Saturday, November 7, 2009

သမ္မတ အိုဘားမား မြန်မာခေါင်းဆောင်နဲ့ တွေ့ဖို့ အစီအစဉ်ရှိ

သမ္မတ အိုဘားမား မြန်မာခေါင်းဆောင်နဲ့ တွေ့ဖို့ အစီအစဉ်ရှိ

2009-11-07 ( RFA )

အမေရိကန်သမ္မတ Barack Obama ဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် APEC ခေါ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်ပတ်လည်ထိပ်သီး အစည်းအဝေးကို တက်ရောက်တဲ့အခါမှာ မြန်မာအပါအဝင် အာစီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

မစ္စတာအိုဘားမားကို ဇန်နဝါရီလ ၁၈နေ့ ညတွင် ကျင်းပသော ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုတွင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

APEC ထိပ်သီးဆွေးနွေးပွဲအတွင်း အာစီယံ ၁ဝ နိုင်ငံက ခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံမှာ ဖြစ်တယ်လို့ အာစီယံရေးရာ အမေရိကန် သံအမတ်ကြီး Scot Marciel က နိုဝင်ဘာလ ၇ ရက်နေ့က ပြောလိုက်တာပါ။ Mr. Scot Marciel ဟာ သမ္မတ Obama နဲ့ အာစီယံ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမယ့်ကိစ္စကို ကြိုတင်စီစဉ်ဖို့အတွက် အာစီယံ ၁ဝ နိုင်ငံက သံတမန်တွေနဲ့ ဖိလစ်ပိုင်မှာ ဆွေးနွေး ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

ဒီ APEC အစည်းအဝေးကို မြန်မာစစ်အစိုးရကိုယ်စား ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မယ်လို့ ဖိလစ်ပိုင်နိုင်ငံက မြန်မာသံအမတ် ဦးမင်းလွင်က အေပီသတင်းဌာနကို ပြောပါ တယ်။ ဒါပေမယ့် သမ္မတ Obama ဟာ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ သီးခြား တွေ့ဆုံဖို့ ရှိမရှိဆိုတာကို တော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ အပြောင်းအလဲ ကို အပြုသဘောဆောင်တဲ့အတွက် ကြိုဆိုကြောင်း ဦးမင်းလွင်က ပြောပါတယ်။

၁၉၆၆ ခုနှစ်က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့စဉ်တုန်းက အမေရိကန်သမ္မတ Johnson နဲ့ တွေ့ဆုံခဲ့ပြီးနောက် အခုတကြိမ်ဟာ နှစ်ပေါင်းများစွာအတွင်း နောက်ထပ်တကြိမ် အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံ အစိုးရအဆင့်မြင့် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က ပြောဆိုရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ အပြောင်းအလဲကို အာစီယံအဖွဲ့အနေနဲ့ ကြိုဆိုကြောင်းနဲ့ ကျန်တဲ့ မိမိတို့ အာစီယံနိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး လုပ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့အတွက် မြန်မာစစ်အစိုးရကို တောက်လျှောက် တိုက်တွန်း နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။