Saturday, November 7, 2009

သမ္မတ အိုဘားမား မြန်မာခေါင်းဆောင်နဲ့ တွေ့ဖို့ အစီအစဉ်ရှိ

သမ္မတ အိုဘားမား မြန်မာခေါင်းဆောင်နဲ့ တွေ့ဖို့ အစီအစဉ်ရှိ

2009-11-07 ( RFA )

အမေရိကန်သမ္မတ Barack Obama ဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် APEC ခေါ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်ပတ်လည်ထိပ်သီး အစည်းအဝေးကို တက်ရောက်တဲ့အခါမှာ မြန်မာအပါအဝင် အာစီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

မစ္စတာအိုဘားမားကို ဇန်နဝါရီလ ၁၈နေ့ ညတွင် ကျင်းပသော ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုတွင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

APEC ထိပ်သီးဆွေးနွေးပွဲအတွင်း အာစီယံ ၁ဝ နိုင်ငံက ခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံမှာ ဖြစ်တယ်လို့ အာစီယံရေးရာ အမေရိကန် သံအမတ်ကြီး Scot Marciel က နိုဝင်ဘာလ ၇ ရက်နေ့က ပြောလိုက်တာပါ။ Mr. Scot Marciel ဟာ သမ္မတ Obama နဲ့ အာစီယံ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမယ့်ကိစ္စကို ကြိုတင်စီစဉ်ဖို့အတွက် အာစီယံ ၁ဝ နိုင်ငံက သံတမန်တွေနဲ့ ဖိလစ်ပိုင်မှာ ဆွေးနွေး ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

ဒီ APEC အစည်းအဝေးကို မြန်မာစစ်အစိုးရကိုယ်စား ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မယ်လို့ ဖိလစ်ပိုင်နိုင်ငံက မြန်မာသံအမတ် ဦးမင်းလွင်က အေပီသတင်းဌာနကို ပြောပါ တယ်။ ဒါပေမယ့် သမ္မတ Obama ဟာ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ သီးခြား တွေ့ဆုံဖို့ ရှိမရှိဆိုတာကို တော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ အပြောင်းအလဲ ကို အပြုသဘောဆောင်တဲ့အတွက် ကြိုဆိုကြောင်း ဦးမင်းလွင်က ပြောပါတယ်။

၁၉၆၆ ခုနှစ်က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့စဉ်တုန်းက အမေရိကန်သမ္မတ Johnson နဲ့ တွေ့ဆုံခဲ့ပြီးနောက် အခုတကြိမ်ဟာ နှစ်ပေါင်းများစွာအတွင်း နောက်ထပ်တကြိမ် အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံ အစိုးရအဆင့်မြင့် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က ပြောဆိုရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ အပြောင်းအလဲကို အာစီယံအဖွဲ့အနေနဲ့ ကြိုဆိုကြောင်းနဲ့ ကျန်တဲ့ မိမိတို့ အာစီယံနိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး လုပ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့အတွက် မြန်မာစစ်အစိုးရကို တောက်လျှောက် တိုက်တွန်း နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, November 6, 2009

ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံ ဖော်ပြခြင်းအပေါ် ညွှန်ကြားချက်ထုတ်ပြီး ကန့်သတ်

ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံ ဖော်ပြခြင်းအပေါ် ညွှန်ကြားချက်ထုတ်ပြီး ကန့်သတ်

2009-11-06 ( RFA )

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr Kurt Campbell ရဲ့မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြည်တွင်းထုတ် စာစောင်တွေမှာ အပေါ်ယံ လောက်ပဲ ရေးသားခွင့်ပြုတဲ့အပြင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓာတ်ပုံကို ဖော်ပြမယ်ဆိုရင် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ဓာတ်ပုံကိုပါ တပြိုင်နက် ထည့်သွင်းဖော်ပြရမယ် လို့ စာပေစိစစ်ရေးဌာနက အမိန့်ထုတ်ထားကြောင်း သိရပါတယ်။

အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ်(ဝဲ) နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်)၊ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်လ် (ယာ) တို့ နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းယားကန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးပြီး ရိုက်ကူးထာသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

Mr Campbell နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့က အင်းယားကန်ဟိုတယ်မှာ တွေ့ဆုံခဲ့ကြပြီးနောက် သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခွင့် ပေးခဲ့တဲ့အတွက် ဒီတပတ်ထုတ် ဂျာနယ်အတော်များများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ဖော်ပြဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ဓာတ်ပုံမပါရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံ မဖော်ပြရဆိုတဲ့အမိန့်ကြောင့် ဂျာနယ်တွေ အကျပ်ရိုက် သွားခဲ့ကြတာဖြစ်တယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ Mr Campbell ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ်အတွင်း သတင်းထောက်တွေကို ဓာတ်ပုံရိုက်ဖို့ မဖိတ်ကြားခဲ့တဲ့ အတွက် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့သတင်းမီဒီယာတွေလောက်ပဲ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဓာတ်ပုံကို ရိုက်ယူနိုင်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံဖော်ပြချင်တဲ့ ဂျာနယ်တွေဟာ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဓာတ်ပုံကို အစိုးရ သတင်းစာတွေကနေ တဆင့်ကူးယူဖော်ပြဖို့ အားထုတ်ကြပေမဲ့ ဓာတ်ပုံအရည်အသွေး ညံ့တာက တကြောင်း၊ ဂျာနယ် အလျင်မီထုတ်ဝေဖို့ တက်သုတ်ရိုက် ဆောင်ရွက်ရတဲ့အတွက် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဓာတ်ပုံကို ပြန်ကြားရေးဝန်ကြီးဌာနမှာ အချိန်ကုန်ခံပြီး သွားရောက် မတောင်း ယူနိုင်တာတွေကြောင့် နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံမပါပဲ ထုတ်ဝေဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ ဂျာနယ်သမားတဦးက ပြောပါတယ်။

Mr Campbell ရဲ့ ခရီးစဉ်သတင်းကို ရေးသားရာမှာလည်း အမေရိကန်က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တဲ့အကြောင်း၊ ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတဲ့ အကြောင်း တွေလောက်ပဲ ရေးသားခွင့်ပြုပြီး၊ ဝေဖန်သုံးသပ်ချက်နဲ့ သတင်းအကြောင်းအရာ အသေးစိတ်ကို ထုံးစံအတိုင်း ရေးသားခွင့် မပြုပါဘူး၊ Mr Campbell ရဲ့ခရီးစဉ် သတင်းကို အခုတပတ် ထုတ် Myanmar Times နဲ့ Bi Weekly Eleven ဂျာနယ်တွေမှာ ဦးဦးဖျားဖျား ဖော်ပြထားတာ တွေ့ရတယ်လို့ ရန်ကုန် စာနယ်ဇင်းသမားတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မပြုတာအပါအဝင် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လက်ရှိအခြေအနေ၊ အလားအလာတွေနဲ့ ပတ်သက်လို့ BMA မြန်မာသတင်း သမဂ္ဂရဲ့ဒုတိယ ဥက္ကဌ ဦးဇင်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါခင်ဗျား ...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, November 5, 2009

အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံအတွေ့အကြုံရှင်းလင်း

အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံအတွေ့အကြုံရှင်းလင်း

2009-11-05 ( RFA )

အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖြစ် ၂ ရက်ကြာ မြန်မာနိုင်ငံကို သွားခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မူအခြေအနေတွေ မမြင်ရရင် စီးပွားရေးပိတ်ဆို့မှုကို ဆက်ပြီးထားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။


မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်ခဲ့သော အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီရယ်လ် (ဝဲ) ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်တွင် နိုဝင်ဘာ ၅ ရက်နေ့က အတွေ့အကြုံ ရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: RFA)

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အဖွဲ့မှာ ပါတဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိ မစ္စတာ စကော့ မာဆီရယ်လ်က မြန်မာနိုင်ငံမှာ ဆွေးနွေးခဲ့ကြတဲ့အကြောင်းတွေကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့က ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်က ရှင်းလင်းပြောကြားခဲ့တာပါ။

အဲဒီရှင်းလင်းပွဲမှာ မစ္စတာ စကော့မာဆီရယ်လ်က ဒီနှစ်ရက်တာ ဆွေးနွေးပွဲတွေမှာ ကျနော်တို့ ဘာတွေ ဆောင်ရွက်မယ် ဘာတွေ မဆောင်ရွက်ဘူး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို အရေးယူ ဒဏ်ခတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုနည်းလမ်းဟာ ထိရောက်မှု နည်းပါးပေမဲ့ အမေရိကန်အစိုးရ အနေနဲ့ ဆက်လက် ဆောင်ရွက်ဦးမှာပါ။ ဒါပေမဲ့လည်း မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အထောက်ပံ့တွေ ပေးသွားမယ်။ မြောက်ကိုရီးယားနဲ့ ဆက်နွယ်ဆောင်ရွက်နေတဲ့ အနုမြူ ကိစ္စတွေအပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်မှု ရှိပါတယ်။ အထူးသဖြင့်တော့ အစိုးရနဲ့ အတိုက်အခံတွေကြား၊ တိုင်းရင်သား အင်အားစုတွေကြားမှာ စစ်မှန်တဲ့နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ အဲဒီဖြစ်စဉ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် ကို သူ့ပါတီခေါင်းဆောင်တွေနဲ့ ပုံမှန်တွေ့ခွင့်ပြုဖို့ ကျနော်တို့ တိုက်တွန်းခဲ့သလို၊ နိုင်ငံရေး အကျဉ်း သား ကိစ္စတွေနဲ့ တိုင်းရင်းသားကိစ္စတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေ အပေါ် မှာလည်း ကျနော်တို့အနေနဲ့ အထူး စိုးရိမ်နေပါတယ်လို့ ပြောသွားပါတယ်။

ဒီကနေ့ ရှင်းလင်းပွဲကို ထိုင်းအစိုးရအရာရှိတွေ၊ အစိုးရမဟုတ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ မြန်မာ့အရေး ဆောင်ရွက်နေသူတွေနဲ့ နိုင်ငံတကာ သတင်းထောက်တွေ တက်ရောက်ခဲ့ကြပြီး မေးခွန်းတွေ မေးမြန်းခဲ့ကြသလို မစ္စတာ စကော့မာဆီရယ်လ်ကလည်း မေးခွန်းတိုင်းကို ရှင်းလင်း ဖြေကြားပါတယ်။

နိုင်ငံတကာ သတင်းထောက်တွေအတွက် သီးသန့် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ ပါတယ်။

မစ္စတာ စကော့မာဆီရယ်လ်ရဲ့ရှင်းလင်းပွဲနဲ့ ပတ်သက်လို့ RFA ကိုနေရိန်ကျော်က အပြည့်အစုံ တင်ပြထားပါတယ်။

အပြည့်အစုံ နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, November 4, 2009

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို တိုင်းရင်းသား ခေါင်းဆောင်များ ဘာတွေ တင်ပြခဲ့ကြလဲ

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို တိုင်းရင်းသား ခေါင်းဆောင်များ ဘာတွေ တင်ပြခဲ့ကြလဲ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 04 ရက် 2009 ခုနှစ် 20 နာရီ 02 မိနစ်

( ဦးပူကျင့်ရှင်းထန်နှင့် ဦးအေးသာအောင်တို့နှင့် ဆက်သွယ် မေးမြန်းချက် )

မဇ္ဈိမ (ချင်းမိုင်)။ ။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် Mr. Kurt Campbell နှင့် သူ၏လက်ထောက် စကော့ မာဆီယယ် (Scot Marciel) တို့သည် ဒေါ်အောင်ဆန်း စုကြည်၊ အန်အယ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် စစ်အစိုးရ အရာရှိများနှင့်လည်း ၂ ရက်ကြာ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပြီး ယနေ့ညတွင် ရန်ကုန်မှ ပြန်လည် ထွက်ခွာသွားသည်။

အမေရိကန် သံတမန်ကြီးများနှင့် တွေ့ဆုံခဲ့သူများ အနက်မှ ဇိုမီးနှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် ၂ ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

--------------------------------------------------------------

ဦးပူကျင့်ရှင်းထန် (ဇိုမီး အမျိုးသား ကွန်ကရက်)

ဒီနေ့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ အန်ကယ်တို့ ဘယ်လောက်ကြာအောင် တွေ့ဆုံဖြစ်ခဲ့ကြလဲရှင်။

ကျနော်တို့ ၁ မှာ တွေ့ဖို့။ နည်းနည်း နောက်ကျသွားတယ်။ ၂ နာရီခွဲလောက်မှ တွေ့ဖြစ်တယ်။ တနာရီခွဲလောက်ကြာ တွေ့တယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံး ဘယ်နှစ်ယောက် တက်ရောက်ခဲ့ကြပါသလဲရှင်။

တိုင်းရင်းသားခေါင်းဆောင်တွေ ၈ ယောက်တွေ့တယ်။ အမေရိကန် ကိုယ်စားလှယ်ဘက်က ၄ ယောက်။ သံရုံးက ၂ ယောက် တွေ့ပါတယ်။

ကျနော်ပါတယ်။ ဦးအေးသာအောင် (ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)၊ နိုင်ထွန်းသိန်း (မွန်အမျိုး သားဒီမိုကရေစီပါတီ)၊ စိုင်းစောအောင် (အက်စ်အန်အယ်ဒီ)၊ ဦးရွှေအုန်း (ဝါရင့်ရှမ်းနိုင်ငံရေးသမား)၊ ဦးမျိုးသန့် (ရိုဟင်ဂျာအဖွဲ့) ကလို့ သိတယ်။ ကချင် ဦးစဘွဲဂျွမ်နဲ့ ကယန်းအဖွဲ့က ဒေါက်တာ စိုင်းမွန်သာ ရဲ့ဇနီး ဒေါ်ရေဘက္ကာတို့ ပါတယ်။ ဒေါ်ရေဘက္ကာက ဘယ်အဖွဲ့ကမှ မဟုတ်ဘူးလို့တော့ သိတယ်။

အမေရိကန် ကိုယ်စားလှယ်တွေကို ဘယ်လို အကြောင်းအရာတွေ တင်ပြခဲ့ပါသလဲရှင်။

ကျနော်တို့က အခြေခံဥပေဒကို သဘောမကျတဲ့ အကြောင်း။ တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ပြောနေတဲ့လူတွေ ဖြစ်တဲ့အကြောင်း။ ဒီ ဥပဒေစာအုပ်မှာ တိုင်းရင်းသားတွေအတွက် ကာကွယ်တဲ့ ပုဒ်မတွေ တခုမှ မပါဘူး။ မယုံရင် ကြည့်ပါ ဆိုပြီးတော့ စာအုပ်နဲ့အတူ ပြခဲ့တယ်။ သူတို့က ကျနော် တို့မှာလဲ ရှိပါတယ်လို့ ပြောတယ်။

ဒီနေ့ထိ နိုင်ငံရေး အကျဉ်းသားတွေကို မလွတ်ပေးသေးဘူး။ နိုင်ငံရေး လှုပ်ရှားသူတွေ ဖမ်းခံနေရတယ်။ ဒေါ်စု အပါအဝင် ခွန်းထွန်းဦး၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ကို လွတ်ပေးဖို့ တင်ပြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ထဲက ဘယ်ပုဒ်မ ဘယ်လို အချက်တွေကို ထောက်ပြခဲ့ပါသလဲရှင်။

ပုဒ်မ ၄၄၁ က လွတ်တော်ကိုယ်စားလှယ် ပထမဆုံး အစည်းအဝေး လုပ်တဲ့အခါမှာ ဒီဥပဒေ အတည် ဖြစ်တယ် ဆိုတာကို လိုချင်လို့ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ပထမဆုံးပြတယ်။ ဒုတိယမှာတော့ အခြေခံမူဆိုတာ ပုဒ်မ ၆ (s) မှာ မြန်မာပြည်နိုင်ငံရေးမှာ စစ်တပ်က ဦးဆောင်ရမယ်ဆိုတာ ပါတယ်။ ပုဒ်မ ၄၄၅ မှာလည်းဘဲ စစ်အစိုးရလုပ်တဲ့ အရာအားလုံးကို နောက်လာမဲ့ အစိုးရက တရားစွဲလို့ မရအောင် တားမြစ်ထားတာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ၅၉ (D)မှာက နိုင်ငံတော်သမတသည် (စစ်ထွက်) လူဖြစ်ရမယ်ဆိုတော့ စစ်ထွက်မဟုတ်ရင် သမတလုပ်လို့ မရဘူးဆိုတာ ပြောထားတယ်။ အဆိုးဆုံးက ၄၁၃ (D) မှာ အဲဒီ သမတကို လိုအပ်ရင် စစ်တပ်က အာဏာ သိမ်းပိုင်ခွင့် ပေးတယ်။ ဒါတွေ တင်ပြတယ်။

တခြား အပစ်ရပ်အဖွဲ့၊ ငြိမ်းချမ်းရေး အဖွဲ့တွေအကြောင်း အစုံတရာ တင်ပြတာတို့ ရှိပါသလားရှင်။

စစ်အစိုးရက အပစ်အခတ်ရပ် အဖွဲ့တွေ ညီလာခံမှာ တင်ပြတဲ့အချက်တွေကို လုံးဝ ဂရုမစိုက်ဘူးဆိုတဲ့ အကြောင်း ပြောတယ်။ နောက်ပြီးတော့ ကိုးကန့်မှာ ဖြစ်နေတဲ့ စစ်ပွဲဖြစ်နေတာဟာ လူမျိုးစုတွေကို လက်နက်ချပါ။ မချဘူးဆိုရင် နယ်ခြားစောင့်တပ်လုပ်ခိုင်းတယ် ဆိုတာတွေ တင်ပြတယ်။

အမေရိကန်အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုအပေါ်မှာ အားရကျေနပ်မှု ရှိပါသလားရှင်။

ဒီလိုတွေ့ဆုံမှုအပေါ် အမေရိကန်ဘက်က ဘာမှပြန်ပြောတာ မရှိပေမဲ့ ဒါက အစကလေးပါ။ နောက်ပြန် လာမယ်လို့ပြောတယ်။ စကားအထူးအဆန်း မပြောပေမဲ့ အရင်တခါမှ မဖြစ်ဖူးတာ အခုလို ဖြစ်နေ တယ်ဆိုတော့ ကောင်းမယ်လို့ ထင်တာပါဘဲ။ မျော်လင့်ချက်တော့ ရှိပါတယ်။


ဦးအေးသာအောင် (ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမေရိကန် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံမှုမှာ ဘယ်သူတွေက ဘာတွေ တင်ပြခဲ့ပါသလဲရှင်။

ကျနော်အရင်ပြောတယ်။ အဓိကတော့ အခုလာတဲ့ခရီးစဉ်ကို ကြိုဆိုတဲ့အကြောင်း ဒါပေမဲ့ နအဖနဲ့ အမေရိကန်ကိုယ်စားလှယ်တွေ၊ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အန်အယ်ဒီတွေ တွေ့ဆုံ တာနဲ့ မပြီးသေးဘူး။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ဖို့ဆိုတာက နအဖနဲ့ အန်အယ်ဒီ အပါအဝင် တိုင်းရင်း သားတွေ ဆွေးနွေးညှိနိုင်းဆောင်ရွက်နိုင်မှ တိုးတက်မယ်ဆိုတဲ့အကြောင်း။

တခြားတိုင်းရင်းသားခေါင်းဆောင်တွေကရော ဘာတွေ တင်ပြခဲ့ပါသလဲရှင်။

ကချင်က ဦးစဘွဲဂျွမ်ကနေ ကချင်ပြည်နယ်ကအကြောင်း တင်ပြတာက ကေအိုင်အိုက နအဖနဲ့ ၉ ကြိမ် လောက် ဆွေးနွေးခဲ့တဲ့ အကြောင်းတွေ။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပင်လုံစာချုပ်နဲ့ ပတ် သက်ပြီး တင်ပြထားတဲ့အကြောင်းတွေ အခြေခံပြီးတော့ ပြောတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တချို့ခေါင်းဆောင်တွေကတော့ ငြိမ်းချမ်းရေးယူခဲ့စဉ်က နအဖနဲ့ သဘောတူခဲ့တဲ့ အချက်အလက် တွေ၊ အခုဖြစ်နေတဲ့ Border Guard ပြောင်းဖို့ လုပ်နေတဲ့အကြောင်းတွေ ပြောတယ်။

မွန်အမျိုးသားဒီမိုကေရစီအဖွဲ့က နိုင်စောအောင်နဲ့ ဦးရွှေအုန်းတို့ကတော့ စာတစောင် ထုတ်ပေးလိုက်တယ်။

အန်ကယ်အနေနဲ့ ဒီလို အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုအပေါ် အားရကျေနပ်မှုရှိလား။

ကျနော်အနေနဲ့ အားရမှုရှိတယ်လို့ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တွေ့ဆုံမှုသည် အမေရိ ကန်က ဘယ်လောက်ဘဲ ကြိုးစားပေမဲ့၊ အန်အယ်ဒီတို့၊ တိုင်းရင်းသားတို့ ဘယ်လောက်ဘဲ လိုက် လျော လိုက်လျော၊ နအဖက ပြောင်းလဲလိုတဲ့ ဆန္ဒမရှိရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးအဆင့် ကျော်မှာမဟုတ်ဘူး။ နအဖ အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းဖို့နဲ့ ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ လောက်ဘဲ ရည်ရွယ်တာဘဲ။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အမေရိကန်တွေက တစုံတရာ ပြောပြတာများ ရှိလားရှင်။

အမေရိကန် ကိုယ်စားလှယ်က ပြောတယ်။ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီလိုတွေ့တဲ့ အပေါ်မှာ ဝမ်းသာအားရတဲ့အကြောင်း ဒေါ်စုက သတင်းပါးလိုက်တယ်တဲ့။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့

အမေရိကန်ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့

Wednesday, 04 November 2009 14:12 ကိုထွေး

မြန်မာပြည်တွင် ရောက်နေသော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ယနေ့ ၂ နာရီကြာ တွေ့ဆုံ ခဲ့ကြောင်း အမေရိကန်သံရုံးက ဧရာဝတီသို့ ပြောသည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရန် အင်းလျားလိတ် ဟိုတယ်သို့ ယနေ့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)

နံနက် ၁၁း၄၀ နာရီမှ နေ့လယ် ၁း၄၀ နာရီ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်သံရုံးအရာရှိတဦးက ပြောသည်။

“အသေးစိတ်ကိုတော့ မစ္စတာ ကာတ့်ကမ်းဘဲလ်က ဒီနေ့ ညနေ ၆ နာရီ ခွဲ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါလိမ့်မယ်” ဟု အမေရိကန်သံရုံးအရာရှိက ဆိုသည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက တွေ့ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင် သတင်းထောက်များကို တက်ရောက်ခွင့် ပြုသည်ဟု သိရသည်။ သို့သော်လည်း ဓာတ်ပုံရိုက်ခွင့်သာ ပြုပြီး တစုံတရာ မေးမြန်းပြောဆိုခြင်း မပြုရန် သတင်းထောက်များကို ကြိုတင် တားမြစ်ထားသည်ဟု ဆိုသည်။

ထိန်းသိမ်းခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အရာရှိများ ယခင်က တွေ့ဆုံဖူးသော်လည်း သတင်းထောက်များအား ဓာတ်ပုံရိုက်ရန် ခွင့်ပြုခဲ့ခြင်းမှာ ဤအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင် ရောက်နေသော အမေရိကန်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အစိုးရ ချုပ်ကိုင်ထားသည့် သတင်းဌာနများတွင် တစုံတရာ ဖော်ပြခြင်းမရှိသေးပေ။

အမေရိကန်အဖွဲ့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ဦးဆောင်ပြီး အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ပြုလုပ်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် သိန်းစိန်က မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အတွက် အခန်းကဏ္ဍတခု ရှိကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ညနေ ၂း၃၀နာရီတွင် NLD ဌာနချုပ်သို့ သွားရောက်ပြီး NLD ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

အမေရိကန်အဖွဲ့နှင့် တွေ့မည့် NLD ခေါင်းဆောင်များမှာ ဦးသန်းထွန်း၊ ဦးတင်ငွေ၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းတင်၊ ဦးစိုးမြင့်တို့ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင် နှင့် ဦးလွန်းတင်တို့သည် ကျန်းမာရေး ချို့တဲ့နေသဖြင့် ဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

ဤခရီးစဉ်အတွင်း အမေရိကန် ကိုယ်စားလှယ်များသည် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, November 3, 2009

မြန်မာကို အရေးယူရန် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များက အိန္ဒိယ၌ ပြောကြား (ရုပ်သံသတင်း)

မြန်မာကို အရေးယူရန် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များက အိန္ဒိယ၌ ပြောကြား (ရုပ်သံသတင်း)

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ နိုဝင်ဘာလ 03 ရက် 2009 ခုနှစ် 14 နာရီ 41 မိနစ်



မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်၊ အခြားအဖွဲ့များ သီးခြားစီ တွေ့မည်

အမေရိကန်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်၊ အခြားအဖွဲ့များ သီးခြားစီ တွေ့မည်

2009-11-03 ( RFA )

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို အမေရိကန် လေတပ်မတော် လေယာဉ်နဲ့ တိုက်ရိုက် ရောက်ရှိသွားတယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြည်သူ့ရေးရာဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရစ်ချက်မေက အတည်ပြု ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီက စက်တင်ဘာ ၃ဝ ရက်နေ့တွင် ပြုလုပ်သော 'မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ၏ ရိုက်ခတ်မှုနှင့် ထိရောက်မှု' အပေါ် ကြားနာပွဲတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် ထွက်ဆိုအစီရင်ခံနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မစ္စတာ ကာ့တ် ကင်းဘဲလ်နဲ့အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ရောက်ရှိလာပါတယ်။ သူဟာ နေပြည်တော်မှာ တနေ့လုံးလိုလို မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန် ရန်ကုန်မြို့ကို ရောက်ရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြားအတိုက်အခံ ခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ရှိပါတယ်လို့ သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပြသွားတာပါ။

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၆ ဦးတို့ အန်အယ်ဒီ ရုံးချုပ်မှာ နိုဝင်ဘာလ ၄ ရက်၊ မနက်ဖြန် နေ့လည်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'နက်ဖြန် ၂ နာရီခွဲမှာ လာတွေ့မယ်လို့ အကြောင်းကြားထားပါတယ်။ CEC ခြောက်ယောက် တွေ့မယ်။ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေပါ။'

တခြား ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ ဦးလွန်းတင် တို့ကတော့ ကျန်းမာရေးအခြေအနေကြောင့် အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပွဲကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ အန်အယ်ဒီပါတီ ကိုယ်စားလှယ်တွေဖက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြန်လည် ပြင်ဆင်ပေးရေး အပါအဝင် ပါတီက တောင်းဆိုထားတဲ့အချက်တွေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းက ရုန်းထွက်နိုင်မဲ့ အချက်တွေကို အဓိကထား ဆွေးနွေးမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန် မနက်ပိုင်းမှာ ရန်ကုန်မြို့ အင်းယားကန် ဟိုတယ်မှာ တွေ့ဆုံဖို့ ရှိပြီး၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ သီးခြား တွေ့ဆုံဖွယ် ရှိတယ်လို့ ရန်ကုန် သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီအတောအတွင်း ရန်ကုန်မြို့က တိုင်းရင်းသား ခေါင်းဆောင်တချို့ကိုလည်း အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ မနက်ဖြန်မှာ တွေ့ဆုံဖို့ အမေရိကန်သံရုံးက ဆက်သွယ် အကြောင်းကြားထားတယ်လို့ ဇိုမီးအမျိုးသား ကွန်ဂရက်ခေါင်းဆောင် ဦးပုကျင်ရှင်းထန်က ပြောပါတယ်။

ဦးပုကျင်ရှင်းထန်။ ။ 'အဲ အကြောင်းကြားထားတာတော့ ရှိတယ်၊ ဒါပေမဲ့ confirm မဖြစ်သေးဘူး။ ဘယ်အချိန်၊ ဘယ်နေရာဆိုတာ အဲဒါကို မဖြစ်သေးတာ။ လိုအပ်တဲ့ဟာကို by name နဲ့ ဖုန်းဆက်တာတဲ့။ အဖွဲ့လိုက်လည်း ခေါ်တာမဟုတ်ဖူး ဆိုတဲ့ ပုံမျိုး ပြောတယ်။'

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကင်းဘဲလ် ဦးဆောင်တဲ့ အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ အမေရိကန် မူဝါဒကို အထောက်အကူ ပြုနိုင်ရေး အတွက် အချက်အလက် ရှာဖွေစုဆောင်းတဲ့ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို အခုလို လာရောက်တာ ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, November 1, 2009

အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်

အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်

2009-11-01 ( RFA )

မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့် နိုဝင်ဘာလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့အတူ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel တို့ ပါဝင်မှာဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ်။ (Photo: AFP)

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြိုဆို စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒအသစ်အရ စစ်အစိုးရနဲ့ အနီးကပ် ထိတွေ့ဆက်ဆံမယ်ဆိုရင် အတိုက်အခံ ပါတီအဖွဲ့အစည်းတွေကိုလည်း အလားတူ ထိတွေ့ဆက်ဆံဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

Mr. Campbell ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံမှာဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့လည်း ရန်ကုန် ဗဟန်းမြို့နယ်က ရွှေဂုံတိုင်ရုံးမှာ သွားရောက် တွေ့ဆုံမယ့်အကြောင်း ရန်ကုန်မြို့မှာ ရှိတဲ့ အမေရိကန်သံရုံးက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကြောင်းကြားခဲ့တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက ပြောပါတယ်၊

Mr. Campbell နဲ့တွေ့ဆုံချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဘယ်လို ပြောဆိုမယ်ဆိုတဲ့ ကိစ္စကို တနင်္လာနေ့တိုင်း ပုံမှန်ပြုလုပ်နေကျ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အပါအဝင် အမေရိကန်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကို ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေ ရှင်းပြပါတယ်။

Mr. Campbell ဟာ နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာစစ်အစိုးရက အသိအမှတ်ပြုထားတဲ့ တရားဝင် တိုင်းရင်းသားပါတီ ၁ဝ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဖျက်သိမ်းခံထားရတဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့လည်း နိုဝင်ဘာလ ၄ ရက်နေ့မှာ တွေ့ဆုံဖို့ရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေက အာအက်ဖ်အေကို ပြောပါတယ်။

SNLD ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ၄ ဦးနဲ့ Mr. Campbell တို့ နိုဝင်ဘာလ ၄ ရက် နေ့လည်ပိုင်းမှာ အမေရိကန်သံရုံးက စီစဉ်ထားတဲ့ နေရာတခုမှာ တွေ့ဆုံဖို့ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။ တွေ့ဆုံချိန်မှာ ဘယ်လို တိုက်တွန်းပြောဆိုမယ်ဆိုတာနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က အခုလိုပြောပါတယ်။

ဦးစိုင်းလိတ်။ ။'၂ဝ၁ဝ ရွေးကောက်ပွဲဟာ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံဥပဒေ ကိုယ်၌က ဒီမိုကရေစီကို အခြေခံတဲ့ အခြေခံဥပဒေမျိုး ဖြစ်ဖို့ အဓိက အရေးကြီးတာ။ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဆန္ဒသဘောထားကို အခြေခံပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေ မဟုတ်တဲ့အတွက်ကြောင့် အဲဒီအခြေခံဥပဒေကို အခြေခံပြီး ထွက်လာတဲ့ ရွေးကောက်ပွဲဟာ တရားမျှတတယ်ဆိုအုံးတော့ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ ပြန်လည်ပြုပြင်ဖို့ အများကြီးလိုအပ်ပါတယ်။ အဲဒါကို Mr. Kurt Campbell နားလည်အောင် ပြောပြချင်သလို သူ့ကိုယ်၌ကလည်း သက်ဆိုင်ရာ တပ်မတော် အစိုးရလူကြီးတွေကို ကူညီပြောပြပေးဖို့ ကျနော်တို့ ပန်ကြားမှာပါ'

တရားဝင်ပါတီဖြစ်တဲ့ SNLD ပါတီက Mr. Campbell နဲ့တွေ့ခွင့်ရမှာဖြစ်သလို ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက် စတဲ့ အဖျက်သိမ်းခံပါတီတွေလည်း Mr. Campbellနဲ့ တွေ့ခွင့်ရမှာဖြစ်ကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က အာအက်ဖ်အေကို ပြောပါတယ်၊

Mr. Kurt Campbell နဲ့တွေ့ဆုံချိန်မှာ ဆွေးနွေးဖို့ ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာကိုလည်း ဦးအေးသာအောင်က ခုလို ရှင်းပြပါတယ်။

ဦးအေးသာအောင်။ ။'အဓိက ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို တဖက်သတ် အခုလို ကျင်းပသွားရုံနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းလို့မပြီးဘူး။ ဒါကြောင့်မို့ ရွေးကောက်ပွဲမတိုင်ခင် တွေ့ဆုံဆွေးနွေးရမယ်၊ ဘာတွေ ဆွေးနွေးမလဲ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့။ ဘာနဲ့ပြင်မလဲ၊ ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ့် အခြေခံတွေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကိုပေးမယ့် အခြေခံတွေ ဒါတွေနဲ့ ဆွေးနွေးပြီးပြင်ဖို့ လိုမယ်။ ဒါတွေကို Kurt Campbell ကို ပြောပြမယ်'

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက် စတဲ့ပါတီတွေဟာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် စစ်အစိုးရရဲ့ဖျက်သိမ်းခြင်းကို ခံထားရတဲ့ ပါတီတွေ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့မူဝါဒတွေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့သဘောထားကို သိရှိရအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေကို အာအက်ဖ်အေ အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။

အမေရိကန်အစိုးရရဲ့Smart Power လို့ခေါ်တဲ့ လိမ္မာပါးနပ်တဲ့နည်းနဲ့ စစ်အစိုးရကို ချဉ်းကပ်လာမယ့် မူဝါဒအသစ်နဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် အငြိမ်းစားပေါမောက္ခ ဦးမော်သန်းနဲ့ ပြည်တွင်းက လူမှုကူညီရေး NGO ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာခင်ဇော်ဝင်း တို့ကို မအင်ကြင်းနိုင်က မေးမြန်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...