Saturday, October 24, 2009

မြန်မာ့မိတ်ဆွေ အာဆီယံအမတ်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

မြန်မာ့မိတ်ဆွေ အာဆီယံအမတ်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

2009-10-24 ( RFA )


၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့မှာ မြန်မာ့ ဒီမိုကရေစီရေးကို တဖက်တလမ်းက ကူညီနေတဲ့ AIPMC ခေါ် မြန်မာ့မိတ်ဆွေ အာဆီယံအမတ်များအဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဟွာဟင်းအပမ်းဖြေစခန်း၌ ကျင်းပသည့် ၁၅ ကြိမ်မြောက် အာစီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း AIPMC ခေါ် မြန်မာ့မိတ်ဆွေ အာဆီယံအမတ်များအဖွဲ့က မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (Photo: RFA)

၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့မှာ မြန်မာ့ ဒီမိုကရေစီရေးကို တဖက်တလမ်းက ကူညီနေတဲ့ AIPMC ခေါ် မြန်မာ့မိတ်ဆွေ အာဆီယံအမတ်များအဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ အာဆီယံ လူအခွင့်အရေးကော်မရှင် AICHR ထူထောင်မှုကို ကြိုဆိုလိုက်ပြီး ဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်ဖို့နဲ့ အထူးသဖြင့် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင် AIPMC အနေနဲ့ မျှော်လင့်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။

အဲဒီလို ပြောဆိုကြတဲ့အခါမှာ ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာခရိုင်ဆတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့လတ်တလော ဆောင်ရွက်ချက်တွေကို မိမိတို့ အဆက်မပြတ် စောင့်နေကြောင်းနဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ကိစ္စတွေမှာ ဘာတွေ တိုးတက်မှု ရှိလာမလဲ ဆိုတာကိုပါ စောင့်ကြည့်နေပါတယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်နေသလို လူ့အခွင့်အရေး တိုးတက်ဖို့ကိစ္စ တွေမှာလည်း ပါဝင်ဖို့ တိုက်တွန်းသွားပါတယ်။

AIPMC သတင်းစာရှင်းလင်းပွဲကို အာဆီယံထိပ်သီးညီလာခံကျင်းပနေတဲ့ ထိုင်းနိုင်ငံ ဟွာဟင်းမြို့က ဟော်တယ်တခုမှာပဲ ပြုလုပ်သွားကြတာပါ။ အဲဒီပွဲမှာ AIPMC ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာခရိုင်ဆတ်၊ AIPMC ဒု-ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံက လွှတ်တော်အမတ် မစ္စတာ ဆွန်ရှေး တို့က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေအပေါ် ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။ ရှမ်းအမျိုးသမီးအဖွဲ့က နန်းချန်တောင်းကလည်း ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတချို့ကို ရှင်းလင်းပြောဆိုသွားပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေး

ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေး

2009-10-24 ( RFA )

ကရင်ပြည်နယ် ဖာပွန်ခရိုင် မြောက်ဘက်ခြမ်း လူသောမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာစစ်အစိုးရတပ်တွေက ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အစိုးရ တပ်ရင်း ခမရ (၃၈၆) နဲ့ ခမရ (၃၉ဝ) တို့ဟာ စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်က ငါးဧက နီးပါးလောက်ရှိတဲ့ တောင်ယာစပါးခင်းတွေကို အောက်တိုဘာလ ၁၄ ရက်နေ့က ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတယောက်က အာအက်ဖ်အေကို ပြောပါတယ်၊၊

အဲဒီကျေးရွာတွေဟာ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး တပ်တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး ကေအန်ယူနဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆတဲ့အတွက် ဖြတ်လေးဖြတ်စနစ်အရ ခုလို စပါးခင်းတွေ ဖျက်ဆီးပြီး ရိက္ခာဖြတ်တောက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်၊၊

စပါးခင်းတွေ ဖျက်ဆီးခံရတဲ့ ဒေသက ရွာသူရွာသားတွေဟာ ဒုက္ခရောက်ကြရပြီး ရွာသူရွာသား နှစ်ထောင်လောက်ဟာ စစ်ကြောင်းချီတက်ရာ လမ်းကြောင်းနဲ့ လွတ်ကင်းနိုင်တယ်လို့ ယူဆရတဲ့ တောထဲတွေမှာ ထွက်ပြေး ပုန်းအောင်းနေကြရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်၊၊

မြန်မာစစ်အစိုးရတပ်တွေဟာ ကရင်ပြည်နယ်အပြင် ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အဆက်အသွယ် ရှိတယ်လို့ ယူဆရတဲ့ ကျေးရွာဒေသတွေမှာ ဖြတ်လေးဖြတ်စနစ်နဲ့ ရိက္ခာ၊ ငွေကြေး၊ တပ်သားသစ်နဲ့ သတင်းဆက်သွယ်ရေး ဖြတ်တောက်မှုတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်၊၊

မြန်မာစစ်အစိုးရက ကရင်ပြည်နယ်မှာ ၂ဝဝ၆ ခုနှစ်ကစလို့ ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေး မူဝါဒတရပ်ကို ချမှတ် လုပ်ဆောင်နေတာကြောင့် လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကာလအတွင်း စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုနဲ့ အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီလို့ KHRG လို့ခေါ်တဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်၊၊


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 22, 2009

ABSDF အဖြစ် ထောင်ဒဏ် ၃၈ နှစ်ချခံရသူ ၇ ဦးကို နောက်တိုး ၃မှုနဲ့ တရားထပ်စွဲ

ABSDF အဖြစ် ထောင်ဒဏ် ၃၈ နှစ်ချခံရသူ ၇ ဦးကို
နောက်တိုး ၃မှုနဲ့ တရားထပ်စွဲ

2009-10-21 ( RFA )

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင်တွေဆိုကာ ဖောက်ခွဲရေးပုဒ်မတွေနဲ့ ပြည်မြို့တရားရုံးကနေ ၂ဝဝ၈ ခုနှစ်တုန်းက ထောင်ဒဏ် ၃၈ နှစ်ချခံထားရသူ ၇ ဦးကို နောက်ထပ် အမှုသုံးခုနဲ့ ထပ်ပြီး တရားစွဲဖို့ဆိုပြီး အခု အင်းစိန်ထောင်ကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမ္ဘာကျော်သော အင်းစိန်ထောင်၏ ထောင်ဝင်း ဂိတ်ဝမှ ဆိုင်ကယ်ဖြင့် ထွက်လာသော ထောင်အမှုထမ်းကို တံခါးဖွင့်ပေးနေပုံ ဖြစ်ပါသည်။(Photo: AFP)

ကိုအေးမင်းနိုင်၊ ကိုဇော်လင်း၊ ကိုကျော်ဇင်ဦး၊ ကိုကျော်စွာလင်း၊ ကိုထက်ကိုလွင်၊ မစန်းစန်းမော် နဲ့ ဒေါ်ခင်ရီ တို့ ဖြစ်ပြီး သူတို့ကို ပြည်မြို့မှာ စီရင်ချက်ချကာ သာယာဝတီထောင်မှာ အကျဉ်းချထားရာကနေ ခုလို ရန်ကုန်ထောင်ကို ရွှေ့လိုက်ရတာ ဖြစ်ပါတယ်။

ခဏစစ်ဆေးစရာရှိတယ်ဆိုပြီး အင်းစိန်ထောင်ကို ကောက်ခါငင်ခါ ခေါ်လာကာ အမှုစစ်နေတဲ့အတွက် ထောင်တွင်းမှာ အဝတ်အစား နေရေးထိုင်ရေးနဲ့ ကျန်းမာရေးကိစ္စတွေ တော်တော် အခက်တွေ့နေကြရတယ်လို့ သူတို့ရဲ့ရှေ့နေ ဦးကျော်ဟိုးက RFA ကို ပြောပြပါတယ်။

ဦးကျော်ဟိုး။ ။ 'သူတို့ကို ခဏ ဆိုပြီးခေါ်လာတယ်။ ခေါ်လာတော့ သူတို့ ပစ္စည်းပစ္စယတွေ အကုန်ထားခဲ့ပြီးတော့ အဝတ်တထည် ကိုယ်တခုနဲ့လာရတယ်လေ။ ဒီမှာက သူတို့မိသားစုတွေက နယ်မှာနေတော့ သူတို့ အသုံးအဆောင်ပစ္စည်းတွေ မရှိတဲ့အခါကျတော့ သူတို့က အခက်အခဲတွေ တွေ့တယ်။ အေးမင်းနိုင်ရဲ့ ဇနီးလေ၊ စန်းစန်းမော်က သူက သွေးပေါင်ချိန်က မမှန်ဘူး ဖြစ်နေတယ်၊ ခဏခဏ မူးတယ်ပေါ့။ နောက်တော့ တရားရုံးရှေ့မှာပဲ အော့တယ် အန်တယ်တောင် ဖြစ်တယ်။ တရားရုံးထုတ်လို့ရှိရင်လည်း အဲဒီ ရုံးခွင်နေ့ဆိုရင် ထောင်က ထမင်းမကြွေးဘူး။ လာခေါ်တဲ့ ရဲက ထမင်းမကြွေးဘူး၊ သူတို့က ဒီ ရုံးထုတ်တဲ့ရက်ဆို ထမင်းငတ်တယ်။'

သူတို့ကို သာမန်ရာဇဝတ် အကျဉ်းသားတွေနဲ့ ရောထားတဲ့အတွက် နေရထိုင်ရ အတော် အဆင်မပြေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ သီးခြားထားပေးဖို့ ထောင်အာဏာပိုင်ဆီ စာတင်ထားတာ တလပြည့်နေပြီဖြစ်ပေမဲ့ ဘာမှ လုပ်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။ သူတို့ရဲ့ အမှုအခြေအနေနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ ခုလို ဖြေကြားပါတယ်။

ဦးကျော်ဟိုး။ ။ 'အင်းစိန်ခေါ်လာပြီးတော့ သူတို့ကို ဖောက်ခွဲရေးမှုနဲ့ သုံးမှု စွဲထားတယ်ပေါ့၊ အနောက်ပိုင်း ခရိုင်မှာ ၂ မှု နောက်ပြီးတော့ အရှေ့ပိုင်းခရိုင်မှာ ၁ မှု။ သူတို့ အခုအခြေအနေက ကျနော်တို့ အမှုတွဲ ကူးထားတုန်းပဲလေ၊ မရသေးဘူး၊ မစစ်ကို မစစ်ရသေးတာ။ သူတို့က တရားခံပြေး ရှိတယ်လေ၊ တရားခံပြေး အမှူစစ်တုန်း တရားခံပြေးပြီးမှ သူတို့ကို စစစ်မှာ။'

ထောင်ဒဏ် ၃၈နှစ်ချခံထားရပြီး အခု နောက်ထပ် အမှု ၃ မှုထပ်တိုးခံနေရသူ ၇ ဦးရဲ့ရှေ့နေ ဦးကျော်ဟိုး ပြောပြသွားတာပါ။ သူတို့အမှုကို ရုံးတင်စစ်ဆေးဖို့ကလည်း အချိန်ကြာဦးမယ်လို့လည်း သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 20, 2009

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုသတင်း

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုသတင်း

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အမျိုးသားလွတ်မြောက်ရေး ဆောင်ရွက်မှုအနေဖြင့် ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ လားရှိုးစသော မြို့များတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ပို့စကဒ် များအား ကျောင်းများ ၊ ကားဂိတ်များတွင် လိုက်လံကပ်သည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ပါသည်။

ထိုသို့ လှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ

ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ။

နိုင်ငံတ၀ှမ်း သမဂ္ဂများပေါ်ပေါက်ရေး ။

ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေး နှင့်

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်ရေးတို့ ဖြစ်ပါသည်။

ထိုရည်ရွယ်ချက်များအတိုင်း ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အောင်မြင်သည် အထိ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ကိုသန်းနိုင်(တွဲဖက်အထွေထွေအတွင်းရေးမှူး) UBST.BURMA@GMAIL.COM သို့ ဆက်သွယ်နိုင်ပါသည်။



“ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအောင်ရမည် ”

























































နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့


အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ။

အပြည့်အစုံ ဖတ်ရန် ...

Monday, October 19, 2009

မျော်လင့်ခြင်း ( မင်းကိုနိုင် )


ဆန္ဒနဲ့ဘဝ
တထပ်တည်းကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲ ပထမဆုကို ထောင်မျှော်နေတာပါ။

ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒါဏ်ရာ အောင်ပွဲမှပြကြေးကိုး။

ဓါတ်စာအမျိုးမျိုးကို
အိပ်ယာထဲက ပူစာနေတဲ့
လူမမာနဲ့ တူနေပြီမှန်းလဲ သိပါရဲ့။

အမေခွံ့ကျွေးသမျှ
(တကျိကျိ အော်ပြီး) ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘ၀က
ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။

လောင်ဂျီကျု မျဉ်းတကြောင်းထဲအပေါ် မနေနိုင်ကြပေ
နေ့ညတွေ မတူကြ
ငါ့အိပ်မက်တွေ ပြောပြမယ့် မနက်တွေမှာ
နင်က အိပ်မောကျကာစ။

“နှင်း” သီချင်းထဲကလိုပေါ့
“အခုတော့ ပင်လယ်ပဲရှိတယ်” ဆိုတဲ့ အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။

တနေ့မှာတော့
ငါကောက်ထားသမျှ ခရုခွံတွေနဲ့
အရုပ်ကလေးတွေ လုပ်ပြဦးမယ်
မျောက်ကလေးတွေ သန်းရှာနေတဲ့အရုပ်လဲပါ။


မင်းကိုနိုင်

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 18, 2009

ကိုမင်းကိုနိုင် ၄၇ နှစ်ပြည့်မွေးနေ့ ပြည်တွင်းပြည်ပမှာ ကျင်းပ

ကိုမင်းကိုနိုင် ၄၇ နှစ်ပြည့်မွေးနေ့ ပြည်တွင်းပြည်ပမှာ ကျင်းပ

2009-10-18( RFA )

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အနေနဲ့ အဖြူရောင်လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အလားတူပဲ ကိုမင်းကိုနိုင်ရဲ့ ၄၇ နှစ်ပြည့် မွေးနေ့အခမ်းအနား တရပ်ကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်၊


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၄၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ကိတ်မုန့်ပုံ။ (Photo: RFA)

ရန်ကုန်မြို့က လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ကိုဇာနည်က အခုလို ပြောပါတယ်။

ကိုဇာနည်။ ။'အဖြူရောင်တီရှပ်တွေ ဝေတယ်။ အဖြူရောင် အကျီ အဝတ်အစားတွေ ဝတ်တယ်။ ပြီးတော့ ဘုရားမှာ အဖြူရောင်ပန်းတွေ လှူပါတယ်။ ပြီးတော့ အဖြူရောင်တီရှပ်တွေကို ဈေးတွေမှာ ဝင် ဝေပါတယ်'

ကိုမင်းကိုနိုင်ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဗကသ-များ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် သူ့ရဲ့ဦးဆောင်မှုကို လက်ရှိ ကျောင်းသားတွေက လေးစား ဂုဏ်ပြုပါတယ်လို့ ကိုဇာနည်က ဆိုပါတယ်။ ကိုမင်းကိုနိုင်ရဲ့ရဲရင့်မှု၊ ရိုးသားမှုနဲ့ သစ္စာရှိမှုတွေဟာ ခေါင်းဆောင်တဦးအနေနဲ့ စံပြုထိုက်တဲ့ အရည်အချင်းတွေ ဖြစ်တယ်လို့ ကိုဇာနည်က ပြောပါတယ်။

ကိုဇာနည်။ ။'သူက ကျနော်တို့ ဗကသ ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ပြီးတော့ ရှစ်လေးလုံးခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ လက်ရှိအနေအထားအထိ ကိုမင်းကိုနိုင်ကနေ ကိုကျော်ကိုကို၊ ဒီဘက် အကသ တွေ အကုန်လုံး ကိုမင်းကိုနိုင်ကို ရဲရင့်သော ရိုးသားသော ခေါင်းဆောင်တဦးအဖြစ် အကုန်လုံးက အမြင်ရှိကြပါတယ်'

လက်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်းမှာ ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

ကိုမင်းကိုနိုင်ရဲ့ (၄၇) နှစ်ပြည့် မွေးနေ့ အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က ကမကထ ပြုပြီး ဒီကနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ အခမ်းအနားမှာ ထူးခြားတာကတော့ ကိုမင်းကိုနိုင် ပထမအကြိမ် ထောင်ဒဏ် (၁၆) နှစ်ကျော် ကျခံပြီး ပြန်လွတ်လာခဲ့တဲ့ နောက်ပိုင်း ၂ဝဝ၅- ၂ဝဝ၆ ခုနှစ်အတွင်း ရေးသားခဲ့တဲ့ နောက်ကြည့်မှန် လို့ အမည်ပေးထားတဲ့ အချစ်ဝတ္ထုစာအုပ်ကို အေအေပီပီက ထုတ်ဝေ ဖြန့်ချိလိုက်တာပဲ ဖြစ်ပါတယ်။ ဒီစာအုပ် ထုတ်ဝေရတာနဲ့ပတ်သက်လို့ အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလိုပြောပါတယ်။

ကိုတိတ်နိုင်။ ။'ကိုမင်းကိုနိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ရော ဒီစာအုပ်ကလေးကိုလည်း ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့သူတွေ ဖတ်သင့်တဲ့စာအုပ် တအုပ် ဖြစ်တဲ့အတွက် သူ့ ရဲ့မွေးနေ့မှာ ထုတ်ဝေရခြင်း ဖြစ်ပါတယ်'

ကိုမင်းကိုနိုင် ရေးသားတဲ့ နောက်ကြည့်မှန် အမည်ရ ဝတ္ထုစာအုပ်ဟာ သူ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကနေ မွေးဖွားလာတဲ့ ဇာတ်လမ်းတပုဒ် ဖြစ်တာကြောင့် ဝတ္ထုထဲက ဇာတ်လိုက်ဟာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်တယ်လို့ အေအေပီပီက ဖြန့်ဝေတဲ့ ကိုမင်းကိုနိုင်ရဲ့(၄၇) နှစ်မြောက် မွေးနေ့ လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။

ကိုမင်းကိုနိုင်ရဲ့ (၄၇) နှစ်ပြည့် မွေးနေ့အခမ်းအနားတွေကို ရန်ကုန်မြို့က ကိုမင်းကိုနိုင်ရဲ့မိသားစုနေအိမ်မှာ ကျင်းပခဲ့သလို နိုင်ငံတကာမှာလည်း ကျင်းပကြတယ်လို့ သိရပါတယ်။

အမည်ရင်း ပေါ်ဦးထွန်း လို့ ခေါ်တဲ့ ကိုမင်းကိုနိုင်ဟာ ၁၉၆၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ အဖ ပန်းချီဆရာကြီး ဦးသက်ညွန့်နဲ့ မိခင် ဒေါ်လှကြည်တို့ကနေ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ငါးယောက် ရှိတဲ့အနက် တတိယမြောက်သား ကိုမင်းကိုနိုင်ဟာ သင်္ကန်းကျွန်းမြို့နယ် အထက်တန်းကျောင်းမှာ တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် (ပင်မ) သတ္တဗေဒ ကျောင်းသားအဖြစ် ပညာသင်ကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မတ်လမှာ စစ်အစိုးရက ဖမ်းဆီးပြီး ထောင်ဒဏ် အနှစ် (၂ဝ) ချမှတ်ခံခဲ့ရာမှာ ၁၆ နှစ်ကျော် အကျဉ်းကျ ခံခဲ့ရပြီးနောက် စစ်တွေထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ထောင်က လွတ်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်အဖြစ် မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှားရင်း ၂ဝဝ၆ ခုနှစ်မှာ ဒုတိယအကြိမ် အဖမ်းခံရပြီး ၂ဝဝ၇ ဇန်နဝါရီလမှာ ပြန်လည် လွတ်မြောက်လာပါတယ်။

၂ဝဝ၇ သြဂုတ်လအတွင်းမှာ စစ်အစိုးရက လောင်စာဆီဈေးနှုန်း တိုးမြှင့်လိုက်တဲ့အပေါ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့အတူ လမ်းလျောက်ဆန္ဒပြခဲ့တဲ့အတွက် ကိုမင်းကိုနိုင်ကို စစ်အစိုးရက တတိယအကြိမ် ဖမ်းဆီးပြီး ထောင်ဒဏ် (၆၅) နှစ်နဲ့ (၆)လ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကိုမင်းကိုနိုင်ဟာ မိသားစုနဲ့ ဝေးလံတဲ့ ကျိုင်းတုံထောင်ကို ပြောင်းရွှေ့အကျဉ်းချ ခံခဲ့ရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...