Saturday, November 1, 2008

ကျောင်းသားတပ်မတော် အနှစ် (၂၀ ) ခရီး အထိမ်းအမှတ် ပို့စ်ကဒ်


သမိုင်းဝင် ကျောင်းသားတပ်မတော် ( မ.က.ဒ.တ ) အား ဦးညွှတ် ဂုဏ်ပြု လိုက်ပါ၏ ။


မှတ်ချက် ။ ။ ဟင်းလင်းပြင် မှ ကူးယူ တင်ပြပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်းတွင် ကျင်းပသော အနှစ်(၂၀)ကြိမ်မြောက် မကဒတ ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား



၁- နိုဝင်ဘာလ၊ ၂၀၀၈။
ယနေ့နံနက် မြန်မာ စံတော်ချိန် ၈ နာရီတွင် မကဒတ ကျောင်းသားတပ်မတော် အနှစ် (၂၀)ပြည့် အခမ်းအနား အား ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်း အခြေစိုက် စခန်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မကဒတ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အလေးပြုခြင်းနှင့် သစ္စာအဓိဌာန်ရွတ်ဆိုခြင်းများကို ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကေအန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး စောအဲ့ဆဲဆဲ ၊ ကေအန်ယူ တပ်မဟာ(၇) ဆေးတာဝန်ခံ ဆရာစောအဲ့မှီနှင့် ကျောင်းသားတပ်မတော် တပ်ရင်း(၈)မှ ရဲဘော်များကိုယ်စား ရဲဘော် မြင့်ဘုန်းနိုင် တို့မှ အမှာစကားများပြောခဲ့သည်။

ထိုသို့အမှာစကားပြောကြားရာ၌ ကေအန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး စောအဲ့ဆဲဆဲမှ
“ကျောင်းသားတပ်မတော် အနှစ်(၂၀)တိုင် ရပ်တည်နိုင်ခဲ့တာ ဇွဲနှင့်ကြံ့ခိုင်မှုကောင်းလို့ဖြစ် တယ်။ အနှစ်(၂၀)ဆိုတဲ့ အရွယ်တိုင်ခဲ့ပြီ။ အတွေ့အကြုံတွေ များခဲ့ပြီ။ ယခုလို ရှိတဲ့အင်အားနဲ့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းနေထိုင်ပြီး အောင်ပွဲရသည့်တိုင်အောင် အတူတကွလက်တွဲပြီး ဘုံရန်သူ စစ်အုပ်စုကို တိုက်ခိုက်သွားမယ်” ဟု ပြောကြားသွားခဲ့ပြီး ….

ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်းမှ တပ်ရင်းရဲဘော်များ ကိုယ်စား ရဲဘော်မြင့်ဖုန်းနိုင်မှ “ကျနော်တို့ ကျောင်းသားတပ်မတော် ယနေ့အချိန်ထိ အနှစ်(၂၀)တိုင်တိုင် ရပ်တည်နိုင်ခဲ့တယ်ဆိုတာက နိုင်ငံရေးလမ်းစဉ်မှန်ခဲ့လို့ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ မကဒတရဲ့ ပထမဦးဆုံး ထုတ်ပြန်ကြေညာချက်ဖြစ်တဲ့ အမှတ်(၁)ထုပ်ပြန်ချက်ထဲမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းသား တပ်မတော်ဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ အစဉ်အလာကြီးမားတဲ့ ဗကသကို အခြေခံခဲ့ပါတယ်။ ကျောင်းသားထုကို ကိုယ်စားပြုပြီး ကျောင်းသားလှုပ်ရှားမှု ကျောင်းသာအဖွဲ့အစည်းအားလုံးရဲ့ လက်နက်ကိုင်တော်လှန်ရေး စစ်ကြောင်းအဖြစ်ရပ်တည်ခဲ့တာပါ။ နောက်ပြီးတော့ ၁၉၂၀ ကတည်းက ကျနော်တို့ ကျောင်းသားထု ကိုင်ဆွဲခဲ့တဲ့ အမျိုးသားနိုင်ငံရေးကို ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းစဉ်အဖြစ် ပြဌာန်းပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား တိုက်ပွဲဝင်နေတဲ့ကျောင်းသားထုဖြစ်ပါတယ်” စသည်ဖြင့် အသီးသီးပြောကြားသွားခဲ့ကြသည်။
အခမ်းအနားသို့ မဟာမိတ် KNU မှ ခေါင်းဆောင်တပ်မှူးများနှင့် ရဲဘော်များ၊ ABSDF အမှတ်(၈) တပ်ရင်းမှ တာဝန်ခံ တပ်မှူးများနှင့် ရဲဘော်များ တက်ရောက်ခဲ့ကြပြီး နံနက် (၁၀)နာရီတွင် “ကမ္ဘာ မကြေဘူး” သီချင်းကို သံပြိုင်သီဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ပေးပို့သူ … မူချိမ့်
မှတ်ချက် ။ ။ ဟင်းလင်းပြင် မှ ကူးယူ တင်ပြပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

အောင်ဆန်း (သို့မဟုတ်) အရိုင်း






















( ၁ )

သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။
လူထုကြီးသည် စူးစိုက်ခြင်းမရှိ။ တချို့ကပြုံးရယ်၍ နေ၏။
နောက်နားရှိ လူထုအစိပ်အပိုင်းတခုကား အချင်းချင်းခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။
သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင် မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာဆောင်၍နေသည်။

သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထ၀ီမြေကြီးမှ ဗမာ ၀ါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်း ဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတယောက်နှင့်လည်းတူ၏။

တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သောထည်ဝါခြင်း ယဉ်ကျေးသိမ်မွေ့ခြင်းတို့ သည် သူ့တွင် လုံးဝမခိုအောင်း။ လမ်ပေါ်တွင် နေရာတကာတွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တဦးနှင့် သာတူ၏။ လူထုထဲမှ သူတဦး၏ အသွင်အပြင်မျိုးသာဖြစ်၏

သူသည်လက်နှစ်ဖက်ကို ဘေးသို့ကား၍လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏စကားလုံးများကား ပြေပြစ် ခြင်းမရှိ။ ချောမွေ့ခြင်းမရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။

သင်ပဋ္ဌမဦးဆုံး တွေ့မြင်သောအောင်ဆန်း၏ ပုံပန်းကိုရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကိုရေးပြမည်ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆ - ခု၊ ပဋ္ဌမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသား ကိုယ်စားလှယ်များအဖြစ် ကျောင်းသား ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည်ကိုတွေ့မြင်ရခြင်းဖြစ်ပေသည်။

၁၉၃၆- ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးရောင်အူနေသည့်အခိုက်၊ `အောင်ဆန်း´ အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ စာပေ၀ါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။

သို့သော် ဂျူဗလီဟော ကျောင်းသားများညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူ စကားပြောသည်ကို တွေ့မြင် ကြားနာရသောအခါ အထင်နှင့်အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ် ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်။ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။

ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင် နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

( ၂ )

နောက် ၁ - နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျနော် တက္ကသိုလ် ရောက်သည့် ၁၉၃၇ - ၃၈ ခုနှစ်က၊ ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဥက္ကဋ္ဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍မဖြစ်။ သူသည် ရင်းနှီး၍ရသောလူစားမျိုးမဟုတ်။ နိုင်ငံရေး အတူတူတွဲဖက်လုပ်လျှင် သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တဘက်သတ် မလိုက်။ စာပေ၊ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လိုအစုံ လုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဘဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေး သမားသက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့မရောက်သွားခဲ့ပေ။

သခင်ဘဟိန်းကား သည်လိုမဟုတ်။ သခင်ဘဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူဖြစ်၏။ စာပေကဗျာလင်္ကာ ကိုနှစ်သက်၏။ ဂီတကိုချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့်ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ်ဖြစ်နေ သည့် ဘ၀အထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်းမဟုတ်။ သို့သော် ချစ် ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့မဟုတ်။ ကျွန်တော်စာရေးဝါသနာ ပါသည်ကို ကိုအောင်ဆန်းသိသည်။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှရတုပိုဒ်စုံ စသောကဗျာများ၊ ၀တ္ထုတို၊ ဆောင်းပါး စသည့် စာပေများကို သူအကုန် ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်းမဟုတ်။

သို့သော် တခါက ကိုဗဟိန်းနှင့်အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယ မဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး တခုကိုကား ကျွန်တော့်ရှေ့တွင် ဖတ်သည်ကိုတွေ့ရဖူး၏။ဖတ်ပြီးလျှင်ဝေဖန်ချက်ပေး၏။

ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ် - ဗမာ ဆောင်းပါးရှင်တဦး ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေး သားသော သူ၏ ဆောင်းပါးများကို ဂန္ထလောက မဂ္ဂဇင်းတွင် ဖတ်ဖူးရသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အ၀တ်အစား ၀တ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ `မျိုးညွှန့်´ မဂ္ဂဇင်းတွင် ပါသော သူ၏ `လောက၀ိဟာ´ အမည်ရှိ ဆောင်းပါးတို ကလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ပညာ ဗဟုသုတ အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာ အရေးညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ပါဠိကိုမှန်ကန်စွာသုံး၏။

တခါတရံဟာသဥာဏ်ပါ၏။

ပုသိန်မြို့တွင်ကျင်းပသော ကျောင်းသားများညီလာခံ၌ သူ၏ ဥက္ကဋ္ဌမိန့်ခွန်းတွင် ကင်းဘဲလ်အစီရင်ခံစာကို `ပညာရေးပူရာဏ် ကျမ်းကြီးပေတကား…´ ဟု ပြောင်လှောင်ထားသည်မှာသရော်ချက်ပါပေသည်။

ကျောင်းမှထွက်ပြီး ဒို့ဗမာအစည်းအရုံးသို့ ၀င်သောအခါ ငတ်ပြတ်၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့်စီစဉ်၍ လစဉ်ကိုအောင်ဆန်း ဆောင်းပါးများပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသောဆောင်းပါးကား `နိုင်ငံရေးအမျိုးမျိုး´ ဟူသောဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးကအစချီ၍ မျက်မှောက်ဗမာနိုင်ငံရေး အခြေအနေအထိ ရေး၏။ စာပြောင်၏။ ဖတ်၍ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ငြိုးထား၍လားမပြောတတ် ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာလေ သည်။

( ၃ )

သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈ - ၃၉ ခုနှစ်ကသူသည် ဘီ-အယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ် ထပ်တွင်နေသည်။ သူ၏အခန်းသည် သပ်ယပ်ခြင်းကင်းမဲ့၏။ အခန်းတွင် စာအုပ်များပြည့်နှက်နေ၏။ စာ အုပ်များသည် စားပွဲပေါ်တချို့၊ ဗီဒိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်နေ ကြ၏။ သူသည် အင်မတန် စာဖတ်သူတယောက်ဖြစ်၏။

သူသည် ဒေါသကြီးသူတဦးဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည် မကြီး သည်ကို မသိ။ သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည်အထိမ်းအမှတ်ပွဲတခု တက္ကသိုလ်သမဂ္ဂ တွင် ကျင်းပ၏။ ပရိသတ်ထဲကထ၍ ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ်ကိုင်း ကျောင်းဆောင်မှ ကုလားကျောင်းသားတဦးက ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကိုဝေဖန်ရာ၌ အတော်ထိခိုက် သော အပြစ်တွေကို ထုတ်ဖေါ်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင် သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာရှာရှစ်အတွက် ဒေါပွကာထိုကုလား ကို ကြိမ်းမောင်း၍ `ရဲရင်ထွက်´ စသော စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍ သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်း၍ ဆွဲထားရလေ၏။

သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား-ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဗမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေးအဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညိုမြအမှူးရှိသော ကျောင်းသားတစုကမကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကိုဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တပါတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြ အားရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီး တွင် ထွက်ပေါ်၍ လာလေသည်။

တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။

သူ၏မျက်နှာထားသည် သုန်မှုန်၏။ တခါတွေ့ဖူးသောသူကို နောက်တခါတွေ့လျင် နှုတ်ဆက်ချင်မှဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ပြုံးချင်မှပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့်သူ့ကိုကား ကျောင်းသား တိုင်းကသိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေး အတွက် စိတ်ပူပုံရ၏။ ထို့ကြောင့်သူသည်သုန်မှုန်လျက်ရှိနေသည်။

သူစကားပြောလျင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နား ထောင်နေရသည်။ ဘေးကလူများ၏ စကားကိုသူမကြား။ သူပြောချင်တာတွေကိုသာ စွပ်၍ပြောနေတတ် သည်။

( ၄ )

တခါကရန်ကုန်ကိုဂျပန်တို့သိမ်းပိုက်စအချိန်။

ဝိတိုရိယရိပ်သာရှိ အိမ်တအိမ်တွင် သခင်မြနှင့်ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော်မှာလည်း တောကရောက်ကာစဖြစ်သည်။ ဧည့်ခန်းရှိစန္ဒယားတွင် ကျွန်တော်က ထိုင်ကာတီးနေ၏။ ဘေးမှသခင်စံဝေ နှင့် တက္ကသိုလ်ကျောင်းသား အချို့က၀ိုင်း၍ သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေပျက် နေ၏။

ချစ်ခင်မှာလား၊ကြင်မှာလားခင်ခင်ရယ်။

ချစ်သဲနွယ်၊

အဟုတ်ကိုချစ်တော့မယ်

ခင်ရယ်ကြင်မယ်…

ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် - ဂေါက် - ဂေါက် - ဂေါက်နှင့် တဘက်က လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ကာ ရပ်လျက်…

`ဟေ့…ရပ်ကြ။ ခုလိုအခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ်ကြင်မယ်သီချင်းမျိုးကမဟန်ဘူး…´။

ရုတ်တရက်ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။

သူသည် သူပြောချင်တာ ပြောပြီး၍ ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုလူစားမျိုး။

သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင် (ယခုသံအမတ်)၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဋ္ဌမဦးဆုံးဖြစ်၏။ လက်ထပ်ပွဲပြီးသောအ ခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများစုရုံးကာနေကြ၏။ စန္ဒယားဆရာတဦးကတီးကာ ဖျော်ဖြေလျက်ရှိ သည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကိုရပ်စေကာ ကျွန်တော့်ကိုလူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတပုဒ်ကိုတီးစေ၏။ သူသည် စန္ဒရားကိုလက်ထောက်ကာ မရတရဖြင့်လိုက်ဆိုနေ၏။ တီးသော သီချင်းမှာ `ကဉ္စန´သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာနောက်တပုဒ်တီးခိုင်းပြန်၏။

တခါက ဂျပန်ခေတ် ၀န်ကြီးတဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ် သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ ဧည့် သည်များကား အ၀တွင်ရပ်၍ သူ့အ၀င်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ၀င်လာကာ ရုတ်တရက်၊ စားပွဲထိပ် ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကြော်တတုံးကို ယူစားလိုက် လေ၏။

သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ ထမင်းစားပါအုံးလားဟု ခေါ်ချင်မှ ခေါ်သောလူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက `ကြောင်သည်´ ဟု အမှတ်ထား ကြလေ၏။

( ၅ )

သူ့တွင် သိမ်မွေ့ခြင်းမရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်း သင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကိုသူသည် လုံးဝဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုရ် အတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။

သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှချေသည်၏။ သူသည် နိုင်ငံရေး တခုတည်းကိုသာ လုပ်သောလူတဦးဖြစ်၏။

သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ သို့သော် ကိစ္စမရှိ။ သူသည် ဧည့်ခံခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီး လူကောင်း မဟုတ်။ တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာ မဲ၍လုပ်သောနိုင်ငံရေးသတ္တ၀ါဖြစ်၏။ထို့ကြောင့်ကိစ္စမရှိ။

၁၉၄၂ - ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။

`အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘ၀မှာလဲ အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲတော်လှန်ရေး မှာလဲ အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလဲ တကယ့်တော်လှန်ရေးအစစ်ပဲ…။´

ဆရာမဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစလက်မထပ်ခင် ၃-၄ ရက်အလိုက ကိုဘဟိန်းကိုလာရှာရင်း ကျွန်တော်နှင့်သွားတွေ့၏။

သူသည်ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ `ဒီမယ် … အိမ်ထောင်ပြုတယ်ဆို တာ သိပ် … စဉ်းစားတွေဝေနေလို့မရဘူး။ တခါတည်း ဇွတ်လုပ်လိုက်ရတယ် ….´ဟု မမေးဘဲ သူ့ဘာသာ သူ သူပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပန်းမှုစာအုပ်နှင့် ပတ်သက်၍ အင်းယားကန်စောင်းရှိသူ့အိမ်သို့ရောက်သွား၏။

ဧည့်ခမ်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကိုတွေ့ရ၍ မပြုံးမိအောင်ဟန်ဆောင်နေရ၏။

သည့်နောက် သူနှင့်ကျွန်တော်မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီသွား လည်ကလည်း ဖေါ်ဖေါ်ရွေရွေ လောကွတ်ပြူငှာ ခေါ်မည့်လူစားမျိုးလဲ မဟုတ်။

တခါက ဗိုလ်ချုပ်ဘ၀တွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တပြုံကြီးကို မြင်လိုက်၏။ အော် …. သားနဲ့၊ မယားနဲ့မို့ လူစိတ် တော်တော်ပေါက်လာပြီ။ အရင်ကလို ကြောင်တော့မည်မဟုတ်။ အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောင့်မေ့လိုက်၏။ မှန်၊မမှန်ကားမပြောတတ်။

ဖ ဆ ပ လ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော်မသိ။ သူ၏ နိုင်ငံရေးကို ဝေ ဖန်ခြင်း မဟုတ်။ သူ၏ အဖြစ်သာ။ ကျွန်တော်သိသည့်အထိ ပြောပြခြင်း ဖြစ်ပေသည်။

တခုတော့ ထင်သည်။ သူသည် လူထုထဲမှလူတဦးဖြစ်၍၊ လူထုနှင့်ဆက်စပ်နေ၍ လူထုခေါင်းဆောင်ဖြစ်လာသည်ဖြစ်လိမ့်မည်။

ဒဂုန်တာရာ
ဒီဇင်ဘာလ၊ ၁၉၄၆
မှတ်ချက် ။ ။ နေ့သစ် မှ ကူးယူ တင်ပြပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

သား

(၁)

အချိန်ကား ဗိုလ်ချုပ်နေ၀င်း၏အိမ်စောင့်အစိုးရကာလ။ တနည်းဆိုသော် ကွန်မြူနစ်ချေမှုန်းရေးကာလ။ ကွန်မြူနစ်ချေမှုန်းရေးသည် အိမ်စောင့်အစိုးရ၏ (ပ) ဦးစားပေး စီမံချက်ဖြစ်သဖြင့် စစ်ဆင်ရေး ကြီးငယ် များက မြန်မာပြည်၏ နေရာအနှံ့တွင် ရှိနေသည်။

နေရာကား ရှမ်းပြည်နယ် နှင့် ဗမာပြည်မ၏ နယ်နိမိတ်သဖွယ် ဖြစ်နေသည့် ပေါင်းလောင်း နန့်ဖာဒေသ။ ထိုဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရှမ်းပြည်နယ်တောင်ပိုင်းခရိုင် အခြေစိုက်ထားသည်။ ပေါင်း လောင်း နန့်ဖာဒေသသည် ပါတီဗဟိုဌာနချုပ်ရုံး (PHQ) ရှိနေသော ပဲခိုးရိုးမနှင့် ဆက်သွယ်ရေး ကောင်းမွန်သော ဒေသတခုဖြစ်ခြင်း၊ ရပ်စောက်၊ အင်တော၊ ကျောက်ကူ၊ မိုးကုတ်၊ မိုးမိတ် ဒေသများမှ တဆင့် တရုတ်ပြည်နယ်စပ်အထိ ဆက်သွယ်ရေးလမ်းကြောင်း ရှိနိုင်ခြင်း စသည်တို့ကြောင့် စစ်ရေးအရ အလွန်အရေးပါသော ဒေသဖြစ်၍ အိမ်စောင့်အစိုးရမှ တောင်ကြီးအခြေစိုက် တပ်မမင်း ဗိုလ်မှူးကြီး သိန်းတုတ်၏ ကြေးစားစစ်တပ်များ ခြေချင်းလိမ်နေသည့် နေရာဖြစ်သည်။ ရန်သူ့ထိုးစစ်များက သဲသဲမဲမဲ၊ မိုးရေများက တဖွဲဖွဲ ဖြစ်နေသည့် အချိန်လည်းဖြစ်သည်။

“မွေးပြီတော့။မွေးပြီ။ယောက်ျားလေး”

ရွာမှ လက်သည်အမျိုးသမီး၏ စကားသံအကြားတွင် သူမတကိုယ်လုံး မြောက်တက်သွားသလို ခံစား ရသည်။ နာရီပေါင်းများစွာ ခံစားခဲ့ရသည့် နာကျင်မှု၊ ပင်ပန်းမှုများသည် ဘယ်ဆီသို့ ရောက်ကုန်သည်မသိ။ အမျိုးအမည်မသိရသော ခံစားချက်တို့က အစားထိုး ၀င်ရောက်လာခဲ့သည်။ ပီတိဆိုသည်မှာ ဤသည်ကို ခေါ်လေသည်လား မသိ။ မျိုးဆက်သစ်ဆိုသော အသိက ခွန်အားသစ်တို့ကို မွေးဖွားပေးလာသည်။ တော်လှန်ရေးကာလ၊ တိုက်ပွဲများ ကြားတွင် လူ့လောကထဲ ရောက်လာသည့် တော်လှန်ရေး မျိုးဆက်။ပါတီ၏မျိုးဆက်။

လက်သည်အမျိုးသမီးပေးလာသည့် နီတာရဲ ကလေးလေးအား ပွေ့ချီရင်း ရွာနှင့် မနီးမဝေးတွင် ရဲဘော် တချို့နှင့်အတူ လုံခြုံရေး ကင်းစောင့်နေသည့် ခင်ပွန်းသည်ကို သတိရလာသည်။ သူသိလျှင်မည်မျှဝမ်းသာမည်မသိ။

သူမတို့ပါတီ လက်နက်ကိုင်တော်လှန်ရေး (A/S) သို့ ဆင်းစဉ်ကတည်းက တော်လှန်ရေးထဲသို့ ပြိုင်တူလိုလို ရောက်ခဲ့ကြသည်။ သို့ပေမယ့် ပါဝင်သည့် တပ်ရင်းမတူခဲ့ကြပါ။ ဖူးစာဆုံချင်တော့ ပျဉ်းမနား စစ်မျက်နှာတွင် ဆုံတွေ့ခဲ့ကြသည်။ (၁၉၅၀)၊ စက်တင်ဘာ (၁)ရက်တွင် ဖွဲ့စည်းသော ပြည်သူ့တပ်မတော်တွင် အတူတကွ ပါဝင်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေး ဒီရေအတက်အကျ တလျှောက်လုံး တိုက်ပွဲအသီးသီးကို ရင်ဆိုင် ဆင်နွှဲခဲ့ကြသည်။ နောက်ပိုင်း ပါတီ၏ တာဝန်ပေးချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင် အခြေခံဒေသတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည်။

“ကျွန်မသွားမှ ဖြစ်တော့မယ်။ အစစအရာရာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်“

မွေးဖွားပြီးကာစ သွေးနုသားနုဆိုပေမယ့် အသက်အန္တရာယ် လုံခြုံရေးကိုက ပိုဦးစားပေးရသည်။ ရန်သူ့ စစ်ကြောင်းရှောင်ရင်း တောထဲတွင် ဗိုက်နာလာသည်မို့ နီးစပ်ရာ ရွာသို့ ၀င်၍ ကလေးမီးဖွားရခြင်းဖြစ်သည်။ ပြောက်ကျားအဖွဲ့မို့ သူမတို့တွင် လူအင်အား သိပ်မပါလာခဲ့။ ရဲဘော်အချို့က ရွာပြင်တွင် ကျန်ခဲ့ပြီး၊ သူမနှင့် အင်းလေးဒေသသူ ရဲဘော်တယောက်က ရွာတွင်းဝင်လာခဲ့ကြခြင်းဖြစ်သည်။

(၂)

တဲထဲမှ ထွက်လာပြီး မကြာခင်မှာပင် ရွာပြင်မှ သေနတ်သံများကို စတင်ကြားရသည်မို့ သူမတို့နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်မိကြသည်။ ရွာပြင်မှာ တိုက်ပွဲဖြစ်နေပြီ။ သူမလက်ထဲတွင်က ယနေ့မှ လူ့လောကထဲ ရောက်လာသည့် ကလေးငယ်လေးရှိနေသည်။ဘာလုပ်ရမည်နည်း။

အတွေးတို့မဆုံးမီ သူမတို့ထံသို့ ကမျောသောပါး ပြေးလာသော ရဲဘော်တယောက်ကို တွေ့ရသည်။

"ဗိုလ်ဘသိုက်က မှာလိုက်တယ်။ သူတို့ခံပစ်ထားမယ်တဲ့။ ရန်သူတွေ ရွာထဲမရောက်ခင် အမြန်ပြေးပြီး၊ ------ ရွာမှာ စောင့်နေပါတဲ့။ အချိန်မရှိဘူး။ ကျွန်တော်တို့ ရွာထဲက ချက်ချင်းထွက်မှဖြစ်မယ်"

ခင်ပွန်းသည် ရဲဘော်ဘသိုက်အတွက် စိုးရိမ်သွားမိသော်လည်း၊ စောဒက မတက်မိတော့။ သူမ၏ ခင်ပွန်း သည် သည် ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သည့် တပ်မှူးကောင်းတယောက်။ စစ်မြေပြင်တွင် တပ်မှူး၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်မို့ သားငယ်လေးကိုပိုက်၍ သုတ်ခြေတင်ရတော့သည်။ ချိန်းထား သည့်နေရာတွင် အချိန်အတန်ကြာစောင့်ပေမယ့် ကိုဘသိုက်တို့ ရောက်မလာခဲ့။ ရန်သူတပ်များ တောင်ယာ မကျန် ရွာဖုန်းဆိုးများကိုပါ ပိုက်စိပ်တိုက်နေခြင်း၊ ပင်မတပ်ဖွဲ့နှင့် အချိန်မှီ ပူးပေါင်းရန်လိုအပ်ခြင်းတို့ကြောင့် ရွာမှ ရင်းနှီးသူမိသားစုထံတွင်သားလေးအားခဏအပ်နှံ၍ရှေ့ခရီးဆက်ရသည်။

သိပ်မကြာလိုက်။ ပင်မတပ်ဖွဲ့နှင့် ပေါင်းမိပြီးနောက်ပိုင်း ချစ်ခင်ပွန်းသည်တို့၏ အဖြစ်ဆိုးကို ရင်နင့်ဖွယ် ကြားခဲ့ရသည်။ အဆမတန်အင်အားကြီးမားသည့် ရန်သူ့တပ်များအား ခုခံချေမှုန်းရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ကြလေပြီ။ ရန်သူ့တပ်များဝိုင်းကာ လက်နက်ချခိုင်းသည့်ကြားမှ ဒူးမထောက်၊ အညံ့မခံခဲ့။ နောက်ဆုံး အချိန်ထိ လက်နက်ကို စွဲကိုင်ကာတိုက်ပွဲဝင်သွားခဲ့ကြသည်။တိုက်ရဲ၊သေရဲခဲ့ကြသည်။

လုံခြုံရေးအခြေအနေ အတန်ငယ် စိတ်ချရတော့ သားလေးအား ခဏထားခဲ့သည့် ---- ရွာသို့ သူမ ပြန်ဝင်သည်။ မျိုးဆက်သစ်သားငယ်လေးအား သူ့ဖခင်ကဲ့သို့သော တော်လှန်ရေးသားကောင်းတယောက် ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရမည်။ မျှော်လင့်ချက်ကြီးစွာဖြင့် ရွာသို့ရောက်စဉ်မှာပင် အလာကောင်း ပေမယ့် အခါနှောင်းပြီမှန် သိလိုက်ရပြန်သည်။ နေ၀င်း၏ ဖက်ဆစ်ကြေးစားစစ်တပ်များ ကမ်းကုန်အောင် ရမ်းကားသွားခဲ့ပြန်လေပြီ။ ရွာကို မီးရှို့ရုံမက ရွာသူရွာသားအများအပြားကိုပင် ရိုက်နှက်ညှဉ်းပန်း ခဲ့ကြသည်။ မည်သူမျှဖော်ကောင်မလုပ်ခဲ့ကြ။ ကလေးငယ်ကို လုံခြုံသော နေရာတွင်ဖွက်ထားခဲ့ကြသည်။ ကျေးလက်နေပြည်သူများအား ညှဉ်းပန်းနှိပ်စက်ကာ အိုးအိမ်များကို ဖျက်ဆီးလိုက်လျှင် တော်လှန်ရေး အရှိန်ကို ရိုက်ချိုးနိုင်မည်ဟု ယုတ်မာစွာ ယူဆထားသည့် ကြေးစားစစ်တပ်၏ ပြယုဂ်ကို နာကျည်းဖွယ် တွေ့မြင်ရသည်။

ကြေးစားတပ်များ ရွာမှထွက်သွားပြီးနောက်ပိုင်း အခြေအနေကို စိတ်မချသည်နှင့် သူမကလေးအား စောင့် ရှောက်ထားသော မိသားစုသည် ပင်းတယဒေသသို့ ပြောင်းရွှေ့သွားကြောင်း ကြားသိရပြန်သည်။ ကြေးစားတပ် အန္တရာယ်ကိုကြောက်၍ ရွာအမည်အား ပြောမထားခဲ့။ ကလေးအား လူဖြစ်အောင်မွေး၍ အရွယ်ရောက်လာချိန်တွင် သူမထံသို့ ဖြစ်သည့်နည်းဖြင့် ပို့ပေးမည်ဆိုသော စကားတခွန်းကိုသာ ကြား လိုက်ရတော့ သူမရင်ကွဲနာကျရပြန်သည်။ ဤသို့သော စစ်မက်ကာလတွင် မိတ်ဆွေများ၏ စေတနာကိုလဲ သူမသဘောပေါက်ပါသည်။ သို့ပေမယ့် ကိုယ့်ရင်သွေးလေးကို ရင်အုပ်မကွာ စောင့်ရှောက်ချင်သည်ကတော့ မိခင်တိုင်း၏ မေတ္တာပင် မဟုတ်ပါလား။ နို့အုံတွေ တင်းလာသည့် အခါတိုင်း မိခင်နို့ချို တစက်မှ မစို့လိုက်ရသည့် သားငယ်လေးအတွက် မျက်ရည်အတန်တန် ကျခဲ့ရသည်ပဲလေ။

(၃)

လအချိန်ကား(၁၉၈၂)။
နေရာကားပွေးလှမြို့။

ပွေးလှမြို့သည် ပင်းတယနယ်ထဲမှ ဖြစ်ပြီး၊ ဓနုတိုင်းရင်းသားအများစု နေထိုင်သည့် မြို့ဖြစ်သည်။ တိုက်နယ်ဆေးရုံငယ်တခုရှိပြီး၊ (၅)ရက်တဈေးရှိသည့် မြို့ငယ်လေးဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ (၁၉၇၉) ပန်ဆန်းတိုးချဲ့ဗဟိုအစည်းအဝေးမှ အသစ်ဖွဲ့စည်းခဲ့သော အလယ်ပိုင်းဗဟိုဌာနခွဲနယ်မြေတွင်ပါဝင်သည်။

ခင်ပွန်းသည်ဆုံး၊ သားလည်းပျောက်အခြေအနေများ ဖြစ်ပွားပြီးသည့်နောက်ပိုင်း ရေရှည်ပူဆွေးဖို့ သူမမှာ အချိန်မရခဲ့။ နေ၀င်းကြေးစားတပ်၏ စစ်ကြောင်းများနှင့် တိုက်ပွဲများစွာ ရင်ဆိုင်ဆင်နွှဲခဲ့ရသည်။ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်သန်းတင်၏ မိုးလုံးဟိန်းစစ်ဆင်ရေး၊ ဂဠန်စစ်ဆင်ရေးများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့ရသည်။ ( ၁၉၇၁)တွင် ဖွဲ့စည်းသော (၁၀၈) စစ်ဒေသ၏ လူထုစည်းရုံးရေးများတွင် စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့သည်။ ထိုမှတဖန် (၁၀၈)စစ်ဒေသနှင့် (၆၈၃) တပ်မဟာနယ်မြေမှ ကေဒါများနှင့် ပါတီဝင်များပါဝင်သည့် အလယ်ပိုင်းဗဟိုဌာနခွဲကို ဖွဲ့စည်းပြီး နောက်ပိုင်းတွင်လည်း ပါတီမှ ပေးအပ်သော တာဝန်များကို အသက်နှင့်ရင်း၍ ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ အလုပ်တာဝန်များနှင့် ပိနေ၍ နာကျင်ခဲ့ရသော ရင်ထဲမှ ဒဏ်ရာများက အကင်းသေစ ပြုနေခဲ့ပါပြီ။ ထိုဒဏ်ရာများကို အသစ်တဖန်တူးဆွစေခဲ့သည်ကား --- ။

ထုံးစံအတိုင်း ပွေးလှဈေးနေ့သည် ဈေးသွားဈေးလာများဖြင့် စည်ကားလို့နေသည်။ ငါးရက်တဈေးမို့ နီးစပ်ရာနယ်ပေါင်းစုံမှ ဈေးရောင်းဈေးဝယ်များဖြင့် ပြည့်လျှံနေသည်။ တာဝန်နှင့် ရွာထဲမြို့ထဲဝင်လျှင် ထိုလိုနေ့မျိုးကို သူမရွေးချယ်လေ့ရှိသည်။ ကြံကြံဖန်ဖန် ကံကြမ္မာက ဖန်တီးလာတော့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသောသူကို သူမတွေ့လိုက်ရသည်။

“ဦးခွန်သိန်း။ဦးခွန်သိန်း။ဟုတ်ပါတယ်နော်”

ဓနုတိုင်းရင်းသူတယောက်လို ရုပ်ဖျက်ထားသည့် သူမကို ထိုသူက မမှတ်မိ။

“ကျွန်မမမြကြည်ပါ။ ဟို-ကျွန်မကလေးလေးလေ၊ ဦးခွန်သိန်းတို့ စောင့်ရှောက်ပေးတာ”

ထိုသူကဘေးဘီဝဲယာကိုကြည့်သည်။

“ဒီမှာပြောလို့မကောင်းဘူး။အိမ်ခဏလိုက်ခဲ့ပါလား”

သားဇောကြောင့် လုံခြုံရေးကိုပင် ဂရုမစိုက်မိ။ ထိုသူခေါ်ရာသို့ တကောက်ကောက် လိုက်ဖြစ်သွားသည်။
“သား။သားလေးကောဟင်”

အိမ်သို့ရောက်ရောက်ချင်း အမောတကောမေးမိသည်။ အခုဆိုသားလေးလဲ အသက်နှစ်ဆယ်ကျော် ရှိနေလောက်ပြီ။ အိမ်ထောင်ရက်သားများ ကျနေပြီလား။ ကလေးငယ်လေးသာ ရှိနေရင်တော့ မြေးလေး ကိုပါ တွေ့ရချည်ရဲ့ဟုပင် စိတ်ကူးယဉ်လိုက်မိသည်။ တချိန်က အမာခံဖြစ်ခဲ့သူတယောက်လက်တွင် ကြီးပြင်းလာသော သူမ၏သားထံတွင် တော်လှန်ရေးအသိနှင့် စိတ်ဓာတ်တို့ ရှိနေမည်မလွဲ။ သားကို အခြေစိုက်ဒေသသို့ ခေါ်သွားရမည်။ တော်လှန်ရေး၏ မျိုးဆက်သစ်တယောက်အဖြစ် လမ်းညွှန်ပျိုးထောင်ပေးရမည်။

သူမ၏ လတ်တလောစိတ်ကူးယဉ် အိပ်မက်တို့သည် ခေါင်းကိုတွင်တွင် ငုံ့ထားသော ထိုသူ၏ အပြုအမူ တို့ကြောင့် ရုတ်ချည်းပျောက်ကွယ်သွားရသည်။

“သားလေး၊ သားလေး ဘာဖြစ်လို့လဲဟင်။ သက်ဆိုးမရှည်ဘူးလား”

ဦးခွန်သိန်းကခေါင်းကိုရမ်းသည်။

“ဦးခွန်သိန်း။ ကျွန်မကို အဖြစ်မှန်ပြောပြပါ။ ဘာတွေပဲဖြစ်ဖြစ် ကျွန်မရင်ဆိုင်နိုင်ပါတယ်။ တော်လှန်ရေး သမားတယောက်ရဲ့ ဘ၀ဟာ ခါးသီးနာကျည်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေစမြဲ ဆိုတာကိုကျွန်မနားလည်တယ်”

“သက်ဆိုးမရှည်ရင်တောင် ကောင်းဦးမယ်ဗျာ။ အခုတော့ --- ”

ဦးခွန်သိန်း၏ တောက်ခေါက်သံကို ကျယ်လောင်စွာ ကြားရသည်။ ဘာမှန်းမသိ၍ သူမမှာ အသက်ပင်မရှူမိ။

“နေဦး။ကျုပ်ပြမယ်”

ဦးခွန်သိန်းက အိပ်ခန်းထဲသို့ဝင်၍ ပတ်စ်ပို့ဒ်ဓာတ်ပုံလေးတပုံအား ယူလာပြသည်။ ဓာတ်ပုံထဲမှ ကြေးစား စစ်ယူဖောင်း၊ ပခုံးတွင် ကြယ်နှစ်ပွင့်နှင့် လူငယ်သည် ၀င့်ထည်စွာ ပြုံးနေလေသည်။ အရာရာကို ရင်ဆိုင်ရဲသည်ဟု မှတ်ယူထားသော သူမသည် ထိုပုံကို တွေ့လိုက်ရသော အခါတွင်တော့ ရင်ထဲတွင် နင့်ကနဲနေအောင် ခံစားလိုက်ရသည်။ ဖအေတူသား။ သို့ပေမယ့် ဖအေလျှောက်ခဲ့သည့် သစ္စာတရား လမ်းမပေါ်တွင် ရောက်နေသူမဟုတ်ပဲ ဖအေကိုသတ်ခဲ့သည့် ကြေးစားစစ်တပ်၏ အမိုက်မှောင် လမ်းပေါ်တွင် ရောက်နေလေပြီ။

“ကျုပ်အပြစ်ပါဗျာ။ ကျုပ်ကို ကြိုက်တဲ့ အပြစ်ပေးပါ”

ဦးခွန်သိန်း၏ ဆို့နင့်နေသော စကားသံကို ကြားရတော့မှ ဓာတ်ပုံကို စိုက်ကြည့်ပြီး အသေကောင် တယောက်လို ငြိမ်နေသော သူမ သတိဝင်လာသည်။

“ဘယ်လိုဖြစ်ရတာလဲရှင်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မကို ပြောပြပေးပါ”

“ဖက်ဆစ်နေ၀င်းတပ်တွေ ရွာထဲဝင်လာတော့ ကျုပ်တို့ ကလေးကို လုံခြုံတဲ့နေရာမှာ ဖွက်ထားခဲ့တယ်။ ဒီကောင်တွေသိပ်ယုတ်မာတယ်။ တရွာလုံးကို ရိုက်နှက်၊ မီးတင်ရှို့ပြီး ပြန်မထွက်ခင်မှာ ကြိမ်းသွားတာက သူပုန့်သွေးကို အရှင်မထားဘူး။ တွေ့တာနဲ့ မီးပုံထဲ ပစ်ချမယ်တဲ့။ ကျုပ်တို့လဲ လန့်ပြီး ပြေးခဲ့ကြတာ။ ကလေးလေးကို မသေစေချင်ဘူးလေ။ ကံဆိုးချင်တော့ ဒီနယ်ရောက်ပြီး မကြာခင်မှာပင် ကျုပ်မိန်းမက ကောက်ခါငင်ခါဆုံးတယ်။ ကျုပ်က ပန်းနာရင်ကြပ်ဖြစ်တယ်။ နောက်ဆုံးပင်းတယဆေးရုံကို ရောက်လာတဲ့ ဆရာလေး ဒေါက်တာခင်မောင်အေးက ကလေးကိုမွေးစားမယ်ဆိုတာနဲ့ ကလေးအနာဂတ်အတွက် သူနဲ့ ထည့်ပေးလိုက်တာ။ သူတောင်ကြီးပြောင်းတော့ တပါတည်းပါသွားတယ်။ ကျုပ်ပြန်တွေ့ရတဲ့ အခါကျတော့ သူက စစ်ကျောင်းဆင်းပြီးနေပြီ။ ကျုပ်ကို လာကန်တော့သွားတယ်။ ကျုပ်လေ - ကျုပ် အားလုံးကောင်းဖို့ စေတနာနဲ့ လုပ်ခဲ့တာပါ။ အခုတော့ ကျုပ်စေတနာက အဆိပ်ပင်ကို ရေလောင်းလိုက်သလိုဖြစ်သွားပြီ”

ယောက်ျားရင့်မာကြီးတယောက်၏ ယူကြုံးမရ ငိုကြွေးနေသံကို စိတ်မကောင်းစွာ ကြားရသည်။ သူမ စိတ်တို့သည်လည်း ချုံးချုံးကျသွားသလို ခံစားလိုက်ရသည်။ တိုင်းပြည်အတွက် အဖိုးတန်သော လူငယ်လေးတွေသည် ကြေးစားစစ်တပ်၏ အစေအပါး၊ လူသတ်သမားများ ဘ၀သို့ သက်ဆင်းနေရသည်ကို တွေးမိတိုင်း နှမျောတသဖြစ်ခဲ့ရသူ၊ သူမသည် ယခုတော့ ၀မ်းနှင့်လွယ်မွေးခဲ့ရသော ကြေးစား စစ်ဗိုလ်လေး၏ မိခင်ဘ၀ရောက်နေရပါပကောလား။

“သူ့နာမည်ဘယ်လိုခေါ်လဲ”
“စစ်အောင်။ဗိုလ်စစ်အောင်တဲ့”
“ကျွန်မဒီဓာတ်ပုံလေးယူသွားမယ်နော်။ခွင့်ပြုပေးပါ”
“ယူသွားပါ။ ကျုပ်ဒါပေးပေးလိုက်နိုင်တော့တာကို စိတ်မကောင်းဘူး။ ကျုပ်ကို ခွင့်လွှတ်ပါ”
“ရပါတယ်။ ခေတ်စနစ်ဆိုးရဲ့အောက်မှာ ဒီလိုတွေ ဖြစ်တတ်တာ အများကြီးပါ။ ကျွန်မသွားမယ်“
ခံစားချက်ကို တာဝန်ဆိုသော အသိနှင့် ထိန်းရင်း သူမဆက်လျှောက်ရမည့် လမ်းပေါ်သို့ ပြန်ခဲ့ရလေသည်။

(၄)

အချိန်ကား(၁၉၈၃)ခု။
နေရာကားနန့်လန်နယ်။

အလုပ်ကိစ္စတခုဖြင့် နန့်လန်နယ်အတွင်းမှ ရွာငယ်တခုသို့ ရောက်ရှိနေသည်။ နန့်လန်မြို့အခြေစိုက် စစ်တပ်၏ စစ်ကြောင်းများ နယ်မြေတွင်းရှိနေပေမယ့် အနီးအနားမှ ရွာတရွာတွင် မိမိတို့ တပ်စု တစုရှိနေသည်မို့ စိတ်ချလက်ချပင် တယောက်တည်းထွက်လာဖြစ်ခဲ့သည်။ ပြန်ခါနီး ရွာလူကြီး မိသားစုမှ ထမင်းစားအတင်းခေါ်နေသဖြင့် ခေတ္တ၀င်ထိုင်ဖြစ်သည်။ ပြောက်ကျားစစ်ဒေသ၊လှုပ်ရှား နယ်မြေတွင် လူထုများနှင့် ရင်းနှီးခင်မင်မှုသည် တော်လှန်ရေးအတွက် အရေးပါလှသည်။

အချိန်အားဖြင့် သိပ်မကြာလိုက်။ အိမ်ဝိုင်းထဲမှ မသင်္ကာဖွယ်ရာ အသံတချို့ကြားရသည်မို့ ပါလာသည့် သေနတ်ကို ဆွဲထုတ်ရသည်။ အခြေအနေကို လေ့လာကြည့်တော့ ရန်သူများ ၀ိုင်းထားသည်ကို တွေ့ရသည်။ ခုခံပြီး ခုန်ချထွက်ပြေးလျှင်တော့ လွတ်ချင်လွတ်နိုင်မည်။ သေနတ်သံကြားသည်နှင့် ---- ရွာအနီး တောင်ယာတဲများတွင် အခြေစိုက်ထားသော တပ်စုက ချက်ချင်းလိုက်လာလိမ့်မည်။

ထိုရည်ရွယ်ချက်ဖြင့် သေနတ်ကို မောင်းတင်စဉ်ခဏ။ အလို --- ဘာသံပါလိမ့်။ ငိုသံ။ ကလေးငယ်တယောက်၏ ငိုရှိုက်သံ။ ရွာလူကြီး ဇနီးက ကလေးငယ်၏ ပါးစပ်ကို အတင်းပိတ်ထားသည်မို့ ၀ူးဝူးဝါးဝါး ဖြစ်နေသည်။သူမ သေနတ်ပြောင်းက အောက်သို့ ငိုက်သွားသည်။ ကြေးစားစစ်တပ်သည် လူစိတ်ကင်းမဲ့နေသော တပ်ဖြစ်သည်။ အိမ်ပေါ်တွင် ကလေးငယ်တယောက်ရှိနေသည်ကို ဂရုစိုက်မည် မဟုတ်။ သူမစပစ်သည်နှင့် ကျည်ဆံများက တဲထဲသို့ တရဟော ၀င်လာလိမ့်မည်။ သူမလွတ်အောင် ရှောင်နိုင်ပေမယ့် သနားစဖွယ် ကလေးငယ်နှင့် မိသားစုတခု အသက်ဆုံးရလိမ့်မည်။ ထိုရွာလူကြီး မိသားစုသည် တော်လှန်ရေးကာလတလျှောက်တွင် သူမတို့အား ကူညီအားပေးခဲ့သည့် သူရဲကောင်း ပြည်သူများဖြစ်သည်။

သေနတ်တချက်မှ မဖောက်ပဲ အသာတကြည်ပင် သူမအဖမ်းခံလိုက်ပါသည်။ ရွာတွင်းတွင် စစ်တပ် သတင်းပေးတယောက်ယောက်ရှိနိုင်သည်ဆိုသော အချက်ကို သူမပေါ့လျော့စွာ သတိမပြုခဲ့မိခြင်းသာဖြစ်သည်။

အဖမ်းခံခြင်းသာဖြစ်သည်။ လက်နက်ချခြင်းမဟုတ်။ ဒါကို သူတို့သိအောင် သူမပြောရသည်။ ရွာသား များရှေ့တွင် လူမဆန်အောင် ၀ိုင်းဝန်းရိုက်နှက် ကန်ကျောက်ခြင်းကို ခံရသည်။ အသားနာသည်ထက် ရင်ထဲတွင် ပိုနာရသည်က သူမအား ဖမ်းဆီးနှိပ်စက်ကာ ခွဲရုံးအခြေစိုက်နေရာကို မေးနေသော စစ်ကြောင်းမှ အရာရှိသည် လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်ကျောက်က သူမမွေးဖွားထားခဲ့သော သူမ၏ သားရတနာ ဖြစ်နေ ခဲ့ခြင်းပင်။

”ဗိုလ်ကြီး။ ကွန်မြူနစ်တွေ အလုံးအရင်းနဲ့ ဒီဘက်ကို ဆင်းလာတယ် သတင်းရတယ်”
“ရွာထဲမှာ ကြာလို့မဖြစ်ဘူး။ ဒါသူတို့နယ်မြေ။ နန့်လန်တပ်ကို ချက်ချင်းသတင်းပို့။ စစ်ကူတောင်း။ဆုတ်ဖို့ပြင်တော့”
“သူ့ကိုဘယ်လိုလုပ်မလဲ”
“ကွန်မြူနစ်မ။ ခေါင်းသိပ်မာတယ်။ ရှင်းပစ်လိုက်။ နေဦး။ ငါပစ်မယ်”

သွေးအိုင်များကြားတွင် လဲနေသော သူမရှိသမျှအားကို စုစည်း၍ ခေါင်းထောင်ရသည်။ သားလေးမည်မျှ ရက်စက် ယုတ်မာနေသည်ပဲဖြစ်ဖြစ်၊ အမေသတ်သော သားအဖြစ် ဘ၀သံသရာအဆက်ဆက် ငရဲ ခံရမည်ကို သူမမလိုလား။

“သားမပစ်နဲ့။မှားမယ်၊မပစ်နဲ့”
သားလေး၏ ပြောင်းဝကို ရှောင်ရင်း အနီးမှ စစ်သည်တယောက်၏ ပြောင်းဝသို့ ပြေးအ၀င်။ ထိုစစ်သည်ကလဲ အလန့်တကြား သေနတ်မောင်းခလုတ်ကို ဆွဲအဖြုတ်။

ထွက်ပေါ်လာသော သေနတ်သံနှင့်အတူ သူမခွေကျသွားသည်။ အမှောင်အတိ ဖုံးသွားသည်ကသူမနောက်ဆုံးအသိ။

နောက်ဆက်တွဲ

အကယ်၍များ သူ့ကိုသားဟုခေါ်ကာ နီးရာသေနတ်ပြောင်းဝသို့ တိုးဝင်အသေခံသွားသော၊ သူ့အခေါ် ကွန်မြူနစ်မတယောက်၏ အတွင်းခံ အင်္ကျီထဲမှ ဓာတ်ပုံတပုံကိုသာ ဗိုလ်စစ်အောင် တွေ့မြင်ခဲ့မည်ဆိုပါက----------။

ခင်မမမျိုး(၂၆၊၁၊၂၀၀၈)

(မှတ်ချက်။ သမိုင်းနောက်ခံအချက်အလက်များအား ရဲဘော်ခင်ညို၏ “၄၉-တော်လှန်ရေး မျိုးဆက်တဦး၏ ဘ၀ဒိုင်ယာရီ ”နှင့် ဗိုလ်သန်းတင်၏ “စစ်ဆင်ရေးပြီး စစ်ဆင်ရေး”စာအုပ်များအား ရည်ညွန်း ကိုးကားပါသည်။ မွေးရပ်ဌာနေ၊ ရှမ်းမောမြေမှ၊ ယမ်းငွေ့ကျည်ဆံ၊ သေနတ်သံများကြားတွင် သူရဲကောင်း ပီသစွာ ကျဆုံးသွားကြသော တော်လှန်ရေးသမားများအားလုံးအားဂုဏ်ယူစွာဦးညွှတ်ပါ၏။)

http://khinmamamyo.blogspot.com မှ ကူးယူဖေါ်ပြသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 30, 2008

ကြီးကျယ်အောင်မြင်ခဲ့သော စိတ်ကူးယဉ်သမားများ


မည်သည့်လုပ်ငန်းတွင်မျှ ပေါက်မြောက်အောင်မြင်ခြင်း မရှိသူ တစ်ယောက်ထံမှ စကားတစ်ခွန်း ကြားရဖူး၏ ထိုသူက မိမိသည် ကံအကြောင်းမလှ၍သာ မအောင်မြင်ရခြင်းဖြစ်သော်လည်း စင်စစ်တွင် ဘဝကို အမြဲ လက်တွေ့ကျကျ ရင်ဆိုင်တတ်သူ ဖြစ်ကြောင်း ၊ လေထဲ တိုက်အိမ်ဆောက်သည်ဆိုသော အလုပ်မျိုး မိမိတစ်သက်တွင်တစ်ခါမျှမလုပ်ဖူးကြောင်းပြောဆိုခဲ့သည်။
စင်စစ် ထိုသူ မအောင်မြင်ရခြင်းမှာ ထိုအကြောင်းကြောင့် ပင်ဖြစ်သည်ဟု ကျွန်တော်ဆိုချင်ပါသည်။
စိတ်ကူးယဉ်ခြင်း၊ လေထဲတိုက်အိမ်ဆောက်ခြင်း တို့သည် အချည်းနှီး အကျိုးမဲ့ အလုပ်များဖြစ်သည်ဟု ဆိုနိုင်မည်လော။

စဉ်းစားကြည့်ပါ ။
ငယ်ရွယ်စဉ်၌ လေထဲတွင် တိုက်အိမ် ဆောက်ကြည့်မည် ။ ထိုနောက် လေထဲက တိုက်အိမ်များကို ဖောင်ဒေးရှင်း ခံပေးနိုင်ရန် ကြိုးစားကြည့်မည်ဆိုလျှင် ကြီးပြင်းလာသည့် အချိန်၌ ထိုတိုက်အိမ်တစ်လုံးလုံးထဲတွင် ဝင်ရောက်နေထိုင်နိုင်သည့် အနေအထားမျိုး သင် မရရှိနိုင်ဘူးလား ။
“ကျုပ်တို့ ကတော့ လက်တွေ့ မှ လက်တွေ့ ပဲ ၊ စိတ်ကူးယဉ်ဖို့  ဝါသနာ မပါဘူး ” ဟု အချို့က ဆိုလေ့ရှိကြသည် ။ စင်စစ် သူတို့ပြောသည့် လက်တွေ့  ဆိုသည်မှာ လက်ငင်း၊ လတ်တလောယခု ကိုယ့်အနီးတဝိုက်တွင် ရှိနေသည့် အနေအထား ဟူသော အဓိပ္ပာယ်ဖြစ်သည် ။
တစ်နည်းပြောရလျှင် သူတို့ ကြည့်သည့်ထောင့် ၊ သူတို့စဉ်စားသည့် အတိုင်းအတာသည် အလွန်ကျဉ်းမြောင်းသည် ။ ကျယ်ကျယ်ပြန့်ပြန့် မတွေးသောသဘော ၊ ရေရှည်ကို မမျှော်မှန်းသော သဘော ဟုဆိုချင်သည် ။
ဒါသည် ဂုဏ်ယူစရာ မဟုတ်ပါ ။ သည်လို လူမျိုးသည် ဂုဏ်ယူလောက်စရာ ကြီးကျယ်သော အောင်မြင်မှု့မျိုးကိုလည်း ဘယ်သောအခါမှ ရလိမ့်မည် မဟုတ်ပါ ။

သမိုင်းတစ်လျှောက်ကြည့်ပါက မည်သည့်နယ်ပယ်၌မဆို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်တိုင်းသည် သူတစ်ပါး မမြင်သည့် အနာဂတ်ကို ကျော်၍တွေးသူ ၊ သူတစ်ပါး စဉ်းစားသည့် အတိုင်းအတာ ပမာဏထက် ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားသူ ၊ လေထဲတွင် တိုက်အိမ်အကြီးစား ဆောက်သူများ ဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည် ။
အလက်ဇန္ဒား -၁၁- ဂရိတ်သည် သူ့ဖခင် ဘုရင်ဖီလစ် အုပ်စိုးသော မာစီဒိုးနီးယားပြည်ကလေးထက် ကြီးကျယ်သည့် အင်ပါယာကို စိုးပိုင်ရမည်ဟူသော လေထဲကရဲတိုက်ကြီးကို မြေပြင်ပေါ်မှာ တကယ့် တိုက်ပွဲများဖြင့် အုတ်မြစ်ချ တည်ဆောက်ပြနိုင်ခဲ့သည် ။
တစ်ချိန်သောအခါကမူ မြန်မာ့လွတ်လပ်ရေးဟူသည် မြန်မာမျိုးချစ်တို့၏ စိတ်ကူးရင်ကမ္ဘာထဲက တိုက်အိမ်ပင်ဖြစ်သည်။ ဗြိတိသျှ နေမဝင်အင်ပါယာကို အာခံတော်လှန် ဖို့ဆိုသည်မှာ မစဉ်းစားဝံ့စရာ ကိစ္စဖြစ်ခဲ့သည် ။ သို့သော် တကယ်တမ်း အသက်သွေးချွေး တို့ဖြင့် အုတ်မြစ်ချ တည်ဆောက်သည့် အခါ၌ စိတ်ကူးတိုက်အိမ်သည် အကောင်ဒြပ် ထင်ရှားစွာ ဖြစ်ပေါ်လာပေသည် ။
စင်စစ် မြေကြီးပေါ်မှာ ရဲတိုက်တစ်ခု တကယ်မဆောက်လုပ်မီ လေထဲ၌ အရင်ဆောက်ကြည့်ရမည်မှာ သဘာဝပင်ဖြစ်၏ ။ တကယ် ကြီးကျယ် ခိုင်ခံ့သော အဆောက်အအုံတစ်ခု ဆောက်လုပ်ရန်အတွက် အသေးစိတ် စနစ်တကျ ရေးစွဲထားသည့် ပုံစံတစ်ခု ရှိရစမြဲဖြစ်သည် ။

လက်တွေ့၏ရှေ့၌ စိတ်ကူးရှိရမည် ။ သို့သော် စိတ်ကူး၏နောက်မှ လက်တွေ့ (သို့မဟုတ်) စိတ်ကူးကို အကောင်အထည် ဖော်မှု့ လိုက်ပါမလာဘူးဆိုလျှင်လည်း ထိုစိတ်ကူးသည် အချည်းအနှီး အလဟဿ သာဖြစ်လိမ့်မည် ။ အုတ် အင်္ဂတေမပါဘဲ လေထဲက ရဲတိုက်တစ်ခုမြေပေါ် ကျလာနိုင်မည် မဟုတ်ပေ ။
ထို့ကြောင့် စိတ်ကူးယဉ် တတ်ရမည် ။ လက်တွေ့ အကောင်အထည် ဖော်လိုစိတ်လည်း ရှိရမည် ။ လေထဲက တိုက်အိမ်ကို မြင်ယောင်မှန်းဆနေသည့် တစ်ချိန်တည်းတွင် ယင်းကို မည်သို့ အကွက်ချ တည်ဆောက်မည်ဟူ၍ စိတ်ကူးထဲမှာပင် ပန္နက်ရိုက်ဖြစ်မည်ဆိုက သင်သည် လမ်းမှန်ပေါ်ရောက်နေပြီ ။ သင်သည် လက်တွေ့ကျသော စိတ်ကူးယဉ်သမားဖြစ်နေပြီ ။ သည်ပန္နက်အတိုင်း ဆက်လက်တည်ဆောက်သွားလျှင်ပင် သင့် တိုက်အိမ်ကြီး မြေမှာ တကယ်ပေါ်လာမည်ဖြစ်သည် ။

စာရေးသူ ။ ။ ဖေမြင့်
တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 29, 2008

စည်းနဲ့ ဝါး


နေရာ ... စိတ္တဇဆေးရုံ

ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား... လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်ကရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီးပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်းမစားချင်ဘူးလားကွ" ဟူတည်း။

စာရေးသူ ။ ။ အမည်မသိ
တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 28, 2008

ဝမ်းနည်းပါတယ်


တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကိုဆွေးနွေးကြတယ်။

ဂျပန်လူမျိုးက "ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်" လို့ ပြောပြီးသူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ်ပြိုင်ခိုင်းလိုက်တယ်။

ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂၀ လှမ်းပြီးကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝကမီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. "I am Hunter" ငါက မုဆိုးတဲ့။

ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅၀လှမ်းပြီး ကိုယ်ကိုတစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်ကကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. "I am Bond" ငါကဂျိမ်းစ်ဘွန်းတဲ့။

နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီးပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။ တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။
"I am sorry" ငါဝမ်းနည်းပါတယ်တဲ့။

စာရေးသူ ။ ။ အမည်မသိ
တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...

Monday, October 27, 2008

ဖြောင့်မတ်တည်ကြည်ခြင်း


တစ်ခါက ရဲတိုက်ကြီးများ ဆောက်လုပ်ရာတွင် နာမည်ရသည့် ပန်းရန်ဆရာ သားအဖနှစ်ယောက်ရှိသည် ။
တစ်နေ့ တွင် ရဲတိုက်နံရံအတွက် အမာခံအုတ်မြစ်ချကြစဉ် နောက်ဆုံး ကျောက်တုံးအတွက် အင်္ဂတေသရွတ် မကျန်တော့သဖြင့် ဖခင်က သားအား အင်္ဂတေ နည်းနည်းထပ်စပ်ရန် ပြောသည် ။
သားဖြစ်သူက “ ဖေဖေ၊ အပေါ်ပိုင်း နံရံအတွက် စပ်ထားတာတွေ အများကြီးရှိသားပဲ၊ အဲဒီအထဲကပဲ ယူသုံးလိုက်ပါလား ” ဟုဆိုသည်။
ထိုအခါ ဖခင်က အပေါ်နံရံသရွတ်သည် အုတ်မြစ်သရွတ်လောက် အားမကောင်းကြောင်း ရှင်းပြသည် ။
“ ဒါပေမဲ့ဖေဖေရာ ” သားဖြစ်သူက စောသကတက်သည် ။ “ ဒီလောက် ရှည်တဲ့ ၊ နက်တဲ့ အုတ်မြစ်ကြီးမှာ ကျောက်တုံး တစ်တုံးကို အားမကောင်းတဲ့ သရွတ်နဲ့  ကျွန်တော်တို့  မံထားခဲ့တယ်ဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ ”
“ သိမဲ့သူနှစ်ယောက်ရှိတယ် ငါ့သား ၊ အဲ့ဒီလို သိတဲ့အတွက် အဲ့ဒီလူနှစ်ယောက်ဟာ တစ်သက်လုံး ရှက်နေကြရလိမ့်မယ် ”
“ ဘယ်သူတွေလဲဖေဖေ ”
“ မင်းနဲ့ ငါပေါ့ကွာ ”


မိမိအလုပ်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း ဆုံးမပြောကြားလိုက်သည့် သြဝါဒ စကားတစ်ခုဖြစ်သည် ။
မှန်သည် ။ လူသည် မိမိအလုပ်အပေါ် သစ္စာရှိရမည် ။ မိမိအလုပ်အပေါ် သစ္စာရှိခြင်းသည် မိမိကိုယ်ကို လေးစားခြင်း ဖြစ်သည် ။
မိမိကိုယ်ကို လေးစားမှု့  မရှိသူအား မည်သူမျှ မလေးစား ။
မိမိကိုယ်ကို လေးစားသူ ၊ မိမိအလုပ်အပေါ် သစ္စာရှိသူ ၊ လုပ်ငန်းကိစ္စ နှင့်ပက်သက်၍ အစဉ် ဖြောင့်မတ်တည်ကြည်စွာ ဆောင်ရွက်တတ်သူများသာ ရေရှည် တည်တံ့သော နာမည်တစ်ခု ရစမြဲ ဖြစ်သည် ။

စာရေးသူ ။ ။ ဖေမြင့်
တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 26, 2008

စိတ်ရောဂါတစ်မျိုး


တစ်ခါက စာရေးသူသည် စိတ်ရောဂါဆေးရုံ၌ ဆုံးဖြတ်ချက် မကျနိုင်သူ လူနာတစ်ဦး တွေ့ ရဖူး၏ ။ နံနက်စာ စားခါနီးအချိန် ကော်ရစ်ဒါမှာ ရပ်နေသည့် လူနာများအကြား သူ သုတ်သုတ်ပျာပျာ ရောက်လာကာ နီးရာလူတစ်ဦးအား “ ဝက်သားနဲ့ ကြက်သား ဘာစားရင် ကောင်းမလဲ၊ဝက်တော့ကြောက်တယ် ” ဟုမေး၏ ။ အမေးခံရသူကမဖြေ ။ နောက်တစ်ဦးကိုမေးပြန်၏ ။ အဖြေမရ ။ ထို့ နောက်တွင် လူနာထိန်း တစ်ဦးအား ၎င်းအတိုင်းမေးမြန်းသည့်အခါ လူနာထိန်းက “ ဝက်သားကြောက်ရင် ကြက်သားစားပေါ့ ” ဟု ဖြေလိုက်၏ ။ ထိုအခါတွင်မှ ဆုံးဖြတ်ချက်ရသွားသော လူနာခမျာ “ဝက်ကြောက်ရင် ကြက်သားစား ၊ ဝက်ကြောက်ရင် ကြက်သားစား”ဟုရေရွတ်ကာ ထွက်သွားနိုင်ရှာတော့သည် ။ လူနာထိန်းနှင့်သာ မတွေ့ ပါက သူသည် တဆောင်လုံး လှည့်ပတ်ပြီး မေးနေမည်လား မပြောတတ်ပေ ။
စင်စစ် သူ့ အမေးမှာပင် အဖြေထွက် လမ်းစ ပါနေပြီး ဖြစ်၏ ။ သို့ သော် ထိုအဖြေကို သူ ယတိပြတ် မယူရဲပေ ။ သူတစ်ပါးက ဆုံးဖြတ်ချက်ချပေးလိုက်သော အခါမှ သူ့ စိတ်တွင် ပြတ်သားသွားပေသည် ။
ဝက်သားစားချင်ဟန်တူပြီး ဝက်ကိုလည်း ကြောက်နေသော စိတ်ရောဂါသည်၏ အဖြစ်မျိုးကို စိတ်မှန်သူ လူကောင်းများ လောကမှာလည်း မကြာခဏ တွေ့ ရတတ်ပါ၏ ။
ဥပမာ - “ ကျွန်တော် လက်ဖက်ရည်ဆိုင် ဖွင့်မလို့ ဗျား ၊ ဒါပေမယ့် ဒီနားမှာ ဆိုင်ဖွင့်ရင် ကြွေးကျမှာဗျ ” ဆိုသော စကားမျိုး ။
“ ကျွန်တော် ကန်ထရိုက် လုပ်ရင် ကြီးပွားမှာဗျ ၊ ဒါပေမယ့် ကန်ထရိုက် လုပ်မယ် ဆိုရင် ဒီအလုပ်က ထွက်မှ ဖြစ်မှာ ” ဆိုတာမျိုး ။
ဒီလူတွေ၏ အဖြစ်မှာ လက်ထဲက မုန့် ကို စားလည်းစားပစ်ချင်သည် ၊ ကုန်သွားမှာလည်း ကြောက်သည် ဆိုသော ကလေးတစ်ယောက်၏ အဖြစ်မျိုးနှင့်လည်း ဆင်တူလှသည် ။
ပြတ်သားသူ အတွက်က ရှင်းသည် ။ နှစ်ခုမရနိုင် ။ တစ်ခုပဲ ရမည် ဆိုသည့် အနေအထားမျိုးတွင် စွန့် လွှတ်ရမည့် အရာကို တွေး၍ နှမြော မနေဘဲ မိမိဆန္ဒ ပိုပြင်းပြသော အရာကို ရွေးချယ် လိုက်မည်ပဲ ဖြစ်သည် ။ လက်ဖက်ရည်ဆိုင် သိပ်ဖွင့်ချင်လျှင် ကြွေးကြောက် မနေနှင့် ။ တကယ် ကြီးပွားချင်လျှင် လက်ရှိ အလုပ်ကို စွန့် ပစ်လိုက် ၊ မုန့် စားချင်လျှင် နောင်ခါလာ နောင်ခါဈေး ၊ ဘာမှ မတွေးနှင့် ၊ စားပစ်လိုက် ။ ဒါပဲဖြစ်သည် ။

စာရေးသူ ။ ။ ဖေမြင့်
တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...