲ့အခါကျတော့ အားလုံး တနိုင်ငံလုံး ပြည်သူလူထု ဆန္ဒတွေနဲ့အညီ ကျနော်တို့ ဦးတည်ချက် ချမှတ်ပြီး ဒီတိုက်ပွဲကို တိုက်နေတာပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့၊ ကျနော်တို့ ဒီမှာ ရန်သူကို တိုက်ပွဲဝင်နေသလိုပဲ ရောက်ရာနေရာကနေ ရရာနည်းတွေနဲ့ ဘုံရန်သူကို တိုက်သွားဖို့တော့ သင့်တော်တယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်။”

မောင်တူး

source by : http://burmese.dvb.no/index.php

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 9, 2010

ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့ မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်စုဆို

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူဖို့ ပြင်ဆင်တာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း တဖြည်းဖြည်း ကွယ်ပျောက်လာနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်း ထူထောင်ဖို့အတွက်သာ ဖြစ်ပြီး လက်ရှိ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ မကြာခင် ပေါ်ပေါက်လာမယ့် လွှတ်တော်အသစ် စတာတွေကို စင်ပြိုင်လုပ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ NLD ရုံးချုပ်မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီငြိမ်းလို့ခေါ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ ခေါင်းဆောင်တချို့တို့ မနေ့က မနက်ပိုင်း ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေက ဘာကြောင့် ပြင်ဆင်နေကြသလဲလို့ ဒီငြိမ်းပါတီ ခေါင်းဆောင်တွေက မေးတဲ့အခါ ဒီကိစ္စ အကောင်အထည် ဖော်တာဟာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ စင်ပြိုင်ဖြစ်အောင် လုပ်ဆောင်တာ မဟုတ်ဘဲ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်းဖို့အတွက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့တဲ့အကြောင်း ဒီငြိမ်းပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့်က ပြောပါတယ်။

“၂၁ ရာစု ပင်လုံညီလာခံ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်မယ်၊ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ကို ရှင်းပြပါလို့ ပြောလိုက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ဒါနဲ့ပတ်သက်လို့တော့ အငြင်းပွားစရာတွေလည်း ရှိနေတယ်၊ ပြီးတော့ တချို့ကလည်း စိတ်ပူတယ်လို့ ပြောကြပါတယ်တဲ့။ ဘာစိတ်ပူတာလဲလို့ ဆိုတော့ ဒီလိုများ ဆောင်ရွက်လိုက်ရင်ဖြင့် အခုပေါ်ပေါက်လာမယ့် လွှတ်တော်တွေနဲ့ စင်ပြိုင်လွှတ်တော်တွေ၊ အခုပေါ်ပေါက်လာမယ့် အာဏာပိုင် အစိုးရနဲ့ ယှဉ်မယ့် စင်ပြိုင် အာဏာထူထောင်မှုတွေ၊ အဲဒီလိုတွေ ပေါ်ပေါက်လာရင်ဖြင့် အန္တရာယ်ရှိမယ်လို့ ဆိုကြပါတယ်တဲ့။

“အဲတော့ ကျနော်ကပြောတယ်၊ ကျနော်တို့လည်း အဲဒီစိုးရိမ်ချက် ရှိပါတယ်။ ဒါကြောင့် မေးတာပါလို့ ဆိုတော့ အဲဒါ ရှင်းပြချင်ပါတယ်တဲ့။ အဲဒီလို မဟုတ်ပါဘူးတဲ့။ ကျမတို့က စင်ပြိုင်လွှတ်တော်တို့၊ စင်ပြိုင် အာဏာထူထောင်ဖို့အတွက် ဒါကို ဆောင်ရွက်တာ မဟုတ်ပါဘူးတဲ့။ လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့် ပင်လုံစိတ်ဓာတ်ဟာ တဖြည်းဖြည်းနဲ့ လျော့နည်း ပျက်ပြားလာခဲ့တာ အထင်အရှားပါပဲတဲ့၊ မြန်မာပြည်မှာ။ အဲဒါကြောင့် ပင်လုံစိတ်ဓာတ်ကို ပြန်ပြီးတော့ စုစည်း ထူထောင်ဖို့ လိုတယ်။ ဒါကြောင့် ပင်လုံစိတ်ဓာတ် ပြန်လည် စုစည်း ထူထောင်ရေး ဆိုတာကို ဆောင်ရွက်ချင်တာပါတဲ့။”

ဒုတိယ ပင်လုံညီလာခံ ခေါ်တယ် ဆိုတာမှာလည်း အရင်ခေတ်ကလို ညီလာခံကြီးတွေခေါ်၊ လူချင်း တွေ့ဆုံကြတာမျိုး မဟုတ်ဘဲ တိုးတက် ပြောင်းလဲလာတဲ့ ခေတ်ပေါ်နည်းပညာတွေကို အသုံးချပြီး လုပ်ဆောင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဆိုပါတယ်။

“အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း ညီလာခံကြီးတွေမျိုး လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီလိုမျိုးထက် အခုခေတ်မှာတော့ လူတွေတွေ့မှ၊ အစည်းအဝေးကြီး လုပ်မှ၊ ဒီလိုမဟုတ်ပါဘူးတဲ့။ လူတွေဟာ အင်တာနက်ပေါ်မှာလည်း တွေ့နိုင်တယ်။ အကြောင်းကြောင်းတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ အများကြီး၊ အခု ခေတ်မီ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်နေတဲ့ အခါကြတော့ ကျမတို့ ရည်ရွယ်တာကတော့ ခုန စင်ပြိုင်လွှတ်တော်၊ စင်ပြိုင်အာဏာ ထူထောင်ရေး မဟုတ်ဘူးတဲ့၊ ပျက်ပြားနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်ပြီးတော့ စုစည်းနိုင်ဖို့ လိုပါတယ်။

“အဲဒီလို လိုအပ်တာ၊ ဒါကို စုစည်းနိုင်တဲ့ အခါကြမှ အခု နယ်စပ်ဒေသတွေမှာ ပြန်ပြီးတော့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အပါအ၀င် ပြည်တွင်းစစ်ကိစ္စ၊ ပြီးတော့ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ၊ ပြည်ထောင်စု တခုလုံး တိုးတက်ရေး ကိစ္စတွေ၊ ဒီဟာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်တဲ့။ အဲဒီယုံကြည်ချက်နဲ့ ကျမတို့ လုပ်တာပါတဲ့။ အဲဒါကြောင့် စိုးရိမ်ကြမယ် ဆိုရင်တော့ မစိုးရိမ်ပါနဲ့လို့ ကျမ ရှင်းပြချင်ပါတယ်တဲ့။”

ဒီငြိမ်းပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်မှုတွေဟာ အပေါစား နိုင်ငံရေးစတန့်ထွင်တာ ဆိုပြီး မနေ့ကထုတ်တဲ့ စစ်အစိုးရ သတင်းစာတွေမှာ ဝေဖန် ရေးသားထားပါတယ်။

မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံရေးအရ မဟုတ်တောင် လူမှုရေးမှာ တူညီတဲ့ လုပ်ငန်းတွေ အတူလက်တွဲ လုပ်ကြဖို့၊ ဒီမိုကရေစီစနစ်မှာ Civil Society လို့ခေါ်တဲ့ လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေ အားကောင်းမှသာ ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်တခု ဖြစ်နိုင်မယ် ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့က ဒီငြိမ်းပါတီ ခေါင်းဆောင်တွေကို ရှင်းလင်း တင်ပြခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာ ဦးဝင်းတင်တို့က နိုင်ငံရေးရော၊ လူမှုရေးရောပေါ့ဗျာ၊ အတူလက်တွဲပြီး ပြည်သူလူထု အကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကွန်ယက်လုပ်ငန်းကို စီစဉ်တာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ နိုင်ငံရေးလုပ်ငန်းမှာ မတူရင်တောင်မှ လူထုအခြေပြု လူမှုရေး လုပ်ငန်းတွေမှာ၊ တူရာတူရာ လုပ်ငန်းတွေမှာ ပြည်သူလူထု အကျိုးငှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီအတွက် အထောက်အကူဖြစ်မှာ ဖြစ်တဲ့အကြောင်း၊ ပြည်သူလူထုတွေ လက်တွေ့ အကျိုးခံစားရမှာ ဖြစ်တဲ့အကြောင်း၊ ဒီမိုကရေစီမှာ Civil Society လို့ခေါ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ခိုင်မာ အားကောင်းလာမှသာလျှင် ဒီမိုကရေစီဟာ ခိုင်မာပြီလို့ ပြောနိုင်မှာ ဖြစ်တဲ့အကြောင်း၊ အဲဒါတွေကို ရှင်းပြပြီး အကျေအလည် ဆွေးနွေးကြပါတယ်။ ဆရာ ဦးဝင်းတင်တို့ကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီငြိမ်းပါတီရဲ့ မဟာမိတ် ဖွဲ့စည်းမှုဆိုင်ရာ အဆင့်ဆင့် သတ်မှတ်ချက်တွေအရ NLD ဟာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်စရာ မလိုအပ်တော့တဲ့ ပါတီတခု ဖြစ်တာကြောင့် ပူးပေါင်းလုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နိုင်ပြီလို့ ပြန်လည် ဆွေးနွေးခဲ့တဲ့အကြောင်း ဦးမျိုးညွန့်က ပြောပါတယ်။

ဒီငြိမ်းပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ အမတ်နေရာ ၉ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်ရခဲ့ခြင်း မရှိပါဘူး။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

သံဃာတော်များကို ဒေါ်အောင်ဆန်းစုကြည် သင်္ကန်း ကပ်လှူ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ယနေ့နံနက် ၈ နာရီတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များက သံဃာတော်များနှင့် သီလရှင်များကို သင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပွဲသို့ ပင့်ဖိတ်ထားသော သံဃာတော်များအပြင် တခြားသော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များစွာ ကြွရောက် လာမှုကြောင့် စီစဉ်ထားသော သင်္ကန်း အရေအတွက် မလောက်မင ဖြစ်ခဲ့ပြီး သံဃာတော် အပါး ၁၅၀ ကိုသာ သင်္ကန်းများ ကပ်လှူနိုင် ခဲ့ကြောင်း၊ သင်္ကန်း မကပ် လှူနိုင်သော သံဃာတော်များကို ဖိနပ်နှင့် ၀တ္ထုငွေများ ကပ်လှူခဲ့ ရကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော် ၁၅၀ ကို သင်္ကန်းများ ကပ်လှူရန် NLD ရုံး အနီးအနားရှိ ဘုန်းကြီးကျောင်းများကို လိုက်လံ ပင့်ဖိတ် ခဲ့သော်လည်း ယနေ့တွင် ရန်ကုန်မြို့တမြို့လုံးရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များ၊ သာမဏေ များနှင့် သီလရှင်များစွာ ကြွရောက် ခဲ့ကြောင်း NLD ဗဟို ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။

ယနေ့ လှူဒါန်းပွဲသို့ NLD ရုံးရှေ့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆွမ်းခံကြွလေ့ ရှိသည့် သံဃာတော် ၇၈၅ ပါးနှင့် သီလရှင် ၁၁၉ ပါး ကြွရောက် ခဲ့သည်ဟု သူက ပြောသည်။

ယနေ့ လှူဒါန်းမှု မပြုလုပ်မီ ၁ ပတ်အလိုကတည်းက NLD ရုံးချုပ်ရှေ့နှင့် ရွှေတိဂုံ စေတီတော် အနီးတဝိုက်တွင် သံဃာတော်များ ကြွရောက်ပါရန် ပင့်ဖိတ် ထားသည့် ကြော်ငြာစာရွက်များ လိုက်လံကပ်ခဲ့သည်ဟု သိရသည်။

copy @ http://www.deyea.org

အပြည့်အစုံ ဖတ်ရန် ...

သတင်းသမား ဖမ်းဆီးခံရမှု အဆိုးဆုံးစာရင်းထဲ မြန်မာ စတုတ္ထမြောက်

နယူးယောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာတလွှား နိုင်ငံတွေမှာ သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံရမှု ပိုများလာသလို သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ အထဲမှာတော့ မြန်မာနိုင်ငံဟာ အဆိုးဆုံး စာရင်း နံပါတ် ၄ မြောက်မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း ပြည်ပသတင်းဌာနတွေအတွက် သတင်းယူပေးနေသူတွေသာ မကဘဲ ပြည်တွင်း သတင်းဂျာနယ်တွေမှာ သတင်းယူနေသူတွေပါ ထောင်ကျ တန်းကျ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

CPJ ရဲ့ ထုတ်ပြန်ချက်ထဲ သတင်းသမားတွေ အကျဉ်းချ ဖမ်းဆီးခံရမှု အဆိုးဆုံး နိုင်ငံတွေကတော့ အီရန်နဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံထဲမှာတော့ အီရန်နဲ့ တရုတ်ပြီးရင် မြန်မာက ၄ နိုင်ငံမြောက် အဆိုးဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဖိနှိပ်နေတဲ့ မြန်မာအစိုးရဟာ ဒီမိုကရေစီရေး လှုပ်ရှားမှု သတင်းတွေကို လိုက်လံသတင်းယူ ဖော်ပြဖို့ ကြိုးစားကြသူတွေကို ဖမ်းဆီး ထောင်ချခဲ့တယ်လို့ ဆိုထားပါတယ်။

CJP အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ ဘော့ဘ် ဒီးယက်ဇ် (Bob Dietz) က သူတို့စာရင်းအရ မြန်မာနိုင်ငံအတွင်း သတင်းထောက် ၁၃ ဦးဟာ လက်ရှိ ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ အခြေအနေက အရင်နှစ်တွေကလိုပဲ မပြောင်းလဲပါဘူး။ မကြာခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကြောင့်တော့ ပြောင်းလဲလာလိမ့်မယ် မမျှော်လင့်ပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတင်းမီဒီယာတွေအပေါ် ဆန့်ကျင်တာမျိုးတွေ ပိုပြီးတော့ ရှိလာမယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံတွင်းကနေ ပြည်ပ သတင်းဌာနတွေအတွက် သတင်းရေးသား ပေးနေသူတွေဟာ ပိုပြီး အန္တရာယ်ဆိုးတွေနဲ့ ရင်ဆိုင်ရတယ်လို့ ဆိုရမှာပါ။ ထောင်ချခံရသူ အများစုက သူတို့ပါ။ ဒါပေမဲ့ ပြည်တွင်း ဂျာနယ်တွေအတွက် သတင်းရေးသားသူတွေမှာလည်း ခြိမ်းခြောက်ခံရတာမျိုးတွေ အပြင် ဖမ်းဆီးချုပ်နှောင် ခံရတာမျိုးတွေ ရှိတယ်လို့ ရန်ကုန်မြို့က သတင်းသမား ကိုမြင့်ကျော်က ပြောပါတယ်။

“သတင်းသမားတွေက အမြဲတမ်း ကိုယ်သတင်းယူတဲ့ နေရာမှာလည်း သူများနိုင်ငံလို ယူခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးမျိုး၊ Right မျိုး မြန်မာပြည်မှာ အခုချိန်ထိကို မရှိသေးဘူးဗျ။ အစိုးရဌာနတို့ ဘာတို့ဆို ကျနော်တို့က အောက်တဆင့်ကနေ သူတို့ကို၊ တန်းတူဆက်ဆံလို့ မရဘူးပေါ့ဗျာ။ ကျနော်တို့က အောက်ကျို့ရတဲ့ သဘောမျိုးလည်း ရှိတယ်။ ဒါ သူများနိုင်ငံတွေ သွားတဲ့အခါကျရင် အဲဒီဟာမျိုးနဲ့ အများကြီး ကွာတယ်ဆိုတာ တွေ့ရတယ်။ ဒါက ပြည်တွင်း သတင်းထောက်တွေ အတွက်ပါ။

“တခါ ပြည်ပ သတင်းဌာနတွေအတွက် လုပ်ပေးနေတဲ့သူ၊ ဒါလည်း မီဒီယာပဲလေ၊ ပြည်ပ သတင်းဌာနကို အစိုးရက တရားမ၀င်ဘူး ဆိုလို့သာ ဒါ တရားမ၀င် အန္တရာယ်ရှိတာပေါ့ဗျာ။ အဲဒါကတော့ အချိန်မရွေး သိရင်၊ ဘယ်အချိန်သိသိ၊ သိတဲ့အချိန်မှာ ချက်ချင်း ဖမ်းဆီးပြီး ထောင်ချ၊ အဲဒီလို ထောင်ချခံရတဲ့၊ အခုလက်ရှိ ထောင်ထဲမှာ ရောက်နေတဲ့ သူတွေလည်း ရှိတာပဲ။ အဲဒီလို လူမျိုးကတော့ ပိုပြီး အန္တရာယ်ရှိတယ်။ သူတို့က နေ့စဉ်နဲ့အမျှ ဓာတ်ပုံရိုက်တာပဲဖြစ်စေ၊ သတင်းယူတာပဲဖြစ်စေ၊ မေးတာပဲဖြစ်စေ၊ ဗွီဒီယိုရိုက်ရင်တော့ ပိုဆိုးတာပေါ့ဗျာ၊ ဗွီဒီယိုဆိုရင် ပိုပြီးတော့ သူတို့ မျက်စိစူးတော့ အမြဲတမ်း အဲဒီလူတွေ အတွက်လည်း အန္တရာယ်က နေ့စဉ်နဲ့အမျှ ရှိနေတာပါ။”

လက်ရှိ ပြည်တွင်း သတင်းဂျာနယ်တွေမှာ လုပ်နေတဲ့သူတွေ အတွက်ကရော ဘယ်လောက်အထိ အန္တရာယ်ကြီးလဲ၊ ထောင်ကျ တန်းကျ ခံရတဲ့ အခြေအနေထိပါ။

“အဲဒီမှာဆိုရင် ၂၀၀၈ ခုနှစ်မှာ ဖြစ်တဲ့ အဖြစ်အပျက် တခုကိုတောင် ပြောလို့ရတယ်။ ၂၀၀၈ ခုနှစ်မှာ ရန်ကုန်တိုင်းမ်က သတင်းထောက် တယောက်ပေါ့ဗျာ၊ သင်္ဃန်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သူ သတင်းယူတယ်။ နောက် ရဲကပြောတဲ့ဟာကိုပဲ အပြည့်အစုံ ရေးရသလား ဆိုပြီးတော့ ခေါ်ပြီးကြိမ်းတယ်၊ ရန်ကုန်တိုင်း ရဲရုံးက။ အဲဒီလိုကြိမ်းတဲ့ကိစ္စက ပြည်ပ၀က်ဘ်ဆိုက်မှာ တက်လို့ဆိုပြီးတော့ နောက်ဆုံး သူ့ကို ဖမ်းဆီးတဲ့အထိ ဖြစ်လာတယ်။ သူ အချုပ်ထဲမှာ တော်တော်ကြာကြာ နေလိုက်ရတယ်ဗျ။ သီတင်း ၂ ပတ်၊ ၃ ပတ်လောက်တောင် နေလိုက်ရတယ်။

“အဲဒါမျိုးက သူ ပြည်ပအတွက် လုပ်တာလည်း မဟုတ်ဘူး။ သို့ပေမဲ့ ပြည်ပ ၀က်ဘ်ဆိုက်မှာ ထွက်တာနဲ့၊ ဘယ်ကထွက်တယ် ဆိုတာလည်း ဘယ်သူမှ သက်သေမပြနိုင်ဘဲနဲ့ သူ့ကို ဖမ်းတာပဲ။ အဲဒါမျိုးလည်း ရှိတယ်။ သူလုပ်တာလည်း မဟုတ်ဘူး၊ ပြည်ပ ၀က်ဘ်ဆိုက်အတွက် သူလုပ်တာ မဟုတ်ဘဲနဲ့ကို အဖမ်းခံရတဲ့ အဖြစ်အပျက်မျိုးလည်း ရှိပါတယ်။”

နိုင်ငံခြား သတင်းထောက်များ ကလပ်တို့ ဘာတို့လည်း မြန်မာနိုင်ငံထဲမှာ ရှိပါတယ်။ ရှိတော့ တချို့ သတင်းထောက် အဖွဲ့အစည်းတွေ ဘာတွေကရော အခုလို အရေးယူခံရတဲ့ သတင်းထောက်တွေ အတွက် တစုံတရာ လုပ်ပေးနိုင်တာမျိုးရော ရှိလား၊ လုပ်ပေးရော လုပ်ပေးနိုင်ရဲ့လားခင်ဗျ။

“အခုချိန်ထိ သိရသလောက်ကတော့ အဲဒီလို အဖွဲ့အစည်းနဲ့ လုပ်ပေးတဲ့ဟာမျိုး မရှိဘူးဗျ။ ကျနော်တို့ ပြည်တွင်း သတင်းထောက်တွေဆို စာနယ်ဇင်း အဖွဲ့ဝင် တချို့တလေတော့ ဖြစ်ကြတာပေါ့၊ အများစုက မဖြစ်ကြဘူး။ အဲဒီလို စာနယ်ဇင်း အဖွဲ့ဝင် မဖြစ်ရင် ကျန်တဲ့ အဖွဲ့အစည်းဆိုတာ ဘယ်အဖွဲ့အစည်းမှ တရားမ၀င်ဘူးလေ။ သူ့ဂျာနယ်တိုက်ရဲ့ ပိုင်ရှင်ကသာ သူ့တိုက်ကလူအတွက် သူက သွားပြီးတော့ ပြောဆို လုပ်ဆောင်ပေးတာ၊ အဲဒါမျိုးပဲ ရှိတယ်။ အဖွဲ့အစည်း အနေနဲ့တော့ ဘယ်အဖွဲ့အစည်းကမှ လောလောဆယ် အခြေအနေမှာ ကျနော်တို့ကို လုပ်ပေးတာ မရှိဘူးဗျ။”

မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်ကို အထိန်းချုပ်ဆုံး၊ သတင်းသမားတွေကို အန္တရာယ် အပေးဆုံး နိုင်ငံတခု အဖြစ်နဲ့ နှစ်အတန်ကြာ ကတည်းက သတင်းမီဒီယာဆိုင်ရာ အစီရင်ခံစာတွေမှာ ရေးသား ဖော်ပြခံရပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းရေးသား ဖော်ပြမှုတွေမှာ အမှားအယွင်း မခံပါဘူး။

ဒါကြောင့်လည်း ပြည်တွင်းမှာ သတင်းဂျာနယ်တွေ နောက်ပိုင်း အတော်များများ ထုတ်ဝေရေးသားခွင့်တွေ ရတယ်ဆိုပေမဲ့ မကြာခဏဆိုသလို ယာယီထုတ်ဝေခွင့် ပိတ်ခံရတာ၊ သတင်းထောက်တွေ၊ အယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူသတိပေး ခြိမ်းခြောက်တာမျိုးတွေ ရှိနေပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

တိုက်ပွဲ သတင်းများ

နံနက်(၉ နာရီ ၃၀ မိနစ်)
ကျောင်းသားတပ်မတော် (ABSDF) နှင့် (DKBA) တို့ပူးပေါင်းပြီး ဝေါလေဒေသ အရံဗျူဟာကုန်း သုခမြိုင် တံတားစခန်း (ရွှေမုတ်စခန်း) ကို ယမန်နေ့ည ၉ နာရီ ၂၀ မိနစ်တွင် ၀င်ရောက် သိမ်းပိုက်နိုင်ခဲ့သည်။ နအဖ ဘက်မှ စစ်သား အလောင်း ၇ လောင်းတွေ့ရှိပြီး ဆက်သွယ်ရေးစက်တလုံးကိုလည်း သိမ်းယူနိုင်ခဲ့သည်။ မိမိတို့ဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။

ကျောင်းသားတပ်မတော်မှ ရဲဘော်များ တိုက်ပွဲအတွင်း တွေ့ရစဉ်

နံနက်(၉ နာရီ ၂၀ မိနစ်)
တပ်ခေါ်ကျိုးတောင်ခြေတွင် ရောက်ရှိနေသော စစ်အစိုးရတပ် ခလရ (၆၁) ၊ ခမရ (၂၃၀)၊ ခမရ (၅၄၇) မှ ရှေ့ပြေးစစ်ကြောင်းတပ်ဖွဲ့ကို ဒီကေဘီအေဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး စောကျော်သက် အဖွဲ့က ၀င်ရောက် ပစ်ခတ်ပြီး စစ်တပ်မှ တပ်သား ၁၀ ဦးထက်နည်း ထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

source by : http://soneseayar.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, December 7, 2010

မသမာသော ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်တင်ပြချက် (ပြည်တွင်းမှ ကြေငြာချက်)

အပြည့်အစုံ ဖတ်ရန် ...

စစ်သားစိတ် မပျောက်ပဲ လူမဆန်စွာ ဖိနှိပ်နေ


ဗိုလ်မှူး မောင်ညိမ်း
မြန်မာနိုင်ငံတွင် မတရား အုပ်ချုပ်နေသော စစ်အစိုးရ ပေါ်လစီ အရ စစ်တပ်မှ အရာရှိ များကို အရပ်ဘက် ပြောင်းလဲ တာဝန် ချထား ပေးနေကြသည်။ သို့သော် ထိုသို့ အရပ်ဘက် ပြောင်းလဲ လာကြ သော်လည်း အချို့ စစ်တပ် အရာရှိများသည် အရပ်ဘက် ရုံးများတွင် အရပ်သား ၀န်တမ်းများကို စစ်သားစိတ် မပျောက်ပဲ စစ်တပ် ဆန်ဆန် ဖိနှိပ် ချုပ်ချယ် နေမှုကြောင့် ဖြစ်ပေါ်လာသော အစဉ်မပြေ မှုများသည် မြန်မာနိုင်ငံ ၀န်ထမ်း လောကတွင် အဖြစ်များ နေပါသည်။

ယခုလည်း သစ်တော ရေးရာ ၀န်ကြီးဌာန လက်အောက်ရှိ အမှတ် (၈၈)၊ ခြောက်မိုင်ခွဲ ပြည်လမ်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(I.B.C)၏ ဗဟို မန်နေဂျာ ဖြစ်သော ဗိုလ်မှူး မောင်ညိမ်းသည် လက်အောက် ၀န်တမ်းများ အပေါ် လူဂုဏ် သိက္ခာ ညှိုးနွမ်းအောင် လူမဆန်စွာ ဖိနှိပ် အုပ်ချုပ်မှုများ ရှိနေကြောင်း (I.B.C) ၀န်ထမ်း အသိုင်းအ၀ိုင်းမှ သတင်း ရရှိပါသည်။

၎င်း ဗိုလိမှူး မောင်ညိမ်းသည် မိမိလက်အောက် ၀န်ထမ်းများကို ရုံးလုပ်ငန်း ကိစ္စများတွင် သာမက မိမိ ကိုယ်ရေး ကိုယ်တာ ကိစ္စများပါ ခိုင်းစေပြီး၊ ထိုခိုင်းစေမှုများကို ၎င်းစိတ် အခက် မသင့်ပါက ကိုယ်ထိ လက်ရောက် ကျုးလွန် စော်ကားလေ့ ရှိသည်။ နေပြည်တော်ရှိ (I.B.C) စားသောက်ဆိုင် ခွဲတွင် တာဝန် ထမ်းဆောင် နေသူ မောင်ကျော်သူထင် အား ဗိုလ်မှူး မောင်ညိမ်း မျှစ်ချဉ်ကန် ပြုလုပ်ရန် စေခိုင်းစေရာ အချိုးမပြေဟု ဆဲဆိုပြီး ဦးခေါင်းအား သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ရာ ဥိးခေါင်းကွဲ ဒါဏ်ရာ ရရှိပြီး ဆေးခန်းတွင် ချုပ်ရသည့် အထိ ဖြစ်ခဲ့သည်။ သို့ရာတွင် မောင်ကျော်သူထင်၏ မိဘဆွေမျိုး အချို့သည် ဗိုလ်မှူး မောင်ညိမ်း လက်အောက်တွင် တာဝန် ထမ်းနေ ရသဖြင့် မောင်ကျော်သူထင်မှာ သူ့ဆွေမျိုးများကို ဗိုလိမှူး မောင်ညိမ်းမှ အငြိုးထား အလုပ်ဖြုတ်မည် စိုးသဖြင့် ယင်းဖြစ်စဉ်အား သက်ဆိုင်ရာသို့ တိုင်ကြားမှု မပြုလုပ်ရဲပဲ ရေငုံ နှုတ်ပိတ် နေခဲ့ရသည်။

ထိုအပြင် မောင်ကျော်သူထင်၏ ဇနီး (I.B.C) ၀န်ထမ်း မဇင်လေးမွန်အား မိုက်ခရိုဖုန်း ပြုပြင်ခိုင်းရာ အဆင်မပြေဟု ဆိုကာ ဗိုလ်မှူး မောင်ညိမ်းမှ ကိုယ်ထိ လက်ရောက် ပါးရိုက် ခဲ့သည်။

(I.B.C) ရုံးတွင်လည်း ဥပဒေနှင့် မညီသော ဗိုလ်မှူး မောင်ညိမ်း၏ နှုတ် မိန့်ဖြင့် ၀န်ထမ်းများ၏ အပိုဆုကြေး (Bonus) အား ထုတ်မပေးခြင်း (I.B.C) တွင် အလုပ်ဝင်သူ မည်သူ ဖြစ်စေ မှတ်ပုံတင်အား ဗိုလ်မှူးမောင်ညိမ်းမှ သိမ်ဆဲးထား၍ အလုပ်ထွက်ပြီး ခြောက်လ ကြာသည့် အထိ မှတ်ပုံတင်အား ပြန်မပေးခြင်း စသည့် စည်းကမ်းများ ချထားကြောင်းသိရသည်။ ဗိုလ်မှူး မောင်ညိမ်းသည် သစ်တောရေးရာ ၀န်ကြီးနှင့် ပဏာသင့်သူ တဦးဖြစ်ပြီး ၀န်ကြီးမှ ၎င်းအား ကာကွယ် ပေးနေကြောင်း သိရှိရသည်။

(I.B.C)ရုံးတွင် ၀န်တမ်း ဦးရေ ပျမ်းမျှ (၆၀) ဦးခန့် ရှိကြရာ (၄၀) ဦး လောက်မှာ ဗိုလ်မှူး မောင်ညိမ်း၏ ကိုယ်ထိ လက်ရောက် စော်ကား ခံခဲ့ရဖူးသူများ ဖြစ်နေကြပြီိး အကြောင်း အမျိုးမျိုးကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားမှု မပြုရဲကြပဲ ခေါင်းငုတ် ခံနေကြရသည်။

ယခု အခါ ဆက်လက် သည်းမခံနိုင် ကြတော့ပဲ ၀န်ထမ်းများက ဗိုလ်မှူး မောင်ညိမ်းအား အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ (I.L.O) သို့ တိုင်ကြားရန် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။


copy @ http://www.deyea.org

အပြည့်အစုံ ဖတ်ရန် ...

Monday, December 6, 2010

Burma Chronology Of Events (November,2010)



source by : ABSDF

အပြည့်အစုံ ဖတ်ရန် ...

ဒေါက်တာစင်သီယာမောင် မွေးနေ့ပွဲ ကျင်းပ

ထိုင်း-မြန်မာ နယ်စပ်နေ ဆင်းရဲ ချို့တဲ့သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆက်လက် လုပ်ကိုင် သွားမည်ဟု ထိုင်းနိုင်ငံ တပ်ခ်ခရိုင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း တည်တောင်သူ ဒေါက်တာ စင်သီယာမောင်က ယနေ့ ကျရောက်သည့် ၅၁ နှစ်မြောက် သူ၏ မွေးနေ့တွင် ပြောဆိုသည်။

နှစ်နိုင်ငံနယ်စပ်နေ ဆေးဝါးကုသရန် မတတ်နိုင်သူများကို အခမဲ့ကုသပေးသည့် မယ်တော်ဆေးခန်း၌ ယနေ့နံနက်ပိုင်းတွင် မွေးနေ့ပွဲကျင်းပရာ လူနာများသာမက လူနာရှင်များ၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား နေသူများပါ တက်ရောက်ကြပြီး ဘောလုံးပွဲ၊ ရိုးရာအကများနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

“ဒီမှာရှိတဲ့ ကျန်းမာရေး၊ လူမှုရေး အဖွဲ့အစည်းတွေက စုစုစည်းစည်း လုပ်ကိုင်ပေးလို့ ယုံကြည်မှုတွေ ပိုရှိလာပါတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ စီးဆင်းမှုကလည်း ပိုပြီး ခိုင်မာလာတယ်။ လာမယ့် အနာဂတ် အတွက်လည်း ပိုပြီး အားကောင်းလာမယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါက်တာ စင်သီယာမောင်က မဇ္ဈိမကို ပြောသည်။

ဆေးခန်းကို အမေရိကန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ကနေဒါ၊ ဗြိတိန်၊ အီတလီ စသည့် ၁၀ နိုင်ငံကျော်က နိုင်ငံတကာ လူသားချင်းစာနာသည့် အဖွဲ့အစည်းများက ပံ့ပိုးကူညီနေခြင်း ဖြစ်သည်။

မယ်တော်ဆေးခန်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား အများစုနှင့် စစ်ပြေးဒုက္ခသည်များ၊ မြ၀တီမြို့နှင့် အနီးတ၀ိုက်မှ ဆင်းရဲချို့တဲ့သူများ ဆေးကုသလျက်ရှိရာ အများအားဖြင့် ငှက်ဖျား၊ ၀မ်းလျှောဝမ်းပျက်နှင့် HIV/AIDS ဝေဒနာရှင်များဖြစ်ကြောင်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။

၁၉၈၈ ခုနှစ် လူထုအရေးပုံကာလတွင် ဘွဲ့ရခါစ ဒေါက်တာစင်သီယာမောင်သည် ကရင်ပြည်နယ် အိန္ဒူကျေးရွာရှိ သူ၏ ကိုယ်ပိုင်ဆေးခန်းမှ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာပြီး ဟွေးကလုတ် ဒုက္ခသည်စခန်း၌ စတင်နေထိုင်ခဲ့သည်။

ထို့နောက် နိုင်ငံခြားမှ ကယ်ဆယ်ရေး လုပ်သားများနှင့် ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များ ပံ့ပိုးမှုဖြင့် သူသည် ၁၉၈၉ ခုနှစ်တွင် ဒုက္ခသည်စခန်းမှ မကျန်းမာသူများ၊ ဒဏ်ရာရရှိသူများကို ပြုစုစောင့်ရှောက်ခဲ့ရာမှ မယ်တော်ဆေးခန်း ဖြစ်ပေါ်လာခဲ့သည်။

တနေ့တခြား လူနာများ များပြားလာရာ ယခုအခါ နေ့စဉ် လူနာ ၃၀၀ မှ ၅၀၀ ခန့်အထိရှိပြီး၊ အကြီးစား ကုသရမည့် သူများကို မဲဆောက်ဆေးရုံ၌ ကုသနိုင်ရန် ငွေကြေးအချို့ ပံ့ပိုးမှုနှင့် လိုအပ်သော အကူအညီများ ပေးသည်။ ထို့အပြင် ၀န်ထမ်း ၇၀၀ ခန့် လုပ်ကိုင်လျက်ရှိကာ၊ ရက်ရှည်ကုသရမည့် လူနာများအတွက်ပါ နေထိုင်ရန် အဆောင်များ ဆောက်လုပ်ထားသည်။

ဆေးခန်းကပင် ကျန်းမာရေးသင်တန်း၊ လူမှုရေး စောင့်ရှောက်မှုလုပ်ငန်း၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးနှင့် ပညာရေးလုပ်ငန်း များကိုပါ ဆောင်ရွက်နေသည်။

သူသည် ၂၀၀၇ ခုနှစ်တွင် ထိုင်ဝမ် ဒီမိုကရေစီ ဖောင်ဒေးရှင်းက ချီးမြှင့်သော အရှဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆု၊ ၂၀၀၅ ခုနှစ်တွင် Time မဂ္ဂဇင်းကြီး၏ အာရှသူရဲကောင်း နှင့် ၂၀၀၂ ခုနှစ်တွင် ဖလစ်ပိုင်နိုင်ငံက မက်ဆေးဆေးဆု အပါအ၀င် နိုင်ငံတကာ ဆုပေါင်း ၁၃ ဆု ရရှိထားသည်။ ၂၀၀၈ ခုနှစ် သြဂုတ်လထဲတွင် အမေရိကန် သမ္မတကတော်ဟောင်း လော်ရာဘုရှ်လည်း သူ့ထံ လာရောက် လည်ပတ်ခဲ့သေးသည်။

နယူးဒေလီ (မဇ္ဈိမ)

source by : http://mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

အိန္ဒိယ လူမှုအဖွဲ့အစည်းက ဒေါ်စုကို ဒီမိုကရေစီ ဧကရီဆု ချီးမြှင့်

နေအိမ်အကျယ်ချုပ်ကနေ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ လူမှုအဖွဲ့အစည်း တခုကနေ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဧကရီဆုကို ချီးမြှင့် ပေးအပ်ခဲ့ပြီး ဒီဆုပေးပွဲ အခမ်းအနားကို ဒီနေ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကိုလည်း အိန္ဒိယအစိုးရ အနေနဲ့ ထောက်ခံ အားပေးဖို့ အဲဒီအဖွဲ့က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အိန္ဒိယအစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ကျောထောက်နောက်ခံပေးဖို့ အိန္ဒိယနိုင်ငံတွင်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားတဲ့ လူမှုအဖွဲ့အစည်း တခုက ဒီကနေ့ တောင်းဆိုပါတယ်။ ဒီအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ အိန္ဒိယ အမျိုးသား တီဂျီ ဆင်းက အခုလို ပြောပါတယ်။

“ကျနော်တို့အဖွဲ့ကနေပြီးတော့ အိန္ဒိယ အစိုးရကို စစ်အစိုးရနဲ့ ဆက်ဆံမှုကို ချက်ချင်း ရပ်ဆိုင်းပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ အကြီးအကဲ တဦးလိုပဲ အသိအမှတ်ပြုပြီး သူ့ဘက်ကနေ ရပ်တည်ပါ၊ သူ့အပေါ်မှာ နောက်ထပ် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အချုပ်အချယ် ပြုခြင်းကနေ အမြဲတမ်း ဆန့်ကျင်ပါ၊ အဲဒီလို မလုပ်ဘူးဆိုရင် အစိုးရကို ဖြုတ်ချတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကျနော်တို့ ကြေညာလိုက်ပါတယ်။”

အိန္ဒိယနိုင်ငံ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး လူမှုရေး အဖွဲ့က နေပြီးတော့ ဒီကနေ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယပြည်သူတွေ ကိုယ်စား Queen of Myanmar Democracy And Human Rights Awards ဆုကို ပေးအပ်ပါတယ်။ ဒီဆုကို လက်ခံရယူခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အိန္ဒိယ အခြေစိုက် ၀န်ကြီးတဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဧကရီဆုအကြောင်း အခုလို ပြောပါတယ်။

“ဆုရွေးချယ်ရေး အဖွဲ့ထဲက အတွင်းရေးမှူး မစ္စတာ တီဂျီဆင်းက ဟိန္ဒူလိုရော၊ ဗမာလိုရော ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ Queen၊ Queen ဆိုတော့ သူက ဗမာစကားလည်း တတ်တယ်ဆိုတော့ ဧကရီဆိုတဲ့ အဓိပ္ပာယ်ကို သုံးပါတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ ဧကရီဘွဲ့ ပေးတယ်။ နောက်တခါ ဒီအဖွဲ့အစည်းကပေးတဲ့ ဆုရဲ့ ထုံးစံကတော့ ဗမာလိုပြောရင် သန်လျက်လို့ ခေါ်တယ်၊ သန်လျက်ကို ပေးပါတယ်။

“သို့သော်လည်း အသုံးအနှုန်းကတော့ Queen လို့ပဲ သုံးပြီးတော့ ဆုကတော့ ဆုလက်မှတ်နဲ့ သန်လျက်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ Queen ကို၊ အုပ်ချုပ်တဲ့ လူတယောက်ကို မင်းမြှောက်တန်ဆာထဲမှာ ပါတဲ့ အရာတခုကို ပေးတဲ့သဘော၊ Symbolic ပေါ့၊ ဒီသဘော သက်ရောက်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီအရေး စွန့်လွှတ် အနစ်နာခံ ကြိုးပမ်းမှုတွေကို အိန္ဒိယ ပြည်သူလူထုက ဆက်ပြီး ထောက်ခံအားပေးတဲ့ အနေနဲ့ ဒီဆုကို ရွေးချယ်ပေးအပ်တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က အတွင်းရေးမှူး တီဂျီ ဆင်း ရှင်းပြတာကတော့…

“ဖခင်လိုပဲ သစ္စာရှိရှိ တိုက်ပွဲဝင်ရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အဖွဲ့က ဆုပေးသင့်တယ်လို့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်က ပထမ ဆုံးဖြတ်ချက်ပါ။ ဒုတိယ ဆုံးဖြတ်ချက်ကတော့ ၁၉၉၀ မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီက အနိုင်ရထားတယ်။ စစ်အစိုးရက ကလိန်ကျပြီးတော့ အစိုးရဖွဲ့ခွင့် မပေးခဲ့ဘူး။

“အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ လိုသလို ဆွဲပြီးတော့ တိုင်းပြည်ကိုရော၊ ကမ္ဘာကိုရော လိမ်ညာနေတယ်လို့ ကျနော်တို့က မြင်တဲ့အတွက် အဲဒီတိုက်ပွဲကို ဆက် ဦးဆောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို Queen of Myanmar Democracy and Human Rights လို့ ပေးခြင်းအားဖြင့် မြန်မာပြည်သူတွေ အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော အိန္ဒိယ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်ပြုတယ်၊ စစ်အစိုးရကို ပြည်သူတွေက အသိအမှတ် မပြုဘူး။”

အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် မားမားမတ်မတ် ရပ်တည်ပြီး မဟတ္တမ ဂန္ဒီနဲ့ အိန္ဒိယရဲ့ ပထမဆုံး ၀န်ကြီးချုပ် နေရူး တို့ရဲ့ အစဉ်အလာကို ထိန်းသိမ်းပါလို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်ကပဲ တိုက်တွန်းထားပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ရန်ကုန် လှိုင်သာယာမြို့နယ်အတွင်းရှိတဲ့ မာဆတ် အနှိပ်ခန်းတွေထံကနေ နအဖလက်ပါးစေ စရဖတွေ၊ ရဲမှူး ရဲအုပ် ဌာနမှူး တွေဟာ လိုင်းကြေးရယူကာ လာဘ်စားနေကြ

ရန်ကုန် လှိုင်သာယာမြို့နယ်အတွင်းရှိတဲ့ မာဆတ် အနှိပ်ခန်းတွေထံကနေ နအဖလက်ပါးစေ စရဖတွေ၊ ရဲမှူး ရဲအုပ် ဌာနမှူးတွေဟာ လိုင်းကြေးရယူကာ လာဘ်စား အကျင့်ပျက်နေကြကြောင်း မြို့နယ်အတွင်းနေ ပြည်သူများမှ သတင်းပေးပို့ လာပါတယ်။

အောက်ဖေါ်ပြပါ စာရင်းထဲပါ နအဖ စရဖ ရဲတွေဟာ အနှိပ်ခန်းတွေဆီက လိုင်းကြေးတွေ ပုံမှန်တောင်းတဲ့အပြင် ၄င်းတို့ သွားရောက် စားသောက်နေသော စားသောက်ဆိုင်များသို့ စားသောက်ထားသမျှ လာရောက်ပေးဆောင်ခိုင်းခြင်း၊ ဇိမ်မယ်များကို ၄င်းတို့ နှစ်သက်သည့် တည်ခိုးခန်းများသို့ ပို့ဆောင်ပေးရခြင်း၊ ၄င်းတို့ နှစ်သက်သမျှ အရက်၊ ဆေးလိပ်၊ အခြားစားသောက် ဖွယ်ရာများကိုပါ ၀ယ်ခြမ်းပေးရခြင်း(သို့) ရှင်းလင်း ပေးဆောင်ပေးရခြင်း အစရှိတဲ့ အကျင့်ပျက်မှုများကိုပါ အလွန်အကျူး ပြုမူနေကြကြောင်း သိရှိရပါတယ်။

ပေးဆောင်နေရသော အနှိပ်ခန်းလိုင်းကြေးများနှင့် လာဘ်စားနေသူများ စာရင်းကတော့ -

ရန်ကုန်တိုင်းဒန။

ဌာနမှူး မြင့်သောင်း (၂၀၀၀၀ိ)
ရဲအုပ် အောင်မြတ်စိုး (၂၀၀၀၀ိ)
ဒုရဲအုပ် ရဲသူ (၂၀၀၀၀ိ)

ရန်ကုန်တိုင်း ထလနနိုင်။

ဌာနမှူး ရဲမှူးစိုးညွန့် (၂၀၀၀၀ိ)
ဒုရဲအုပ် တေဇာမိုး (၂၀၀၀၀ိ)
အရာခံ သန်းဇော်မြင့် (၂၀၀၀၀ိ)
တကက သိန်းမောင်ကြီး (၂၀၀၀၀ိ)

ရန်ကုန်တိုင်း စစရ။

ဌာနမှူးရဲမှူး ဘုန်းမင်းစိုး (၂၀၀၀၀ိ)
ဒုရဲအုပ် မြင့်အောင် (၂၀၀၀၀ိ)
တကက စိန်မြင့် (၂၀၀၀၀ိ)

မြောက်ပိုင်းခရိုင်ဦးစီး ၁။

ရဲအုပ် သူရဇော် (၂၀၀၀၀ိ)
ဒုရဲအုပ်ဇော်ဖုန်းဝင်း (၂၀၀၀၀ိ)

ဗမြောက်ပိုင်းခရိုင် မူးယစ်။

ဒုရဲအုပ်လှကျော်ဦး (၂၀၀၀၀ိ)

ဗမြောက်ပိုင်းခရိုင်ဦးစီး ၁။

ဒုရဲအုပ်သန်းစိုး (၂၀၀၀၀ိ)
ဒုရဲအုပ်ထွန်းနိုင် (၂၀၀၀၀ိ)

အကြမ်းဖက်။

ဒုရဲအုပ်အောင်ရဲမင်း (၂၀၀၀၀ိ)

မြောက်ပိုင်းခရိုင် ဒန။

ရဲအုပ် ဗျက်ဆန်း (၂၀၀၀၀ိ)
ရဲအုပ် ဇော်မင်းဦး (၂၀၀၀၀ိ)
တကက အောင်သိန်းနိုင် (၁၅၀၀၀ိ)
တကက ကျော်မြသိန်း (၁၅၀၀၀ိ)

မြောက်ပိုင်းခရိုင် မူးယစ်။

တကက လွင်မော် (၁၅၀၀၀ိ)

မြောက်ပိုင်းခရိုင် ဦးစီး ၁။

ဒုရဲအုပ် အောင်ကျော် (၂၀၀၀၀ိ)
မြို့နယ်မှူး ရဲအုပ်ခင်မောင်စိန် (၅၀၀၀၀ိ)
စခန်းမှူး ရဲအုပ်လှအောင် (၃၀၀၀၀ိ)
စခန်းမှူး(အောက်) ရဲအုပ်ကျော်ဇေယျ (၅၀၀၀၀ိ)
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စော်နိုင်ဦး (၂၀၀၀၀ိ)
နယ်ထိန်းခေါင်းဆောင်(အောက်) ဒုရဲအုပ်ချစ်တင် (၂၀၀၀၀ိ)
နယ်ထိန်း သက်ဆိုင်ရာ (၂၀၀၀၀ိ)

မြို့နယ်တာဝန်မှူး အဖွဲ့ ။

ဒုရဲအုပ် ၀ဏ္ဏဆွေ (၁၅၀၀၀ိ)
ဒုရဲအုပ် အောင်ဆန်းထွန်း (၁၅၀၀၀ိ)
တွဲဖက်နယ်ထိန်း သက်ဆိုင်ရာ (၂၀၀၀၀ိ)
ရဲအုပ်မြင့်ဦး (၂၀၀၀၀ိ)
ဒုရဲအုပ် ခင်မောင်ညွန့် (၁၅၀၀၀ိ)
ဒုရဲအုပ်သန်းဇာ် (၁၅၀၀၀ိ)
မယက ဦးကျော်နိုင် (၃၀၀၀၀ိ)
စစစ ဒုရဲအုပ်အောင်စိုးမင်း (၂၀၀၀၀ိ)
ရယက ဥက္ကဌ သက်ဆိုင်ရာ (၃၀၀၀၀ိ)
ခလရ ၅၃၂ တပ်ရင်းစရဖ (၂၀၀၀၀ိ)
စရဖ (တောင်ဒဂုံ) အငယ်လေးကောက်ခံ (အင်ဖော်မာ) (၂၀၀၀၀ိ)
စရဖ (အကူ ၁ ) (၁၀၀၀၀ိ)
စရဖ (အကူ ၂) (၂၀၀၀၀ိ)

အဆိုပါ လှိုင်သာယာမြို့နယ်အတွင်းရှိ နအဖ၊ စရဖ ရဲများ နည်းတူ အခြားသော နေရာ ဒေသများတွင်လည်း နအဖ၊ စရဖ ရဲများဟာ ယခုလို လဘ်စားမှုများ အနိုင်ကျင့်မှုများ အကျင့်ပျက်မှုများ မြောက်မြားစွာ ရှိနေပါတယ်။

အောက်ဖေါ်ပြပါ ပုံကတော့ ရန်ကုန်တိုင်း အလုံမြို့နယ်က အကျင့်ပျက် ရဲဝန်ထမ်း နယ်ထိန်း အရာရှိ ဒုရဲအုပ် ဌေးအောင် ရဲ့ လွန်ခဲ့တဲ့ မေလအတွင်းက အနှိပ်ခန်း ကာရာအိုကေ အခန်းအတွင်းမှာ သောင်းကျန်း နေတဲ့ပုံ ဖြစ်ပါတယ်။



source by : http://www.niknayman-niknayman.co.cc

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 5, 2010

ဦးအောင်သောင်း ၏ အာဏာသိမ်းရန် ကြံစည်မှု (အပိုင်း ၁)

တပ်မတော် အရာရှိဟောင်း ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ဖြုတ်ချပြီး အာဏာသိမ်းရန် အကြံအစည်ကို စတင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမည်ကို စတင် သိရှိကတည်းက ဖြစ်သည်။

စက်တာဘာလ နှောင်းပိုင်းမှာ ၀န်ကြီး ဦးအောင်သောင်း ဟာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိမ်ကို အ၀င်အထွက်ရှိ ပေမယ့် သူကိုယ်တိုင် အာဏာသိမ်းဖို့ မဖြစ် နိုင်တာကြောင့် (သူ၏ ပီအေ ဗိုလ်ကြီးကိုကိုနိုင် အကြံပေး ခြင်း ဖြစ်သည်။) သူအကြံအစည် အတွက် ဦးဆောင် ဦးရွက် ပြုနိုင်မည့် သူများကိုချဉ်း ကပ်ခဲ့ရာမှာ နောက်ဆုံးတွင် နေ့စဉ် ယမကာ မှီဝဲသော သူနှင့် ခမည်းခမက် တော်စပ်သည့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး အား မချဉ်းကပ်ခင်မှာ ဗိုလ်ချုပ်မှုးကြီး မောင်အေး ရဲ့ ညီမ ၊ ဇနီး နဲ့ သူမ ချွေးမ ဖြစ်သူတို့ကို အရင် ချဉ်းကပ်ကာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အသက်လည်းကြီးပြီ၊ အုပ်ချုပ်ရေးပိုင်းလည်း မနိုင်နင်းတော့၍ သူ့ကို အမြန် မဖယ်ရှားလျှင် အားလုံး ဒုက္ခရောက်ကြမည့် အကြောင်းများ ပြောကာ ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အတွင်းစည်းကို ကနဦး စည်းရုံးမှု ပြုခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည် လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ချ အပြီးတွင် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက်တော်သူ ဒုဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့မှာ သွားပြီး ဒေါ်စု လွတ်လာရင် "ကျွန်တော်တို့ လဲ သေဖို့ပဲ ရှိတော့တဲ့အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်က ဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်။) အာဏာသိမ်းတာ ကို ငွေအား လူအား နဲ့ ပုံအော ထောက်ခံမယ် ဆိုတဲ့အကြောင်း " ....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကို သဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမ နဲ့ ဆွေးနွေးပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွားတာ ပိုကောင်းတယ်လို့ မထင်ဘူး ဟု ပြောကာ နားချခဲ့ရသည်။ "၀န်ကြီး ဦးအောင်သောင်းက အခုလို အာဏာသိမ်းဖို့ အတွက် ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ချဉ်းကပ်လာခြင်းဟာ အရပ်ဝတ် ဖြစ်နေတဲ့ သူကိုယ်တိုင် ဘယ်လိုမှ အာဏာသိမ်းဖို့ အထမမြောက် နိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ဦးအောင်သောင်း အနေနဲ့ အာဏာသိမ်းချင်တဲ့ စိတ်တွေ ပေါ်ပေါက်လာတာဟာ သူ့သားဖြစ်သူရဲ့ Air InnLay လေကြောင်းလိုင်း ကို မြန်မာ နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းကြီး အဖြစ် အသက်သွင်းဖို့နဲ့ ရတနာနဲ့ ရဲတံခွန် ရေနံ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတွေ ကို လက်ဝါးကြီး အုပ်ထားနိုင်ဖို့ ၊ ရခိုင်-တရုတ်ရေနံ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်ယူ သွယ်တန်း နိုင်ဖို့နဲ့ သူပြုခဲ့တဲ့ မကောင်းမှုတွေ သံသရာ တစ်ပတ် ပြန်လည်လာ မှာကြောင့် ဖြစ်နိုင်တယ်လို့ သူနဲ့ မကွေးမြို့မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဗိုလ်မှုးကြီးဟောင်း တစ်ဦး က ထင်မြင်ချက် ပေးသည်။

ဝန်ကြီး ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင် ကိုလည်း လုပ်ကြံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေရွှေသွေးအောင် လုပ်ကြံခံရပါက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က အတိုက်အခံများကို ပိုမို နှိပ်ကွပ်လာ နိုင်မည်ဟု တွက် ဆထားသော်လည်း ကြံ့ဖွံ့ ပါတီ ဌာန ချုပ်မှ သူ့ရဲ့ လူယုံ စစ်တပ် အရာရှိ တစ်ဦးက “သူ့ မြေး အား လုပ်ကြံလျှင် ဗိုလ်ချုပ်မှုးကြီးက ရန်ကုန် မှာ ဗုံးတွေ ကွဲသလို ဟို လူ လက်ညှိုးထိုး၊ ဒီလူ စွပ်ဆွဲ လုပ်မှာ မဟုတ်ကြောင်း၊ သေချာအောင် လိုက်လံစုံစမ်းပြီး အရေးယူလျှင် အားလုံးပြေးစရာ မြေမရှိ ဖြစ်နိုင်ကြောင်း” အကြံပေးသောကြောင့် လက်လျှော့ လိုက်ရပြန်သည်။

သို့သော်လည်း နေရွှေသွေးအောင် လုပ်ကြံရေးအတွက် စိတ်မကုန်သော ဦးအောင်သောင်းက စက်မှု (၁)မှ အမရာဘဏ် (သူက ပြောင်းလဲ တာဝန်ထမ်းဆောင်စေခြင်း ဖြစ်သည်။) သို့ပြောင်းသွားသည့် အရာရှိ ငယ်တစ်ဦးအား ဗိုလ်ချုပ်မှုးကြီး မြေး သွားတတ်သည့် နေရာများအားလိုက်လံ စုံစမ်းရန်နှင့် လိုအပ်လျှင် ရင်းနှီးမှု ရရှိရန်ပင် ဆောင်ရွက်ရန် ပါရာဒို ၉၅ ခုနှစ် ထုတ် အစိမ်းရောင် ကားတစ်စီး နှင့် ငွေစိတ်တိုင်းကျ သုံးနိုင်ရန် စီစဉ်ပေးခဲ့သည်။

၂၀၁၀ ခုနှစ် ဇူလိုင်လ ကတည်းက ကြံ့ဖွံ ပါတီ ရန်ကုန်တိုင်း ဌာနချုပ် ရုံးတွင် နိုင်ငံရေး တတိယအင်အားစုများကို တွေ့ဆုံရာဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရုတ်တရက် ရာထူးမှ ဖယ်ရှားခံ ရပါက ခင်ဗျားတို့ ဘာလုပ်မလဲလို့ တီးခေါက်ခဲ့သည်။

ရံဖန် ရံခါ တွင်တော့ သူက လက်အောက်ငယ်သားများ နှင့် အခြား နအဖ အရာရှိ များနှင့် တွေ့ဆုံချိန် တွင် ကျွန်တော်နဲ့ ဗိုလ်ချုပ်မှုးကြီးက လက်မောင်းသွေးဖောက်ပြီး သစ္စာပြုထားကြတဲ့ သူတွေဗျ၊ တစ်ယောက်ရဲ့ဘ၀ ကို တစ်ယောက် က ကာကွယ်စောင့်ရှောက်ဖို့ လက်မနှေးဘူး ဟု လည်း ကြွားဝါ ပြောဆိုတတ်သည်။

ဦးအောင်သောင်း ၏ အဏာသိမ်းရန် ကြံစည်မှု အပိုင်း ၂ ကို မနက်ဖြန် စောင့်မျှော်ဖတ်ရှုပါ။

source by : http://www.myanmarwikileaks.org

အပြည့်အစုံ ဖတ်ရန် ...

အင်တာနက် နည်းပညာ အတွက် စစ်အစိုးရ တရုတ် ထံ အရေးပေါ် အကူအညီတောင်းခံ

ရန်ကုန် တွင် မြင်ရသည့် တရုတ် ဂူးဂယ် မြင်ကွင်း

မြန်မာ စစ်အစိုးရ သည် လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အင်တာနက်လှိုင်းသစ် လှုပ်ရှားမှုများ ဖြစ်သော အစိုးရ ထိမ်ချန် ထားမှုများ ဖွင့်ချ ဖော်ထုတ် နေမှုကြောင့် အင်တာနက်သတင်း စီစစ်မှုတွင် ပြိုင်ဘက်ကင်း နိုင်ငံတစ်ခု ဖြစ်သည့် တရုတ် နိုင်ငံမှ နည်းပညာ အရေးအပေါ် အကူအညီ ( Emergency Technology Aid) ကို ယူနေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၄ ရက်နေ့မှ စ၍ အင်တာနက် သုံးစွဲသူ လူငယ် အချို့သည် ဂူးဂယ် ရှာဖွေရေး အင်ဂျင်၏ အင်တာနက် စာမျက်နှာကို ဖွင့်လိုက်ပါက ယခင်လို www.google.com မပေါ်တော့ဘဲ www.google.cn ဆိုသည် တရုတ် အစိုးရ ၏ စီစစ်ဖြတ်တောက်မှုများ အောက်မှာ သတင်းများ သာပါသည့် ဂူဂယ်၏ တရုတ် ပြည်တွင်းဆိုင်ရာ အင်တာနက် စာမျက်နှာသာ ပေါ်လာတော့သည် ။

ထိုသို့ google.cn အင်တာနက် စာမျက်နှာသာ ပေါ်ပေါက်လာရခြင်း နှင့် ပတ်သက်၍ ရန်ကုန်မြို့မှ နာမည်ကျော် Web Designer တစ်ဦး က မြန်မာ အိုင်အက်(စ)ပီ ကို တရုတ် က ထိန်းချုပ်လိုက်တာ လို့ သတင်းရတယ်။ တရုတ်က အင်တာနက် သတင်း စီစစ်ရေးကို ၀န်ကြီးဌာန တစ်ခုဖွဲ့ ပြီးတောင် ထိန်းချုပ်ထားတာ တရုတ် မှာ ဗဟို စစ်ကော်မရှင် ပြီးရင် ၊ အင်တာနက် စီစစ်ရေးကော်မရှင် ပဲ၊ အခု တရုတ် ဆင်ဆာ နဲ့ ဆိုတော့ အရင်လို မြန်မာ စာရိုက်ထည့်ပြီး မြန်မာသတင်းတွေ ထည့်ရိုက် လိုက်တဲ့အခါ မပေါ်တော့ဘူး ။ အခု ဆို Freedom News လည်းရှာလို့ ရတယ်။ ဖွင့်လို့ မရတော့ဘူး ဟု ပြောသည်။ မြန်မာတွေ ကွန်ပျူတာ သုံးတာကို တရုတ် က အလိုလို သိနေမှာ ဟု Freedom News Group သို့ ပြောသည်။

ဒီဇင်ဘာ လ ၅ ရက်နေ့ နံနက် ပိုင်းတွင် ဗိုလ်ချုပ် ခင်ညွန့် အသံဖိုင် စဆုံးရပြီ ဆိုသည့် အီးမေးများဖြင့် ပါလာ သော Zip ဖိုင်များကို ဖွင့်လိုက်ရာတွင် ကွန်ပျူတာ လုပ်ဆောင်မှု စနစ်ကို ဖျက်ဆီးသည့် နည်း ပညာ ပိုးမွှားများ နှင့် တရုတ် Pornography ဗီဒီယိုများ လည်း သိုလှောင်မှု မှတ်ဥာဏ် အပြည့် ကျလာသည်ကို တွေ့ ရှိရသည် ဟု သိရသည်။

ရန်ကုန်မြို့ထဲ ရှိ အင်တာနက် ဆိုင် ပိုင်ရှင် တစ်ဦးက မူ မြန်မာနိုင်ငံ ရဲ့ အင်တာနက် စနစ် ကိုတခြား နိုင်ငံ တစ်ခု က ထိန်းချုပ် ထားတယ်ဆိုတာ ပြည်သူတွေ အတွက် မကောင်း ဘူးဟု သူမ၏ အမြင် ကို ပြောသည်။

ရန်ကုန် နှင့် မန္တလေးမြို့နေရာ အချို့တွင် www.google.cn သာပေါ်သော်လည်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် တွင် မူ www.google.com ပေါ်ကြောင်း နေပြည်တော် ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာန မှ ၀န်ထမ်းတစ် ဦး က FNG သို့ ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အင်တာနက် ကွန်ယက် ခွင်ကို အသုံးပြု၍ လူငယ်များ နှင့် ထိတွေ့ ဆက်ဆံ ချင်သည် ဟု ပြောဆို ထားသည်။

မြန်မာနိုင် ငံတွင် ပြည်သူများ က အင်တာနက် ကို အခြား ဖွံ့ဖြိုးပြီး နိုင်ငံများထက် ဆယ်စုနှစ် တစ်ဝက်ကျော် နောက်ကျပြီး မှ သုံးစွဲရသည်။

နအဖ စစ်အစိုးရ သည် အင်တာနက် ဆင်ဆာ ဖြတ်တောက်မှု အတွက် တရုတ် နည်းပညာကို မှီခိုကာ ကြား လော်ဘီ များ ၏ စွမ်းဆောင်မှု ဖြင့် အမေရိကန် နိုင်ငံထုတ် ဆင်ဆာဖြတ်တောက်မှု နည်းပညာ ဆော့ဖ်ဝဲလ် များကို လည်း ဒေါ်လာ သိန်းချီ အကုန် ခံ၍ ၀ယ်ယူသည်။

ဂူးဂယ်လဲ နှင့် တရုတ် သည် ယခုနှစ် ဖေဖေါ်ဝါရီလ က ကျလိကျလိ ဖြစ်ကြပြီးနောက်အပေး အယူ တစ်ခု (Deal) ဖြင့် ပြန်လည် ညှို နှိုင်း အဆင်ပြေခဲ့သည်။

လတ်တလောတွင် မြန်မာတို့ အသုံးများသည့် လူမှု ကွန်ယက်များတွင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် ခင်ညွန့် ၏ ဗီဒီယို ဖိုင်များ အပြင်၊ ဒု ဗိုလ်ချုပ် မှုးကြီး မောင်အေး ၏ မိမိ ကိုယ်ကို သတ်သေသွား သည့် ကိုယ်ရေး အရာရှိဟောင်း တစ်ဦး ဖြစ်သည့် ဗိုလ်မှုးကြီး ဘိုနေ၀င်း ၏ ဇနီး ဖြစ်သူ က ထောက်လှမ်း အရာရှိဟောင်းတစ်ဦး (ယခု ကာကွယ်ရေး ၀န်ကြီးဌာန မှ) ၏ ဧည့်ခံပွဲတွင် ထင်တိုင်းကြဲ နေသည့် လေးမိနစ်စာ ဗီဒီယိုသည်လည်း အင်တာနက်တွင် ပြန့်နေသည်ဟု သိရသည်။

ဟိန်းခိုင်ထွန်း

source by : http://freedomnewsgroup.com

အပြည့်အစုံ ဖတ်ရန် ...

မြဝတီအခြေစိုက် နယ်ခြားစောင့် တပ်သား ၁၇ ဦး ထွက်ပြေး

မြဝတီအခြေစိုက်နယ်ခြားစောင့်တပ်ရင်း အမှတ် ၂ဝ၂၂ က ကရင်တပ်သား ၁၇ ဦးဟာ နယ်ခြားစောင့်တပ် မလုပ်လိုတော့တာမို့ ကေအန်ယူထံ ပြန်လည် ပူးပေါင်းလာပါတယ်။

ထွက်ပြေးလာသူ ခေါင်းဆောင် ဗိုလ်တာဝါးခို့က “နယ်ခြားစောင့်တပ် အနေနဲ့ ကရင်အချင်းချင်း ပြန်တိုက် ခိုင်းတာ ခံနေရတယ်၊ ဒီကေဘီအေ ကနေ ကေအန်ယူ တွေကို ပြန်တိုက်ခိုင်းနေလို့ မတိုက်ချင်လို့ ထွက်ပြေးလာတာ”လို့ ဆိုပါတယ်။

အခုအခါ နယ်ခြားစောင့်တပ် တဖြစ်လဲ ဗိုလ်တာဝါးခိုတို့ ၁၇ ဦးဟာ နအဖ ကို စစ်ရေးအရ ပြန်လည် တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ကြိုဆို လက်ခံထားတဲ့ ကရင်တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဖောဒို ကတော့ “အားလုံးကတော့ မိခင် အဖွဲ့အစည်းကြီးဆိုတော့ လာသမျှ ကိုယ့်ကလေး တွေကတော့ အကုန်လုံး လက်ခံရမှာပေါ့ဗျာ”လို့ ပြောပါတယ်။

အလားတူ နယ်ခြားစောင့်တပ် မလုပ်ချင်တဲ့ ကရင်တပ်သားတွေလည်း မြဝတီမြို့မှာ အများအပြား ရှိနေ သေးတယ်လို့ ဗိုလ်တာဝါးခို့ က ပြောဆို သွားပါသေးတယ်။

မောင်တူး

source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန် ကြံစည်မှု


ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည် လွှတ်ပေးဖို့ ဆုံးဖြတ်အပြီး မှာ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက်တော်သူ ဒုဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့ မှာ သွားပြီး ဒေါ်စု လွတ်လာရင် "ကျွန်တော်တို့ လဲ သေဖို့ ပဲ ရှိတော့ တဲ့ အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်က ဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်။) အာဏာသိမ်းတာကို ငွေအား လူအား နဲ့ ပုံအော ထောက်ခံမယ် ဆိုတဲ့အကြောင်း "

....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကို သဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမနဲ့ ဆွေးနွေးပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွားတာ ပိုကောင်းတယ်လို့ မထင်ဘူး ဟု ပြောကာ နားချခဲ့ရသည်။ "

ဒေါ်ခင်ခင်ရီ ကလည်း ယူနိုက်တက် အမရာဘဏ် ဖွင့်ပွဲအတွက် ဒေါ်ကြိုင်ကြိုင် အား ဖိတ်စာ သွားပေးရာ "ဒီသဂျိုင်း ကုန်းမကြီး ဖိတ်လည်း အလကားပဲ သေမှ ကြောက်လို့ လာမှာ မဟုတ်ဘူး" ဆိုတာကို နေပြည်တော် တိုင်းမှုးဟောင်း ဗိုလ်မှုးချုပ် ဝေလွင် ဇနီးမောင်နှံ ရှေ့မှာ ပင် ပြောခဲ့သည်။

နအဖ စစ်အုပ်စု အတွင်း ပဉ္စမ မြောက် ဓန ဥစ္စာ စုဆောင်းထားရှိမှု အရှိ ဆုံး ဟု ယူဆရ သည့် ကုန်သွယ်ရေး (၁) ညွှန်မှုး ဘ၀ မှ စက်မှု ၁ ၀န်ကြီး နှင့် ကြံ့ဖွတ် အတွင်းရေးမှုး ဖြစ်လာသည့် ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန် ကြံ့စည်မှု ကို မနက်ဖြန် မှစ၍ အခန်းဆက် နေ့စွဲ အလိုက် ဖော်ပြပါမည်။

ရွေးကောက်ပွဲ မတိုင်ခင် နေ့ရက်များနှင့် ဒေါ်စု မလွတ်မြောက်သေးခင် အတွင်း နေပြည်တော် အသံတိတ်ဆိတ်မှု နှင့် ပတ်သက်၍ သတင်း ထွက်ပေါ်မှု အချို့ကို ဧရာဝတီ သတင်းဌာန နှင့် Freedom News Group သတင်းဌာန ၏ ထိုအချိန်က ဖော်ပြခဲ့သည့် သတင်းများတွင် ကြည့်ရှု နိုင်သည်။

source by : http://www.myanmarwikileaks.org

အပြည့်အစုံ ဖတ်ရန် ...

သူခိုးဓားပြထက် ဆိုးတဲ့ ပါတီက “ကျေးဇူးတင်လွှာ” တဲ့ ဗျား

စာပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
0 Comments - 05 Dec 2010
လွတ်လပ်တဲ့အာရှအသံက စီစဉ်တင်ဆက်သောအပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၃ရက်၊ ၂၀၁၀)(မိုးမခ)ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကောင်းမှသာလျှင် အားလုံးက နေပြီးတော့ ကွန်ယက်ကြီး သဖွယ် ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်သွား နိုင်မယ်လို့ ယုံကြည်တာကြောင့် မို့လို့၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းအောင်လို့ တတ်နိုင်သမျှ လူငယ်များက ကူညီပေးပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။မေးခွန်းမေးသူ။ ။ ဦးပညာဇောတ (သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံဆရာတော်)Q: ဒီနေ့၊ ဒီအခ...

More Link
ကြံ့ဖွံ့ ပါတီအနေနဲ့ တကယ်ကျေးဇူးတင်ရမှာက ပြည်သူ မဟုတ်တာ သိပ်သေချာပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD အနိုင်ရတော့ ပြည်သူတွေ အုံးအုံးကြွက်ကြွက်နဲ့ ပျော်မြူးခဲ့ကြပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ နိုင်တော့ တနိုင်ငံလုံး တစပြင်ကဲ့သို့ ခြောက်ကပ်ကပ်နဲ့ ။

လူထုရဲ့ ကျေနပ်မှုများ ပျောက်ရှနေတာ ကြာပါပြီ။


အောင်မျိုးထွန်း

source by : http://www.dawnmanhon.com

အပြည့်အစုံ ဖတ်ရန် ...