Monday, December 14, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးအစီအစဉ် ဦးအောင်ရွှေထံ နအဖရဲချုပ် လာရောက်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးအစီအစဉ်
ဦးအောင်ရွှေထံ နအဖရဲချုပ် လာရောက်တွေ့ဆုံ


NEJ / ၁၄ ဒီဇင်ဘာ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့သုံးဦးအား လာရောက်ဂါရ၀ပြုရန် အစီအစဉ်ရှိကြောင်း နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ ယနေ့လာရောက်ပြောဆိုသည်ဟု သိရသည်။

ယနေ့နံနက် (၁၀) နာရီခန့်တွင် ဗိုလ်မှူးချုပ်ခင်ရီက ဦးအောင်ရွှေထံ လာရောက်၍ သဘောထား မေးမြန်းကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “ဦးအောင်ရွှေက သူ့ဆီကိုလာပြီးတော့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဒေါ်စုက ဦးအောင်ရွှေ၊ ဦးလွင်နဲ့ ဦးလွန်းတင်တို့ (၃) ဦး ကို လာရောက်ဂါရ၀ပြုဖို့ အစီအစဉ်ရှိတယ်ပေါ့။ သက်ဆိုင်ရာ အာဏာပိုင်ဘက်ကတော့ တနေရာတည်းမှာပဲ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုမယ်ဆိုရင် ဘယ်လိုသဘောရသလဲလို့ ဦးအောင်ရွှေကို လာပြီးတော့ မေးမြန်းတယ်ပေါ့။ ဦးအောင်ရွှေက ဒါကတော့ ဗုဒ္ဓဘာသာထုံးစံအရ ကန်တော့ခံမယ့် သူဆီကို ကန်တော့မယ့်သူက လာရတာ ဖြစ်ပါတယ်တဲ့။ တယောက်ချင်းစီ ကန်တော့တာကိုပဲ လက်ခံလိုပါတယ်ပေါ့။ သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်က သုံးယောက်ကို တနေရာတည်းမှာစုပြီးတော့ ကန်တော့မယ့်ဟာမျိုး သဘောတူရင်လည်းပဲ ဦးအောင်ရွှေအနေနဲ့ မငြင်းပါဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာ (၉) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ရဲချုပ်ခင်ရီက ဦးအောင်ရွှေအား သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒုတိယအကြိမ် ရေးသားပေးပို့သောစာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြင့် စုံညီတွေ့ဆုံလိုကြောင်းလည်း ထည့်သွင်းဖော်ပြ တောင်းဆိုခဲ့သည်။

ဦအောင်ရွှေ၏ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးကိစ္စနှင့် ပတ်သက်၍ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက လာရောက် ပြောကြားသော်လည်း မည်သည့်အချိန် မည်သည့်နေရာ ဆိုသည်ကို မသိရှိသေးကြောင်း ဦးခင်မောင်ဆွေက ပြောသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။