Saturday, November 22, 2008

မုန်တိုင်းလာသွားခဲ့တယ်

သတိရမိတယ်

ဆားချက်တဲ့လက်က

တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။

မင်းလည်း မမြင်နိုင်

ငါကလည်း မင်းကို

မပွေ့ထွေးနိုင်ခဲ့

ဆားချက်သမလေးရေ…။

မုန်တိုင်းက

ေ ရာ က် လာ တ ယ် ။

အခုတော့

ကမ်းမမြင် လမ်းမမြင်။

စီးမျောသွားပုံက

ကောင်းကင်တခုလုံး

ချက်ချင်း

ပျက်သွားသလို

ရုန်းရင်းဆန်ခတ်။

ခေတ်တွေ စီးဆင်းသွားတော့

ပင်လယ်က

ပြာစိမ်းလို့

ဘာမှမပတ်သက်သလိုမျိုး

သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။



မြင့်ဇေ
Monday, May 26, 2008

မှတ်ချက် ။ ။ ရဲဘော်ကြီး ဂုရု သို့ ..... အမှတ်တရ
http://myintzay.blogspot.com မှ ကူးယူ တင်ပြပါ၏ ။

တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...

Friday, November 21, 2008

လူရွှင်တော် ဇာဂနာ နှင့် အရှင်ဂမ္ဘီရတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်




ထင်ရှားသည့် လူရွှင်တော် ဇာဂနာအား ထောင်ဒဏ် ၄၅ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ထောင်ဒဏ် ၁၅ နှစ်၊ အရှင်ဂမ္ဘီရနှင့် ရန်ကုန်မြို့ ခြောက်ထပ်ကြီး သာသနာ့ သိပ္ပံ ကျောင်းတိုက်မှ သံဃာတော် ၅ ပါး အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၂၉ ဦးခန့်ကို စစ်အာဏာပိုင်များက ယနေ့ ထောင်ဒဏ်များ ဆက်လက် ချမှတ်ကြောင်း မိသားစုဝင်များနှင့် အကျဉ်းထောင် ၀န်ထမ်း အသိုင်းအ၀န်းက ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားကာ ယနေ့တွင် အင်းစိန်ထောင် အထူးတရားရုံးက ပြစ်ဒဏ် ချမှတ်ခြင်းဖြစ်သည်ဟု ကိုဇာဂနာ၏ မိသားစုဝင် တဦးကပြောသည်။

ကိုဇာဂနာအား အီလက်ထရွန်နစ် အမှု ၃ မှု အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၊ ၃၃(က)၊ ၃၂(ခ)၊ ပုဒ်မ ၃၈ တို့ ဖြင့် ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်ပြီး ကိုဇော်သက်ထွေးကို ထောင် ၁၅ နှစ် ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီ ဓာတ်ပြား တချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသော ည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူသွားခဲ့သည်။

ကိုဇော်သက်ထွေးကို မူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာ၊ ကိုဇော်သက်တို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ် ၊ ကိုသန့်ဇင်အောင် အား ထောင်ဒဏ် ၁၅ ချမှတ်ခံရသည်ဟုလည်း ဆိုသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်သံဃာ တပါးလည်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ဦးဆောင်သံဃာတပါးဖြစ်သော အရှင်ဂမ္ဘီရ အသက် ၂၉ နှစ် ကို ယနေ့ ချမှတ်သည့် ထောင်ဒဏ် ၁၂ နှစ် အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၆၈ နှစ် ချမှတ်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရအား ပုဒ်မ ၅၀၅(က) ၊ ၅၀၅ (ခ) ၊ လ၀က ပုဒ်မ ၁၃/၁ ၊ ပုဒ်မ ၁၇/၁ ၊ အီလက်ထရွန်နစ် ပုဒ်မ ၃၀၃(က) ၊ အသင်းအဖွဲ့ပုဒ်မ ၆/၈၈ စသည်တို့ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာ ၄ ရက်နေ့၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တခြားသော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ခြောက်ထပ်ကြီး သာသနာ့သိပ္ပံကျောင်းမှ ဦးပညာ
သီဟ ၊ ဦးပညာဒီပ၊ ဦးနရပတေ့ ၊ ဦးဥက္ကံသမာလ ၊ ဦးဇာဏေယျ စသည့် သံဃာ ၅ ပါးနှင့် နိုင်ငံရေးလှုပ်ရှားသူ ၆ ဦး၊ စုစုပေါင်း ၁၁ ဦး ကိုလည်း ယနေ့တွင် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောပြသည်။

၎င်းနိုင်ငံရေးလှုပ်ရှားသူ ၆ ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ ကိုသန်းဌေး အပါအ၀င် ကိုထွန်း ထွန်းနိုင် ၊ ကိုစိုးရွှေ ၊ ကိုငွေစိုး ၊ ကိုခင်ထွန်း ၊ ကိုကျော်ဆန်းလင်း တို့ဖြစ်ပြီး ကိုထွန်းထွန်းနိုင် ၊ ကိုသန်းဌေး ၊ ကိုငွေစိုး ၊ ကိုကျော်ဆန်းလင်း တို့ကို ပုဒ်မ ၁၄၅ ၊ ၅၀၅(ခ) အရ ထောင်ဒဏ် ၄ နှစ် စီ ချမှတ်၍ ကိုခင်ထွန်း ကိုမူ ပုဒ်မ ၁၄၃ ၊ ၁၄၅ ၊ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၄ နှစ် ခွဲ ချမှတ် ခဲ့ကြောင်း သိရသည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအ၀င် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ ကျော် ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့ရာ ယနေ့ ချမှတ်သော ထောင်ဒဏ်အပါအ၀င် အရှင်ဂမ္ဘီရ၏ ထောင်ဒဏ် စုစုပေါင်း ၆၈ နှစ်သည် အများဆုံးချမှတ်ခံရခြင်း ဖြစ်သည်။

Friday, 21 November 2008 20:13 ကိုစိုး
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

Thursday, November 20, 2008

ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင်ဟောင်း ကိုနေလ ခေါ် ရဲဘော်မြင့်အောင် ကွယ်လွန်

ကျောင်းသားတပ်မတော်ရဲ့ တပ်ဖွဲ့ဝင် ရဲဘော်မြင့်အောင် ခေါ် ကိုနေလဟာ ဒီကနေ့ မနက် ဦးနှောက် သွေးကြောပေါက်တဲ့ ရောဂါနဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရုတ်တရက် ကွယ်လွန် သွားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၃၈ နှစ်သာရှိသေးတဲ့ ကိုနေလဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်တဦးဖြစ်သလို တဖက်ကလည်း ကလောင်ကိုကိုင်ပြီး တိုက်ပွဲဝင်တဲ့ ကဗျာဆရာ၊ အင်တာနက် ဘလော့ဂါ ကိုမြင့်ဇေဖြစ်ပါတယ်။

သူ့ကို ရင်းနှီးသူတွေနဲ့ သူ့ ရဲဘော်တွေက ဂုရုလို့လည်း ခေါ်ဝေါ်ကြပါတယ်။ သူကွယ်လွန်သွားတဲ့ အကြောင်းကို ကျောင်းသားတပ်မတော်က သူရဲ့တပ်ရင်းမှူး ကိုမင်းဇော်က …
“ရဲဘော်နေလ ခေါ်တဲ့ ရဲဘော်မြင့်အောင်က ဒီ ၂၀ ရက်နေ့ မနက် ၁ နာရီ ၁၀ မိနစ်မှာ ဆုံးသွားပါတယ်၊ မနက် စောစောဆိုလို့ရှိရင် သက်ပျောက်ဆွမ်းကျွေးမယ်၊ ပြီးလို့ရှိရင် သူ့ရဲ့ ရုပ်ကလာပ်ကိုပေါ့နော် တောရကျောင်းကို ရွှေ့ပြီးတော့ ထားဖို့အစီအစဉ်ရှိပါတယ်ခင်ဗျ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံပြီးကတည်းက တောက်လျောက်ပေါ့နော် တောခိုလာကတည်းက ကျနော်တို့နဲ့ အတူတူပါပဲ။ ကျနော်တို့ တပ်ရင်း ၁၀၁ မှာ အတူတူ တာဝန်ထမ်းဆောင်တယ်၊ ဒီဘက် နောက်ဆုံး ABSDF တပ်ရင်း ၈ ရဲ့ တပ်ဖွဲ့ဝင်တယောက်အနေနဲ့ အနှစ် ၂၀ လုံးလုံးပေါ့ဗျာ တောက်လျောက် တာဝန်ယူခဲ့တဲ့ ရဲဘော်တယောက်ဖြစ်ပါတယ်။

တော်လှန်ရေးအပေါ်မှာ တကယ့်ကို ချစ်ခင်ပြီးတော့ နှစ်နှစ်ကာကာ လုပ်ကိုင်နေတဲ့ ရဲဘော်ကောင်းတယောက် အခုလို ဆုံးရှုံးသွားတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ရော ကျနော်တို့တပ်ရင်းအနေနဲ့ရော တော်လှန်ရေးတခု လုံးအနေနဲ့ရော ထိခိုက်နစ်နာပါတယ်။ သူ့ကျန်ရစ်သူမိသားစုတွေကိုလည်း ဒီကနေ ဝမ်းနည်းကြောင်း ကျနော်တို့ လှမ်းပြီးတော့ သတင်းစကားပါးချင်ပါတယ်။ ကျနော်တို့အားလုံးလည်း ယူကြုံးမရဖြစ်နေပါတယ်”
ABSDF တပ်ရင်းမှူး ကိုမင်းဇော် ပြောပြသွားတာပါ။

ကွယ်လွန်သူ ရဲဘော်မြင့်အောင် ခေါ် ကိုနေလ ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိပြန်ကြားရေးတာဝန်အပြင် ဒေါင်းအိုးဝေ ဂျာနယ်ရဲ့ အယ်ဒီတာ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။

သူ့ဖခင် ဦးအောင်ခင်ဟာလည်း ၁၉၈၉ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ် ပါတယ်။ ရဲဘော်မြင့်အောင် အခုကွယ်လွန်ချိန်မှာတော့ သူရဲ့ ဇနီးသည် ကျန်ရစ်ခဲ့ပါတယ်။

မှတ်ချက် ။ ။ http://soneseayar.blogspot.com မှ ကူးယူ တင်ပြပါသည် ။

ကျန်ရစ်သူ မိသားစု နှင့် တကွ ထပ်တူထပ်မျှ ကြေကွဲ ဝမ်းနည်း ရပါ၏ ။
နော်မန်

အပြည့်အစုံ ဖတ်ရန် ...

လွတ်မြောက်ရေး တိုက်ပွဲတွေ ရှိရာဆီ ကျနော် လာခဲ့တယ်



ကျဆုံး ကွယ်လွန်သွားသည့် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဌ (၈၈ - ကာလ) ကိုနေလ၊ မကဒတ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော်မြင့်အောင်၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ၀ထ္ထုများအား ပွင့်သစ် (ကရိန်ကန်)၊ မြင့်ဇေ စသည့် ကလောင်အမည်များဖြင့် ရေးသားခဲ့သူ၊ ဘလော့ခ်ဂါ ကိုဖိုးဇေ အား ဂုဏ်ပြုသောအားဖြင့်
သူရေးသားထားသည့် "လွတ်မြောက်ရေး တိုက်ပွဲတွေ ရှိရာဆီ ကျနော် လာခဲ့တယ်" အက်ဆေး တပုဒ်အား ဖေါ်ပြလိုက်ပါသည်။


လွတ်မြောက်ရေး တိုက်ပွဲတွေ ရှိရာဆီ ကျနော်လာခဲ့တယ်
(မြင့်ဇေ)

အိမ်ကထွက်ခဲ့ပြီ။ ကိုတိုးကြီးရဲ့ ပြန်မလှည့်တော့ဘူး သီချင်းထဲက စာသားတွေကို နာနာကျင်ကျင် ညည်းရင်းနဲ့။ စစ်အစိုးရ လက်အောက်မှာ နိုင်ငံရေး နယ်ပယ်ထဲ ၀င်လုပ်တဲ့ သူတဦးဟာ ပိုင်းဖြတ်ချက်တော့ ထားရတာပဲ။ ကိုယ် နောက်ဆုံးလုပ်နိုင်တဲ့ အချိန်ထိ တောင့်ခံပြီးလုပ်။ အဲဒီ စိုးရိမ်ရေမှတ်ကို ကျော်သွားတာနဲ့ အဖမ်းခံမလား၊ ဒါမှမဟုတ် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲမလား။ ဒါက ပြည်တွင်းမှာ လှုပ်ရှားတဲ့ သူတိုင်း ရွေးချယ်ရတဲ့ လမ်း ၂ ကြောင်းပါ။ ကျနော်ကတော့ ဒုတိယလမ်းပဲ ရေွး ချယ်ခဲ့တယ်။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပဲမဟုတ်လား။
အိမ်က ထွက်ထွက်ချင်း လုပ်ဖော် ကိုင်ဘက်တဦးက ကျနော့်အမေ အမျိုးများရှိရာ ညောင်လေးပင်ဘက်ကို လိုက်ပို့ပေးတယ်။ အဲဒီကနေအခြေအနေကို စောင့်ကြည့်ဖို့ပါ။ တကယ်လို့ အခြေအနေကောင်းရင် ဆက်လုပ်နိုင်သမျှ လုပ်ပေါ့။ မကောင်းရင်တော့ သွားမယ်။ တလလောက်ပါပဲ။ မိုးတွင်း ကာလ လယ်စိုက်ချိန်ကြီး။ ရေပြင်ဖွေးဖွေးနဲ့ ၀ိုင်းနေတဲ့ ဘကြီးရဲ့ လယ်တဲလေးမှာ နေလိုက်။ ရွာထဲ ပြန်လိုက်နဲ့။
အဲဒီကာလက စာတော့ တော်တော် ဖတ်ဖြစ်သွားတယ်။ စာအုပ်တွေနဲ့ဘဲနေရတာဆိုတော့။
အဲဒါနဲ့ အဆက်အသွယ်က ပြန်ရောက်လာတယ်။ အခြေအနေက ပိုပိုဆိုးတယ်လို့ဆိုတယ်။ အဲဒါနဲ့ ဒုတိယလမ်းကို အကောင်အထည်ဖော်ဘို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ တောထဲသွားဖို့ လမ်းကြောင်းရှာရ၊ ရွေးရတယ်။ ကျနော် ပထမသွားချင်တဲ့ လမ်းကြောင်းက သွားလို့ မရတော့ဘူး။ ပိတ်သွားပြီ။ အဲဒါနဲ့ ဒုတိယလမ်းကြောင်းကို ရှာတော့ ဘုရားသုံးဆူ ဘက်သွားဖို့ အကြံပေးကြတယ်။ အဲဒီလမ်းကပဲထွက်မယ်လို့ ဆုံးဖြတ်ပြီး ရန်ကုန်ကို ပြန်တက်လာကြတယ်။ ရန်ကုန်ရောက်တော့ ၀ပ်ကျင်းတခုရှာပြီး ခဏ ၀ပ်တယ်။ အိမ်ကိုလည်း ပြန်မရတော့။ ပြန်လည်း မိသားစုတွေ ၀မ်းနည်းတာကလွဲပြီး ထပ်ခွဲကြရင် နှစ်ထပ်ကွမ်း သောကပဲ ထပ်ရဦးမှာ မဟုတ်လား။
ဒါပေမယ့် ခက်တာက သွားဖို့အတွက် လမ်းစရိတ်.. ကျန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း မိဘဆီက လက်ဖြန့်တောင်း သုံးနေရတာမဟုတ်လား။ သူတို့လည်း မရှိ။ အခက်အခဲတွေ့တော့ အိမ်မှာ ကျန်ခဲ့တဲ့ အ၀တ်အစားအားလုံးကို လူတယောက်လွှတ်ပြီး အမေ့ဆီက ပြန်တောင်းခိုင်း လိုက်တယ်။ ငွေတော့ မတောင်းချင်။ သူတို့က ကျန်ရစ်ခဲ့တဲ့ သူတွေ မဟုတ်လား။ ပိုပြီး လိုအပ်မှာပေါ့။ ကျနော်ကတော့ တယောက်တည်းဆိုတော့ ပြဿနာမရှိလှပါ။
အမေက အ၀တ်အစားအားလုံးကို ထည့်ပေးလိုက်တယ်။ အဲဒါနဲ့ ကိုယ့်အတွက်လိုအပ်မယ့် ၀တ်စုံ သုံးစုံကို ရွေးပြီး ကျန်တာတွေ အားလုံးကို အ၀တ်ဟောင်းဆိုင်မှာ ရောင်းလိုက်ရတယ်။ နောက် လက်ပတ်နာရီတလုံး။ အဲဒါနဲ့ ပိုက်ဆံ ၆၀၀ လောက်ရလိုက်တယ်။ ကျန်တဲ့လူတွေကို လောက်နိုင်ပါ့မလားလို့ မေးတော့ လောက်ပါတယ်ဆိုမှ သက်ပြင်း ချမိတယ်။ မလောက်လဲ နောက်ထပ် ရပေါက်ရ လမ်းကမရှိတော့ဘူး မဟုတ်လား။
ကျနော့် မှတ်ပုံတင်က သုံးလို့မရဘူးဆိုပြီး ရဲဘော်တယောက်က မှတ်ပုံတင်တခုလာပေးတယ်။ ကိုယ့်မှတ်ပုံတင်အစစ်တော့ လုံလုံခြုံခြုံသိမ်းပေါ့။ ရထား လက်မှတ်ဝယ်တော့ မှတ်ပုံတင် ပြပြီးဝယ်ရတာ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဘက်တဦးရဲ့အဖေက မီးရထားမှာ အလုပ်လုပ်တော့ သိပ်အခက်အခဲ မရှိလှပါဘူး။
ခရီးထွက်မယ့် ညကျတော့ နောက်တယောက်ရောက်လာတယ်။ သူလည်း နေလို့မရတော့ဘူး။ သူက ကျနော်နဲ့ မန္တလေးညီလာခံမှာတွေ့ခဲ့တဲ့ ကိုမွှေးကြိုင် (ထွန်းခင်၁၉၉၄ခုနှစ်ဆန်းပိုင်းမှာ ပေါင်းလောင်းဒေသတွင် ကျဆုံး)ဖြစ်နေတယ်။

လူ့ဘောင်သစ်ပါတီက။ အဲဒီညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။ ဘ၀မှာ တခါမှ မကြုံဘူးတဲ့ ကြုံမယ်လို့လည်း မျှော်လင့်မထားတဲ့ အတွေ့အကြုံသစ်တွေ ကြုံရတော့မှာ မဟုတ်လား။
နောက်နေ့မနက် ဘူတာကြီးမှာ ရောင်းတဲ့ ထမင်းကျော်ကို စားပြီး မနက် ငါးနာရီ မော်လမြိုင်ရထားနဲ့ နယ်ပယ်သစ် တခုဆီကို စထွက်လာခဲ့ပါပြီ။ အိပ်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့ကြီးကတော့ မီးရောင်တွေအောက်မှာ ငြိမ်သက်စွာ တဖြည်းဖြည်း ပျောက်ကွယ်ပြီး ကျန်ရစ်ခဲ့တော့တယ်။ ငယ်ဘ၀ရဲ့ အိပ်မက်တွေလည်း အဲဒီမှာတင် ပျောက်ကွယ် ကျန်ရစ်ခဲ့တော့တယ်။
ရထားကလည်း တလိမ့်ချင်းပါပဲ။ သတိတရဖြစ်မှုကလည်း တလိမ့်ချင်းပါပဲ။ ကျနော် အိမ်ပေါ်ကနေ ခဏခဏ ဆင်းဖူးတယ်။ အမေကပဲ`နင့်လို့ သားမျိုးကို မောင်းချရမယ်´ဟဲ့လို့ ခဏခဏ နှင်ချဘူးတာ။ ကျနော်ကလည်း တော်တော်ဆိုးပါတယ်။ နှင်ချတိုင်း ကျနော် ဆင်းသွားတာက နောက်ဖေးကျော ချင်းကပ်က အိမ်ကို။ အိမ်က ဆင်းတော့ ဟန်ကျ ပန်ကျ။ အိတ်တွေဘာတွေ ယူ၊ အ၀တ်အစားတွေ ထည့်၊ပြီးတော့ နောက်ဖေးအိမ်မှာ သွားအိပ်နေတာ။ မနက်ကျမှ `အမေ့အိမ်လောက် ဘယ်အိမ်မှ မကောင်းဘူးဆိုတာ ကျနော်သိပါပြီ၊ အမေ´လို့ အမေ့ရင်ခွင် ခေါင်းထိုးပြောတော့ မျက်နှာက တင်းနေပေမယ့် အမေ့မျက်လုံးက အပျော်တွေနဲ့ ရွှန်းစိုနေခဲ့တယ်။
အိမ်က ကျနော် ပုံမှန်ဆင်းရရင် တညပါပဲ။ အမေလည်း ကျနော့်ကို တညထက် ပိုပြီး မျက်စေ့အောက်က အပျောက်မခံနိုင်ခဲ့ဘူး။ တခါကျနော်လည်း ဒေါသထွက်၊ အမေလည်း အရမ်းစိတ်ဆိုးတဲ့ အခါတုန်းကတော့ ကျနော်ထွက် သွားဖို့ စဉ်းစားသေးတယ်။ အဲဒီ ညတွင်းချင်းပဲ ကျနော့်သူငယ်ချင်းတွေကို လိုက်ရှာခိုင်းတာ ကားဂိတ်၊ ရထားဂိတ် အနှံ့ပါပဲ။ ဒါပေမယ့် ကျနော်လည်း ဘယ်ဝေးဝေးသွားနိုင်မှာလဲ။ ဘယ်သူကများ အမေ့လောက် ကျနော့်ကို စိတ်ရှည် သည်းခံနိုင်မှာလဲ။
ဒါပေမယ့် ဒီတခါကတော့ အိမ်ကနေ ထွက်ခဲ့ရတာ တည ထက်ပိုမယ်ဆိုတာ အမေရော၊ ကျနော်ရော သိရက်နဲ့ မေ့တိမေ့မော နေခဲ့တယ်။ ဒီတခါတော့ တဘ၀လုံးနီးနီးလောက် အိမ်ပြန်မရောက်နိုင်ဘူးဆိုတာ ကျနော်လည်း သိခဲ့ပါတယ်။ အမေလည်း သိနေပါပြီ။
ကျန်ခဲ့တဲ့ ရန်ကုန်မြို့ကို ငေးရင်းတွေးလာမိတဲ့ စိတ်ကူးအပိုင်းအစတွေပါ။ လင်းအာရုဏ် မရောက်ခင်မှာ ကျနော်တို့ ပဲခူးဘူတာကို ဖြတ်ခဲ့ပါပြီ။ ပြီးတော့ စစ်တောင်းမြစ်ကူးတံတား…ရထားက လေးလေး နှေးနှေး။
ကရင်မွန်ပြည်နယ်အ၀င်မှာတော့နည်းနည်း ရင်ထိတ်ရပါပြီ။ ရထားတဲ့ သတင်းက ရန်ကုန်နဲ့ အထက်အညာက လူတွေ လာသမျှ ဖမ်းထားဆိုတာကို ထောက်လှမ်းရေးတွေက ချပြထားတယ်ဆိုပဲ။ ဒါပေမဲ့ ကျနော်က မှတ်ပုံတင် နောက်တခု ဆောင်လာတော့ သိပ်မစိုးရိမ်လှ။ ဒီလို စဉ်းစားတာဟာ နောက်အချိန် တချို့အတွင်းမှာပဲ မှားယွင်းသွားပြီဆိုတာကို ကျနော်သိလိုက်ရတယ်။
ဖြစ်ချင်တော့ သထုံ အကျော်မှာ ကျနော်အိမ်သာထဲ ၀င်မိတယ်။ ဖြစ်ချင်တော့ အိတ်ကပ်ထဲ ထည့်ထားတဲ့ မှတ်ပုံတင်အတုဟာ လျှောခနဲကျသွားလိုက်တာ အိမ်သာကမုတ်ထဲကို ကွက်တိပါပဲ။ ဘာလုပ်ရမှန်း မသိဖြစ်ပြီး ပြန်ထွက်လာ။ လိုက်ပို့သူ ရဲဘော်တွေကို ပြောတော့အားလုံးက ဝေဖန်ရေး ပေးတယ်။ အသုံးမကျဘူး.. ပေါ့ဆတယ်… စသဖြင့်။ တိုက်ဆိုင်တာ ဆိုပေမယ့်လည်း ကျနော်က ပြုလုပ်သူ ဖြစ်နေတော့ ကိုယ့်ကိုယ်ကိုပဲ ကျိန်ဆဲနေမိတယ်။ အသုံးမကျတဲ့ကောင် ဆိုပြီး … ဒါရဲ့ နောက်ဆက်တွဲက လက်မှတ်စစ်လာတိုင်း အိမ်သာထဲဝင်နေရတာပါဘဲ။
အဲဒီလို ကသိကအောက်ဖြစ်ရမယ် ကိစ္စက လွဲပြီး မုတ္တမရောက်သွားတယ် .. ပြီးတော့ မွန်တို့ဌာနေ ရာမညလည်း စေ့ငှအောင် မကြည့်ဖြစ်တော့ဘူး။ တန်းပြီးကားပေါ်တက် မော်လမြိုင်နဲ့ သိပ်မဝေးလှတဲ့ ဖားအောက်ကျေးရွာကို ရောက်သွားတယ်။ ဒါက စခန်းတထောက်ပေါ့။
ဖြစ်ချင်တော့ ကျနော်တို့ တည်းခိုတဲ့ အိမ်နေရာက အပျိုမတွေ ချည်းသက်သက် မွေးထားတာ။ အဲဒါနဲ့ နေရေးထိုင်ရေးကို စဉ်းစားတော့ ဒီမှာတော့ နေလို့ မကောင်းလှဘူး။ ပတ်ဝန်းကျင်ကလည်း သတိထားမိ မယ်ဆိုပြီး ကျောကိုလယ်ကွင်းတွေဘက် ပေးထားတဲ့ လယ်တဲလေး (အိမ်န့ေဲ တာ့ မဝေးလှပါ) မှာ တည်းလိုက်တယ်။
အဲဒီကာလက စီးပွားရေးကလည်း ဆိုးသထက် ဆိုးလာပြီ မဟုတ်လား။ ကိုယ်တည်းမိတဲ့ အိမ်ကလည်း မိသားစုများတယ်ဆိုတော့ထမင်းစားရတာ အားနာလာတယ်။ အဲဒါနဲ့ ထွက်ရမယ့် လမ်းကို အမြန်ရှာရတော့တယ်။
လမ်းက နှစ်လမ်းစုံစမ်းရတယ်။ တခုက ကြာအင်းဆိပ်ကြီးကို ဆန်တက်ပြီး သွားတဲ့လမ်း၊ နောက်တခုက ရေးနားက ဖြတ်တဲ့လမ်း။ အဲဒါနဲ့ဘယ်ဟာ အဆင်ပြေမလဲ မေးကြည့်တော့ ကြာအင်းဆိပ်ကြီးက ပိုလွယ်နိုင်တယ်ဆိုတဲ့ ကောက်ချက်က ထွက်လာတယ်။
တည်းတဲ့အိမ်က လူတွေလည်း ရိပ်မိတန်သလောက် ရိပ်မိနေပြီ။ ရွာထဲက တချို့လူတွေလည်း သိနေကြပြီ။ ဒါနဲ့ ကျနော်တို့ အမြန်စီစဉ်ရတော့တယ်။ ၁၉၈၉ ခုနှစ် သြဂုတ်လ နှောင်းပိုင်းကာလမှာ … ကြာအင်းဆိပ်ကြီးလမ်းက ကျနော်တို့အတွက် မြွေကိုက်တဲ့ လမ်းဆိုတာအဲဒီ ခရီးစဉ်မှာမှ သိရတော့တယ်။

သြဂုတ် လလယ်ကျော်တော့ ကျနော်တို့ စထွက်ခဲ့ပါပြီ…အဲဒီအချိန်မှာ နဂိုအတုယူလာတဲ့ မှတ်ပုံတင် မရှိတော့တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ပိုင်ကိုပဲ သုံးပါတယ်။ သွားတော့ သုံးယောက်။ တယောက်က ကျနော်တို့ကို လိုက်ပို့တာပါ။ သူက တောထဲ သွားတဲ့ အတွေ့အကြုံရှိခ့ဘဲူးပါတယ်။ ဒါပေမယ့် သူက ကျနော်တို့ကို ကြာအင်းဆိပ်ကြီးအထိ လိုက်ပို့ပေးပြီး ပြန်ရမှာပါ။
ဖားအောက်ကနေပြီး မော်လမြိုင်ကို ပြန်သွားရပါတယ်။ အဲဒီမွာ သေဘာၤစီးရမွာပါ။ နောက်ကျမှ သိရတာပါ။ အပေါင်ဘူတာတို့၊ ကျိုက်ထိုဘူတာတို့ကနေ ဆင်းပြီး တောဘက်ကို ဆိုက်ကားတစီးငှားပြီး သွားလိုက်ရင် မြို့ပြင်ထွက်တာနဲ့ ကျနော်တို့ သွားမယ့် နေရာဆီ ရောက်သွားတာပါပဲ။ ဒါလည်း တောထဲရောက်မှ သိရတာပါ။ အခုတော့ ကုန်းတတန်၊ ရေတတန်နဲ့ အသည်းထိတ်ထိတ်သွားရတော့တာပါ။
မော်လမြိုင်ကနေ သဘောင်္စီးတော့ ကျနော်နဲ့ လိုက်ပို့တဲ့ ရဲဘော်က တစု၊ ကိုမွှေးကြိုင်က တယောက်တည်း သပ်သပ် ခြားထားတဲ့ သံဇကာကို ကျောချင်းကပ်ပြီး လူခွဲစီးပါတယ်။ တစုံတခုဖြစ်ရင် တယောက်ယောက် လွတ်အောင်ပါ။ ဒါနဲ့ ကျနော်တို့လည်း ဒီခရီးကို သွားဖူးတဲ့ ဟန်ဆောင်ပေမယ့် ဘယ်လိုမှ ဒေသခံနဲ့ကို မတူနိုင်ပါဘူး။ မော်လမြိုင်နဲ့ ဆိပ်ကြီး(ကြာအင်းဆိပ်ကြီးလို့သာ တွဲခေါ်တာ၊ ဆိပ်ကြီးသတ်သတ်၊ ကြာအင်းက သပ်သပ်ပါ) ရဲ့ အလယ်ဗဟိုလောက်မှာ ဆိပ်ကမ်းတခုကို (ချောင်းနှစ်ခွဆိပ်ကမ်းထင်တယ်။) ကပ်ပါတယ်။
အဲဒီမှာတင် ရဲတွေတက်လာပါတယ်။ အဲဒီ ဘေးတလျှောက်က မွန်တပ်နဲ့ ကရင်တပ်တွေ ကြီးစိုးတဲ့ ဒေသဆိုတော့ သူတို့က လုံခြုံရေးအရ လိုက်ရသလို၊ နောက် ခရီးသည်တွေကို စစ်ဖို့ပါ။ ဒီမှာတင် ကျနော်တို့ မြွေစကိုက်တော့တာပါဘဲ။
သူတို့ ထုတ်ထားတဲ့ အမိန့်က ရန်ကုန်နဲ့ အထက်ဘက်ကလာတဲ့ လူတွေကို စစ်ရမယ်။ မသင်္ကာရင် ဖမ်းရမယ်ဆိုပြီး ထုတ်ထားတာပါ။
အဲဒီမှာ သဘောင်္ထွက်ပြီး စစစ်တာက ရဲဘော် မွှေးကြိုင်ထိုင်တဲ့ ဘက်ခြမ်းကိုပါ။ အဲဒီမှာ သူ့မှတ်ပုံတင်က ပဲခူးအနောက်ခြမ်းဆိုတော့ငြိသွားတယ်။ ဒါပေမယ့်ပါလာတဲ့ ရဲတပ်ကြပ်ကြီး ကပ်ပြီး ခေါ်သွားပြီးမှ ပိုက်ဆံပေးလိုက်တာ အဆင်ပြေသွားတယ်။ ဒါနဲ့ သူက နဂိုထိုင်တဲ့ နေရာကို ပြန်လာပြီး ကျောချင်းကပ် အနေအထားနဲ့ အခြေအနေကို ရှင်းပြပါတယ်။ ကျနော့်ကိုလည်း ပိုက်ဆံပေးလိုက်ဖို့ ပြောတယ်။
တွက်ကြည့်တော့ ပိုက်ဆံက ၄၀၀ ကျပ်လောက်ပဲ ရှိတာ။ နောက် ကျနော်က ဒါမျိုး တခါမှ ပေးဖူးတာ မဟုတ်တော့ ပေါက်တဲ့နဖူး မထူးတော့ဘူး။ နောက် ဒီလောက်လည်း ဒီကောင်တွေ ကြည့်မှာ မဟုတ်ဘူးလို့ ထင်လိုက်မိတယ်။
ကျနော်တို့ အလှည့်ရောက်တော့ ရန်ကုန်မှတ်ပုံတင်ဆိုတော့ မေးတော့တာပေါ့။ ဘာလုပ်မလို့လဲ၊ ဘာကိစ္စနဲ့ လာတာလဲ၊ အသိရှိလား စသဖြင့်။ ကျနော်တို့က ကျောင်းပိတ်ရက်ဖြစ်နေလို့ မော်လမြိုင်က အမျိုးတွေဆီ လာလည်တာက ဆက်ပြီး စိးပွားရေးလုပ်ငန်းလေး ဘာလေး စနည်းနာတာလို့ ပြန်ဖြေလိုက်တယ်။ အဲဒါနဲ့ မင်းတို့က ဆိပ်ကြီးကိုလာတာ အသိရှိလို့လား မေးတော့ ဖျတ်ခနဲ သတိရလိုက်တာကိုးတန်းနှစ်က ကျနော်နဲ့ အီစီကလီ ဖြစ်ခဲ့တဲ့ ကောင်မလေးကိုပါ။ အဲဒါနဲ့ ရှိပါတယ်ပေါ့၊ ကျနော်နဲ့ပါလာတဲ့ ရဲဘော်ကလည်း သူလည်းရှိပါတယ်၊ ဘယ်နေရာမှာ နေပါတယ်၊ ဘယ်လောက်ခင်ကြောင်း အာရတော့တာပေါ့။ ဒါပေမယ့် သူတို့က မင်းတို့ မှတ်ပုံတင်တွေ သိမ်းထားမယ်။ ပြီးရင် ဆိပ်ကြီးရောက်မှ ဆက်စီစဉ်မယ်ပေါ့။ ရပါတယ် ဆိုပြီး ပြန်ပြောလိုက်ရပေမယ့် ရင်ကတော့ စိုးထိတ်နေပါပြီ။
ဒီလိုနဲ့ ရဲတယောက် စောင့်ကြည့်နေတော့ ဘာမှ တိုင်ပင်လို့မရ။ သူ သတိတချက် မထားမိတဲ့ အချိန်မှာ ရဲဘော်မွှေးကြိုင်က ပြောတယ်။
ရောက်ပြီး ဟိုဘက်ကမ်းက နာရီဝက်စောင့်မယ်။ မလာရင် သူတော့ သွားမယ် ဆိုပြီး ပြောတယ်။ အိုကေ.. ပေါ့လေ ကျနော် ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ ကျနော်တို့ ဆိပ်ကြီးကို ရောက်သွားပါပြီ။ ကျနော်တို့ကို မဆင်းခိုင်းပါဘူး။ ခရီးသည် အားလုံးကုန်တော့မှ (ရဲဘော်မွှေးကြိုင်လည်း ဆင်းသွားပါပြီ) ကျနော်တို့ကို လာခေါ်တယ်။ ပြီးတော့ ကျနော်တို့ကို သဘောင်္ဆိပ်မှာ အ၀င်အထွက် လာကြည့်တဲ့ ထောက်လှမ်းရေးနှစ်ယောက်လက်ထဲ လူရော၊ မှတ်ပုံတင်ပါ ပေးရင်း အကျိုးအကြောင်းတွေ ရှင်းပြလို့ ထားခဲ့တော့တယ်။
ထောက်လှမ်းရေး နှစ်ကောင်လုံးက ခပ်ပုပု…၊ ဒါပေမယ့် တယောက်က မျက်နှာက သိပ်မဆိုးလှ။ နောက်တယောက်ကတော့ အမိန့်ပေးတိုင်း လုပ်မယ့် ရုပ်မျိုး။ အဲဒီမှာတင် မေးခွန်းပေါင်းသောင်းခြောက်ထောင် မေးတော့တာပဲ၊ ရဲတွေ မေးခဲ့တဲ့ မေးခွန်းအတိုင်းပါပဲ။ သူတို့ဆီကို ခေါ်မသွားဘူး။ သဘောင်္ဆိပ်နဲ့ သိပ်မဝေးတဲ့ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပါ။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်က တယောက်ပြောတဲ့ စကားကို တယောက်ပြန် နင်းပြောရင်း လှိမ့်ရတော့တာပေါ့။ (အဲဒီနေရာမှာ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ဖောက်ဖျက်သူလို့ကြိုက်သလို ပြောကြစေတော့၊ လိမ်ရပါတော့တယ်၊ ကိုယ်က မြင့်မြတ်သူမဟုတ်သလို၊ အနာအကျင်လဲ လိုအပ်မှ ခံမယ့်သူပါ)။ ကျနော်နဲ့ပါလာတဲ့ ရဲဘော်က ခိုင်ပါတယ်။ သူက ၈၈၈၈ ပြီးစမှာ တောခိုသွားပြီးမှ အခြေအနေကို စိတ်ပျက်ပြီး ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ပြန်ဝင်လာခဲ့တာ၊ ၀င်တဲ့ နေရာကလည်း အခု ကျနော်တို့ ရောက်နေတဲ့ ဆိပ်ကြီးမှာ။

အဲဒီတုံးက ကြိုဆိုရေးတွေ ဘာတွေ လုပ်ကြတဲ့ အချိန်မှာ သူက အိမ်တအိမ်မှာ တည်းခဲ့ဖူးတယ်။ ဒါပေမယ့် သူ့နာမည် အစစ်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ကို ဆွဲထားတဲ့အချိန်မှာ အဲ့ဒီဘိုးတော်က ရ၀တ ဥက္ကဌ ဖြစ်နေတယ်။ သူ့နာမည်ပြောတော့ ထောက်လှမ်းရေးလည်း ကြောင်တောင်ယောင်တောင် ဖြစ်သွားတယ်။ အဲဒါနဲ့ မင်းတို့ကို အဲဒီအိမ်လိုက်ပို့မယ် ပြောပြီး လိုက်ပို့တယ်။
အိမ်ရှေ့ရောက်တော့ ထောက်လှမ်းရေးတွေက အိမ်ရှင် အဖိုးကြီးနာမည်ကို ခေါ်တယ်။ အဖိုးကြီးထွက်လာတော့ ဥက္ကဌ ခင်ဗျားအသိတွေလို့ သူတို့က ပြောတယ်.. ဟုတ်လား .. မေးတော့ အဖိုးကြီးကလည်း မမှတ်မိဘူး။ အဲဒီမှာတင် ကျနော်နဲ့ပါလာတဲ့ ရဲဘော်က ဟာ …
အဘ ကျနော့်ကို မမှတ်မိဘူးလား။ ကျနော်က ဘယ်အုပ်စုနဲ့လာပြီး အဘ အိမ်မှာတည်းခဲ့တယ်လေ၊ လွန်ခဲ့တဲ့ နှစ်က…။ သူ အရမ်းကောင်းလွန်းပါတယ်။ အဖိုးကြီးက တကယ်တော့ သူ့ကို မမှတ်မိပါဘူး။ ဘာလို့ဆိုတော့ အဲဒီအချိန်တုံးက ပြန်ဝင်ခဲ့တဲ့ လူတွေကများတော့ လူတိုင်းကို တဦးချင်းစီ မှတ်မိဖို့က အရမ်းခက်တယ်။ နောက် နာမည်တွေကလည်း တကယ့်အစစ်မသုံးခဲ့လို့ပါ။
ဒီမှာတင် အဖိုးကြီးလည်း နဝေတိမ်တောင်နဲ့ သိသလို ဟန်ဆောင်ပြီး ကျနော်တို့ကို လက်ခံလိုက်ရတယ်။ အဲဒါနဲ့ ကျနော်တို့ကို အပ်ပြီးပြန်မယ်လုပ်နေတဲ့ ထောက်လှမ်းရေးတွေကို အကို ကျနော်တို့ မှတ်ပုံတင်လေး ပြန်ပေးပါဦး ပြောကြည့်တယ်။ သူတို့က ဘာမှမစိုးရိမ်ပါနဲ့မင်းတို့ ပြန်ရင် ငါတို့ကိုယ်တိုင် လာပေးပါ့မယ် ဆိုပြီး ပြောပြီးပြန်သွားကြရော။
ထောက်လှမ်းရေးတွေ ပြန်သွားတော့မှ ပါလာတဲ့ ရဲဘော်က အဖိုးကြီးကို လုံးဝ စည်းရုံးရတော့တယ်။ သူ့ရဲ့သားတွေကလည်း ကျနော့်နဲ့အသက်သိပ်မကွာတော့ ဟိုမေးဒီမေးနဲ့ ကျနော်လည်း လုံးရတယ်။ ဘယ်သူ့ကို သိလား၊ ဘယ်ဝါ့ကို သိလားပေါ့။ ကျနော်နဲ့ အီစီကလီဖြစ်တဲ့ ကောင်မလေးရဲ့ လိပ်စာကိုလည်း သူတို့ဆီကပဲ ရလိုက်ပါတယ်။
ထမင်းသာစားပေမယ့် မဖြောင့်ခဲ့ပါဘူး။ အဲဒီ အိမ်ရှင်တွေက ကျနော်နဲ့ ပါလာတဲ့ ရဲဘော်ကို မမှတ်မိတော့လို့ပါ။ အဲဒီညမှာ သူပြောတဲ့နာမည်ကို ထမင်းစားပြီး အိမ်ရှင် ဘိုးတော်က ရုံးက စာရင်းတွေထဲမှာ သွားရှာပါတယ်။ ကျနော်တို့ အိပ်လောက်ပြီလို့ ထင်တဲ့အချိန်မှာပြန်လာပြီး သူ့မိန်းမကို တီးတိုးပြောတာ ကြားပါတယ်။
ဘယ်က ကလေးတွေလည်း မသိပါဘူးကွာ၊ သူတို့ပြောတဲ့ နာမည်တွေလည်း မတွေ့ဘူး။
ကျနော်တို့ကလည်း တိုင်ပင်ထားတာ တခုခုဖြစ်တာနဲ့ ဘေးနားက ချောင်းကို ပြေးပြီး လွတ်လွတ် မလွတ်လွတ် ရေကူးပြေးမယ်ပေါ့။
ဒါပေမယ့် အိမ်ရှင်တွေ အရမ်းကောင်းပါတယ်။ သူတို့မသိတဲ့ လူတွေကို ဘာမှ မဖြစ်စေအောင် သူတို့ အကျိုးအတွက် အသုံးမချခဲ့လို့ပါ။
အဲဒီညတော့ ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ အဲဒါနဲ့ မနက်ခင်းကျတော့ နှစ်ယောက်သားက ဘယ်တော့ပြန်ထွက်ရင် ကောင်းမလဲဆိုတာ ဆွေးနွေးဖြစ်ကြတယ်။ ရောက်ရောက်ချင်း ပြန်ထွက်ရင် ဒီကောင်တွေ ပို မသင်္ကာဖြစ်သွားနိုင်တယ်။

ဒါကြောင့် နောက် ၂ ရက်လောက် အခြေမပျက် ဆက်နေပြီးမှ ဒီကောင်တွေကို ပြောပြီး ပြန်ကြတာပေါ့ ဆိုပြီး နှစ်ယောက် သဘောတူလိုက်ကြတယ်။
အိမ်ရှင်တွေက ကျနော်တို့ကို မသိပေမယ့် တော်တော် သဘောကောင်းပါတယ်။ အဲဒီကာလက ရ၀တဥက္ကဌ ခန့်တယ်ဆိုတာလည်းသူတို့ လူဆိုပေမယ့် အရေးတော်ပုံကလည်း တနှစ်ပြည့်ပြီးခါစပဲ ရှိသေးတယ်ဆိုတော့ သူတို့လည်း သိပ်တော့ သွေးက မနွေးသေးပါဘူး။
နောက် ရွေးကောက်ပွဲလည်းလုပ်မယ် ပြောထားတာဆိုတော့ သူတို့က အဲဒါပြီးရင်တော့ အခြေအနေ အပြောင်းအလဲရှိမယ်လို့ စဉ်းစားကြပုံရပါတယ်။
သူတို့ သားတွေ တပည့်တေကွ လည်း ကျနော်တို့နဲ့ ရွယ်တူဆိုတော့ ပေါင်းရသင်းရတာ တညအတွင်း အဆင်ပြေ သွားပါတယ်။ မနက်ဆိုရင် လက်ဖက်ရည်ဆိုင် သွားထိုင်တယ်။ အဲဒီ လက်ဖက်ရည်ဆိုင်မှာတော့ အမြဲလိုလို မှတ်ပုံတင် သိမ်းထားတဲ့ ထောက်လှမ်းရေးနဲ့ ဆုံဖြစ်ပါတယ်။ သူ့ဝိုင်း သူထိုင်၊ ကိုယ့်ဝိုင်း ကိုယ်ထိုင်ပါ။
အဲဒီ ညနေမှာ ကျနော်ပြောထားတာလည်း ယုတ္တိဖြစ်အောင်၊ နောက် တေ့လွ ည်း တွေ့ချင်တာနဲ့ အီစီကလီမလေးရဲ့ အိမ်ကို သွားလည်ကြတယ်။ အိမ်ရှင်သားနဲ့ သွားတာပါ။ လူနဲ့ နာမည်ပဲသိပြီး လိပ်စာမသိတော့ တော်တော်ရှာရပါတယ်။ သွားတဲ့ အချိန်က ၅ နာရီလောက်ရှိပါပြီ။ အိမ်ရှေ့ရောက်တော့ နာမည်အော်ခေါ်တယ်။ အထဲက အသံပြန်ထက်ွလာတယ်။ ဘယ်သူလဲတ့။ဲ ကျနော် မြင့်ဇေ ပါ ပြောတော့
…. သိတယ်၊ သိတယ်၊ ၀င်လာခဲ့လို့ အော်တယ်။ ၀င်သွားတော့ မ…… ရှိလား ဆိုတော့ ရှိတယ်။ ရေချိုးနေတယ်၊ ထိုင်ဦးလေ.။ သူ့အမက ပြောတယ်။
သိပ်မကြာပါဘူး။ ကျနော့် ပန်းကလေး ထွက်လာပါတယ်။ (အခုတော့ ပန်းကြီးဖြစ်နေပြီပေါ့နော့်) ဟယ်… ဘာလာလုပ်တာလဲ၊ ဘယ်လောက်ကြာအောင်နေမှာလဲ၊ လဲပေါင်းများစွာ။ ကျနော်လည်း စိတ်မကောင်းခြင်းကြီးစွာနဲ့ လိမ်ရပါတော့တယ်။ အလည်လာတဲ့ အကြောင်း၊ မကြာခင် ပြန်မယ့်အကြောင်း၊ ကျောင်းပိတ်လို့ မြန်မာပြည် တပတ်လုံး လျှောက်လည်တဲ့ အကြောင်း၊ သူကတော့ တသြော်သြော်နဲ့။ ဒါပေမယ့် ယုံပုံ မရပါဘူး။ ကျနော် ရှစ်လေးလုံးတုံးက လုပ်ဆောင်ခဲ့တာတွေ သူသိတာကိုး။
ဒါနဲ့ လာလည်တယ်ဆိုရင် ကြာအင်းသွားလည်မယ်လို့ သူက ပြောတယ်။ ကျနော်ကတော့ မလည်တော့ဘူးလို့ ပြန်ပြောဖြစ်လိုက်တယ်။
သန်ဘက်ခါ ပြန်မယ်ဆိုတာလည်း တခါတည်း အသိပေးလိုက်တယ်။ တောထဲရောက်မှ သိရတာက ကြာအင်းရောက်ရင် (အဲဒိအချိန်က)
တောထဲရောက်ပြီ။ နောက်တခု ထပ်သိရတာက ကောင်မလေးရဲ့ ဦးလေးတယောက်က ကေအဲန်ယူက တပ်မှူးတဦးဆိုတာကိုပါ။ ဒါနဲ့ စကားစမြည် နည်းနည်း ထပ်ပြောပြီး ပြန်လာခဲ့တယ်။
နောက်နေ့ကျတော့ ကျနော်တို့ ထောက်လှမ်းရေးကို သွားတွေ့တယ်။ မနက်ဖြန် ပြန်မယ်၊ မှတ်ပုံတင် ပြန်ပေးပါ။ ဆိုပြီး။ အဲဒါနဲ့ ဒီကောင်တွေက သဘောင်္ဆိပ်ကျမှ လာပေးမယ်လို့ ဆိုတယ်။ အဲဒါနဲ့ ပြန်မယ့်နေ့ရောက်တော့ သဘောင်္ဆိပ်အဆင်းမှာ ကောင်မလေးနဲ့ သူ့အမကလာ နှုတ်ဆက်တယ်။ ကြာကြာ မနေသွားလို့လည်း စိတ်မကောင်း ဖြစ်နေပုံရတယ်။ နှုတ်ဆက်စကားပြောပြီး သဘောင်္ပေါ်တက်လာခဲ့တယ်။ ဥသြတခါဆွဲတော့မှ ကိုရွှေထောက်လှမ်းရေးများ တက်လာပြီး မှတ်ပုံတင်လာပေးတယ်။ မင်းတို့ အိမ်ကို တန်းပြန်လို့လည်း ပြောသေးတယ်။ ဟုတ်ကဲ့ ပြန်မှာပါ၊ ကျေးဇူးပါပဲ အကိုတို့ ဘာတို့ အာပလာ လုပ်လိုက်ရသေးတယ်။ သဘောင်္စထွက်တော့ ကမ်းပေါ်ကလက်ပြနေသူတွေက အများကြီး.. အဲဒီထဲက လက်ဖ၀ါးလေးတခုတည်းကိုပဲ ကျနော်က ရွေးမြင်နေမိတယ်။
သဘောင်္ဆိပ်ကမ်းက ခွာပြီးထွက်လာတာ ခရီးရဲ့ တ၀က်ဖြစ်တဲ့ ချောင်းနှစ်ခွကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သဘောင်္ပေါ်က ဆင်းပြီးမုဒုံကို ဖြတ်လို့ ဖားအောက်ကို နောက်တခေါက် ထပ်ရောက်သွားပါတော့တယ်။ အရင် တည်းတဲ့အိမ်မှာ စောင့်နေတဲ့ ရဲဘော်တွေကလည်း ကျနော် ပြန်ပါလာတာတွေ့တော့ အံ့အားသင့် သွားကြပုံ ရတယ်။ သူတို့ကတော့ ရောက်လောက်ပြီ ထင်နေတာလေ။ အဲဒါနဲ့သူတို့ကို အဖြစ်အပျက် ရှင်းပြတော့ ထပ်ဝေဖန်ကြရော၊ ဒါ မှတ်ပုံတင်ပျောက်လို့ ဖြစ်တာဆိုပြီး။ ကျနော်ကတော့ ပြန်ပြောတယ်။ ဒေါသလည်း နည်းနည်း ထွက်သွားတယ်။ တမင်သက်သက် လုပ်ပျောက်တယ်ဆိုရင်တော့ ဝေဖန်မှုက ပြဿနာမရှိပါ။ ဒါပေမယ့် အခုဟာ မတော်တဆအဖြစ်အပျက်ကြောင့် ပျောက်ရှသွားတာကိုတော့ ဒီလောက် ဝေဖန်နေရင်တော့ မဟုတ်တော့ဘူးလို့ ပြန်ပြောလိုက်တယ်။
အဲဒီအတွက်လည်း ပထမတကြိမ် ဝေဖန်ပြီး သွားပြီပဲ။ အခုလုပ်ရမှာက ဘယ်လိုဆက်သွားမလဲဆိုတာကို ဆွေးနွေးဖို့ ဖြစ်တယ်လို့ ပြောလိုက်မှ နည်းနည်း ငြိမ်သွားကြတယ်။
အဲဒါနဲ့ သွားရမယ့် လမ်းကြောင်းကို ပြန်တွက်တော့ ကြာအင်းလမ်းကတော့ လုံးဝ အခြေအနေ မကောင်းဘူး။ ဒါကြောင့် ကျနော်တို့တည်းတဲ့ အိမ်က ဘိုးတော်နဲ့ တိုင်ပင်တော့ သူက ရေးကို မီးရထားနဲ့ သွားဖို့ အကြံပေးတယ်။ ရေးမရောက်ခင်မှာ လမိုင်းဘူတာ ဆိုတာရှိတယ်။ အဲဒီမှာ သူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် လူငယ်တယောက် ရှိတယ်ပေါ့။ ပြီးတော့ အဲဒီလူကလည်း ထိုင်းဘက်သွားတဲ့ လူတွေနဲ့ ရင်းနှီးတာကြောင့် အဲဒီ လူဆီကို စာရေးပေးမယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် တောခိုမယ့်အကြောင်း မပြောနဲ့လို့ ဆိုတယ်။
ဟုတ်ကဲ့ပါ။
ကဲလမ်းကြောင်းကတော့ ရပြီ။ ဒါပေမယ့် ကြာအင်းခရီးစဉ်မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ ၆၀၀ ဟာ လုံးဝ မရှိတော့ဘူး။ အဲဒါကြောင့် ခရီးစရိတ်ဘယ်နှယ့်လုပ်ရပ အားလုံးဝိုင်း စဉ်းစားကြတယ်။ ရှိတဲ့ ပိုက်ဆံက လမိုင်းလောက်ဘဲ ရမယ်။ ဘုရားသုံးဆူသွားဘို့ကတော့ ဝေလာ ဝေးပေါ့။ အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ဘွားခနဲ ရောက် လာတယ်။ ပဲခူးအနောက်ခြမ်းက ကိုလင်း (ယခု ဖင်လန်တွင် နေထိုင်လျှက်ရှိ) ပါ။ သူလည်း ရှောင်လာတာပါ။ ဒါပေမယ့် ခဏရှောင်ပြီး ပြည်တွင်းမှာ ဆက်လုပ်ဦးမယ်လို့ ဆိုတော့ …သူလည်း ဆက်နေဘို မလွယ်တဲ့ အကြောင်း ဆွေးနွေးရပါတယ်။ အဲဒါနဲ့ သူလည်း လိုက်မယ်ကွာဆိုပြီးပြောတော့ ကျနော်အတွက် ခရီးသွားဖော် အဖြစ်ရော၊ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်ရဲဘက် တဦးအဖြစ်ပါ အဆင်ပြေသွားပါတယ်။ နောက်တခုက လမ်းစရိတ် အဆင်ပြေသွားပါတယ်။သူ့မှာ ရွှေဆွဲကြိုးပါလာတော့ အဲဒါကို လိုအပ်တဲ့အခါ ထုမယ်ပေါ့။
ဒါနဲ့ နောက်တရက်မှာ ကျနော်တို့ မော်လမြိုင်ရေးရထားနဲ့ ထွက်လာကြတယ်။ ရထားကတော့ ကျပ်လွန်းလှပါတယ်။ ကိုယ်မရောက်ဘူးတဲ့ ဒေသဆိုတော့ ဆိုင်းဘုတ်တခုချင်း ဖတ်ပြီး ရောက်မယ့် ဘူတာကို တမေးတည်း မေးရတော့တယ်။ နောက် စိုးလည်း စိုးရိမ်နေမိတယ်။ ကိုယ်တည်းမယ့် အိမ်ကရော အဆင်ပြေပါ့ မလား။
လမိုင်းဘူတာရောက်တော့ ညနေ ၃ နာရီလောက် ရှိပါပြီ။ အဲဒါနဲ့ ကိုလင်းက ကျနော့်ကို တည်းမယ့် အိမ်လိုက်ပို့တယ်။ ကို….. ရှိပါသလားဆိုတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ထွက်လာပြီး ကျနော်ပါဘဲလို့ ပြောတယ်။ အဲဒါနဲ့ ဖားအောက်က ထည့်ပေးလိုက်တဲ့ စာကိုထုတ်ပေးတော့ စာဖတ်ပြီး လာ.. လာ.. အိမ်ထဲဝင်ပါ ပြောတယ်။ ပြီးတော့ ထိုင်းကို ဘာသွားလုပ်မှာလဲ မေးတော့ ထိုင်းမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြန်ပြောလိုက်တယ်။ ဒါဆို ဒီအိမ်ကနေပြီး တပတ်လောက် စောင့်ပါ။ လူကြုံရှိရင် ထည့်ပေးပါ့မယ်ဆိုတော့ ကိုလင်းက နှုတ်ဆက်ပြီး ထွက်သွားတယ်။ သူက မော့ဂနင်းရွာမှာ သွားတည်းမှာပါ။ ခရီးသွားဖို့ အဆင်ပြေမှ လှမ်းအကြောင်းကြားမယ်ပေါ့။ ဒါကလည်း လုံခြုံရေးအရ ခွဲတည်းကြတာပါ။
ညနေ ထမင်းစားသောက်ပြီး အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း ကိုလင်း ရုတ်တရက် ပြန်ရောက်လာတယ်။ ဘာများဖြစ်လို့လဲပေါ့။ ဘာမှဖြစ်တာမဟုတ်ဘူး။ သူသွားတည်းမယ့် အိမ်က အိမ်ရှင်တွေမရှိလို့ ပြန်လာတာ။ အဲဒါနဲ့ အိမ်ပိုင်ရှင် အကိုက ဒီမှာဘဲတည်းပါ။ နှစ်ယောက်တည်းလည်း အားနာစရာ မလိုဘူး။ အကိုကြီး အသိတွေဘဲလို့ ပြောတာနဲ့ နှစ်ယောက်သား တည်းဖြစ်သွားတယ်။
ဒီလိုနဲ့ စက်တင်ဘာထဲကို ၀င်လာတယ်။ အိမ်ရှင်အကိုလည်း ထိုင်းဘက်သွားမယ့် ကုန်သည်အဖွဲ့ စုံစမ်းတာက မရသေးဘူး။ တပတ်ကျော်သွားပြီ။ ကျနော်တို့လည်း အားနာလာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အခက် အခဲန့ကဲိုယ်မဟုတ်လား။ ကျိတ်မှိတ်ပြီးနေနေရတယ်။ တနေ့ကျတော့ အိမ်ရှင်အကိုက ပြောတယ်။ ညီတို့ ဒီအချိန် မိုးတွင်းမျိုးက သွားတဲ့ လူရှားတယ်။ အဲဒါကြောင့် မင်းတို့ခဏ အိမ်ပြန်လိုက်။ မိုးတွင်းကုန်ရင် ပြန်လာခဲ့။ အကို ရအောင်ပို့ပေးမယ် ဆိုတယ်။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်တည်း သီးသန့်တိုင်ပင်ကြတယ်။ အခြေအနေကတော့ မထူးတော့ဘူး။ သွားမယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းမယ်လို့ဆုံးဖြတ်လိုက်တယ်။
ဆုံးဖြတ်ပြီး ကိုလင်းက အိမ်ရှင်အကိုကို အကျိုးအကြောင်း စကားပြောတယ်။ ကျနော်က ဘေးနားမှာ ထိုင်လို့။ တောခိုဘို့လာတဲ့ အကြောင်း ပြောလိုက်တော့ အိမ်ရှင်အကိုက ပြူးပြူးပျာပျာ ဖြစ်သွားတယ်။ ကျနော်တို့လည်း ငိုပြရတော့တာပေါ့။ သူတို့ကလည်း နိုင်ငံရေးအကြောင်းမသိတဲ့ သာမန်အရပ်သားတွေဆိုတော့ လန့်တာပေါ့။ သူက မေးတယ်။ ညီလေးတို့က ခေါင်းဆောင်တွေလား ဆိုပြီး။ ကျနော်တို့လည်း မဟုတ်ရကြောင်း နောက်လိုက်များသာ ဖြစ်ကြောင်းပေါ့။ ဒါပေမယ့် လိုက်ဖမ်းနေတဲ့ အတွက်ကြောင့် လာခြင်း ဖြစ်ကြောင်းပြန်ရှင်းပြရတာပေါ့။ အဲဒီမှာတင် ပိုဆိုးသွားတော့တယ်။
ကျနော်တို့က သာမန်ဆိုရင် ဖမ်းမှာ မဟုတ်ဘူးပေါ့ဗျာ။ ဒါဆိုရင် လိုက်ဖမ်းတယ်ဆိုတာ အရေးအခင်းတုန်းက ခေါင်းဖြတ်တဲ့ထဲ ပါလား လို့ မေးပြန်တယ်။ ကျနော်တို့လည်း ရယ်ချင်ပေမယ့် မရယ်ဖြစ်ဘူး။ ခေါင်းဖြတ်ဖို့ မပြောပါနဲ့။ ရန်တောင် မဖြစ်ရဲပါဘူး ဆိုတော့ သူကဒါဆို အိမ်ပြန်ပြီး ရှင်းပြလိုက်ပါ။ အေးအေးဆေးဆေး ပြန်နေပါလို့ ဆိုပြန်တယ်။ အဲဒါနဲ့ ကျနော်တို့က ငိုပြ၊ သူ့ခမျာမှာလည်း အကျပ်ရိုက်ပေါ့။ ဒါနဲ့ ကျနော်တို့က ရှင်းပြတယ်။ မကြာခင် ရွေးကောက်ပွဲ ပြီးသွားရင် (၁၉၉၀ ရွေးကောက်ပွဲကို ဆိုလိုတာပါ) ပါတီတခုခု အနိုင်ရမှာ ဖြစ်တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။ အခုဟာက အဖမ်းမခံချင်လို့ပါ ဆိုတော့ သူနည်းနည်း တွေတွေဝေေ၀ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသုံးဆူသွားတဲ့ လမ်းကြောင်းပေါ်မှာ သူ့ ကရင်သူငယ်ချင်း ဆင်သမားတွေရှိကြောင်း၊ အဲဒီကို ပို့ထားပေးမယ်၊ အားလုံး အဆင်ပြေသွားတဲ့ အချိန်ကျမှ အိမ်ပြန်ပေါ့လို့ ဆိုပါတယ်။ ကျနော်တို့က သုံးရက်လောက်အချိန်ပေးပါ။ ကြားမှာကျနော်တို့လည်း လူကြုံစုံစမ်းမယ်။ အကိုလည်း စုံစမ်းပေးပါ။ သုံးရက်မှ မဖြစ်ရင်တော့ ကျနော်တို့ အကို ပေးတဲ့ အကြံအတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြန်ပြောတယ်။ အမှန်က အဲဒီ ဆင်သမားတွေဆီ သွားနေရင်လည်း တောထဲရောက်မှာပါ။ ဒါနဲ့ သူကလည်း အိုကေ လို့ပြန်ပြောတယ်။
သုံးရက်အတွင်း ကျနော်နဲ့ ကိုလင်း နှစ်ယောက်သား ရင်းနှီးပြီးသား ဒေသခံလူငယ်တွေကို ရသလောက် မေးမြန်းရတာပေါ့။
နှစ်ရက်ကြာတဲ့ ညမှာ ကျနော်တို့ နေတဲ့ အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေ သတင်းတခု ရလာတယ်။ ကုန်သည်အဖွဲ့ တဖွဲ့ ဘုရားသုံးဆူဘက်တက်ဖို့ ရှိတယ်။ သန်ဘက်ခါလို့ ဆိုတယ်။ အဲဒါနဲ့ အိမ်ရှင် အကိုကို အဲဒီ သတင်းပြောပြတော့ သူသွားစုံစမ်းကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ သန်ဘက်ခါမနက် ငါးနာရီ ထွက်မယ် ပြင်ထားပါလို့ ဆိုတယ်။ နောက်နေ့ မနက်ကျတော့ ခရီးစဉ်မှာ လိုအပ်တာတွေ ၀ယ်ဘို့အတွက် ကိုလင်းရဲ့ ဆွဲကြိုးလေးဟာ ဆိုင်ရောက်သွားပါတယ်။ နောက်ခရီးထွက်ဖို့အတွက် ပြင်ဆင်ပေါ့။ ကိုလင်းက ငါးခြောက်၊ ဆေးလိပ်၊ ကြက်သွန်၊ဆား စသဖြင့် သယ်၊ ကျနော်ကတော့ လူနှစ်ယောက်စာအတွက် ဆန်ပေါ့မထွက်ခင်ညဘက် အိမ်ရှင်အကိုက ကြက်သားဟင်းနဲ့ ကျွေးပြီး စကားတော်တော်ပြောတယ်။ အတူနေတာ နည်းနည်းကြာသွားတာလည်း ပါတယ်။ နောက် တောထဲမှာ တခုခုဖြစ်တာကို စိုးရိမ်တာလည်း ပါပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ပြန်လာဖို့ကို တဖွဖွမှာတယ်။
တောထဲမှာ အဆင်မပြေဖြစ်ရင် ပြန်လာဘို့ကို ပြောတယ်။ နောက် သူကိုယ်တိုင်လည်း စစ်တပ်ကို မကြိုက်တဲ့အကြောင်း၊ ဒါပေမယ့် နိုင်ငံရေးကို နားမလည်လို့၊ မပတ်သက်ချင်လို့ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တယ်။
မနက်ကျတော့ အိမ်ရှင်အကိုက လေးနာရီလောက်လာနှိုးတယ်။ ထမင်းစားသောက်ပြီး ထမင်းထုတ် ထုတ်ပေးတယ်။ ပြီးတော့ ကုန်သည်အုပ်စု စောင့်နေတဲ့ ရွာအပြင်က လမ်းဆုံလေးကို လိုက်ပို့တယ်။ ကုန်သည်အဖွဲ့ရောက် လာတော့ ကျနော်တို့က အလုပ်သွားလုပ်မယ်ဆိုတဲ့ အကြောင်း၊ သေသေချာချာ လမ်းမှာ ဂရုစိုက်ပေးပါဆိုပြီး တဖွဖွမှာတယ်။ ကျနော်တို့ကိုလည်း သူပြောတာ၊ မှာတာတွေကို မမေ့ဘို့အကြောင်း ပြောပြီး ပြန်သွားတယ်။
အိမ်ရှင်အကိုရဲ့ ကျေးဇူးဟာ ကြီးလှပါတယ်။ သူသာ စိုးရိမ်ပြီး နယ်မြေခံတပ်တို့၊ ရဲတို့ကို တိုင်လိုက်ရင် ဒါမှမဟုတ် သူ့အိမ်ကနေ ကျနော်တို့အကြောင်း သိသိချင်း မနေခိုင်းတော့ရင် တကယ့်ကို အကျပ်ဆိုက်မှာပါ။ သူစိုးရိမ်ပေမယ့် ကျနော်တို့ သွားလို့ ရအောင်လုပ်ပေးတာကိုက သာမန်လူတယောက်ရဲ့ မသိစိတ်ထဲမှာတောင် စစ်တပ်ကိုအလိုလို ဆန့်ကျင်နေတာကြောင့် ဖြစ်မယ်လို့ ကျနော် တွေးထင်မိပါတယ်။ အဲဒီမှာတင် ကုန်သည်အုပ်စုက သွားမယ်၊ မော့ဂနင်ကို မိုးစင်စင် မလင်းခင် ဖြတ်မှရမယ်လို့ ပြောတာနဲ့ ကျနော်တို့ စထွက်လာကြတော့တယ်။ အရှေ့မှာတော့ အရုဏ်ပျိုးလုလု…။
မော့ဂနင် တပ်ကုန်းက စီးမြင်နေရတဲ့ ရေး ထားဝယ်ကားလမ်းကိုကျနော်တို့ အလျင်အမြန် ဖြတ်ပြီးတော့ ငါးနာရီခွဲလောက်ပါပြီ။

ကျနော်တို့ လိုက်လာတဲ့ ကုန်သည်အုပ်က အတော်များပြားပါတယ်။ အသော့နှင်လိုက်ကြတာ ကျနော်လည်း ရွာအမည်တွေ မမှတ်မိတော့ပါ။ တရွာနဲ့ တရွာက တခါတလေ နီးလိုက်၊ တခါတလေ ဝေးလိုက်ပါ။ မိုးတွင်းနှောင်းပိုင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ တောင်ပိုင်းးဖြစ်တာကြောင့် မိုးကရွာဆဲ။ ဒါကြောင့် ရေစီးနေတဲ့ ချောင်းလတ်၊ ချောင်းသေးတွေ အကြိမ်ကြိမ်ဖြတ်၊ ချောင်းကြီးတေကျွရင် ကမ်းပါးတွေကိုကုတ်ကတ်တွယ် တက်ပြီး ကူးရပါတယ်။ ပုဆိုးထဲမှာ ကျောပိုးအိတ်ကို ထည့်ပြီး ခေါင်းပိုးလွယ်။ ပြီးတော့ ဘောကန် ဘောင်းဘီတို ကျပ်ကျပ်နဲ့ တရစပ်လျှောက်လိုက်ရတာ နေ့လည်စာ ချက်စားမယ်ဆိုတဲ့ ရွာရောက်တဲ့ အထိပါဘဲ။ ကျနော်ကတော့ ဟောဟဲ လိုက်နေပါပြီ။
ကိုလင်းက ခန္ဓာကိုယ်အရရော၊ အတွေ့အကြုံအရပါ ကျနော့်ထက် တောင့်တင်းတော့ ကျန်တ့လဲူတေနွဲ့ အမှီလိုက်နိုင်တယ်။ ကျနော်ကတော့ အမျိုးသမီးများတဲ့ အဖွဲ့နဲ့နောက်မှာ ကျန်ရစ်ခဲ့တယ်။
နောက်မှ သိရတာက ကျနော်တို့နဲ့ အတူပါလာတဲ့ ကုန်သည်အုပ်က တဖဲ့တွ ည်း မဟုတ်ဘူး။ အစုအဖွဲ့တွေနဲ့ လာကြတာ။ နေ့လည်စာထမင်းစားပြီးတော့ ကိုလင်းနဲ့ အတူလျှောက်နေတဲ့ အဖွဲ့က ဆက်ထွက်သွားတော့ ကိုလင်းက ညကျမှ အိပ်တ့ေဲ နရာမှာ တွေ့မယ်လို့ ပြောသွားတယ်။ မင်းတော့ ဖြည်းဖြည်းဘဲ ဒီကုန်သည် အဒေါ်တွေနဲ့ လိုက်ခဲ့ပေါ့လို့ ပြောပြီးထွက်သွားတယ်။
ကျနော်တို့ ဆက်ထွက်လာတာ ချောင်း လတ်လတ်တခု စီးနေတဲ့ လယ်ကွင်းသေးသေးတခုကို ရောက်သွားတယ်။ တော်တော်ကြီးတဲ့လယ်တဲလေး တလုံးရှိတယ်။ ဒီည ဒီမှာ အိပ်မယ်လို့ ပြောတော့ လူက ထိတ်ခနဲ ဖြစ်သွားတယ်။ အရှေ့က အဖွဲ့ကို အမှီမလိုက်တော့ဘူးလား အဒေါ်လို့ မေးတော့ သူတို့နဲ့ ငါတို့အဖွဲ့နဲ့က တူတာမဟုတ်ဘူးတဲ့။ ဘာမှ မပူပါနဲ့ ဘုရားသုံးဆူကျရင် နင့်သူငယ်ချင်းနဲ့ ပြန်ဆုံမှာပါလို့ အဒေါ်ကြီးက ပြန်ပြောတယ်။ ဟုတ်ကဲ့ သာ ပြန်ပြောလိုက်ရတယ်။ လူ့မှာတော့ စိုး တထင့်ထင့်ပါ။ ကျနော့် ပိုးအိတ်ထဲမှာက ဆန်နဲ့ငါးခြောက်၊ ကြက်သွန်နီ ပဲ ပါတယ်။ ကျန်တဲ့ ဆေးလိပ်တို့ ဘာတို့ အားလုံးက ကိုလင်းနဲ့ ပါသွားပြီ။ ကဲအခုမှတော့ပေါက်တဲ့နဖူး မထူးတော့ပါဘူးဆိုပြီး ချောင်းထဲ ရေသွားစိမ်ပြီး နေလိုက်တယ်။
ထမင်းစားသောက်ပြီး ဆေးလိပ်သောက်ချင်လာတော့ ဆေးလိပ်လည်း မရှိဘူး။ အဲဒီမှာတင် ပွတ်ချွန်းနဲ့ စတွေ့တော့တာပါဘဲ။ ဆေးရွက်ကြီးတွေကို အမျှင်လေးတွေ ဖြစ်အောင်လှီးထားပြီး သတင်းစာစက္ကူနဲ့ လိပ်သောက်ရတဲ့ ပွတ်ချွန်းကို အဲဒီမှာ စဖွာရတော့တာပါဘဲ။
အဒေါ်ကြီး ငှားလာတဲ့ ကုန်ထမ်း အငှားသမားတွေလည်း ကုန်ထမ်းရ၊ ချက်ပြုတ်ရတဲ့ အပြင် ကျနော့်ကို ပွတ်ချွန်းလိပ်ပေးရတဲ့ အလုပ်ကိုပါ အပိုဆောင်း လုပ်ပေးခဲ့ရတယ်။
လမ်းမလျှောက်ဘူးတော့ နောက်နေ့မှာ ဘယ်လိုမှ လျှောက်ချင်စိတ် မရှိတော့အောင်ကို ဖြစ်ပေမယ့် လျှောက်မှ ရောက်မယ့်အဖြစ်မို့ဆက်လျှောက်ခဲ့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ အုပ်စုထဲမှာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်မယ့် ခပ်ငယ်ငယ် မိသားစုတစုလည်း ပါတယ်။
သားအမိ သားအဖ သုံးယောက်ပါ။ ယောင်္ကျားဖြစ်သူက ကျနော့်ကို အမြဲ စောင့်စောင့် ခေါ်တယ်။ ကျနော်ကလည်း ကိုယ့်ကြောင့်ခရီးနှောင့်နှေးမှာ စိုးပြီး မှီအောင်တော့ အမြဲလိုက်လာခဲ့ပါတယ်။ အဲဒီ မိသားစုနဲ့ တော်တော်လေးလည်း ခင်သွားတယ်။ သွားနေရင်း တရက်မှာ အုန်းထမင်း စားလိုက်ရသေးတယ်။ နေ့လည်ဘက် ရွာလေးတရွာမှာ ၀င်နားတုန်း အဒေါ်ကြီးက ကြက်တကောင်ရတယ်ဆိုပြီးအုန်းသီးခူးခိုင်းပြီး အုန်းထမင်းချက်တာ၊အဲဒီရွာမှာဘဲသူပုန်လို့ပြည်မကခေါ်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကတပ်သား သုံးလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို ပြောပြီးနေခ့ရဲ င် ရပေမယ့် ကိုလင်းနဲ့လည်း တွေ့ချင်တာကြောင့် ဘာမှမပြောဘဲ ဆက်လာခဲ့တယ်။
သုံးရက်မြောက်နေ့ မနက်ပိုင်းကျတော့ ဇမိ မြစ်ကမ်းပါးကို ကျနော်တို့ ရောက်ခဲ့ပါပြီ။ အဲဒီကနေ လှေစီးပြီး သွားရမှာပါ။ ကျနော့်မှာတော့အခက်ကြုံရပြန်ပြီ။ ကိုလင်းနဲ့အတူ ငွေတွေအားလုံး ပါသွားခဲ့တာကြောင့် လှေစီးဘို့ မပြောနဲ့ ဆေးလိပ်ဖိုးတောင်မှ မရှိလို့ ပွတ်ချွန်းသောက်ခဲ့ရတာ မဟုတ်လား။ လှေစောင့်နေတဲ့ အဒေါ်ကြီးနားကို သွားပြီး လှေခစိုက်ထားဖို့အကြောင်း၊ ဘုရားသုံးဆူ ရောက်မှ ပြန်ပေးမယ် ဆိုတဲ့အကြောင်း ပြောတော့ သူက ဟက်ဟက်ပက်ပက် ရီပါတယ်။
`ငါသိပါတယ်.. ကောင်လေးရဲ့၊ ကျန်တဲ့လူတွေလည်း သိကြတယ်။ ပြန်မပေးလည်း ပြဿနာ မရှိဘူး။ နင်တို့ကို စတွေ့ကတည်းက အလုပ်သွားလုပ်မယ့် လူတွေ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တောခိုလာတဲ့ ကျောင်းသားတွေမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီအထိနင့်အဖော်မရှိတာတောင် ကောင်းကောင်းမွန်မွန် ခေါ်လာတာပေါ့။ ဟိုရောက်မှ အဆင်ပြေလည်း ပေး၊ မပြေလည်း မပေးနဲ့။ တောခိုမယ့်ကျောင်းသားတွေကို ငါခေါ်ခေါ်လာပေးတာ မနည်းတော့ပါဘူး။´လို့ ပြန်ပြောတော့ ၀မ်းလည်းဝမ်းသာသွားတယ်။ ရှက်လည်း ရှက်သွားတယ်။ ကိုယ့်မှာတော့ အလုပ်သွားလုပ်မယ်ဆိုပြီး ဟန်တွေပန်တွေ လုပ်နေရတာ။ သူတို့အားလုံးက သိနေခဲ့ပါလား ဆိုပြီး၊ နောက်တခုကလူထုရဲ့ တရားကို မြင်ရလို့ပါ။ အာဏာရှင်ကို ဆန့်ကျင်ဘို့အတွက်မှာ အပြည့်အ၀ မပါဝင်နိုင်သေးပေမယ့် တတ်နိုင်တဲ့ ဘက်က ၀ိုင်းလုပ်နေပါလား ဆိုတာကို ကျနော် မြင်ရလို့ပါ။ အဲဒီမှာ စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ လှေပေါ်တက်ပြီး ထွက်ခဲ့တယ်။
မြစ်သာဆိုတယ်။ ချောင်းကျယ်တခုလောက်ပါဘဲ။ တောင်ဆင်ခြေလျောတလျှောက် ရေဆင်း လာတာဆိုတော့ ရေဆန်က အရမ်းပင်ပန်းတယ်။ စက်လှေနဲ့ တက်ပေမယ့်လည်း တချို့နေရာတွေမှာလူတွေ ဆင်းတွန်းရတယ်။ ရေက ကြည်လင်လွန်းနေပြီး အနက်က ဒူးဆစ်သာသာလောက်ဘဲ။ ချောင်းလယ်နဲ့ ကမ်းပါးဘေး ကျောက်ဆောင်တွေကြားမှာ မိုးမခပင်တွေ။ တခါတလေ ရေအားသန်တဲ့ နေရာတွေကျရင် လှေပေါ်ပါတဲ့ လူအားလုံး မိုးမခပင်တွေကို ဆွဲထား၊ ပြီး ညာသံပေးပြီး လှုပ်ပေးကြ။ အဲဒါမှ မရရင် ဆင်းတွန်းကြနဲ့ ပွဲတော်တခုကိုသွားနေကြသလို ပါဘဲ။
လှေ နှစ်နာရီခွဲ၊ သုံးနာရီ သာသာလောက် စီးပြီးတော့ ချောင်းဆုံကို ရောက်ပါပြီ။ ချောင်းဆုံမှာက မွန်ပြည်သစ်ပါတီရဲ့ တပ်တွေရှိတယ်။
ကုန်သည်တွေ အ၀င်အထွက် အရမ်းများတယ်။ လှေကပ်ပြီး အပေါ်ကို မော့ကြည့်တော့ တဲတလုံးရဲ့ ၀ရန်တာမှာ ကိုလင်း ထိုင်နေတာတေ့ရွ တယ်။ သူ့တေ့ွေ တာ့ တော်တော်လည်း ပျော်သွားတယ်။ အဲဒါနဲ့ ကိုလင်းဆီက ငွေတောင်းပြီး အဒေါ်ကြီးကို ပေးတော့အဒေါ်ကြီးက မယူပါဘူး။ ဒါပေမယ့် အတင်းပေးတော့မှ ယူတယ်။ နောက် ဆုပေးတယ်။ ဘေးမထိ ရန်မခပါစေကြောင်း ဆိုပြီး။ သူတို့ကအဲဒီမှာ နေခဲ့ဦးမယ်လေ။ ဒါနဲ့ အားလုံးကိုနှုတ်ဆက်ပြီး ဘုရားသုံးဆူကို ရောက်မယ့် လမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။(နောက်ပိုင်းအဒေါ်ကြီးနဲ့ ရော၊ ဟိုမိသားစုလေးနဲ့ပါ ဆုံဖြစ်ပါသေးတယ်။ ဘုရားသုံးဆူ မကျခင်အထိ)ဘုရားသုံးဆူရောက်တော့ ကရင် မွန်ပူးတွဲကော်မတီ အခြေစိုက်တဲ့ ရုံးရှိရာကို သွားတော့ တောခိုလာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်က လာနှုတ်ဆက်တယ်။ ပြီးတော့ ကျနော်တို့ကို တပ်ရင်းအခြေစိုက်ရာကို ခေါ်သွားတယ်။ ထိုင်းမြေကို ဖြတ်ရတာမို့ ကားစီးလာခဲ့ရတယ်။ ဘုရားသုံးဆူဈေးကိုလည်း ခဏဘဲ ကြည့်ဖြစ်တယ်။ ကားပေါ်ကနေပါ။ ကားကို ၁၅ မိနစ်လောက် စီးလာတော့ နမ့်ကိတ်ဆိုတဲ့ နေရာကို ရောက်သွားတယ်။ ထိုင်းမြန်မာနယ်နိမိတ်ကိုအဲဒီနေရာမှာ ကားလမ်းနဲ့ပိုင်းထားတာပါ။ မြန်မာမြေဘက် ပြန်ကူးပြီး ၁၅ မိနစ်လောက် ထပ်လျှောက်တော့ အော်သံတချို့ကို ခပ်အုပ်အုပ်ကြားရတယ်။ သေချာနားထောင်ကြည့်တော့`ဘာလုပ်နေလဲ ၊ လေ့ကျင့်နေတယ်´`ဘာစိတ်ဓာတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓာတ်´ ဆိုတာပါဘဲ။
ပြီးတော့ ခွပ်ဒေါင်းအလံစိုက်ထားတဲ့ ကင်းဂိတ်တခုနဲ့ ကင်းစောင့်နေတဲ့ စစ်ဝတ်စုံ ၀တ်ထားတဲ့ သူရဲ့ ရင်ဘတ်မှာ ကျောင်းသားတပ်မတော် ဆိုတဲ့ ရင်ဘတ်တံဆိပ်ကို တွေ့လိုက်ရပါတယ်။ သေချာပါပြီ။

ကျနော် မျှော်မှန်း ရည်ရွယ် လှမ်းလျှောက်ခဲ့တဲ့ ခရီးလမ်းဆုံးကိုရောက်ခဲ့ပါပြီ။ ဒါပေမယ့် အမေ့အိမ်က ထွက်လာတဲ့ ခရီးအတွက် လမ်းဆုံးပန်းတိုင်ဖြစ်ပေမယ့် တော်လှန်ရေး ပြောက်ကြား ရဲဘော်တဦးရဲ့ ဘ၀အတွက်တော့ အစပြုရာပါ။ ။

(ပြီး)
ကျဆုံး ကွယ်လွန်သွားသည့် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဌ (၈၈ ကာလ)ကိုနေလ၊
မကဒတ ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် မြင့်အောင်၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ၀ထ္ထုများအား ပွင့်သစ် (ကရိန်ကန်)၊ မြင့်ဇေ စသည့် ကလောင်အမည်များဖြင့် ရေးသားခဲ့သူ၊ ဘလော့ခ်ဂါ ကိုဖိုးဇေ အား ဂုဏ်ပြုသောအားဖြင့် သူရေးသားထားသည့် အက်ဆေးတပုဒ်အား ဖေါ်ပြလိုက်ပါသည်။

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ www.nguyinpyin.net မှ ကူးယူတင်ပြပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

အကြွေစောတဲ့ ပွင့်သစ်သို့



ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -

မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …

ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -

ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။

( ၀င်းတင့်ထွန်း )
၂၀-၁၁-၂၀၀၈
( ၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့- ပွင့်သစ်(ကရိန်ကန်) သို့ … )

မှတ်ချက် ။ ။ http://www.hinlinpyin.blogspot.com/ မှ ကူးယူ တင်ပြပါသည် ။

လက်ရှိတော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်ရင်း ကြွေလွင့်သွားရရှာတဲ့
ရဲဘော်ကြီး ဂုရု ........ ကောင်းရာသုဂတိ လားပါစေ .......... ။

နော်မန်

အပြည့်အစုံ ဖတ်ရန် ...

Monday, November 17, 2008

နအဖရဲ့ နျူကလီးယားအိပ်မက်

နအဖရဲ့ ရည်မှန်းချက်ပန်းတိုင်
ဗမာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်အောင် ကြိုး ပမ်းမယ်လို့ ဗမာစစ်အစိုးရရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဆိုသူ ဦးသောင်းက ၂၀၀၁ ခု မေလအတွင်းက ရန်ကုန်မှာရှိတဲ့ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ထ မြောက်သွားရင် နအဖစစ်အုပ်စုဟာ အရှေ့တောင်အာရှမှာ စစ်အင်အားအတောင့်ဆုံးနိုင်ငံ ဖြစ်သွားပါလိမ့် မယ်။ ဗမာပြည်ဟာလည်း "စတုတ္ထမြန်မာနိုင်ငံတော်" အဖြစ် အသွင်ပြောင်းသွားပြီး ထိုင်းနိုင်ငံကို စစ်ရေး အရခြိမ်းခြောက်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် နအဖဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါးအန္တရာယ်ပြု ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။ နအဖရဲ့ အသစ်စက်စက် (၁၀) မီဂါဝပ် နျူကလီး ယားဓာတ်ပေါင်းဖိုကို ငြိမ်းချမ်းတဲ့ သုတေသနလုပ်ငန်းအတွက် ရည်ရွယ်တယ်လို့ ကြေညာထားတာဟာ လိမ်ညာမှုသက်သက်သာဖြစ်ပါတယ်။

စီမံကိန်းနောက်ခံ
နအဖရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးစီမံကိန်းဟာ ၁၉၉၀ ခု နဝတခေတ်မှာ စတင် ခဲ့ပါတယ်။ နဝတဟာ နျူကလီးယားနည်းပညာ ဖော်ထုတ်ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ရူပ ဗေဒပါမောက္ခ ဦးဖိုးစောနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြားပညာတော်သင် စေလွှတ်ဖို့ လူရွေးချယ် ရေးကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ နျူကလီးယား နည်းပညာအတွက် ဗိုလ်လောင်းတွေ လေ့ကျင့်မွေးမြူဖို့ အစီအစဉ်ကိုတော့ ၁၉၉၇ ခု စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ် ၄၂ နဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့် နှစ်မတိုင်ခင်မှာ နအဖဟာ ရုရှားနျူကလီးယားပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတ်ပေါင်းဖို တည်ဆောက် ရေး၊ နေရာရွေးချယ်ရေး၊ ပညာတော်သင်တွေ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ကျနော်တို့သတင်းရင်းမြစ်ကရတာက စစ်အုပ်စုဟာ နျူကလီးယားနည်းပညာရဖို့ ပထမဦးစွာ အိန္ဒိယနိုင်ငံကို အရင်ချဉ်းကပ်ခဲ့တယ်၊ အိန္ဒိယကလည်း ပညာတော်သင်တွေ လက်ခံဖို့တောင် သဘောတူ ခဲ့သေးတယ်။ ဒါပေမဲ့ ဓာတ်ပေါင်းဖိုလည်ပတ်မှုကို ကြီးကြပ်ရေးနဲ့ ထိန်းချုပ်ရေးကိုပါ အိန္ဒိယကတောင်းဆို လာလို့ နအဖက ဒီချဉ်းကပ်မှုကို နားပစ်လိုက်ပါတယ်။
နအဖဟာ တရုတ်နိုင်ငံအကူအညီနဲ့ ရုရှားနဲ့သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် နျူကလီး ယားလက်နက်တွေ ထုတ်လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားဖို့ တရုတ်အစိုးရက နအဖစစ်အုပ်စု ကိုအကြံပေးခဲ့ပြီး ရည်မှန်းသတ်မှတ်ကာလ ၂၀၂၀ ရောက်လို့မှ နျူကလီးယားလက်နက် မထုတ်လုပ်နိုင် သေးရင် ဝယ်ယူဖို့အကြံပေးခဲ့ပါတယ်။ ၂၀၀၃ ခုမှာ စစ်အစိုးရဟာ မြောက်ကိုးရီးယားကို စစ်ဗိုလ် အယောက် (၃၀) စေလွှတ်ပြီး နျူကလီးယားနည်းပညာ လေ့လာသင်ယူစေခဲ့ပါတယ်။ ၂၀၀၆ မှာတော့ ဓာတ်ပေါင်းဖိုတည်ဆောက်ရေးအတွက် လိုအပ်တဲ့စက်ယန္တရားတွေကို မြောက်ကိုးရီးယားဆီက စတင်ဝယ် ယူခဲ့ပါတယ်။ နအဖနဲ့ရုရှား ဆက်ဆံရေးပျက်ပြားသွားလို့ နျူကလီးယားစီမံကိန်း ရပ်သွားတာမျိုးမဖြစ်ရ အောင် မြောက်ကိုးရီးယားနဲ့ လမ်းဖောက်ခဲ့တာဖြစ်ပါတယ်။
နအဖဟာ နိုင်ငံခြားပညာတော်သင်တွေ စရိတ်အပါအဝင် နျူကလီးယားနည်းပညာ ရနိုင်ဖို့ အတွက် သဘာဝသယံဇာတတွေကို ရောင်းထုတ်ခဲ့ပါတယ်။ (အတည်ပြုနိုင်တဲ့ သတင်းတရပ်အရ ရုရှား တနိုင်ငံတည်းမှာတင် ပညာတော်သင် ၄၆၀၀ ရှိတယ်လို့ သိရပါတယ်။) သယံဇာတတွေ ရောင်းထုတ်တဲ့ အထဲမှာ ကချင်ပြည် ဖားကန့်ဒေသက သိုင်းတောင်က တူးဖော်တဲ့ သံရိုင်းတန်ချိန် ၂၀၀၀၀ ပါတယ်လို့ လည်း သတင်းရခဲ့ပါတယ်။ ဒါပေမဲ့ အများသိကြတဲ့အတိုင်း နအဖဟာ ၂၀၀၅ ခုမှာ ဘဏ္ဍာရေးပြဿနာ တွေကြုံခဲ့ရပြီး ရုရှားနဲ့လုပ်ထားတဲ့ စီမံကိန်းကို ရပ်နားလိုက်ရပါတယ်။ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီး နောက် စီမံကိန်းကိုပြန်စခဲ့ပါတယ်၊ အခုအခါမှာတော့ နအဖဟာ ဘဏ္ဍာရေးအရ ခိုင်မာနေပါပြီ။ (ဒီလို ကံ ဇာတာတက်လာတဲ့ အကြောင်းရင်းက သိသာပါတယ်။ ရတနာဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဗမာအစိုးရအ တွက် အနိမ့်ဆုံးအားဖြင့် နှစ်စဉ် ဒေါ်လာသန်း ၂၀၀၀ ဝင်ငွေရနေပါတယ်။)
နအဖဟာ အီရန်နိုင်ငံကနေလည်း အကူအညီရဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့ ဘက်က သတင်းထပ်ရခဲ့ပါတယ်။ ဒီသတင်းက တခြားသတင်းရင်းမြစ်တွေကရထားတဲ့ ဆက်ဆံမှုသတင်း ကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ၂၀၀၀ ပြည့်နှစ်မှာ ဓာတ်ပေါင်းဖို ကိုင် တွယ်ရေးဆိုင်ရာ ပါရဂူအဆင့်ပညာသင်ဖို့ ပညာတော်သင်တွေ စလက်ခံပေးခဲ့ပါတယ်။ ဂျပန့်အကူအညီနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မေမြို့ စစ်တက္ကသိုလ်တွေမှာ နျူကလီးယားသိပ္ပံ ဌာနသစ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။

ရုရှားရောက်ပညာတော်သင်
၂၀၀၁ ခုမှာ ပထမအသုတ်ပညာတော်သင် စစ်ဗိုလ် ၁၅၀ ကို စင်းလုံးငှား အယ်ရိုဖလုတ် လေယာဉ်တွေနဲ့ မန္တလေး တံတားဦးလေဆိပ်ကနေ ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ နအဖပညာတော် သင်တွေဟာ ကိုယ်သင်မယ့်ဘာသာရပ် ပေါ်မူတည်ပြီး မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်မြို့တော်တွေမှာရှိတဲ့ တက္ကသိုလ်နဲ့သိပ္ပံဌာနအမျိုးမျိုးမှာ တက်ရောက် ပညာသင်ကြပါတယ်။ အဲဒီကျောင်းတွေထဲမှာ --
မော်စကိုအင်ဂျင်နီယာရူပဗေဒတက္ကသိုလ် MEPHI
မော်စကိုအီလက်ထရွန်းနစ်နည်းပညာတက္ကသိုလ် MIET
မော်စကိုလေကြောင်းနည်းပညာတက္ကသိုလ် MATI
မော်စကိုလေကြောင်းသိပ္ပံ MAI
ဘောမင်းမော်စကိုအစိုးရနည်းပညာတက္ကသိုလ် BMSTU
မော်စကိုအပူနည်းပညာတက္ကသိုလ် MITT
မော်စကိုဆောက်လုပ်ရေးအင်ဂျင်နီယာသိပ္ပံ MISI
မော်စကိုအစိုးရသတ္တုတူးဖော်ရေးတက္ကသိုလ် MSMU စသည်တို့ ပါဝင်ပါတယ်။
MEPHI က နျူကလီးယားသိပ္ပံသင်ပေးပြီး MIET က ဒုံးပျံလမ်းကြောင်းထိန်းပညာ၊ MAI က လေကြောင်းနဲ့ အာကာသ ပညာတွေ၊ MATI က ဂြိုလ်တုလွှတ်နိုင်တဲ့ ဒုံးပျံတည်ဆောက်ရေးနည်းပညာကို သင်ပေးပါတယ်။ ဒါ့အပြင် ဥမင်လှိုဏ်ခေါင်းတူးဘာသာရပ်၊ ယူရေနီယမ်သတ္တုတူးဖော်ရေး ဘာသာရပ်နဲ့ ယူရေနီယမ်သတ္တုရိုင်း သန့်စင်ရေးဘာသာရပ်တွေအတွက် သီးခြားသင်တန်းတွေလည်း ရှိပါတယ်။
ဒီပညာတော်သင်အများအပြားဟာ မပျော်ကြဘူးလို့ အတည်ပြုသတင်းရထားပါတယ်။ သူတို့ ဟာ ရုရှားကို ဇွတ်အတင်းစေလွှတ်ခံရတယ်၊ လစာကတအားနည်းတယ်၊ ရာသီဥတုကကြမ်းလွန်းလို့ ဒုက္ခ ရောက်ရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက ချို့ငဲ့တယ်လို့သိရပါတယ်။ သူတို့ဟာ မော်စကိုက ဗမာသံ ရုံးကိုသွားပြီး တိုင်တန်းတင်ပြကြ၊ အိမ်ပြန်ခွင့်ရဖို့ အသနားခံကြပေမဲ့ (ထိုစဉ်က) ကကလှမ်းက သူတို့ကို အပတ်စဉ်ညွှန်ကြားချက်တွေပို့ပြီး သင်တန်းပြီးအောင်တက်ဖို့နဲ့ နိုင်ငံတော်ရဲ့ရည်မှန်းချက် (ဝါ) နျူကလီး ယားလက်နက် ထုတ်လုပ်ရေးကိုဖြည့်ဆည်းဖို့ဘဲ တိုက်တွန်းခဲ့ပါတယ်။ တခါတော့ (ထိုစဉ်က) နိုင်ငံခြား ရေး ဝန်ကြီးဦးဝင်းအောင် ကိုယ်တိုင်လာပြီး ပညာတော်သင်စစ်ဗိုလ်တွေကို ပညာဆုံးခန်းတိုင်သင်ဖို့ ပြော ခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင် ရုရှားမတယောက်ကိုလက်ထပ်ပြီး ဗမာပြည်ပြန်လာနိုင်သူ ဘယ်သူ့မဆို ဆုချီးမြှင့် ဂုဏ်ပြုမယ်ဆိုတဲ့ ဒုတပ်ချုပ်မောင်အေးရဲ့အမှာစကားကိုလည်း ပါးလိုက်ပါသေးတယ်။
၂၀၀၂ ခုမှာလည်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နဲ့ ပို့ ဆောင်ရေးဝန်ကြီးတို့ဟာ ရုရှားနိုင်ငံကိုသွားပြီး ဝယ်ထားတဲ့ အမ်အိုင်ဂျီ -၂၉ တိုက်လေယာဉ်တွေကို ဗမာ ပြည်ပြန်မောင်းလာဖို့အတွက် နအဖ လေတပ်လေယာဉ်မှူး အယောက် ၂၀ သင်တန်းပေးဖို့ကိစ္စ စီစဉ်ခဲ့ပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လေယာဉ်တင်သင်္ဘောတွေ ရေငုပ်သင်္ဘောတွေဝယ်ဖို့ လို မလိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၂ ဇူလိုင်လမှာ နအဖ သိပ္ပံနဲ့နည်းပညာဝန်ကြီး မောင်သောင်း ရုရှားနိုင်ငံကို သွားပြီး နျူကလီးယားဓာတ်ပေါင်းဖို ဝယ်ယူတည်ဆောက်ရေး သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ပါတော့ တယ်။

ဓာတ်ပေါင်းဖိုတည်နေရာ
ကျနော်တို့ဟာ အရင်ကတော့ ဓာတ်ပေါင်းဖိုတည်နေရာကို သပိတ်ကျဉ်းနားက ကျောက်ပုထိုး လို့ ပြောခဲ့ပါတယ်။ ဒါကို အတည်မပြုနိုင်သေးပေမဲ့ နအဖက တည်နေရာလျှို့ဝှက်ထားဖို့ ကြိုးစားတဲ့အ ကြောင်း နောက်ထပ်သတင်းတွေ ရခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတည်ဆောက်ဖို့ ပညာရပ်သင်တန်းတက်ထား တဲ့ ပညာရှင်တွေတောင် စက်ရုံတည်နေရာကို သိခွင့်မရကြပါဘူး။ ၂၀၀၆ ဇွန်လမှာတော့ သတင်းပေါက် ကြားမှုတခုဖြစ်ခဲ့ပြီး စီမံကိန်းမှာပါတဲ့အရာရှိတွေ နေပြည်တော်ခေါ်ပြီး စစ်ကြောမေးမြန်းခံခဲ့ရပါတယ်။ အဲဒါ ကတော့ ဘာတင်းလ်လစ်တနာရဲ့ ၂၀၀၆ ဇူလိုင်ထုတ် အာရှတိုင်းမ်ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ လစ်တ နာက မကွေးမြို့အရှေ့ဘက်က နတ်မောက်မြို့နားမှာ မြောက်ကိုးရီးယားပညာ ရှင်တွေတွေ့ခဲ့တယ်လို့ သတင်းရေးခဲ့လို့ဖြစ်ပါတယ်။
အခုတော့ ဒီ ၁၀ မီဂါဝပ် ဓာတ်ပေါင်းဖိုကို မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ တည်ဆောက်ခဲ့တယ် (သို့မဟုတ်) တည် ဆောက်ဖို့ရည်ရွယ်ခဲ့တယ်လို့ ကျနော်တို့သိရပါပြီ။ ဒါ့အပြင် ဒီဓာတ်ပေါင်းဖိုဟာ ရေ လေး heavy water ကိုသုံးမှာ ဖြစ်တယ်၊ ဒါကြောင့် ပလူတိုနီယမ် အဆင့်ထိ ထုတ်နိုင်မယ်ဆိုတာလည်း သိရပါတယ်။
ဒါကြောင့် အခုဆိုရင် ဖြစ်နိုင်တဲ့ ဓာတ်ပေါင်းဖိုစက်ရုံနေရာ နှစ်ခုရှိနေပါတယ်။ အဲဒါတွေက တော့ မြိုင်မြို့နယ်နဲ့ ကျောက်ပုထိုးတို့ပဲဖြစ်ပါတယ်။ အခုလို ကွဲပြားနေရတဲ့ အကြောင်းတခုကတော့ နအဖဟာ နဂိုမူလကစက်ရုံကို မကွေးဒေသမှာတည်ဖို့ စီစဉ်ခဲ့ပေမဲ့ ဧရာဝတီမဂ္ဂဇင်းက ဖော်ပြခဲ့သလို ငလျင်စက်ကွင်းဖြစ်နေလို့ အစီအစဉ်ပြောင်း လိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မကွေးဒေသ ဟာ ဖြစ်နိုင်ခြေတခု ဖြစ်မြဲဖြစ်နေပြီး သပိတ်ကျဉ်းမှာဖြစ်ဖို့တော့ အင်မတန်အလားအလာများနေပါတယ်။

ယူရေနီယမ်လှုပ်ရှားမှုများ
ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေး တဲ့ နောက်ထပ်အချက်အလက်တွေ ထပ်ထွက်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ် သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်းပြင်နဲ့ ကျောက်ဆင့်ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင် တနင်္သာရီ တောင်ပိုင်း၊ ကရင်နီပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်းနဲ့ ရှမ်းပြည် တောင်ကြီးအနောက်ဖက် တွေမှာလည်း ယူရေနီယမ် စမ်းသပ်ရှာဖွေနေပါတယ်။ ယူရေနီယမ်သတ္တုရိုင်း ကြိတ်ခွဲမှုကိုတော့ သပိတ် ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့အပြင် ကြိတ်ခွဲပြီးယူရေနီယမ် (အဝါရောင် ကိတ်မုန့်)ကို ယူ -၂၃၅ အ ဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုကိုလည်း သပိတ်ကျဉ်းမှာ စလုပ်နေပြီလို့ သတင်း ရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာအားလုံးကို နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်း သုံးစွဲနေပြီဖြစ်ပါတယ်။
၂၀၀၆ ခု နှစ်ဦးပိုင်းတုံးက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တဲ့အ ကြောင်း အတည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယားဆီကနေ ယူရေနီယမ်သန့်စင် အဆင့်မြှင့်ရာမှာသုံးဖို့နဲ့ ပလူတိုနီယမ်ထုတ်လုပ်ရာမှာပါသုံးဖို့ နျူကလီးယားဓာတ်လှုံ့ ကရိယာတွေ ဝယ်ယူခဲ့ပါတယ်။ ဒီစက်ကရိယာအကြောင်းကို ကျနော်တို့ တိတိကျကျမသိသေးပေမဲ့ တ ခြား သတင်းအချက်အလက်တွေအရ အများကြီးဖြစ်နိုင်တာကတော့ စင်ထရီဖျူ့ဂ်ျ (ဗဟိုဆွဲအားကရိယာ) တွေ ပါဝင်ပါလိမ့်မယ်။ မြောက်ကိုးရီးယား နျူကလီးယားပါရဂူ အနည်းဆုံး တယောက်လောက်ကတော့ အခု သပိတ်ကျဉ်းမှာ အလုပ်လုပ်နေပါတယ်။
နောက်ထပ် အတည်ပြုနိုင်တဲ့သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီး ယားနဲ့ ဆက်နွယ်နေတဲ့ စစ်ဘက်သုတေသနဌာနတခု တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ လွန်ကျော်ဒေသ မှာလည်း နျူကလီးယားတပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်မှာ တော့ အရပ်ဘက်သုတေသနဌာနတခု ဖွင့်ထားပါတယ်။ မေမြို့မှာလည်း ရုရှားနျူကလီးယားပါရဂူတွေက ပြည်တော်ပြန်လာတဲ့ ပညာတော်သင်တွေကို မွမ်းမံသင်တန်းတွေ ပေးနေပါတယ်။

စစ်ဘက်ခေတ်မှီရေးနဲ့ နေပြည်တော်ကာကွယ်ရေး
နအဖ ဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့လက်နက်ကိုင်တပ်တွေကို ခေတ်မှီ အောင်လုပ်ဖို့ အကြီးအကျယ်ကြိုးစားနေပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက ထူးထူးခြားခြားဝယ်ယူမှု တွေကို အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါတယ်။
၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ဝယ်ခဲ့ပါတယ်။ တရုတ် နိုင်ငံ မြောက်ပိုင်းစက်မှုကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု ဝယ်ခဲ့ပြီး မင်္ဂလာဒုံလေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ် ရေဒါစခန်း၊ ဟိုင်းကြီးကျွန်းရေဒါစခန်း၊ ကိုကိုးကျွန်းရေဒါစခန်းတို့မှာ တပ်ဆင်နေရာချခဲ့ပါတယ်။ ပင်လယ် ပြင်နဲ့ ကမ်းခြေလုံခြုံရေးအတွက်လည်း ဧရာဝတီတိုင်းထဲက ပြင်ဝိုင်း၊ တိတ်စွန်းနဲ့ တာပင်မှော်ကျွန်းများ၊ ရ ခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီတိုင်းထဲက ကျွန်း (၈) ကျွန်း တို့မှာ ရေတပ်သုံးရေဒါတွေ တပ်ဆင်ခဲ့တယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂ ခုထဲမှာဘဲ အမ်အိုင်ဂျီ-၂၉ (၁၀) စီးဝယ်ခဲ့ပြီး ၂၀၀၅ ဖေဖော်ဝါရီမှာ ဒုံးပျံပစ်စင်တွေနဲ့ ဒုံးပျံတင်ထရပ်ကားတွေ၊ ၂၀၀၆ နိုဝင်ဘာမှာ ၁၂၂ မမဒုံးပျံတွေနဲ့ ၂၄၀ မမဒုံးပျံတွေ ဝယ်ခဲ့ပါတယ်။
နအဖဟာ ရေတပ်ကစစ်ဗိုလ်တွေကို အိန္ဒိယနဲ့ရုရှားနိုင်ငံတွေမှာ သင်တန်းတက်ခိုင်းထားပါ တယ်။ အိန္ဒိယမှာ သင်္ဘောပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင် အမြောက်ပစ်နဲ့ ဒုံးကျည်ပစ်သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ် ဒုံးကျည်ပစ်စင် (၂၈) ခုနဲ့တကွ ဆက်စပ်ဒုံးကျည်တွေ ကို အသုတ်လိုက်ခွဲဝယ်ခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။
၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ် အမြောက်တွေနဲ့ လေ ကြောင်းရန်ကာကွယ်ရေး တပ်ရင်း (၁၀) ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါ တယ်။ ၂၀၀၀ ခုမတိုင်ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်းဌာနချုပ် (ဝါ) အမြောက်တပ်မ (၂) ခုပဲရှိခဲ့ပါ တယ်။ ၂၀၀၄ ခုရောက်တဲ့အခါမှာတော့ အမြောက်တပ်မ (၁၀) ခုနဲ့ဒုံးပျံတပ်မ (၁) ခုအထိတိုးချဲ့ခဲ့ပါတယ်။
စစ်ရုံးချုပ်ကို ပျဉ်းမနားရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ဆက်သွယ်ဖို့ ဖိုင်ဘာအော့ပ် တစ် (အလင်းဖန်မျှင်) ကြိုး တွေအသုံးပြုခဲ့ပါတယ်။ နေပြည်တော်ကာကွယ်ရေးစည်းကြောင်း၊ ရန်ကုန် တိုင်းက ရေဒါစခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့နေရာတွေ ကိုဆက်သွယ်ဖို့ ဂွင်ကျယ်ကွန်ယက် WAN တခုကို သုံးပါတယ်။ ဒါ့အပြင် ပျဉ်းမနားကာကွယ်ရေးအတွက် စကခ ၆ ရဲ့တပ်ရင်း (၁၀) ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တစပ်တည်းဖြစ်တဲ့ ပျဉ်းမနားတောင်ညိုမှာ လေယာဉ်ပစ်တပ်ရင်းတရင်းထားပြီး နောက်လေယာဉ် ပစ်တပ်ရင်းတရင်းကိုတော့ ဝဲကြီးနဲ့ သာဝတ္ထိအရှေ့ဘက်မှာ ချထားပါတယ်။ လေယာဉ်ပစ်ဒုံးကျည်တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ အခြေစိုက်ထားပါသေးတယ်။ နေပြည်တော်အတွက် အပိုဆောင်းလုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း (၂) ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြားမှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃) ရင်းနဲ့ အမြောက်စခန်း ဌာန ချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘောနက်ကြီး - ဘုရားကြီးဒေသမှာ ချထားပါတယ်။
အချက်ပြဆက်သွယ်မှုလုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင်ဝါယာလက် (ကြိုးမဲ့) ဆက် သွယ်ရေးစနစ်တွေ ဖော်ထုတ်နေပါတယ်။ ၂၀၀၆ ခုမတိုင်ခင်က XD-D6M ဆက်သွယ်ရေးစက်တွေကို သုံး ခဲ့တယ်။ ဒီစက်တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင် ဖမ်းနိုင်ပြီး ဆက်သွယ်မှုကို အလွယ်တကူ ကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော်ပင်မဆက်သွယ်ရေး အလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့ ပင်မဆက်သွယ် ရေးအလုပ်ရုံက တရုတ်နည်းပညာအကူအညီနဲ့ ကြိုးမဲ့ဆက်သွယ်ရေးစက် အသစ်တမျိုး ထုတ်လုပ်ခဲ့ပါ တယ်။ ဒါကို 2006M1 လို့ ယာယီနာမည်ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း .၀၀၀၀၁ မီတာ ကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒီစက်သစ်တွေနဲ့ပို့လွှတ်တဲ့ သတင်းတွေကို ကြားဖြတ် ဖမ်းဖို့ အတော့်ကို ခက်ခဲတယ်လို့ ကြားရပါတယ်။
နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေအတွက်လည်း ကိုယ်တိုင်ချိန်ရွယ်ပစ်ခတ်တဲ့စနစ်ကို အစားထိုးဖို့ ကွန်ပျူတာ ဆော့ဖ်ဝဲ တီထွင်ဖော်ထုတ် နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ်စနစ်တွေအတွက် ဆော့ဖ်ဝဲ သုတေသနကိုလည်း ဆောင်ရွက်နေပါတယ်။
ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ်ပြန် လည်မွမ်းမံပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လုပ်ထားပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့ ပုံမှန်အစားထိုးလဲလှယ်ဖို့လိုတဲ့ နာမည်ပျက်ရှိပြီး အပူပိုင်းရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီး ယိုယွင်းလွယ်ပါတယ်။) တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယားပါရဂူ တွေနဲ့ ကပစ ၁၄ ကို ပြင်ဆင်မွမ်းမံခဲ့ပါတယ်။ ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ တည်ဆောက်ခဲ့ပြီး အခု လည်ပတ်ထုတ်လုပ်နေပြီလို့ ယူဆရပါတယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့် စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ်နေပါတယ်။ (မှတ်ချက်။ အရင်က နအဖအနေနဲ့ တာလတ်ပစ် ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ်လောက်ကြာအုံးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ရုရှား လုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလိုတာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။)

နိဂုံး
နအဖအနေနဲ့ နျူကလီးယားလက်နက်တွေကို သဲကြီးမဲကြီးကြိုးပမ်းနေတာဟာ (တခြားစီမံ ကိန်းကြီးတွေလည်း ရှိသေးတယ်) ထိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ်ပူပန်သင့်ပါ တယ်။ ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်စုအပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာ ကို လုံးဝပြောင်းပြန်လှန်ပစ်ဖို့ လိုပါတယ်။ နအဖဟာ အဆိုးဆုံးအန္တရာယ်ကြီးဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ် ရပါမယ်။ ရုရှားနဲ့ တရုတ်ဗီတိုအာဏာတွေ ပါနေတဲ့ လုံခြုံရေးကောင်စီဟာ ကိုင်တွယ်နိုင်စွမ်းမရှိတဲ့အတွက် တခြားရွေးစရာဖြေရှင်းချက် ရှိရပါမယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင်တာက အမေရိကန်တခုပဲရှိပြီး သူ့ တနိုင်ငံတည်းကဖြစ်စေ သို့မဟုတ် တခြားစိုးရိမ်ပူပန်တဲ့နိုင်ငံတွေနဲ့ (ထိုင်းနိုင်ငံ?) ပူးတွဲ၍ဖြစ်စေ မြန်မာ နိုင်ငံကပြည်သူတွေ မိမိတို့ဖာသာလွတ်မြောက်အောင် ကြိုးပမ်းနေတာကိုကူညီပေးဖို့ လမ်းတခုပဲရှိပါ တယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်းဘဲဖြစ်ဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။

ရည်ညွှန်း။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ

ဂါမဏိ
Sunday, November 16, 2008

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...