Monday, December 6, 2010

ဒေါက်တာစင်သီယာမောင် မွေးနေ့ပွဲ ကျင်းပ

ထိုင်း-မြန်မာ နယ်စပ်နေ ဆင်းရဲ ချို့တဲ့သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆက်လက် လုပ်ကိုင် သွားမည်ဟု ထိုင်းနိုင်ငံ တပ်ခ်ခရိုင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း တည်တောင်သူ ဒေါက်တာ စင်သီယာမောင်က ယနေ့ ကျရောက်သည့် ၅၁ နှစ်မြောက် သူ၏ မွေးနေ့တွင် ပြောဆိုသည်။

နှစ်နိုင်ငံနယ်စပ်နေ ဆေးဝါးကုသရန် မတတ်နိုင်သူများကို အခမဲ့ကုသပေးသည့် မယ်တော်ဆေးခန်း၌ ယနေ့နံနက်ပိုင်းတွင် မွေးနေ့ပွဲကျင်းပရာ လူနာများသာမက လူနာရှင်များ၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား နေသူများပါ တက်ရောက်ကြပြီး ဘောလုံးပွဲ၊ ရိုးရာအကများနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

“ဒီမှာရှိတဲ့ ကျန်းမာရေး၊ လူမှုရေး အဖွဲ့အစည်းတွေက စုစုစည်းစည်း လုပ်ကိုင်ပေးလို့ ယုံကြည်မှုတွေ ပိုရှိလာပါတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ စီးဆင်းမှုကလည်း ပိုပြီး ခိုင်မာလာတယ်။ လာမယ့် အနာဂတ် အတွက်လည်း ပိုပြီး အားကောင်းလာမယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါက်တာ စင်သီယာမောင်က မဇ္ဈိမကို ပြောသည်။

ဆေးခန်းကို အမေရိကန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ကနေဒါ၊ ဗြိတိန်၊ အီတလီ စသည့် ၁၀ နိုင်ငံကျော်က နိုင်ငံတကာ လူသားချင်းစာနာသည့် အဖွဲ့အစည်းများက ပံ့ပိုးကူညီနေခြင်း ဖြစ်သည်။

မယ်တော်ဆေးခန်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား အများစုနှင့် စစ်ပြေးဒုက္ခသည်များ၊ မြ၀တီမြို့နှင့် အနီးတ၀ိုက်မှ ဆင်းရဲချို့တဲ့သူများ ဆေးကုသလျက်ရှိရာ အများအားဖြင့် ငှက်ဖျား၊ ၀မ်းလျှောဝမ်းပျက်နှင့် HIV/AIDS ဝေဒနာရှင်များဖြစ်ကြောင်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။

၁၉၈၈ ခုနှစ် လူထုအရေးပုံကာလတွင် ဘွဲ့ရခါစ ဒေါက်တာစင်သီယာမောင်သည် ကရင်ပြည်နယ် အိန္ဒူကျေးရွာရှိ သူ၏ ကိုယ်ပိုင်ဆေးခန်းမှ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာပြီး ဟွေးကလုတ် ဒုက္ခသည်စခန်း၌ စတင်နေထိုင်ခဲ့သည်။

ထို့နောက် နိုင်ငံခြားမှ ကယ်ဆယ်ရေး လုပ်သားများနှင့် ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များ ပံ့ပိုးမှုဖြင့် သူသည် ၁၉၈၉ ခုနှစ်တွင် ဒုက္ခသည်စခန်းမှ မကျန်းမာသူများ၊ ဒဏ်ရာရရှိသူများကို ပြုစုစောင့်ရှောက်ခဲ့ရာမှ မယ်တော်ဆေးခန်း ဖြစ်ပေါ်လာခဲ့သည်။

တနေ့တခြား လူနာများ များပြားလာရာ ယခုအခါ နေ့စဉ် လူနာ ၃၀၀ မှ ၅၀၀ ခန့်အထိရှိပြီး၊ အကြီးစား ကုသရမည့် သူများကို မဲဆောက်ဆေးရုံ၌ ကုသနိုင်ရန် ငွေကြေးအချို့ ပံ့ပိုးမှုနှင့် လိုအပ်သော အကူအညီများ ပေးသည်။ ထို့အပြင် ၀န်ထမ်း ၇၀၀ ခန့် လုပ်ကိုင်လျက်ရှိကာ၊ ရက်ရှည်ကုသရမည့် လူနာများအတွက်ပါ နေထိုင်ရန် အဆောင်များ ဆောက်လုပ်ထားသည်။

ဆေးခန်းကပင် ကျန်းမာရေးသင်တန်း၊ လူမှုရေး စောင့်ရှောက်မှုလုပ်ငန်း၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးနှင့် ပညာရေးလုပ်ငန်း များကိုပါ ဆောင်ရွက်နေသည်။

သူသည် ၂၀၀၇ ခုနှစ်တွင် ထိုင်ဝမ် ဒီမိုကရေစီ ဖောင်ဒေးရှင်းက ချီးမြှင့်သော အရှဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆု၊ ၂၀၀၅ ခုနှစ်တွင် Time မဂ္ဂဇင်းကြီး၏ အာရှသူရဲကောင်း နှင့် ၂၀၀၂ ခုနှစ်တွင် ဖလစ်ပိုင်နိုင်ငံက မက်ဆေးဆေးဆု အပါအ၀င် နိုင်ငံတကာ ဆုပေါင်း ၁၃ ဆု ရရှိထားသည်။ ၂၀၀၈ ခုနှစ် သြဂုတ်လထဲတွင် အမေရိကန် သမ္မတကတော်ဟောင်း လော်ရာဘုရှ်လည်း သူ့ထံ လာရောက် လည်ပတ်ခဲ့သေးသည်။

နယူးဒေလီ (မဇ္ဈိမ)

source by : http://mizzimaburmese.com