Saturday, December 19, 2009

ကိုညီညီအောင်ကို ပြန်ပို့ပေးဖို့ အမေရိကန်အမတ် ၅၃ ဦး တောင်းဆို

ကိုညီညီအောင်ကို ပြန်ပို့ပေးဖို့ အမေရိကန်အမတ် ၅၃ ဦး တောင်းဆို

2009-12-19 ( RFA )

အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင် ခံနေရတဲ့ မြန်မာလူမျိုး အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို အမြန်ဆုံး လွှတ်ပေးပြီး အမေရိကန် ပြည်ထောင်စုကို ပြန်ပို့ပေးဖို့ အမေရိကန် အောက်လွှတ်တော်အမတ် ၅၃ ဦးက လက်မှတ်ရေးထိုးပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မနေ့က စာရေးသား တောင်းဆိုလိုက်ပါတယ်။


မြန်မာနိုင်ငံသို့ အသွား စက်တင်ဘာ ၃ ရက်နေ့က မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ပြီးနောက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)

ဒီ လက်မှတ်ထိုး တောင်းဆိုမှုကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Howard Berman ဦးဆောင်ပြီး ဝါရှင်တန်ဒီစီက မြန်မာစစ်အစိုးရ သံရုံးကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။ လက်မှတ်ထိုးတဲ့ ၅၃ ဦးထဲမှာ Mr. Frank Wolf နဲ့ လူ့အခွင့်အရေးကော်မရှင် ပူးတွဲဥက္ကဋ္ဌ Mr. Tom Lantos တို့ ပါဝင်ပါတယ်။

သူတို့စာထဲမှာ- ကိုညီညီအောင်ကို ဖမ်းဆီးထားတာဟာ မြန်မာနိုင်ငံဥပဒေရော၊ နိုင်ငံတကာ ဥပဒေနဲ့ပါ အကျုံးမဝင်ဘူးလို့ ထောက်ပြထားပါတယ်။ ပထမ အနေနဲ့ ဗီယန်နာကွန်ဗန်းရှင်းကို ချိုးဖေါက်တာ၊ ဒုတိယ အနေနဲ့ ကိုညီညီအောင်ကို လုံလောက်တဲ့ ဆေးဝါးကုသမှုနဲ့ အစားအသောက်၊ အနားယူခွင့် မပေးဘဲ နှိပ်စက်ညှဉ်းပန်းတာ၊ တတိယ အနေနဲ့ လွတ်လပ်တဲ့ တရားစီရင်ခွင့် မပြုတာတွေကို ထောက်ပြ ရေးသားထားပါတယ်။

မြန်မာစစ်အစိုးရက အမေရိကန်နိုင်ငံသားတဦးကို အခုလို ဖမ်းဆီးထားတဲ့ကိစ္စဟာ အမေရိကန် လွှတ်တော်အမတ်တွေကြားမှာ အထူး စိတ်ဝင်စားစရာ အကြောင်းအရာတခု ဖြစ်ပြီး၊ ဒါဟာ အမေရိကန်နဲ့ မြန်မာစစ်အစိုးရတို့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ဖို့ ကြိုးစားနေတဲ့ ကိစ္စအပေါ်မှာ အဖုအထစ် ဖြစ်စေပါတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒီတောင်းဆိုမှုကို ထောက်ခံတဲ့ အမေရိကန်ပြည်ထောင်စုက လူ့အခွင့်အရေး ရှေ့နေအဖွဲ့ဖြစ်တဲ့ Freedom Now အဖွဲ့က ရှေ့နေ Ms. Beth Schwanke ကို အာအက်ဖ်အေက ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာ အမေရိကန် နိုင်ငံသားတယောက်ကို မြန်မာစစ်အစိုးရက မတရား ဖမ်းဆီးထားတဲ့ အပေါ်မှာ လွှတ်တော်အမတ်တွေအနေနဲ့ အကြီးအကျယ် ဒေါသဖြစ်ရတဲ့အတွက် အခုလို တောင်းဆို လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်တဲ့ Freedom Now အဖွဲ့ဥက္ကဋ္ဌ Jared Genser က မြန်မာစစ်အစိုးရက အမေရိကန်အစိုးရနဲ့ ဘယ်လောက် ရင်းရင်းနှီးနှီး ဆက်ဆံလိုစိတ် ရှိသလဲဆိုတာကို အခု လွှတ်တော်အမတ်တွေရဲ့ စာအပေါ် ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့ အချက်နဲ့ တိုင်းရမယ် ထင်ပါတယ်လို့ ပြောဆိုပါတယ်။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာအလုပ်သမား လေးထောင်ကျော် ထိုင်းနိုင်ငံမှာ ဆန္ဒပြ

မြန်မာအလုပ်သမား လေးထောင်ကျော် ထိုင်းနိုင်ငံမှာ ဆန္ဒပြ

2009-12-18 ( RFA )

ဒီဇင်ဘာလ ၁၈ရက်နေ့ ဒီကနေ့မနက် လေးနာရီကစပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့အနီး စမုန်ဒေါအရပ်က ဆာဟာဖမ်း ကောက်ကောက် အမည်ရှိတဲ့ အသားစက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား လေးထောင်ကျော်ဟာ အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြပါတယ်။


ထိုင်း ငါးဖမ်းရေယာဉ်များပေါ် အလုပ်လုပ်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတစုကို ထိုင်းနိုင်ငံ တောင်ပိုင်း ပတာနီပြည်နယ်ရှိ ဆိပ်ကမ်းတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒါဟာ ပထမဆုံးအကြိမ် ထောင်ချီတဲ့ အရေအတွက်ရှိတဲ့ မြန်မာအလုပ်သမားတွေ တစုတဝေးတည်း ဆန္ဒပြခဲ့ကြတာဖြစ်ပြီး နေ့ခင်းပိုင်း တနာရီကျော်ကျော် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အားလုံးကို ထိုင်းအလုပ်ရှင်ဘက်က လိုက်လျောပေးလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မြန်မာအလုပ်သမားတွေကို အလုပ်ချိန် ပုံမှန် ၈နာရီ သတ်မှတ်ပေးဖို့၊ အလုပ်သမားကဒ်အစစ်တွေကို အလုပ်သမားတွေကိုယ်တိုင် ကိုင်ဆောင်ခွင့်ပေးဖို့၊ အချိန်ပိုကြေး တနာရီကို ဘတ်ငွေ ၃ဝ ပေးရေး၊ အလုပ်မဖြုတ်ပဲ ကျန်းမာရေးမကောင်းတဲ့အခါ နားခွင့်ပေးရေး၊ အစိုးရ အားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးရေး၊ ယာယီနိုင်ငံကူးလက်မှတ်ရရှိရေးကို အတင်းအဓမ္မဖိအားပေးပြီး မလုပ်ခိုင်းဖို့နဲ့ လုပ်အားခထဲကနေ မတရား ဖြတ်တောက်တာတွေ မလုပ်ဖို့ စတဲ့ ရပိုင်ခွင့်တွေ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဘာကြောင့် ခုလို အလုပ်သမားတွေ မကျေမနပ် ဖြစ်ခဲ့ရတယ် ဆိုတာကို အလုပ်သမားတွေရဲ့ခေါင်းဆောင် ကိုထွန်းက RFA ကို ဆန္ဒပြနေရင်းနဲ့ ခုလိုပြောပြပါတယ်။

ကိုထွန်း။ ။ 'ဟုတ်ကဲ့၊ သူတို့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်လို့ စဖြစ်တာပါခင်ဗျာ။ အလုပ်ချိန် မသတ်မှတ်၊ ခိုင်းချင်သလိုခိုင်း၊ အလုပ်ထဲမှာ အခြား ဝဏ္ဏတွေက ဆဲဆိုပြီးခိုင်းတာတို့၊ မြန်မာပြည်သားဆိုပြီး နှိမ်တာတို့၊ ပိုပြီးအလုပ်သမားတွေဘဝက ဆိုးရွားလာတယ်၊ မခံနိုင်ကြဘူး အချိန်ပို ခိုင်းတာလည်း အများကြီးပဲ။ ပေးတော့လည်း ပေးချင်သလောက် ပေးတာတို့၊ တစ တစ ပျိုးလာတယ်၊ အစုံပဲ။ ဒီမှာဖြစ်နေတာကတော့ ခံစားချက်တွေကတော့ အသီးသီးတွေပဲ အစုံပဲ ဒီနေ့ကျမှ ထပေါက်ကွဲကြတာ။'

မြန်မာအလုပ်သမားတွေအားလုံး အလုပ်မဆင်းတဲ့အတွက် အသားစက်ရုံ လုပ်ငန်းလည်ပတ်မှု ရပ်သွားပြီး ထိုင်းနဲ့ မြန်မာအလုပ်ကြပ်တွေက အလုပ်သမားတွေကို နေထိုင်ရာ တန်းလျားတွေထဲအထိ အတင်း လိုက်ဆွဲခေါ်ကြသေးတယ်လို့ သိရပါတယ်။

အနားမပေးပဲ အလုပ် တောက်လျှောက်လုပ်ခိုင်းတဲ့အတွက် အလုပ်သမတဦး နေမကောင်းဖြစ် သေဆုံးသွားရာကနေ အလုပ်သမားတွေကြားမှာ မကျေနပ်မှုတွေ ပိုပြီး ပြင်းထန်လာခဲ့တာလို့ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အလုပ်သမားရေးရာဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

NCGUB ရွှေ့ပြောင်း အလုပ်သမားရေးရာဌာနရဲ့ ဥပဒေရေးရာ ကိစ္စတွေ ကူညီ ဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေကောင်စီကလည်း ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေကို တယ်လီဖုန်းနဲ့လှမ်းပြီး အကြံပေးတာမျိုးတွေ ရှိခဲ့တဲ့အကြောင်း အလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က ပြောပါတယ်။

ကိုသက်ခိုင်။ ။ 'မနေ့ညကတည်းကပေါ့နော် ကျွန်တော့ဆီကို ဆက်လာတယ်။ သူတို့အခြေအနေကို ပြောပြပြီး သပိတ်မှောက်မယ်လို့ ပြောတယ်။ ကျွန်တော်တို့က တတ်နိုင်သလောက် အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ပေးလို့ရတာတွေ လုပ်ပေးမယ်ပေါ့။ ထိုင်းရှေနေများကောင်စီက ရှေ့နေတွေကိုလည်း လှမ်းအကြောင်းကြားတယ်။ ထိုင်းရှေ့နေတွေက လှမ်းဆက်တာပေါ့။ သူတို့က စကားပြန်ကနေတဆင့် ဖုန်းဆက်တယ်၊ ညှိမယ်တဲ့၊ ပြေလည်အောင် ညှိကြပါ၊ ညှိလို့မှမရရင် သူတို့ဖက်က လိုက်လျောမှု မရှိဘူးဆိုရင် အလုပ်သမားအခွင့်အရေးအရ အရေးယူတာတို့ တိုင်တာတို့ လုပ်မယ်ပေါ့နော်။'
ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းတုန်းကလည်း အဲဒီစက်ရုံပိုင်ရှင် ပိုင်တဲ့ အခြားအလားတူ စက်ရုံတရုံမှာ အလုပ်ထွက်ချင်တဲ့ မြန်မာအလုပ်သမားတွေကို ရဲ ခေါ်ပြီး ဖမ်းခိုင်းတဲ့ ကိစ္စနဲ့ မြန်မာအလုပ်သမားတွေ ဆန္ဒပြခဲ့ကြသေးတယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, December 18, 2009

မြန်မာကျောင်းသားများကို စင်ကာပူ ပညာသင်ဆုပေးမည်

မြန်မာကျောင်းသားများကို စင်ကာပူ ပညာသင်ဆုပေးမည်

2009-12-17 ( RFA )

မြန်မာကျောင်းသားတွေ နည်းပညာ တတ်ကျွမ်းရေး ရည်ရွယ်ချက်နဲ့ စင်ကာပူနိုင်ငံ တက္ကသိုလ် ၃ ခုက ပညာသင်ဆု အပြည့်အဝ ထောက်ပံ့ပေးမယ်လို့ သတင်းရရှိပါတယ်။ စင်ကာပူက မြန်မာနိုင်ငံကို အကူအညီပေးရေး အစီအစဉ်တွေရဲ့ တစိတ်တဒေသအရ အခုပညာသင်ဆု ပေးမှာ ဖြစ်တယ်လို့ စင်ကာပူ ပညာရေးဌာန သတင်းရပ်ကွက်က ဆိုပါတယ်။

Singapore Management University တွင် ဆောက်လုပ်နေသော အဆောက်အအုံသစ် ရှေ့မှာ စိုက်ထူထားသည့် ပိုစတာ ဆိုင်းဘုတ်ဖြစ်ပါသည်။ (Photo: AFP)

ပညာသင်ဆုပေးမဲ့ တက္ကသိုလ်တွေကတော့ Nanyang Technological University (NTU) / National University of Singapore (NUS) နဲ့ Singapore Management University တို့ ဖြစ်ပါတယ်။

ပညာသင်ဆုရွေးချယ်ခံရတဲ့ ကျောင်းသားတွေအနေနဲ့ ၂ဝ၁ဝ ၊ ၂ဝ၁၁ ပညာသင်နှစ်မှာ နည်းပညာ ဆိုင်ရာ ဘာသာရပ် ၉ ခုကို ဘွဲ့ရတဲ့အထိ အချိန်ပြည့် တက်ရောက် သင်ယူရမှာ ဖြစ်ပါတယ်။

ဒီပညာသင်ဆုရဖို့ မြန်မာကျောင်းသားတွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားသင့်လဲ၊ ဘွဲ့ရပြီးရင်ရော နိုင်ငံတကာ အသိအမှတ်ပြုမှု ဘယ်လောက်ရှိလဲ ဆိုတာနဲ့ပတ်သက်လို့ စင်ကာပူမှာ ကျောင်းတက်လာတဲ့ ကိုသီဟက RFA ကို အခုလို ပြောပါတယ်။

ကိုသီဟ။ ။ 'ကျွန်တော် သိသလောက်ကတော့ စင်ကာပူမှာ ဆိုလို့ရှိရင် GCE A level ဆိုရင် undergratuate တက်ဖို့အတွက်ပေါ့နော်၊ အမှတ်ကောင်းကောင်းနဲ့ အောင်ထားဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ poly ဒီပလိုမာဖြစ်ဖြစ်၊ ဟိုက်စကူး ဒီပလိုမာမှာ သူက အမှတ်ကောင်းကောင်းနဲ့ ရထားတဲ့ဟာတွေ ဆိုလို့ရှိရင်လည်း လက်ခံတယ် application တွေရှိပါတယ်။ အွန်လိုင်းမှာ အခု ဒါ တောက်လျှောက် လက်ခံခဲ့တာပေါ့နော်။ ဆိုတော့ ဒီလို full scholarship ပေးမယ်ဆိုလို့ရှိရင်လည်း အဲဒီကောင်က အဓိကကျမယ်လို့ ကျွန်တော် ထင်ပါတယ်။'

'ပြီးတော့ အဲဒီအပြင်ကို သူတို့တွေက တခြားဟာ ကြည့်သေးတာက community service တို့၊ ပြီးတော့ နောက်တခါ ကျွန်တော်တို့ ဒီ social service တွေ၊ အဲဒါမျိုးတွေကို လုပ်တဲ့ လူမျိုးပေါ့နော်၊ လူမှုရေးနဲ့ ပတ်သက်တာတွေကို လုပ်ခဲ့တယ်ဆိုတဲ့ အင်ဖော်မေးရှင်းလေးတွေ ပြနိုင်လို့ရှိရင်လည်း သူတို့ ပိုပြီးတော့ လက်ခံတဲ့ထဲမှာ စဉ်းစားတယ်။ အခုပေးမဲ့ တက္ကသိုလ် သုံးခုဆိုတာက သုံးခုစလုံးမှာ ကမ္ဘာပေါ်မှာ တောက်လျှောက် ၁ ကနေ ၁ဝဝ ထဲမှာ ပါနေတုန်းပဲခင်ဗျ။ အဲလို ယူနီဗာစီတီက အောင်ထားတဲ့လူအတွက်ကတော့ အလုပ်ရဖို့၊ အသိအမှတ်ပြုဖို့ မခဲယဉ်းပါဘူး။'

အရင်ကလဲ မြန်မာကျောင်းသားတွေကို ပညာသင်ဆု ထောက်ပံ့ပေးထားတဲ့ ကောလိပ်ကျောင်းတွေ ရှိနေပါတယ်။ အဲဒီကျောင်းတွေကတော့ MDIS/ ERC/ Nanyang Institute of Management (NIM)/ PSB Academy and TMC Educational Group တို့ ဖြစ်ပါတယ်။
အခုထောက်ပံ့မဲ့ ပညာသင်ဆုတွေကတော့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဒီပလိုမာ ဒါမှမဟုတ် ဘွဲ့လွန်ပညာ၊ ဘဏ္ဍာရေးပညာ၊ စီးပွားရေးပညာနဲ့ ကွန်ပျူတာဂိမ်း တီထွင်မှုပညာ၊ သတင်းထောက်ပညာ၊ လူထုဆက်သွယ်ရေး နည်းပညာ၊ လူထုဆက်ဆံရေး နည်းပညာ၊ စာရင်းကိုင်ပညာ၊ နိုင်ငံတကာ စီးပွားရေး စီမံခန့်ခွဲမှုနဲ့ ဈေးကွက် နည်းပညာ၊ အွန်လိုင်း စီးပွားရေးပညာ၊ ဆောက်လုပ်ရေး နည်းပညာတွေအတွက် ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 17, 2009

သတင်းမီဒီယာများက နအဖ၏ ထောက်လှမ်းရေးများထက် လက်ဦးမှုရနေ

သတင်းမီဒီယာများက နအဖ၏ ထောက်လှမ်းရေးများထက်
လက်ဦးမှု ရနေ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၇၊ ၂၀၀၉




နအဖ အစိုးရ၏ ထောက်လှမ်းရေး အဖွဲ့အစည်းများဖြစ်သည့် အက်စ်ဘီ၊ စရဖနှင့် အထူးစုံစမ်း စစ်ဆေးရေး ဖွဲ့(စသုံးလုံး) အဖွဲ့တို့သည် မီဒီယာများတွင် ဖေါ်ပြသည့် သတင်းနောက်ကို လိုက်ပြီး အစီရင်ခံစာရေး တင်နေကြသည်အထိ စွမ်းဆောင်ရည် ကျဆင်းလာသည်ဟု ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောဆိုသည်။ ရန်ကုန်မြို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတဦးက ပြောကြားရာတွင်

“ကျွန်တော်သိတဲ့ ရဲတွေထဲက အတော်များများဟာ အင်တာနက်ပေါ်တက်သွားတဲ့ ပြည်တွင်းသတင်းတွေကို လိုက်စုပြီး အချင်းချင်းဖလှယ်ပြောဆို နေကြတယ်။ အင်တာနက်မှာ ဖေါ်ပြတဲ့ သတင်းတွေထဲက ကိုယ့်နယ်မြေနဲ့ ဆိုင်တဲ့သတင်းကို အာရုံစိုက်ဖတ်ကြတယ်။ အဲဒီနောက်မှ စုံစမ်းရင်စုံစမ်း မစုံစမ်းရင်လည်း အဲဒါကိုအခြေခံပြီး အထက်ကို အစီရင်ခံစာရေးတင်တဲ့သူ အများကြီးပဲ။

တချို့အင်တာနက် ကောင်းကောင်းမသုံးတတ်တဲ့ ရဲတွေက အင်တာနက်သုံးတတ်တဲ့သူ ကိုမွေးထားပြီးနေ့စဉ် အွန်လိုင်းဝက်ဆိုက်ပေါ်က သတင်းတွေကိုစု စာရွက်နဲ့ ရိုက်ထုတ်စေပြီး ဖတ်ကြ အစီရင်ခံစာရေးတင်ကြတယ်" ဟုပြောသည်။

ရဲအချင်းချင်းတွေ့ဆုံကြသည့်အခါ သူ့အပိုင် ကိုယ့်အပိုင် နယ်မြေများမှ သတင်းများကိုဖလှယ်ကြလေ့ရှိပြီး ထိုသို့ဖလှယ်ရာတွင် အင်တာနက်သတင်းများကို စာရွက်များဖြင့် ရိုက်ထုတ်ပြီး ဖတ်ရှုနေကြသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသည်ဟု ရန်ကုန်မြို့မှ စီးပွားရေး ၀န်ဆောင်မှုလုပ်ကိုင်သူ တဦးကပြောဆိုသည်။

ထိုသို့ဖြစ်ပျက်နေရခြင်း အကြောင်းတချက်မှာလစာအပြင် ဘေးပန်းဝင်ငွေရရှိဖို့ရာ နေ့စဉ်နှင့်အမျှကြိုးစားနေကြသည့် အတွက်ပင်မတာဝန်ဖြစ်သည့် စုံစမ်းထောက်လှမ်းသည့် တာဝန်များ လစ်ဟင်းလာကာ မီဒီယာနောက်သို့ လိုက်ကြရသည့် အခြေသို့ ရောက်နေကြခြင်းဖြစ်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောဆိုသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်တဦးက ပြောဆိုရာတွင် လက်ရှိ ရန်ကုန်တိုင်းရဲမှူးကြီးဖြစ်သူ အောင်နိုင်သူ ကိုယ်တိုင် အင်တာနက်ဝက်ဆိုက်များတွင် ဖေါ်ပြနေသည့် ပြည်တွင်း သတင်းများကို အမြဲတမ်းဖွင့်ထားပြီး အဆိုပါ သတင်းများပေါ်အခြေခံပြီး လက်အောက်ငယ်သားများကို စေခိုင်းလေ့ရှိသည်ဟု ဆိုသည်။

၂၀၀၄ခှုနှစ်ကုန် တပ်မတော်ထောက်လှမ်းရေး (အမ်အိုင်)ခေတ်ကုန်ပြီးနောက် နအဖ အစိုးရအနေဖြင့် ထောက်လှမ်းရေး အဖွဲ့များဖြစ်သည့် အက်စ်ဘီ၊ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့)နှင့် စသုံးလုံးတို့ကို သက်ဆိုင်ရာ အထက်သို့ သီးခြားစီအစီရင်ခံစေပြီး အောက်ခြေအဆင့်တွင် မည်သည့် သတင်းဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုမှ မလုပ်ဆောင်စေဘဲ ခွဲခြားအုပ်ချုပ်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

ထိုသို့ခွဲခြားအုပ်ချုပ်ရခြင်းမှာ ထောက်လှမ်းရေး အဖွဲ့အစည်းများ ပူးပေါင်းမိလျင် စစ်တပ်ကို အာခံခြင်း နအဖ ခေါင်းဆောင်ပိုင်းကို အံတုလာနိုင်သည့် အရေးကိုစိုးရိမ်ခြင်းကြောင့်ဟု မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူများက ပြောဆိုသည်။

၂၀၀၄ခုနှစ် အောက်တိုဘာလ စစ်ထောက်လှမ်းရေးများကို အမြစ်မှလှန်ကာ နှိပ်ကွပ်ပြီးနောက်တွင် နအဖ၏ ထောက်လှမ်းရေး မဏ္ဍိုင်မှာ ယခင်ကလောက် အားကောင်းခြင်းမရှိတော့ဘဲ ရန်ကုန်မြို့ ၃နေရာတွင် တပြိုင်နက်ထဲ ဗုံးကွဲမှုများ၏ လက်သည်ကိုလည်း ယခုအချိန်ထိ ဖေါ်ထုတ်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။


မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

NLD ခေါင်းဆောင် သုံးဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရဝပြု

NLD ခေါင်းဆောင် သုံးဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရဝပြု

2009-12-16 ( RFA )

ဒီကနေ့မနက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ပိုင်း လူကြီး ၃ဦးဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ ဦးလွန်းတင်တို့ကို အစိုးရဧည့်ရိပ်သာမှာ တွေ့ဆုံ ဂါရဝပြုခဲ့ကြောင်း အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ အစိုးရဧည့်ဂေဟာတွင်၂ဝဝ၇ နိုဝင်ဘာ ၉ရက်နေ့က တွေ့ဆုံခွင့်ရရှိစဉ် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ(ယာ)နှင့် အတူ ရိုက်ကူးထားသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

ဦးဉာဏ်ဝင်း။ ။ 'ကျွန်တော်တို့ ဒီနေ့မနက် ၁၁ နာရီကနေပြီးတော့ ၁၂ နာရီလောက်၊ တနာရီလောက် ကြာတာပေါ့၊ အဲ တွေ့တဲ့နေရာကတော့ ကျွန်တော်တို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာပါ။ ကျွန်တော်သိသလောက် ဒေါ်စုက အစောဆုံး ရောက်ပါတယ်။ အဲဒီတော့ လူကြီး သုံးယောက် လာတဲ့အခါမှာ ဒေါ်စုက ကြိုဆိုပြီးတော့ ကြိုရောက်တာပေါ့လေ။ ကျွန်တော် သိတာကတော့ ဒေါ်စုရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ အဖွဲ့ချုပ်အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ အားလုံး လုပ်တဲ့အခါမှာ ဒီ လူကြီးတွေကရော၊ နောက် CEC တဖွဲ့လုံးကရော ထောက်ခံလျက်ရှိတဲ့ အမြဲတမ်းလည်း ထောက်ခံသွားမယ်၊ လုပ်ပါ ဆိုတဲ့ဟာကို အားပေး တိုက်တွန်းတဲ့စကား ပြောခဲ့တယ်။ နောက်တခုက အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းရေးကလည်း လိုအပ်နေတယ်ဆိုတာကို ဆွေးနွေးတယ်။ အသေးစိတ်တော့ ကျွန်တော် မသိဘူးခင်ဗျ။'

'အဲဒီ ကန်တော့တဲ့ မြင်ကွင်းကတော့ လူကြီး သုံးယောက်ကို ဒေါ်အောင်ဆန်းစုကြည် ကန်တော့တဲ့ အချိန်မှာ ကျွန်တော်တို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကပါ အားလုံး ထိုင်ပြီးတော့ ဂါရဝပြု ကန်တော့ကြတယ်လို့ ကျွန်တော် အဲလို သိရပါတယ်။'

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးသားပေးပို့ခဲ့ရာမှာ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းကြတဲ့ အဖွဲ့ချုပ်လူကြီး ၃ဦးကို တွေ့ဆုံ ဂါရဝပြုခွင့် ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီနောက် မကြာခင်ရက်ပိုင်းက ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေကို တွေ့ဆုံရေးအတွက် လာရောက် မေးမြန်းခဲ့ပြီး ဒီကနေ့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဦးလွင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရတာ ၂ဝဝ၃ ခုနှစ်ကတည်းက ဖြစ်ကြောင်း၊ ဒီကနေ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပြင်ဆင် ဖွဲ့စည်းခွင့်ပြုဖို့ တောင်းခံခဲ့ကြောင်း၊ မိမိတို့ကလည်း သဘောတူ လက်ခံခဲ့ကြောင်း ပြောပါတယ်။ လက်ရှိအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ၁၁ဦးဟာ အသက်အရွယ် ကြီးရင့်သူတွေ ဖြစ်ကြပါတယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေက ၉၂ နှစ်၊ အတွင်းးရေမှူး ဦးလွင်က ၈၅ နှစ်၊ ကော်မတီဝင် ဦးလွန်းတင်က ၈၂နှစ် ရှိကြပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ရေးသားပေးပို့ခဲ့တဲ့ စာမှာ တိုင်းပြည် အကျိုးအတွက် ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံခွင့်ပြုဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံခဲ့တဲ့ အချက်တွေကို ခွင့်ပြုခဲ့သလို အဲ့ဒီ နောက်ဆုံး အချက်လည်း ပြည့်စုံပါလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးဥာဏ်ဝင်းက ပြောပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, December 16, 2009

မဲပေးခွင့်ရှိသူစာရင်း အာဏာပိုင်တွေ ကောက်ခံနေပြီ

မဲပေးခွင့်ရှိသူစာရင်း အာဏာပိုင်တွေ ကောက်ခံနေပြီ

2009-12-15 ( RFA )

ရန်ကုန်တိုင်း သုံးခွမြို့နယ်အတွင်း ရယက တာဝန်ရှိသူတွေနဲ့ ရာအိမ်မှူးတွေက မဲပေးခွင့်ရမဲ့ အသက်ပြည့်ပြီးသူ စာရင်းတွေ တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းတွေ တောင်းကြည့်ပြီး ကောက်ယူနေတာဖြစ်တယ်လို့ သုံးခွမြို့ခံ တဦးက RFA ကို အခုလို ပြောပါတယ်။

စစ်အစိုးရက ပြုလုပ်သည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဲဆန္ဒရှင် စာရင်းကို ၂ဝဝ၈ မေလ ၂၄ရက်နေ့က ကြည့်ရှုနေသူတဦး ဖြစ်ပါသည်။ (Photo: AFP)

သုံးခွမြို့ခံ။ ။ 'ရွေးကောက်ပွဲအတွက်တဲ့ မဲပေးနိုင်တဲ့ သန်းခေါင်စာရင်း မဲပေးနိုင်တဲ့ အင်အားစုစာရင်းကို ယူသွားတယ်၊ ဘာအတွက်လဲဆိုတော့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မည့် ဥစ္စာကို ကျနော်တို့က သန်းခေါင်စာရင်း ယူတာပါတဲ့၊ မဲပေးနိုင်တဲ့သူတွေကို၊ ကောက်တဲ့သူတွေက ကောက်တဲ့သူတွေက ရယက အဖွဲ့ဝင်တွေနဲ့ မယက အဖွဲ့ဝင်တွေ တချို့ရပ်ကွက်တွေ ကျတော့လည်း မယကတွေ ပါ ပါတယ်၊ ကျနော်တို့ ရပ်ကွက်ကျတော့လည်း ရယကပဲ ပါတယ်၊ တချို့ရပ်ကွက်ကျတော့ မယက မပါဘူး၊ အဲ့ဒီ စနေနေ့က စလုပ်တာ အခုဒီနေ့ကော မနေ့ကလည်း ကောက်တယ်။'

သုံးခွမြို့ပေါ် ၁၂ ရပ်ကွက်မှာ ရှိတဲ့ နေအိမ်တွေကို အခုလို လိုက်ကောက်နေတာ ဖြစ်သလို ကျေးရွာအုပ်စု ၆၄ စုမှာ ရှိတဲ့ ရွာအသီးသီးမှာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည အဖွဲ့ဝင်တွေကလည်း စည်းရုံးလှုံ့ဆော်မှုတွေ စလုပ်နေတယ်လို့ မြို့ခံ နောက်တဦးက အခုလို ပြောပါတယ်။

မြို့ခံ နောက်တဦး။ ။ 'ရွေးကောက်ပွဲအတွက်ကို မဲပေးနိုင်မဲ့သူတွေ အတွက်ကို ကောက်တာ၊ စာရင်းကောက်တာပါတဲ့ ပြောသွားတယ်၊ တခြားစည်းရုံးမှုတွေ ကတော့ နယ်တွေမှာတော့ ဒီဟိုဒင်းတွေ တစည တွေ စည်းရုံးမှုတွေတွေ့တယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကို သူတို့ ပါဝင် ယှဉ်ပြိုင်ဖို့အတွက်တွေ ဘာတွေ သူတို့ ပြောနေကြတယ်၊ ထောက်ခံပေးဖို့ ဆိုတဲ့အကြောင်းတွေ လိုက်ပြီး မဲဆွယ် စည်းရုံးနေကြတာတော့ ရှိတယ်။'
အလားတူ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ်တချို့မှာလည်း အခုလို မဲပေးခွင့်ရှိသူတွေ စာရင်း ကောက်ယူနေတယ်လို့ သတင်းတွေ ရရှိပါတယ်။ စစ်အစိုးရအနေနဲ့ အောက်ခြေရပ်ကွက် ကျေးရွာတွေမှာ မဲဆန္ဒရှင် စာရင်းတွေ ပြုစုနေပေမဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်နဲ့ ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ဥပဒေတွေကိုတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, December 14, 2009

စစ်အစိုးရခေါင်းဆောင်ပိုင်း ခြစားမှုများ ဝန်ကြီးကိုယ်တိုင် ဝန်ခံ

စစ်အစိုးရခေါင်းဆောင်ပိုင်း ခြစားမှုများ
ဝန်ကြီးကိုယ်တိုင် ဝန်ခံ


2009-12-14 ( RFA )


မြန်မာစစ်ခေါင်းဆောင်တွေ အဂတိ လိုက်စားမှုမှာ ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ပါဝင် ပတ်သက်ကြောင်း ဝန်ခံတဲ့ စစ်ခေါင်းဆောင်ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အဂတိ လိုက်စားမှုမှာ စက်မှု(၁) ဝန်ကြီးကတော်နဲ့ သားသမီးတွေ ပါဝင် ပတ်သက်နေတယ် ဆိုတာ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း ကိုယ်တိုင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ဝန်ခံခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။


စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ် လူယုံအဖြစ် သတင်းကြီးသော အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းကို အခမ်းအနားတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo from blogspot.com)

ဝန်ကြီး ဦးအောင်သောင်းရဲ့ဇနီးနဲ့ သားသမီးတွေ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က တင်ပြထားပါတယ်။

တင်ပြချက် အားနားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးအစီအစဉ် ဦးအောင်ရွှေထံ နအဖရဲချုပ် လာရောက်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးအစီအစဉ်
ဦးအောင်ရွှေထံ နအဖရဲချုပ် လာရောက်တွေ့ဆုံ


NEJ / ၁၄ ဒီဇင်ဘာ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့သုံးဦးအား လာရောက်ဂါရ၀ပြုရန် အစီအစဉ်ရှိကြောင်း နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ ယနေ့လာရောက်ပြောဆိုသည်ဟု သိရသည်။

ယနေ့နံနက် (၁၀) နာရီခန့်တွင် ဗိုလ်မှူးချုပ်ခင်ရီက ဦးအောင်ရွှေထံ လာရောက်၍ သဘောထား မေးမြန်းကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “ဦးအောင်ရွှေက သူ့ဆီကိုလာပြီးတော့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဒေါ်စုက ဦးအောင်ရွှေ၊ ဦးလွင်နဲ့ ဦးလွန်းတင်တို့ (၃) ဦး ကို လာရောက်ဂါရ၀ပြုဖို့ အစီအစဉ်ရှိတယ်ပေါ့။ သက်ဆိုင်ရာ အာဏာပိုင်ဘက်ကတော့ တနေရာတည်းမှာပဲ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုမယ်ဆိုရင် ဘယ်လိုသဘောရသလဲလို့ ဦးအောင်ရွှေကို လာပြီးတော့ မေးမြန်းတယ်ပေါ့။ ဦးအောင်ရွှေက ဒါကတော့ ဗုဒ္ဓဘာသာထုံးစံအရ ကန်တော့ခံမယ့် သူဆီကို ကန်တော့မယ့်သူက လာရတာ ဖြစ်ပါတယ်တဲ့။ တယောက်ချင်းစီ ကန်တော့တာကိုပဲ လက်ခံလိုပါတယ်ပေါ့။ သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်က သုံးယောက်ကို တနေရာတည်းမှာစုပြီးတော့ ကန်တော့မယ့်ဟာမျိုး သဘောတူရင်လည်းပဲ ဦးအောင်ရွှေအနေနဲ့ မငြင်းပါဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာ (၉) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ရဲချုပ်ခင်ရီက ဦးအောင်ရွှေအား သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒုတိယအကြိမ် ရေးသားပေးပို့သောစာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြင့် စုံညီတွေ့ဆုံလိုကြောင်းလည်း ထည့်သွင်းဖော်ပြ တောင်းဆိုခဲ့သည်။

ဦအောင်ရွှေ၏ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးကိစ္စနှင့် ပတ်သက်၍ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက လာရောက် ပြောကြားသော်လည်း မည်သည့်အချိန် မည်သည့်နေရာ ဆိုသည်ကို မသိရှိသေးကြောင်း ဦးခင်မောင်ဆွေက ပြောသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး ၏ တိုက်တွန်းနှိုးဆော်ချက်

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး ၏
တိုက်တွန်းနှိုးဆော်ချက်



မှတ်ချက် ။ ။ ပေးပို့သူ မမြတ်လေးငုံ အား ကျေးဇူး တင်ရှိပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 13, 2009

ဆန္ဒဖော်ထုတ်ဖို့ ဈေးသည် ၁၅ဝ လမ်းလျောက်ချီတက်

ဆန္ဒဖော်ထုတ်ဖို့ ဈေးသည် ၁၅ဝ လမ်းလျောက်ချီတက်


2009-12-13 ( RFA )


ဧရာဝတီတိုင်း ဘိုကလေးမြို့ပေါ်မှာရှိတဲ့ ပျံကျဈေးသည် ၁၅ဝ လောက်ဟာ သူတို့ လက်ရှိ ရောင်းချနေတဲ့ ပျံကျဈေး နေရာကနေ မရွှေ့မပြောင်းရဘဲ ဈေးရောင်းချနိုင်ရေးအတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ မယကရုံးနဲ့ ကွပ်ကဲရေးရုံးတွေဆီ သူတို့ဆန္ဒတွေ ဖော်ထုတ်ဖို့ လမ်းလျှောက် ချီတက်ခဲ့တယ်လို့ အာအက်ဖ်အေက စုံစမ်းသိရှိရပါတယ်။

ဘိုကလေးမြို့ပေါ် ရွှေသွယ်ယံလမ်းမှာရှိတဲ့ အခွန်လွတ်ဈေး၊ ဒွါရာကျောင်းလမ်းမှာရှိတဲ့ တောဈေးတန်း၊ မြို့တော်ခမ်းမရှေ့မှာရှိတဲ့ ပျံကျဈေးနဲ့ ဦးသိန်းဦးလမ်းမှာရှိတဲ့ ပျံကျဈေး စတဲ့နေရာတွေမှာ ရောင်းချနေတဲ့ ဈေးသည်တွေကို အဲဒီနေရာတွေကနေ ဖယ်ပေးဖို့၊ မဖယ်ဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မြို့နယ်အာဏာပိုင်တွေက အသံချဲ့စက်နဲ့ ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာခဲ့တာကြောင့် ပျံကျဈေးသည်တွေ မခံမရပ်နိုင်ဖြစ်ပြီး သူတို့ ဆန္ဒတွေကို ဖော်ထုတ်ဖို့ အခုလို လမ်းလျှောက် ချီတက်ခဲ့တာဖြစ်ပါတယ်။ ပျံကျဈေးသည်တွေ လမ်းလျှောက်ချီတက်ခဲ့တဲ့ အခြေအနေတွေကို မျက်မြင်ဒေသခံတဦးက အခုလို ပြောပြပါတယ်။

မျက်မြင်ဒေသခံ။ ။'မနက်ပိုင်း ကိုးနာရီလောက်ကပေါ့။ ဈေးသည်အမျိုးသမီးချည်းပဲ တရာ့ငါးဆယ်လောက် စုပြီးတော့ ကွပ်ကဲရေးရုံးကို သွားကြတာ။ ကွပ်ကဲရေးရုံးမှာ လူကြီးက မရောက်တဲ့အခါ မယကရုံးဘက်ကို သွားတဲ့အခါကျတော့ လမ်းထိပ်မှာ ရဲတပ်ဖွဲ့ကနေ တားထားတယ်။ ရဲတပ်ဖွဲ့ကနေပြီးတော့ မင်းတို့ ဘာလုပ် မလို့လဲပေါ့၊ လူစုလူဝေးနဲ့ဆိုတော့။ အဲဒီတော့ ဈေးသည်တွေက ပြောတယ်။ ကျမတို့ နေရာ တည်မြဲရေးအတွက် ဈေးရောင်းရေးအတွက်ကို လူကြီးတွေကို အသနားခံဖို့ တင်ပြဖို့အတွက်ကို လာတာပါလို့ အဲလိုပြောတယ်။ အဲလို ပြောရင်းနဲ့ သူတို့ အဲဒီမှာ နောက် ၁၅ ရက်အတွင်းမှာ ခုနက ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေအရ အရေးယူဖို့ ဘာညာကိစ္စ မလုပ်ပါဘူးလို့ စခန်းမှူးက ပြောပြီးတော့ လူစုခွဲပြီး ပြန်ခိုင်းလိုက်တယ်'

အာဏာပိုင်တွေ လူစုခွဲပြီး ပြန်ခိုင်းလိုက်ပေမယ့် တကယ့်လက်တွေ့မှာ ပျံကျဈေးသည်တွေ နဂို ပုံမှန် ရောင်းချနေတဲ့ နေရာတွေမှာ ပြန်လည်ရောင်းချခွင့် တရားဝင်ခွင့်ပြုမယ် မပြုဘူးဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မသိသေးသလို အာဏာပိုင်တွေဘက်ကလည်း အမိန့်ထုတ်ပြန်တာမရှိသေးတဲ့အတွက် ပျံကျဈေးသည်တွေကတော့ စိုးရိမ်နေကြတုန်းပဲလို့သိရပါတယ်။

ဘိုကလေးမြို့ပေါ်မှာရှိတဲ့ ပျံကျဈေး ၄ နေရာမှာ ရောင်းချနေတဲ့ ဈေးသည် တထောင်နီးပါးရှိပါတယ်။ အဲဒီ ပျံကျဈေးသည်တွေ အားလုံးကို လက်ရှိရောင်းချနေတဲ့ နေရာတွေကနေ ဖယ်ပြီး မြို့ပြင် ရွှေ့ပြောင်း ရောင်းချဖို့ကို မြို့နယ်အာဏာပိုင်တွေ ပြီးခဲ့တဲ့ လဆန်းပိုင်းကတည်းက အမိန့်ထုတ်ခဲ့ပါတယ်။

အာဏာပိုင်တွေ ပြောင်းရွှေ့ ရောင်းချခိုင်းတဲ့ နေရာဟာ ဘိုကလေးမြို့ရဲ့သောက်သုံး ရေကန်ဖြစ်တဲ့ ကန်တော်ကြီးဘေးမှာဖြစ်ပြီး အဲဒီနေရာဟာ မြို့စွန်ကျပြီး လူခေါင်တဲ့နေရာမို့ ပျံကျဈေးသည်တွေ ပြောင်းရွေ့ ရောင်းချလိုစိတ် မရှိဘူးလို့ သိရပါတယ်။

ဘိုကလေးမြို့ပေါ်မှာရှိတဲ့ ပျံကျဈေး ၄ နေရာထဲက အခွန်လွတ်ဈေးဟာ ၁၉၉၇ ခုနှစ်က ဗိုလ်ချုပ်ကြီးတင်ဦး ဖွင့်လှစ်ပေးခဲ့တဲ့ ဈေးဖြစ်ပြီး တောဈေးတန်းကတော့ ၁၉၈၇ ခုနှစ်ကတည်းက ရောင်းချနေတဲ့ဈေးဖြစ်တယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ ကလေးသူငယ်ဆိုင်ရာ အစီရင်ခံစာ ITUC ထုတ်ပြန်

မြန်မာ ကလေးသူငယ်ဆိုင်ရာ အစီရင်ခံစာ ITUC ထုတ်ပြန်


2009-12-13 ( RFA )


မြန်မာနိုင်ငံက ကလေးသူငယ်များ အခွင့်အရေးနဲ့ ပတ်သက်လို့ ရေးသားထားတဲ့ အစီရင်ခံစာတစောင်ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ITUC က ထုတ်ပြန်လိုက်ပါတယ်။



အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ITUC မှထုတ်ဝေသည့် "Burma's Children: a Generation Sacrified" အမည်ရှိ အစီရင်ခံစာ မျက်နှာဖုံးတွင် ဖော်ပြထားသည့် ဓာတ်ပုံ ဖြစ်ပါသည်။ (Image: RFA)

မြန်မာနိုင်ငံက မျိုးဆက်တဆက်လုံး စတေးခံလိုက်ရတဲ့ ကလေးသူငယ်များ လို့ တိုက်ရိုက် အဓိပ္ပါယ်ရတဲ့ ဒီ အစီရင်ခံစာကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တာဖြစ်ပြီး မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ မြန်မာစစ်အစိုးရရဲ့ပညာရေးနဲ့ လူမှုရေးဖက်မှာ ကူညီထောက်ပံ့မှု အားနည်းတဲ့အတွက် ပညာရေး အဆင့်မမှီ ဖြစ်ရပုံ၊ စစ်တပ်က အဓမ္မ တပ်သားစုဆောင်းခံရတာတွေနဲ့ စီးပွားရေးကြောင့် ပညာမသင်နိုင်ဘဲ ကလေးအလုပ်သမား ဖြစ်လာရပုံတွေကို ထောက်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရ နှစ်စဉ် စစ်အသုံးစရိတ်ဟာ ပညာရေး အသုံးစရိတ်ထက် ၂၈ ဆ များပြားနေတဲ့ အကြောင်း၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ကလေးသူငယ် ပညာရေးလူမှုရေးဘက်မှာ နစ်နာဆုံးရှုံး ရတာကြောင့် ကလေးသူငယ် မျိုးဆက်တခုလုံး စတေးခံထားရသလို ဖြစ်နေကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ITUC အဖွဲ့ဝင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် FTUB က ဥက္ကဋ္ဌ ဦးလှဦးက ဒီအစီရင်ခံ စာနဲ့ ပတ်သက်ပြီး အာအက်ဖ်အေကို ပြောရာမှာ မြန်မာနိုင်ငံက ပညာရေးနဲ့ လူမှုရေးဆိုင်ရာ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုတွေကို မီးမှောင်းထိုးပြဖို့ ဖြစ်တယ်လို့ အာအက်ဖ်အေကို ပြောပြပါတယ်။

ဦးလှဦး။ ။'နောင်လာမယ့် တခုလုံးဆိုရာမှာ ၁၉၈၉ နောက်ပိုင်းကနေ နောက် တခုလုံးက မရပါဘူး။ သူတို့အနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ အင်မတန်မှ အသည်းနာစရာ ကောင်းပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ သားသမီးများ တပ် ကို သီးသန့်ဖော်ထုတ်နေတာမျိုး ဖြစ်တဲ့အတွက် အရပ်ဖက်မှာ ရှိနေတဲ့ ပြည်သူအားလုံးဟာ လမ်းပေါ်ကို ရောက်သွားပြီးရင် ဒီနေ့ရှိတဲ့ ကလေးတွေရဲ့အနာဂတ်ဟာ ဘယ်လိုမှ မရေရာတော့တဲ့ အကြောင်းအရာတွေကို ပြောကြားခြင်း ဖြစ်ပါတယ်'

မြန်မာနိုင်ငံ စစ်အစိုးရရဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ အဖွဲ့အစည်း အသင်းအပင်း ဖွဲ့ခွင့်တွေ ကန့်သတ်ပိတ်ပင်ထားတဲ့အတွက် မြန်မာနိုင်ငံက အခြေအနေမှန်တွေ နိုင်ငံတကာ အလုပ်သမားအသိုင်းအဝိုင်းက သိရှိ နားလည်ရေးအတွက်လည်း ဒီအစီရင်ခံစာက ရည်ရွယ်တယ်လို့ သိရပါတယ်။

စစ်အစိုးရ ဖိနှိပ်မှုတွေ ရှိနေပေမယ့် ITUC နဲ့ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ် FTUB တို့ လက်တွဲပြီး မြန်မာနိုင်ငံထဲက အလုပ်သမားတွေနဲ့ ကလေးသူငယ် ပညာသင်ကျောင်းတွေ ဖြစ်ပေါ်ရေး ဆက်လက် ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ITUC ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ITUC နဲ့ မြန်မာနိုင်ငံ အလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB ရဲ့ဥက္ကဋ္ဌ ဦးလှဦးကို အာအက်ဖ်အေက ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက် အား နားဆင်ရန် >>>
ဒီမှာ ကလစ်ပါ ခင်ဗျား ။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...