Friday, November 6, 2009

ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံ ဖော်ပြခြင်းအပေါ် ညွှန်ကြားချက်ထုတ်ပြီး ကန့်သတ်

ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံ ဖော်ပြခြင်းအပေါ် ညွှန်ကြားချက်ထုတ်ပြီး ကန့်သတ်

2009-11-06 ( RFA )

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr Kurt Campbell ရဲ့မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြည်တွင်းထုတ် စာစောင်တွေမှာ အပေါ်ယံ လောက်ပဲ ရေးသားခွင့်ပြုတဲ့အပြင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓာတ်ပုံကို ဖော်ပြမယ်ဆိုရင် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ဓာတ်ပုံကိုပါ တပြိုင်နက် ထည့်သွင်းဖော်ပြရမယ် လို့ စာပေစိစစ်ရေးဌာနက အမိန့်ထုတ်ထားကြောင်း သိရပါတယ်။

အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ်(ဝဲ) နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်)၊ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်လ် (ယာ) တို့ နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းယားကန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးပြီး ရိုက်ကူးထာသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

Mr Campbell နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့က အင်းယားကန်ဟိုတယ်မှာ တွေ့ဆုံခဲ့ကြပြီးနောက် သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခွင့် ပေးခဲ့တဲ့အတွက် ဒီတပတ်ထုတ် ဂျာနယ်အတော်များများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ဖော်ပြဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ဓာတ်ပုံမပါရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံ မဖော်ပြရဆိုတဲ့အမိန့်ကြောင့် ဂျာနယ်တွေ အကျပ်ရိုက် သွားခဲ့ကြတာဖြစ်တယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ Mr Campbell ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ်အတွင်း သတင်းထောက်တွေကို ဓာတ်ပုံရိုက်ဖို့ မဖိတ်ကြားခဲ့တဲ့ အတွက် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့သတင်းမီဒီယာတွေလောက်ပဲ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဓာတ်ပုံကို ရိုက်ယူနိုင်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံဖော်ပြချင်တဲ့ ဂျာနယ်တွေဟာ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဓာတ်ပုံကို အစိုးရ သတင်းစာတွေကနေ တဆင့်ကူးယူဖော်ပြဖို့ အားထုတ်ကြပေမဲ့ ဓာတ်ပုံအရည်အသွေး ညံ့တာက တကြောင်း၊ ဂျာနယ် အလျင်မီထုတ်ဝေဖို့ တက်သုတ်ရိုက် ဆောင်ရွက်ရတဲ့အတွက် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဓာတ်ပုံကို ပြန်ကြားရေးဝန်ကြီးဌာနမှာ အချိန်ကုန်ခံပြီး သွားရောက် မတောင်း ယူနိုင်တာတွေကြောင့် နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံမပါပဲ ထုတ်ဝေဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ ဂျာနယ်သမားတဦးက ပြောပါတယ်။

Mr Campbell ရဲ့ ခရီးစဉ်သတင်းကို ရေးသားရာမှာလည်း အမေရိကန်က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တဲ့အကြောင်း၊ ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတဲ့ အကြောင်း တွေလောက်ပဲ ရေးသားခွင့်ပြုပြီး၊ ဝေဖန်သုံးသပ်ချက်နဲ့ သတင်းအကြောင်းအရာ အသေးစိတ်ကို ထုံးစံအတိုင်း ရေးသားခွင့် မပြုပါဘူး၊ Mr Campbell ရဲ့ခရီးစဉ် သတင်းကို အခုတပတ် ထုတ် Myanmar Times နဲ့ Bi Weekly Eleven ဂျာနယ်တွေမှာ ဦးဦးဖျားဖျား ဖော်ပြထားတာ တွေ့ရတယ်လို့ ရန်ကုန် စာနယ်ဇင်းသမားတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မပြုတာအပါအဝင် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လက်ရှိအခြေအနေ၊ အလားအလာတွေနဲ့ ပတ်သက်လို့ BMA မြန်မာသတင်း သမဂ္ဂရဲ့ဒုတိယ ဥက္ကဌ ဦးဇင်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါခင်ဗျား ...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။