Friday, June 18, 2010

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

ခက်ထန် | စစ်အစိုးရနှင့် အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများ၊ ဘာသာရေး အဖွဲ့အစည်းများ အကြား ရင်ကြား စေ့ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်နေမှုကို အာဆီယံနှင့် နိုင်ငံတကာက အသိုင်းအဝိုင်းက ပံ့ပိုးကူညီကြပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့ (The Elders) က တိုက်တွန်းကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘတ်တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ဒေါ်အောင်ဆန်း စုကြည်အတွက် ပြင်ဆင်ထားသော လစ်လပ်နေသော ခုံနေရာနှင့် The Elders အဖွဲ့ဝင်များ (ဓာတ်ပုံ - theelders.org)

“တဦးနဲ့ တဦးအကြား ဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေး မလုပ်ဘဲ ငြိမ်းချမ်းရေးနဲ့ ရသင့် ရထိုက်တဲ့ သာယာ ဝပြောမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”ဟု The Elders အဖွဲ့ ဥက္ကဋ္ဌ ဒက်စ်မွန် တူးတူးက ပြောကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန် ကြေညာ ချက်တွင် ဖော်ပြ ထားသည်။

ယမန်နေ့က တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်၌ ပြုလုပ်သော အစည်း အဝေးတွင် The Elders အဖွဲ့သားများ ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန် တူတူး စသူတို့ တက်ရောက် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် ထိုင်ခုံနေရာ ကိုလည်း ပြင်ဆင်ထားပြီး ထိုနေရာမှာ လစ်လပ်နေသည်။


The Elders အဖွဲ့ကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလားက ၂၀၀၇ တွင် စတင် တည်ထောင်ခဲ့ပြီး သြဇာ တိက္ကမ ရှိသော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပါဝင်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တားနား ကလည်း ကြေညာချက်တစောင်ထုတ်ပြန်၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ကုလသမဂ္ဂမှ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အနေဖြင့် မြန်မာ အစိုးရကို တိုက်တွန်းလိုကြောင်း၊ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရန် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးစေလိုကြောင်း ကင်တားနား၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကင်တားနား၏ တိုက်တွန်းချက်ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ခြွင်းချက် မရှိ လွှတ်ပေးရန် ထပ်မံ တိုက်တွန်းထားသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူမှုကွန်ရက် Face Book စာမျက်နှာ (http://www.facebook.com/fcoburma) တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအတွက် စကားလက်ဆောင် လာရောက် ရေးသားကြပါရန်လည်း ဖိတ်ခေါ်ထား သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွေးနေ့ပွဲ ဆိုင်ရာ အခမ်း အနားကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ၁၀ စုတို့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။


source by :ဧရာဝတီ

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲ မပျက်ရေးနှင့် ကြံ့ဖွံ့ပါတီအား ၀န်းရံရေး နအဖ ချမှတ်

ပေါက်ပေါက် | ပြီးခဲ့သည့်မေလအတွင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် တိုင်းမှူး၊ တပ်မမှူးများ၏ ၂ဝ၁ဝ ပထမ လေးလပတ်အစည်းဝေးတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကျောထောက်နောက်ခံ ပြုသွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။


ပြည်သာယာ စစ်ဆင်ရေး ညွှန်ကြားချက်ဟု အမည်ပေး ထားသည့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တိုင်းမှူး၊ တပ်မမှူးများသို့ ညွှန်ကြားချက်တွင် နိုင်ငံရေး တိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပသွားနိုင်ရေး၊ ကြံ့ဖွံ့ပါတီအား ကျောထောက် နောက်ခံပြု ဝန်းရံပေးရေး အတွက် ဖော်ပြထားသည်ဟု စစ်ဘက်သတင်း ရပ်ကွက်အရ သိရသည်။ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စများကိုလည်း ရပ်ဆိုင်းထားကာ နောင်တက်လာမည့် အစိုးရသစ် လက်ထက်၌ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုကာလအတွင်း စစ်တိုင်းဒေသအတွင်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် စီမံချက်များ ရေးဆွဲပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း စစ်ဘက်နှင့် နီးစပ်သူတဦးက ပြောသည်။

နအဖအနေဖြင့် ယခင် ဗိုလ်ချုပ်ကြီးနေဝင်း လမ်းစဉ်အတိုင်း ကျင့်သုံးနေပုံရပြီး ယခုကာလအတွင်း စစ်ရေးထက် နိုင်ငံရေးတိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ကျင်းပသွားရန်ရှိသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဗိုလ်နေဝင်းတုန်းကလည်း သန့်ရှင်းနဲ့ တည်မြဲကွဲတော့ တည်မြဲကို ကျောက်ထောက်နောက်ခံ ပြုခဲ့သေးတယ်၊ မဟန်တော့မှ ဖြုတ်ထုတ်တာတွေ လုပ်ခဲ့တာ။ ၁၉၇၄ တုန်းကလည်း စစ်ဗိုလ်ယူနီဖောင်းချွတ်ပြီး အာဏာယူခဲ့ကြတယ်။ အခုလည်း ဗိုလ်နေဝင်း လုပ်တဲ့အတိုင်း ဆက်လုပ်နေတာပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အာဏာရဖို့၊ အောင်မြင်စွာ ကျင်းပဖို့ လုပ်သွားမယ်။ ဒီကြားထဲ ငြိမ်းအဖွဲ့တွေကို ဖိအားပေးတာတွေ ဘာတွေ မလုပ်တော့ဘူး။ ကိုးကန့်ကို တိုက်ခဲ့တာ အခုချိန်အထိ တပ်မ (၃၃) ကို ပြန်မထုတ်နိုင်သေးဘူး။ တိုက်ပွဲဖြစ်ရင် ရွေးကောက်ပွဲနဲ့ အရမ်းကပ်နေပြီ။ ပြီးတော့ နိုင်ငံတကာနဲ့ တရုတ်ကြီးကလည်း နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်တာခိုက်တာကို မလိုလားဘူး” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နအဖစစစ်ခေါင်းဆောင်များနှင့် စစ်တိုင်းမှူးများက ထူထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ နာမည်ပြောင်းထားခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ တာဝန်အား လက်ရှိ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်က တာဝန်ယူထားသည်။


source by
:NEJ

အပြည့်အစုံ ဖတ်ရန် ...

Tuesday, June 15, 2010

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂)ဦးအား ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂) ဦးအား ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့သည်။ အချိန်နှင့်ငွေဖြုန်းတီးသည့် အလုပ်ကို တားဆီး ထားသော်လည်း မလိုက်နာခြင်းကြောင့် ဟု ထုတ်ပြန်။

ဆိုမာလီ ဘောလုံးပရိသတ်(၂) ဦးအား ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခုမှ သတ်ဖြတ်ကွပ်မျက်ခဲ့သည်ဟု ဗြိတိန်သတင်းစာ Telegraph ၏ တောင်အာဖရိက အခြေစိုက် သတင်းထောက်တစ်ဦးက ရေးသားဖော်ပြခဲ့သည်။



ယင်းပရိသတ်(၂)ဦးသည် မိုဂါ ဒစ်ရှူးမြို့အနီးရှိ ၄င်းတို့၏နေအိမ်တွင် နိုက်ဂျီးရီးယားနှင့် အာဂျင်တီးနားပွဲ ကြည့်ရှု နေချိန်တွင် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခု (အယ်လ်ရှာဟတ်) ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ၄င်းတို့နှင့်အတူ အခြား (၁၀)ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ၄င်းတို့(၂)ဦးမှာမူ ခုခံကာကွယ်မှုများ ပြုလုပ်သဖြင့် ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပရိသတ်(၂)ဦး၏ ကိုယ်ရေး အချက်အလက်များနှင့် ပတ်သက်၍ လုံးဝရရှိခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

ဆိုမာလီနိုင်ငံ၏ မြို့များစွာကို အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိချေ။ အယ်လ်ရှာဟတ် အဖွဲ့အစည်းကသာ စိုးမိုးထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုသူများကို မိမိတို့ အပြစ်ပေး အရေးယူမည်ဟုလည်း ကြိုတင် ကြေညာထားသည်။

နိုင်ငံသားအားလုံးကို မြင့်မြတ်သည့် ဘာသာရေးအလုပ်ကိုသာ ပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။ ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှိတ်မိုဟာမက်အဒီအာရို့စ် က 'ကျွန်တော်တို့က ဆိုမာလီမှာရှိတဲ့ လူငယ်အားလုံးကို ကမ္ဘာ့ဖလားပွဲတွေ မကြည့်ဖို့ သတိပေးထားပြီးသားပါ။ ဒါဟာ တကယ်တော့ ငွေနဲ့အချိန်ကို ဖြုန်းတီးတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တားမြစ်မှုကို မလိုက်နာလို့ ဒဏ်ခတ်ခဲ့တာပါ'ဟု ထုတ်ပြန်ခဲ့သည်။ ယင်းနေ့မတိုင်မီ တစ်ရက်ဖြစ်သည့် သောကြာနေ့က ဂျာမနီနှင့်သြစတြေးလျတို့ ကစားသည့်ပွဲတွင်လည်း ဆိုမာလီ ပရိသတ်(၃၀)ခန့်မှာ ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။ ဆိုမာလီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုရန် အသက်အန္တရာယ် လုံခြုံသည့်နေရာမှာ တစ်နေရာသာရှိပြီး အင်အားချိနဲ့သည့် အစိုးရမှ ထိန်းချုပ်ထားသည့် ဒါမူကီရုပ်ရှင်ရုံ ဖြစ်ကြောင်း သိရှိရသည်။


source by :New-Eleven

အပြည့်အစုံ ဖတ်ရန် ...