ရေးဖွဲ့မှတ်တမ်းတင်သူက သက်ဦးနိုင် ဖြစ်ပြီး တေးဂီတ shambala အဖွဲ့ က တီးခတ်ထားပါတယ်။
အသံချိုချို ပိုင်ရှင်ဖြစ်သူ မသူသူနဲ့ စိန်သွား က သီဆိုထားပါတယ်။
ဖန်တီး တည်းဖြတ်သူ မသဒ္ဓါ ပါ ခင်ဗျာ။
နှစ်ပေါင်း ၂၀ ကျော်တွင်း ပထမဆုံးအကြိမ်ကျင်းပမယ့် လွှတ်တော်ဖွင့်ပွဲကို အစိုးရက သတင်းသမားတွေကို မဖိတ်ပေမဲ့ သတင်းရယူနိုင်ဖို့အတွက် ၃၁ ရက်နေ့မတိုင်ခင် နေပြည်တော်သွားဖို့ သတင်းထောက်တွေ စီစဉ်နေကြပါတယ်။ အထူးသဖြင့် နိုင်ငံခြားသတင်းဌာနတွေအတွက် အခြေစိုက် လုပ်ကိုင်ပေးနေတဲ့ ပြည်တွင်းက သတင်းထောက်တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် နေပြည်တော်မှာ သတင်းသွားယူဖို့ ဒီကနေ့ နိုင်ငံခြား သတင်းထောက်များအသင်းမှာ အထူးအစည်းဝေးတခု လုပ်ပြီး ဆုံးဖြတ်ခဲ့ကြတယ်လို့ နိုင်ငံခြား သတင်းဌာနတခုရဲ့ သတင်းထောက်တဦးလည်းဖြစ် စာပေစာနယ်ဇင်း အဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုကို (စက်မှု) က ပြောပါတယ်။
“နိုင်ငံခြားသတင်းထောက်အသင်းကလည်း ဖွင့်ပွဲကို တရားဝင် ဖိတ်ကြားထားခြင်း မခံရသေးပါဘူး။ သို့သော် နိုင်ငံခြားသတင်းထောက် ၁၈ ဦးက မိမိတို့အစီအစဉ်နဲ့ပဲ မိမိတို့ နေပြည်တော်သွားပြီးတော့ သတင်းတွေ ရယူဖို့ရှိပါတယ်။ အဲဒီတော့ သွားယူမယ်ဆိုတာက လုံခြုံရေး စည်းခြားထားတဲ့နေရာတွေ၊ ပေးယူခွင့်မရတဲ့ နေရာတွေမှာ ယူခွင့်မရသော်ငြားလည်း လုံခြုံရေးစည်း အပြင်ဘက်ပေါ့လေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုတဲ့နေရာတွေမှာ သူတို့ဝင်ခါနီး၊ ဒါမှမဟုတ်ရင်လည်း သူတို့ ပြန်ထွက်လာတဲ့အချိန်မှာ သူတို့နဲ့ မေးမြန်းတာတွေ၊ သူတို့ရဲ့ comment တွေ၊ နောက်တခါ လွှတ်တော်ကျင်းပတော့မယ့် အခြေအနေမှာရှိတဲ့ အထွေထွေပေါ့လေ။ general မြင်ကွင်းတွေပေါ့လေ။ ဒါတွေကို ကျနော်တို့က witness အနေနဲ့မြင်အောင် နေပြီးတော့ သတင်းရေးသွားဖို့ အတွက်ကတော့ သီးခြားအစီအစဉ်တွေနဲ့သွားဖို့ ကျနော်တို့ ဆုံးဖြတ်ထားတာ ရှိပါတယ်။”
အလားတူ ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်တွေအတွက်လည်း မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ သတင်းသမားတွေ အကျိုးဆောင်ရွက်မယ့် CPC အဖွဲ့က ပြန်ကြားရေးဌာနကို မေးမြန်းပေမဲ့ ဒီနေ့ထိ ဘာမှ အကြောင်းမပြန်ဘူးလို့ ပြောပါတယ်။
“ပြည်တွင်းသတင်းထောက်တွေ သတင်းယူဖို့တော့ ကျနော်တို့ CPC အနေနဲ့တော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းတုန်းပဲ ရှိပါသေးတယ်။ ခုထက်ထိ မေးတုန်းပဲရှိပါတယ်။ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ အဲဒီတော့ ကျနော် ထင်တာကတော့ မနက်ဖြန် မနက်ပိုင်းလောက်ဆိုရင်တော့ ကျနော်တို့ တကယ်ကို yes-no သိရပါလိမ့်မယ်။ လောလောဆယ် အနေအထားအရပြောရင်တော့ ခုထိ အကြောင်းပြန်ကြားခြင်း မရှိသေးတဲ့ အတွက်ကြောင့် ကျနော်တို့ စိတ်ထဲမှာထင်တာကတော့ သတင်းဖွင့်ပွဲအတွက်ပေါ့နော်၊ အဓိကဖွင့်ပွဲအတွက် သတင်းရယူခွင့်ကတော့ ကျနော်တို့ အင်မတန်မှ နည်းသွားပြီလို့ တွက်ဆလို့ရပါတယ် ခင်ဗျ။”
တကယ်တော့ မြန်မာစစ်အစိုးရအနေနဲ့ အရပ်သားအစိုးတရပ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ရာမှာ ရွေးကောက်ပွဲအပြီး အခုပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ ဖွင့်ပွဲသတင်းတွေကို ဘာကြောင့် သတင်းယူခွင့် မပေးတာပါလဲ ဆိုတဲ့မေးခွန်းကိုတော့ -
“တခုခုရဲ့ အကြောင်းရင်းမှာ ကျနော်တို့ သူရဲ့ reason တခုတော့ နောက်ကွယ်မှာ ရှိလိမ့်မယ်လို့ ထင်တယ်။ အဲဒီ reason ကိုတော့ ကျနော်တို့က ခန့်မှန်းဖို့ခက်တယ်။ အဲဒီတော့ ကျနော်ကတော့ လုံခြုံရေးကြောင်းလား၊ တခြား အကြောင်းပြချက်တွေပဲ ရှိလားတော့ မသိဘူး။ သို့သော် ဖိတ်ဖို့ကောင်းတဲ့ဟာတခုကို မဖိတ်ဘဲထားခြင်းကတော့ အကြောင်းပြချက်ကတော့ ခိုင်လုံသော အကြောင်းပြချက်တခု ရှိလိမ့်မယ်လို့တော့ ကျနော် ထင်ပါတယ်။ ကျနော်တို့ သတင်းသမားကတော့ ရတဲ့အခွင့်အရေးတခုမှာတော့ ရတဲ့ဘောင်ထဲကနေ လုပ်ကြမှာပဲခင်ဗျ။ ဥပမာ - ဗီယက်နန် ကွန်မြူနစ်ညီလာခံ၊ တရုတ် ကွန်မြူနစ် ညီလာခံတွေမှာ သတင်းယူနေကြတာတွေတောင် ကျနော်တို့ မြင်တယ်။ သို့သော် ဒီမှာ ပေးမယူဘူး။ ဒါ ပထမဆုံး အတွေ့အကြုံအရလည်း ဖြစ်နိုင်တယ်။ နောက်တခုက ကျနော်တို့က ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ကတော့ မပေါ်ထွန်းသေးဘူးဗျ။ အခု ကျနော်တို့ ပထမနေ့မှာ။ ဒုတိယနေ့ကတော့ တပ်မတော် အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ဆက်လက်ရှိနေတယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီအတွက်ကြောင့်လဲ တပ်မတော်အစိုးရဆိုတော့ ကျနော်တို့ ခုနကပြောသလို ဒီမိုကရေစီရဲ့ စံနှုန်းစံထားတွေအတိုင်း အပြည့်အ၀ နှိုင်းယှဉ်ချိန်ထိုးပြီးတော့ ကျနော်တို့ စဉ်းစားလို့ရဦးမယ်လို့ မထင်ဘူးခင်ဗျ။”
စာပေစာနယ်ဇင်း အတွင်းရေးမှူး ကိုကို (စက်မှု) ပြောပြခဲ့တာပါ။ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း သတင်းမီဒီယာတွေကို သတင်းယူရန် ခွင့်ပြုဖို့ လွယ်ကူပေမဲ့ သူတို့ကိုထိန်းချုပ်ဖို့ ခက်ခဲတယ်လို့ ပြောတဲ့အကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြန်ပြောထားတာကို ပြည်ပအခြေစိုက် ဧရာဝတီသတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။
စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်ကြား အမျိုးသားတိုင်း၊ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အိမ်ထောင်မရှိသူ အမျိုးသမီး တိုင်းအပေါ် ပြည်သူ့ စစ်မှုထမ်းဥပဒေ စတင်ပြဌာန်းနေပြီလို့ သတင်းထွက်လာတဲ့ နောက်ပိုင်း သျှမ်းပြည်သား လူငယ် မောင်မယ်တွေကို သျှမ်းသံတော်ဆင့်က စစ်တမ်း ကောက်ယူရာမှာ ၁၀ ယောက်အနက် ၈ ယောက်ဟာ စစ်မှု မထမ်းလိုကြပါဘူး။ ဒီဥပဒေ ထွက်လာတဲ့ တပြိုင်ထည်းမှာဘဲ သျှမ်းပြည်မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်တိုင်းအသစ် တိုးချဲ့ဖို့အတွက် သျှမ်းပြည်အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းက ကျေးရွာအုပ်စု ၄ ခုကို မြို့နယ်ခွဲသစ် တိုးမြင့်လိုက်ပါတယ်။ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းလိုသူ၊လယ်ယာအသိမ်းခံရသူ ဒေသခံတွေဟာလည်း ထိုင်းနယ်စပ်ကို နေ့စဉ်နဲ့အမျှ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
Q: ဒီဇင်ဘာလလယ်ကစပြီး စစ်အစိုးရက ပြည်သူ့ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်နေပြီလို့ ထွက်ပေါ်နေတဲ့ သတင်းအပေါ် ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
A: အသက် ၁၈ နှစ်အထက်ပြည့်သူတိုင်း စစ်မှုမထမ်း မနေရ ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လွယ်မယ် မထင်ဘူး။ ဒီမှာပြသနာက သုံးချက်တွေ့ရတယ်။
(၁) နအဖဟာ ပြည်သူလူထုကရွေးချယ် တင်မြှောက်တဲ့ တရားဝင်အစိုးရ မဟုတ်ဘူး။ ဆိုတော့ သူ့ အနေနဲ့ ဒီဥပဒေ ချမှတ်ပိုင်ခွင့် မရှိဘူး။
(၂) ဒီ ပြည်သူ့ စစ်မှုထမ်းဥပဒေကို လွှတ်တော်ထဲမှာ ပြောဆိုဆွေးနွေးပြီး လွှတ်တော် အမတ်အများစုရဲ့ သဘောတူညီချက် ရမှသာ တရားဝင်ထုတ်ပြန်/ ကျင့်သုံးလို့ ရမှာဖြစ်တယ်။ ဒီမှာမေးခွန်းတခု ထုတ်ရမှာက ဒီအချက်နဲ့ ပါတ်သက်ပြီး နအဖဟာ ကြံ့ခိုင်ရေးပါတီကို လွှတ်တော်ထဲမှာထည့်သွင်း ဆွေးနွေးခွင့်တောင် ပေးမလားဆိုတဲ့ အချက်ဘဲ။ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ရင်တောင်မှ ဒီဥပဒေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ပြည်သူတွေရှေ့ ချပြမှသာလျှင် အများကစိတ်ဝင်စား နားလည် သဘောပေါက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေ မျိုးဟာ လွယ်လွယ်နဲ့ဖြစ်လာမယ့် ဥပဒေမျိုး မဟုတ်ပါဘူး။
(၃) နှစ်ပေါင်း ၆၀ ကျော် ဖြစ်လာတဲ့ တိုင်းရင်းသားနဲ့ စစ်တပ်ကြား ပြသနာကို ဒီဥပဒေ ကဖြေရှင်း နိုင်မယ်လို့ ထင်သလား။ ဗမာစစ်တပ်ဟာ တိုင်းပြည်အာဏာကို ပြည်သူလူထု လက်ထဲအပ်မပေးချင်လို့ / မရှိစေချင်လို့ တန်းတူညီမျှမှုနဲ့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့် ဆိုတာကို သဘောမတူ/ လက်မခံနိုင်တာ ဖြစ်တယ်။ ဒီတော့စစ်မှုထမ်းနေတဲ့ တိုင်းရင်းသားလူငယ်တွေကို ဗမာစစ်တပ်က ယုံကြည်မှု ရှိပါ့မလား။ ထိန်းချုပ်နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာတခု ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့ အနေနဲ့ အခု နအဖထုတ်ပြန်တဲ့ အသက် ၁၈ နှစ်ပြည့်သူ ကျား/မ တိုင်း ပြည်သူ့ စစ်မှုထမ်းဥပဒေနဲ့ ပါတ်သက်ပြီး- နအဖ ဟာ သူ့လက်ထဲမှာ အာဏာရှိနေတုန်းဘဲဆိုတာ ပြချင်တာဖြစ်ပြီး ဒီဥပဒေဟာကိုလည်း လွယ်လွယ်နဲ့ လက်တွေ့ အကောင် အထည်ဖော်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ် မိပါတယ်။
Q:သျှမ်းပြည်အလယ်ပိုင်းမှာ တိုးချဲ့မယ့် စစ်တိုင်းသစ်နဲ့ မကြာခင်က တိုးမြင့်လိုက်တဲ့ မြို့နယ်ခွဲသစ် တွေကြောင့် လယ်ယာမြေ အသိမ်းခံရတဲ့ ဒေသခံ လူထုအများအပြား ထိုင်းနယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင်နေမှုအပေါ် ဘယ်နည်းလမ်းနဲ့ ဖြေရှင်းသင့်တယ်လို့ ထင်ပါသလဲခင်ဗျ။
A:ဒီပြသနာဟာ အလွန်ကြီးမားတဲ့ပြသနာတရပ်လို့ ကျနော်တို့ မြင်တယ်။ ဒီပြသနာဖြေရှင်းဖို့က လွှတ်တော်ဝင်မယ့် ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိပါတယ်။ နအဖကို လွှတ်တော်ကနေ တရာဝင် စကားပြောဖို့ကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး။ ဒီတော့ ဒီပြသနာတွေ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ တိုင်းရင်းသားခေါင်းဆောင်တွေမှာ တာဝန်အများကြီး ရှိပါတယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးခွင့် မရတဲ့ ကျနော်တို့အတွက်ကျတော့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ သက်သေ အထောက်အထား အချက်အလက် တွေကိုစုဆောင်းပြီး ယူအဲန်ရုံး သို့မဟုတ် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို တင်ပြပြီး ကမ္ဘာက သိအောင် ကြိုးစား သွားမှာ ဖြစ်ပါတယ်။
ဖြစ်နေတဲ့ပြသနာ ထပ်မပွါးအောင်နဲ့ မဖြစ်သေးတဲ့ပြသနာ ပေါ်ထွက်မလာအောင် ကျနော်တို့ဘက်က တတပ်တအား ပါဝင်ကူညီပေးဖို့ အစီအစဉ်ရှိပါတယ်။
Q: ဒီလိုဥပဒေမျိုး အရင်ကကောရှိခဲ့ဖူးတယ် မဟုတ်လားဗျ။
A:ရှိတယ်။ဒီလို လျှို့ဝှက်အရေးကြီးဥပဒေကို ၁၉၆၀ သန့်ရှင်းဖဆပလ ပါတီခေတ်က ဦးနု ဦးဆောင်ပြီး ရေးဆွဲခဲ့ဖူးတယ်။ အဲ့တုန်းကတော့ လူထုက သဘောမတူတာရယ်၊ နေ၀င်းဦးဆောင်တဲ့ စစ်တပ်က လက်မခံတာရယ်ကြောင့် အဲဒီပြန်တမ်း ကနေ တရားဝင်ဥပဒေ ဖြစ်မလာခဲ့ပါဘူး။ အခု လဲဘဲ ပြည်သူလူထုက လက်မခံရင် စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေဟာ တရားဝင် ဖြစ်လာမှာ မဟုတ်ပါဘူး။
ဆိုတော့ အဓိကက ပြည်သူလူထုပေါ်မှာ မူတည်တယ်။ ပြည်သူလူထုသာလျှင် အင်အားအကြီးဆုံး ဖြစ်ပါတယ်။ အမှန်ကတော့ အစိုးရဆိုတာ လူထုကို ကိုယ်စားပြုတဲ့ ရှင်းရှင်း ပြောရင် လူထုကို အလုပ်အကျွေးပြုရမယ့် လူထုရဲ့ကျေးကျွန်သာ ဖြစ်တဲ့အတွက် ဘယ်ကိစ္စမဆို လူထုသဘောမတူရင် အောင်မြင်မှာ မဟုတ်ဘူး ဆိုတာ နားလည်စေချင်ပါတယ်။ ဒီတော့ လူထုတရပ်လုံး စည်းလုံးညီညွတ်မှု အင်အားရှိဖို့ဘဲ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
Q: တကယ်တော့ စစ်သားဆိုတာကလဲ လူထုကနေ ဖြစ်လာတာဘဲ။ လူထုအပေါ် စစ်တပ်ရဲ့အနိုင်ကျင့် ဖိနှိပ်မှုကိုလဲ သူတို့ သိနေတယ်။ အောက်ခြေတပ်သားတွေမှာ ဘာခံစားခွင့်မှ မရှိဘူးဆိုတာလဲ သိနေရက်နဲ့ ဘာကြောင့်ဖိနှိပ်မှုခံနေ ကြတာလဲ။ ဒီအချက်လဲ ဘယ်လိုမြင်မိပါသလဲ ခင်ဗျ။
A: အထက်ပိုင်း အရာရှိတွေက အာဏာသုံး လာဘ်စားတယ်။ အလယ်အလတ်တန်းစားတွေ ကျတော့ ၀တ်ကောင်းစားလှ ရှိဖို့အရေး (အကျင့် စာရိတ္တ ပျက်ပြားအောင်) ခိုးဆိုးလုယက်ခွင့် ပေးထားတယ်။
ငတ်တခါ ပြတ်တလှည့် ကြုံနေရတဲ့ အောက်ခြေတပ်သားတွေကျတော့ ၀မ်းရေးသာ အဓိက ဖြစ်တယ်လို့ ခံယူချက် ရှိလာအောင် ဖန်တီးထားတယ်။ အာဏာသုံး လာဘ် စားမှုတွေ နေရာတိုင်း အဆင့်တိုင်း တပ်သားတိုင်းမှာ ကျင့်သုံး လာအောင် အထက်ပိုင်းက ခွင့်ပေးတယ်။
ရှင်းရှင်းပြောရင် တနွယ်ငင် တစင်လုံးပါအောင် /တူညီစွာ အကျင့်စာရိတ္တပျက်ပြားမှုရှိအောင် အစီအစဉ် ကျကျ နဲ့ ဖန်တီးထားတော့ စစ်တပ်ဆိုတာ လူဆိုးချင်းလူဆိုး ပေါင်းထားတဲ့အရပ်၊ လူမိုက်တွေ စုဝေးရာ အရပ်ဖြစ်လာတယ်။ ဒီအချက်တွေနဲ့ ဖိထားလို့ စစ်တပ်ကနေ ဘယ်တပ်သားမှ ရုန်းမထွက်နိုင်အောင် ဖြစ်နေရတာပေါ့ဗျာ။ တိုင်းချစ်ပြည်ချစ်စိတ် မျိုးချစ်စိတ်ဓါတ်ရှိတဲ့စစ်တပ် မဟုတ် ပါဘူး။ အပုပ်အဟောင်တွေရဲ့ စုရပ်လို့သာ ဖြစ်တယ်လို့ မြင်ပါတယ်။
Q: စစ်တပ်ထဲမှာ တိုင်းရင်းသားဆိုရင် ဗိုလ်မှူးအဆင့်တောင်မှ ရခဲတယ်မဟုတ်လား ခင်ဗျ။
A:ဟုတ်တယ်။ ဗထူးစစ်တက္ကသိုလ်က ဆင်းလာတဲ့သူနဲ့ မေမြို့က ဆင်းလာတဲ့ သူတောင်မှ အဆင့် ရာထူးပေးတာ ကွာခြားတယ်။ ဗထူးကျောင်းဆင်း တွေဟာ ရာထူး အတက်နှေးတယ်။ တိုင်းရင်းသားတွေကို ယုံကြည်မှုမရှိတာကြောင့် ဖြစ်တယ်။ တရားဝင်မဟုတ်တောင်မှ ၀န်ထမ်းတွေကြားမှာ အလိုအလျောက် နားလည်ထားတဲ့ အချက်ဖြစ်တယ်။
ဒီတော့ စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော်လာရင် တိုင်းရင်းသားတွေ ရာထူးတက်ဖို့ အရာရှိဖြစ်လာဖို့ မျှော်လင့်ချက် နည်းတယ်။
သာမန်တပ်သားအဆင့်ကနေ မတက်နိုင်ဘူးဆိုရင် တိုင်းရင်းသားတွေက ကျေနပ် ပါ့မလား။ စစ်မှုထမ်းသူတွေထဲမှာ ဗမာစကားနားမလည်တာ၊ မပြောတတ်တာတွေလဲ ရှိမှာ မလွဲဘူး။ ဘယ်လို ဆက်ဆံပြော ဆိုကြမလဲ။ ဒီလို အသေးအဖွဲကအစ ပြသနာရှိလာမှာဘဲ။ ဒီတော့ နအဖစစ်တပ်ဟာ လူထုအပေါ် စေတနာကောင်း မထားသရွေ့/ သူ့ ပေါ်လစီမပြောင်း သရွေ့တော့ တိုင်းရေးပြည်ရာ မပြောနဲ့ သူ့စစ်တပ်ထဲမှာတောင် ကောင်းလာမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
မနေ့က ဒီကေဘီအေ တပ်မဟာ ၅ နဲ့ နအဖတို့ ချောင့်ခက်အနီးနေရာမှာဖြစ်တဲ့ တိုက်ပွဲတွေဟာ ညမိုးချုပ်ချိန်မှ ပစ်တာ ခတ်တာတွေ ရပ်နားခဲ့ပါတယ်။
နအဖဘက်က တပ်ရင်း ၅ ရင်းနဲ့ လာတိုက်တယ်။ နအဖ ဘက်က ၂၆ ယောက် သေးဆုံး၊ ၃၅ ယောက် ဒဏ်ရာ ရတယ်လို့ နောက်ဆုံး သိရပါတယ်။ ဒီကေဘီအေဘက်က ၁ ယောက် ဒဏ်ရာရတယ်။ နအဖ ဘက်က သေဆုံးတဲ့ထဲမှာ ဒုရင်းမှူး တယောက်နဲ့ တပ်စုမှူး တယောက် ပါတယ်။
ခု လူနာတွေကို မြဝတီမြို့က အရပ်သားကားတွေ လိုင်းကားတွေကို ချောဆွဲပြီး သယ်နေတယ်လို့ ဒီကေဘီကေ တပ်မဟာ ၅ မှ ဗိုလ်မှူး ကျော်သက် က ပြောပြပါတယ်။
မနေ့က တိုက်ပွဲမှာ နအဖ ဘက်က တပ်တချို့ ဒီကေဘီအေကို တိုက်ခိုက်ဖို့ ထိုင်းနယ်မြေကို အသုံးပြုခဲ့တယ်လို့ ဗိုလ်မှူး ကျော်သက် က ဆက်လက်ပြောပြပါတယ်။
တိုက်ပွဲမှာ ပါဝင်တဲ့ နအဖ တပ်တွေကတော့ စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၆၊ ၅၄၈၊ ၅၄၉ နဲ့ စကခ ၉ က ၃၅၆ နဲ့ ၃၅၇ စတဲ့ တပ်တွေပဲ ဖြစ်ပါတယ်။
source by :http://www.naytthit.netဒီကေဘီအေ ကလိုထူးဘောစစ်ဗျူဟာမှ နေရာယူတပ်စွဲထားတဲ့ ချောင့်ခက်အနီးက ဘောပူကျိုးနေရာကို ဒီမနက်မှာ နအဖတပ်တွေ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဒီမနက်မှာ လက်နက်ကြီး အလုံးရေ ၁၀၀ လောက်နဲ့ ပစ်ခတ်လိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဟာ မိုးချုပ်ခါနီးအထိ တိုက်နေတုန်းဖြစ်တယ်။ ပထမပိုင်း လက်နက်ကြီးတွေနဲ့ ဖိပစ်ပြီး မြေပြင်က သူတို့တပ်တွေ တက်လာကြတယ်။
နအဖ ဘက်က စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၆၊ ၅၄၈၊ ၅၄၉ နဲ့ စကခ ၉ က ၃၅၆ နဲ့ ၃၅၇ တပ်ရင်းတွေပေါင်းပြီး လာတိုက်ကြတာ ဖြစ်တယ်။ ခု ညနေပိုင်း ကျနော်တို့ ကြာသိရသလောက်တော့ နအဖ ဘက်က ၂၀ ဦးခန့် ဒါဏ်ရာရပြီး ၁၀ ဦးလောက် သေတယ်လို့ ကြားသိရတယ် လို့ ဒီကေဘီအေ တပ်မမဟာ ၅ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။
ဒီနေ့ မနက် ဝေါ်လေနားက မော်ခီးဘက်မှာလည်း ဒီကေဘီအေနဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီပွဲမှာ တော့ နအဖ ဘက်က ၂ ဦး သေဆုံးပါတယ်။ ဒီကေဘီအေ ဘက်က ၂ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗိုလ်ဆန်းအောင် က တဆက်တည်း ပြောပြပါတယ်။
နှစ်ဘက်တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဝေါ်လေနဲ့ ကျောက်ခက်အနီးဝန်းကျင်က ဒေသခံရွာသားတွေဟာ ဘေလွတ်ရာ ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေရပါတယ်။ နအဖ ဘက်က ထိုးစစ်မှာ အသုံးပြုဖို့ ခေါ်လာတဲ့ မြန်မာနိုင်ငံအနှံ့ ထောင်တွေက အကျဉ်းသား ပေါ်တာတွေဟာလည်း နအဖ စစ်ကြောင်းတွေဆီကနေ အဆက်မပြတ် ထွက်ပြေးပြီး နီးစပ်ရာ ထိုင်းနိုင်ငံရဲ့ တောတောင်တွေထဲမှာ ပြန့်နှံ့ရောက်ရှိနေကြပါတယ်။
အငြိမ့် အနုသဘင်
သုခုမ ရင်ခွင်၊ ရုပ်ရှင် ဂီတ
ဘ၀နဲ့ ရင်း၊ လမ်းသစ်ထွင်း၍
တေးချင်းညည်းတယ်။
ကြောက်မွှေးပါ၊ ဇာဂနာနဲ့ နှုတ်
အယုတ်အမြတ်၊ အလတ်မရွေ့း
ကြွေးကြော်သံပေးတယ်။
လူထုအပူ၊ လူထုဝေဒနာ
တရားရှာ၊ ကိုယ်မှာတွေ့ တယ်။
အဘိဓမ္မာ၊ ဋီကာမချဲ့ 
အားနွဲ့ သူရှေ့ရှိနေတယ်။
သံဃံသရဏံ ဂန်းစာမိတော့
မချိတင်ကဲ မျက်ရည်ဝဲတယ်။
အမှန်အကန် အဖန်ဖန်သစ္စာရှိကြဖို့ 
သံဃံသရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့ 
ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့ 
မလျော့မပို အသော့ဆိုလိုက်ချင်သတဲ့
ဇာဂနာရဲ့  မှာတော်ပုံ
မြေ၀သုန်ကို သစ္စာထားခဲ့တယ်။
ထောင်အပြင် တန်းလား၊
သွားစမ်းပါတဲ့
အားလည်းနာတယ်၊ ခင်လည်းခင်တယ်။
စစ်ခွေးတိုက်ညစ်၊ မြစ်ကြီးနားမဲဇာ
ဇာဂနာလေ
သေတောင်ဒူးမထောက်နိုင်ဘူး။
ကဲ စစ်ဗိုလ်တအုပ်
ဇာဂနာကို၊ ကဗျာလုပ်တယ်
ဘာပုဒ်မနဲ့  ဖမ်းမလဲ။
မောင်လွမ်းဏီ
၂၅ - ၁ - ၂၀၁၁
source by : http://soneseayar.blogspot.com
ကျနော်ကျောင်းသားအရွယ်ကတည်းက “ပင်စင်နာ” ဆိုတဲ့ ဝေါဟာရကို ကြားဖူးနားဝရှိခဲ့ပါတယ်။ ကျနော်တို့ ပညာသင် ကြားရာ စာသင်ကျောင်းမှာ ဆရာကြီး ဆရာမကြီးတွေ အသက်(၆၀) ပြည့်ပင်စင်ယူတာကို မကြာခဏ ကြုံတွေ့ခဲ့ရလို့ပါ။ သူတို့အချင်းချင်း ပြောဆိုနေကြတဲ့ စကားတွေထဲမှာ “ပင်စင်နာကျတယ်” ဆိုတဲ့ စကားလုံးက ပါပါနေတတ်လေတော့ ကျနော်တို့ နားထဲမှာ ယဉ်ပါးသလိုဖြစ်နေတာပေါ့။
သက်ပြည့်ပင်စင်ယူသွားတဲ့ ဆရာကြီး ဆရာမကြီးတွေကို နှစ်စဉ် နှစ်ဆန်း တရက်နေ့တိုင်း ကျောင်းသားဟောင်းတွေ စုပေါင်းပြီး ကန်တော့လေ့ရှိတဲ့ အစဉ်အလာလည်း ကျနော်တို့ဒေသမှာ ရှိပါတယ်။ အဲဒီလိုနေ့မျိုးဆိုရင် ဆရာကြီး ဆရာမ ကြီးတို့ မျက်နှာတွေဟာ ခါတိုင်းနဲ့မတူ ရွှန်းလက်ဝင်းပနေတာကို တွေ့မြင်ရပါတယ်။ ရေမိုချိုး အသန့်ရှင်းဆုံး အ၀တ်အစားတွေကိုဝတ်လို့ (တချို့ဆရာကြီးတွေဆို စာသင်တုန်းကအတိုင်း အင်္ကျီဖြူနဲ့ ကျောင်းစိမ်းလုံချည်ကို ၀တ်ထားလိုက်သေးတယ်) ဆရာမကြီးတွေဆိုလည်း မျက်နှာမှာ သနပ်ခါးအဖွေးသား ခေါင်းမှာပန်းတွေနဲ့ ဝေနေအောင်ပန်ပြီး ပုဝါပါးပါးလေး ခြုံလို့ ကန်တော့ခံကြတယ်။ တပည့်တွေ ကျန်းမာချမ်းသာစေကြောင်း ဆုတောင်း မေတ္တာပို့သပေးတယ်။ သူတို့အတွက် ခြောက်သွေ့အထီးကျန်လှတဲ့ နေ့ရက်များစွာထဲမှာ နွေးထွေးပျော်ရွှင်ဖွယ် အချိန်လေးတွေပါ။
လူတယောက်ရဲ့ဘ၀မှာ ကာလကြာရှည် ဖြတ်သန်းကျော်လွှားခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ဘယ်တော့မှ မေ့ပျောက် မသွားနိုင်တဲ့အမှတ်တရတွေ ဖြစ်နေတတ်ပါတယ်။ အတိတ်မှာကြုံဆုံခဲ့တဲ့ အကောင်းအဆိုး ဖြစ်ရပ်ကလေးတွေကို ပြန်ပြောင်းတသပြောဆိုတတ်တာ လူ့သဘာဝပါ။ အထူးသဖြင့် ၀န်ထမ်းလောကလို အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရတဲ့ အလုပ်မျိုးတွေမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း နောက်ကြပြောင်ကြ အခန့်မသင့်တဲ့အခါ စိက်ကောက်လိုက်ကြနဲ့ အသက်အရွယ်တွေ ကြီးမှန်းမသိ ကြီးလာကြတာပါ။ နောက်ဆုံးသတ်မှတ်တဲ့ အသက်အရွယ်ကိုရောက်လို့ အလုပ်ခွင်က အနားယူ လိုက်ကြတဲ့အခါ ပုံမှန်လည်ပတ်နေကျ နေ့စဉ်ဘ၀ရဲ့ ဟာမိုနီတွေ ပျောက်ဆုံးနေတတ်ပြီး လုပ်ငန်းခွင်ကိုပြန်လည် တမ်းတ နေမိတတ်ကြပါတယ်။ ဘာသာရေးမှာ စိတ်ဝင်စားမှု အားနည်းသူ၊ ပြင်ပလောကနဲ့ အဆက်အဆံနည်းပါးခဲ့ သူတွေဟာ အထီးကျန်မှုဝေဒနာကို ပိုပြီးခံစားကြရပါတယ်။
စားဝတ်နေရေးအတွက် မပူပင် မကြောင့်ကျရသူတွေတောင် ဒီလိုဖြစ်ကြသေးတာ ၀န်ထမ်းဘ၀မှာ ရရစားစား ရပ်တည်ခဲ့ ရသူတွေအဖို့တော့ မစဉ်းစားဝံ့စရာပါပဲ။ ပင်စင်နာစိတ်ရောဂါအပြင် ပင်စင်ဗလာဘ၀နဲ့ မွဲပြာကျစားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေသူ သက်ကြီးရွယ်အိုတွေ၊ အနားယူချိန်တန်ပါလျက် ကိုယ့်အသက်အရွယ်ကို မငဲ့ကွက်နိုင်ပဲ မိသားစုဝမ်းရေး အတွက်ရရာအလုပ်နဲ့ ဆက်လက်ရုန်းကန်နေရှာသူ ၀န်ထမ်းဟောင်းကြီးတွေ ကျနော်တို့နိုင်ငံမှာအများကြီးရှိနေပါတယ်။
ကျနော် ဟိုင်းကြီးကျွန်းကိုရောက်တော့ အသက် (၆၀) နီးပါး စစ်သားအိုကြီးတွေနဲ့ စတင်ဆုံတွေ့ရပါတယ်။ ကုန်းတွင်းပိုင်းဒေသမှာ နေထိုင်ကြီးပြင်းလာခဲ့တဲ့ ကျနော့်အဖို့ ပင်လယ်ကမ်းစပ်ဒေသ ဟိုင်းကြီးကျွန်းရဲ့ ရာသီဥတုနဲ့ ရုတ်တရက် ကျင့်သားမရနိုင်သေးပါ။ ဒီကြားထဲ တပ်သစ်တည်ဆောက်ခါစ အချိန်မို့ စစ်သည်တွေဟာ မူလတာဝန်ထက် တပ်တည်ဆောက်ရေး လုပ်အားပေးတာဝန်ကို ပိုပြီး လုပ်ကိုင်ကြရပါတယ်။ မနက် (၆) နာရီခွဲအိပ်ယာထ (၇) နာရီ တန်းစီလူစစ်၊ အလုပ်တာ ၀န်ခွဲ။ ပြီးရင် ပေါက်တူး ဂေါ်ပြား မြေသယ်ခြင်းစတဲ့ လုပ်အားပေးလက်နက် ကိုယ်စီကိုင်ကာ တာဝန်ကျနေရာကို သွားရပါတယ်။
ကျနော်တို့ အလုပ်လုပ်တဲ့ နေရာတွေမှာ လိုက်လံဦးစီးကွပ်ကဲ နေရသူတွေထဲ ဆရာကြီး ငွေသိန်း (ကပ-၆၀၄၁) လည်း ပါဝင်ပါတယ်။ အဲဒီအချိန်က သူ့အသက်(၅၉) နှစ်ရှိနေပါပြီ။ သွေးတိုးရောဂါ၊ နှလုံးရောဂါအပြင် နာတာရှည် ပန်းနာရင်ကျပ် ရောဂါပါ ခံစားနေရတာကြောင့် သူ့ကြည့်ရတာ အသက်အရွက်ထက် များစွာအိုမင်းရင့်ရော်နေတဲ့ ပုံပါပဲ။ ကျနော်တို့ လူငယ်တွေ မပျင်းရအောင် သူသိသမျှ ပုံတိုပတ်စလေးတွေ သူတို့ငယ်စဉ်က ရေတပ်ထဲမှာ ကြုံတွေ့ခဲ့ရတာလေးတွေကို စီကာပတ်ကုံး ဟာသနှောပြီး ပြောပြ တတ်ပါတယ်။ စကားတွေအများကြီး ပြောပြီးတဲ့နောက်မှာတော့ သူရင်ဘတ်ကြီး နိမ့် တုံမြင့်တုံနဲ့ သူအသံတွေ ကတုံကရင် ဖြစ်လာပြီး ချောင်းတဟွတ်ဟွတ် ဆိုးနေပြန်ရော။
သူ့ကျန်းမာရေး အခြေအနေအရ မင်္ဂလာဒုံစစ်ဆေးရုံမှာ သုံးလတစ်ကြိမ်သွားပြီး ဆေးစစ်ခံရတယ်။ ဆေးရုံးကဆင်းလာတိုင်း ဆေးတွေကတပုံကြီးနဲ့ ဆေးအဆင့် (ဂ) သတ်မှတ်ပေးလိုက်ပေမယ့် ဆရာကြီးက တပ်မှာ ရုံးတက်မြဲတက်ပါတယ်။ အိမ်မှာသက်တောင့်သက်သာအနားယူဖို့ သူ့ကို တိုက်တွန်းကြည့်တဲ့အခါ “ဒီအသက်အရွယ်ရောက်မှ ကိုယ့်သားလောက် ကလေးက ဆဲပြီးခိုင်းမှာကို မခံနိုင်ဘူး” ဆိုပြီး တပ်ကို မှန်မှန် လာပါတယ်။ အလုပ်ချိန်ပြီးမှ ပြန်လေ့ရှိတယ်။ တခါတရံလုပ် ငန်းခွင်မှာ ချောင်းဆိုးရင်းအမောဖောက်လာလို့ တပ်ဆေးခန်းကို အပြေးအလွှား ပို့ပေးရတယ်။
၁၉၉၅ ရောက်တော့ ဆရာကြီးငွေသိန်း သက်ပြည့် အငြိမ်းစားယူပါတယ်။ အဲဒီအချိန်ကျတော့လည်း သူ့ကို ဘယ်သူကမှ တပ်မှာဆက်နေဖို့ ခွင့်မပြုတော့ပါဘူး။ သွားလိုရာသွား နေလိုရာနေဆိုတဲ့သဘောနဲ့ ဥပေက္ခာပြုလိုက်ပါတယ်။ တပ်မတော်မှာ (၄၂) နှစ် စစ်မှုထမ်းခဲ့လို့သူရတဲ့ လုပ်သက်ဆုကြေးငွေက ကျပ်ငါးသောင်း မျှသာ။ လစဉ်အငြိမ်းစား ပင်စင်ငွေက ကျပ်ကိုးရာကျော်၊ လင်မယားနှစ်ယောက်ရှေ့ ခရီးဆက်ဖို့ မလွယ်။ အဆိုးဆုံးကတော့ အပြင်မှာနေဖို့ အိမ်ပိုင်မရှိတာပါပဲ။ သူတို့မှာ သားထောက်သမီးခံလည်း တောင့်တောင့်တင်း မရှိဘူး။ သူ့ဇနီး အမေစိန်ကတော့ မော်လမြိုင် မုပွန်ရပ်က ဆွေးမျိုးတွေဆီမှာ အကူအညီ တောင်းပြီးနေမယ်လို့ ပြောရှာတယ်။
ဟိုင်းကြီးကျွန်းက သူတို့ထွက်ခွာတဲ့နေ့မှာ ကျနော်တို့သူငယ်ချင်းတစု သင်္ဘောဆိပ်ကို လိုက်ပို့ကြတယ်။ တတ်နိုင်သမျှ စုပေါင်းပြီး ရိက္ခာ (နို့ဆီ၊ ပဲ၊ သကြား၊ ဆီ နည်းနည်းစီ) လက်ဆောင်ပေးတော့ နှစ်ဦးသား မျက်ရည်စို့အောင် ၀မ်းသာနေကြတယ်။ သင်္ဘောထွက်ခါနီးမှာ ဆရာကြီးငွေသိန်းက ကျနော်တို့ဖက်လှည့်ပြီး “ကောင်လေးတွေတပ်ထဲမှာ ကောင်း ကောင်း နေရစ်ကြ။ ပြဿနာမတက်ကြစေနဲ့။ နောက်ပြီး တပ်ကစောစော စီးစီးထွက်နိုင်အောင် ကြိုးစားကြ။ ငယ်တုန်းမှာ ကောင်းတယ်ဆိုပြီး…မှေးမနေကြနဲ့။ အသက်ကြီးသွားရင် နွားအို တကောင်လိုပဲ။ ငါ့အဖြစ်ကိုသာ ကြည့်ထားကြ..” ဆိုပြီး မျက်နှာလွှဲသွားတယ်။ သူ့စကားသံကို ကျနော့နားထဲမှာ ယနေ့ထက်တိုင် ကြားယောင်နေဆဲပါ။
နောက်တယောက်ကတော့ ဆရာကြီးရွှေအေး (ကပ-၁၀၅၁၇)။ ရခိုင်အမျိုးသား လူရိုးလူအေးကြီး တဦးပါ။ ပြီးတော့ အလေးမချန်ပီယံ အားကစားသမားဟောင်းကြီး တဦးလည်းဖြစ်တယ်။ တပ်မတော် (ရေ) အလေးမ အားကစားသမိုင်းမှာ ရွှေအေး တို့ ခေတ်ဆိုတာ ရှိခဲ့ဖူးတယ်။ သူပြောပြလို့ သိရတာပါ။ သူတို့ခေတ်က အာရှအားကစားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ် ပြိုင်ဖို့ အားကစားမောင်မယ်တွေကို အောင်ဆန်းကစားကွင်းမှာ camp သွင်းပြီး လေ့ကျင့်တယ်။ တိုင်းရင်းမေ ခင်သန်းနု တို့လည်း ပါတယ်လို့ ပြောတယ်။ အဲဒီမှာ သူများမြှောက်ပေးတာကိုနားယောင်မိတဲ့ လူရိုးကြီး ဆရာရွှေအေး တယောက် ဂျောက်ကျတဲ့ကိန်း ဆိုက်ခဲ့ရတယ်။ ဖြစ်ပုံကဒီလို.. တစ်ညမှာ အလှမယ်တွေ တည်းခိုတဲ့အဆောင်နား မယောင်မလည် ဟန်ရေးပြနေတုန်း ကြွက်ကျင်းပေါက် ထဲခြေချော်ကျတာ တခါတည်းခြေသပွတ်လည်သွားပြီး ပြန်မထနိုင်တော့ဘူး။ ဒဏ်ရာက ပြင်းထန်တော့ နိုင်ငံခြားသွားတဲ့ခရီးစဉ်မှာ ကျန်ခဲ့ရတယ်။ နောက်ပိုင်းမှာလည်း ထာဝရစွမ်းရည်ကျ အားကစားသမားကြီး ဖြစ်သွားခဲ့ရတယ်။
ကျနော်တို့နဲ့ တွေ့တဲ့အချိန်မှာ သူဟာ အုပ်ခွဲတပ်ကြပ်ကြီး (ကြည်းတပ်အခေါ်CQကြီး) ဖြစ်နေပြီ။ သူကတော့ လုပ်ကွက်မှာ ဦးစီးသူရယ်လို့ အထက်စီးကနေ လက်ညှိုးထိုး မခိုင်းတတ်ဘူး။ ရဲဘော်တွေလက်ထဲက ပေါက်တူးကိုဆွဲယူပြီး မြေပေါက် တယ်။ မြေသယ်တယ်။ မြက်ပေါက်တယ်။ မလုပ်ပါနဲ့တားလည်းမရဘူး။ “ဒီအလုပ်တွေက အဘအတွက်မိုင်နာ (minor) တွေပါ”တဲ့။
ဟုတ်လည်းဟုတ်နိုင်ပါတယ်။ သူက ဂျီအီးဆောက်လုပ်ရေးမှာ အလုပ်ကြမ်းဝင်လုပ်တယ်။ မနက်မိုးမလင်းမီကတည်းက ပေါက်တူးနဲ့မြေသယ်ခြင်းထမ်းလို့ ဆရာကြီးရွှေအေး တယောက် ဂျီအီးရုံးရှေ့ကိုရောက်နေနှင့်ပြီ။ မနက်(၈) နာရီထိုးခါနီး အထိ ဂျီအီးမှာသူ အလုပ်လုပ်တယ်။ မိလ္လာကျင်းတူးတယ်။ မြေဖို့တယ်။ သစ်ထမ်းတယ်။ (၈) နာရီ မထိုးတထိုး အချိန်ကျတော့ တပ်ကို သူရောက်လာတယ်။ သူ့ကိုတော့ တပ်မှူးက (၈) နာရီနောက်ပိုင်းမှ အလုပ်ဝင်ဖို့ ခွင့်ပြုထားတယ်။ ညနေ (၃) နာရီခွဲ ရုံးချိန်နောက်ပိုင်းမှာလည်း ဂျီအီးမှာအလုပ် ပြန်ဝင်ရသေးတယ်။ လသာတဲ့ညတွေမှာဆိုရင် (၁၅) နှစ်အရွယ် သူ့သားကလေးနဲ့အတူ မြေကြီးပေါက်နေတဲ့ ဆရာကြီးရွှေအေးကို တွေ့ တွေ့နေရတယ်။
ဆရာကြီးရွေအေးဟာ လူပျို ဟိုင်းကြီးဖြစ်မှ အိမ်ထောင်ကျပုံရတယ်။ သူ့ဇနီးကလည်း ရခိုင်အမျိုးသမီး တဦးပါပဲ။ သားသမီးတွေက မူလတန်း၊ အလယ်တန်း ကျောင်းသားတွေပဲရှိသေးတာ။ မိဘကခါးကုန်း သားသမီးတွေ စားကောင်းတုန်း ဆိုတဲ့အရွယ်တွေပါ။ သူတို့ မိသားစုလည်း တပ်ကထွက်ရင် နေဖို့ထိုင်ဖို့ သေချာရေရာမှု မရှိပါ။ အဲဒီချိန်က ဆရာကြီးရွှေအေး အသက် (၅၇) နှစ်ရှိနေပါပြီ။ သူကတော့ ပြောပါတယ်။ ရလာမယ့် လုပ်သက်ဆုကြေးငွေလေးနဲ့ ဟိုင်းကြီးရွာသစ်မှာ ခြံ ၀ိုင်းလေးတခုဝယ်ပြီး အိမ်ဆောက်နေမယ်။ စားရေးဝတ်ရေးအတွက်ကတော့ ငါဖမ်းလှေမှာ ရေလုပ်သား ၀င်ပြီးလုပ်ဖို့ စိတ်ကူး ထားပါသတဲ့။
ကျနော်တို့ တပ်မှူးကတော့ အကြင်နာတရားရှိသူ လူပျိုကြီးတဦးပါ။ တညမှာတပ်မှူးနဲ့ ဆရာကြီးရွှေအေး တို့ ဌာနချုပ် လုံခြုံရေးတာဝန် အတူကျတယ်။ အဲဒီညမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပြောကြရင်း ဆရာကြီးမိသားစုရဲ့ အခက်အခဲတွေကို သိရတဲ့အခါ တပ်မှူးလည်း စိတ်မကောင်းနိုင်ပါဘူး။ နောက်တနေ့ တပ်မှူးက ဆရာကြီးတို့မိသားစုအတွက် ဆန်တအိတ်၊ ဆီနှစ်ပိဿာ၊ ငွေ (၁၅၀၀) ကျပ်ထောက်ပံ့ပေးပါတယ်။ ထောက်ပံ့မှုပမာဏက သိပ်မများပေမယ့် ဆရာကြီး ခမျာ တပ်မှူးကို ထိုင်ရှစ်ခိုးမတတ် ကျေးဇူးတင်လို့ မဆုံးအောင် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်က ငွေ(၁၅၀၀) ကျပ် ဆိုတာကလည်း ဆရာကြီးရတဲ့ လစာထက် ပိုများနေတာ မဟုတ်လား။
ကျနော်ရန်ကုန်ကို ပြန်ရောက်ပြီးတဲ့ နောက်ပိုင်းမှာလည်း နွမ်းပါးချို့တဲ့လှသော စစ်သားအိုကြီးတွေရဲ့ ဘ၀ပုံရိပ်တွေကို ဆက်လက်ထိတွေ့နေရဆဲပါ။ တပ်မှာ ရိက္ခာထုတ်တဲ့ရက်ဆိုရင် အဖိုးကြီးအချို့ ဆာလာအိတ်ကလေးတွေကိုင်ပြီး တပ်ကို ရောက်လာတတ်ကြတယ်။ သူတို့နဲ့ ရင်းနှီးသူတွေက လက်ဖကရည်ခေါ်တိုက်လို့ စကားပြောဖြစ်တဲ့အခါ သူတို့ဖြတ်သန်း နေရဆဲ ဘ၀တွေကို သိမြင်လာရတယ်။ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေမှာ ညစောင့် ဒရ၀မ်၊ သန့်ရှင်းရေးအလုပ်တွေ ၀င် လုပ်ကြရတယ်။ အချို့ဆိုဆိုက်ကားနင်းတာတို့ မီးကင်းစောင့်တာတို့ လုပ်ကြရတယ်။ သူတို့အိမ်ပြန်တဲ့အခါ ဆန်၊ ဆီ၊ ပဲ အချို့ ပါသွားတတ်ကြတယ်။ အပြန်မှာလိုင်းကား မစီးဘဲ ကျနော်တို့နဲ့ အတူဓနိတော ရေနံရုံးက ဖယ်ရီကား (ferry) စီးပြီး ပြန်ကြတာများတယ်။
ကျနော်တို့ နိုင်ငံရဲ့ တည်ဆဲစစ်မှုထမ်းဥပဒေ (အသစ်ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အသက်လိမ်ပြီး တပ်ထဲဝင်သူ၊ အတင်းအကျပ်စုဆောင်းခံရသူတွေမပါ) အရဆိုလျှင် အသက် (၁၈) မှ (၂၅) နှစ်အတွင်း စစ်မှုထမ်းဖို့ စာ ရင်းသွင်းခွင့်ရှိတာမို့ သက်ပြည့်ပင်စင်ယူချိန်မှာ စစ်မှုထမ်းသက်အနည်းဆုံး (၃၅) နှစ်ကနေ အများဆုံး (၄၂) နှစ်ထိ ရှိပါ တယ်။ စစ်သားဆိုတာအခြား ၀န်ထမ်းနဲ့ မတူဘဲ (၂၄) နာရီ အပြည့်တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေရတာပါ။
ဘ၀တလျှောက်လုံး ၀န်ထမ်းလောကမှာ ကျင်လည်ခဲ့ရသူ အများစုဟာ ဌာနက တရားဝင်ရတဲ့ လုပ်ခလစာနဲ့သာ နေထိုင် စားသောက်ရတာပါ။ အရင်တုန်းကတော့ အောက်တန်းစာရေးတဦးရဲ့လစာကို မိသားစုသုံးဦးလောက် မှီခိုစားသောက် နိုင်တယ် ကြားဖူးတာပဲ။ ခုနေခါမှာတော့ ရုံးအုပ်တဦးရဲ့ လစာက တကိုယ်ရေဖူလုံဖို့တောင်မနည်း ခြိုးခြံသုံးစွဲနေရတာပါ။ ၀န်ထမ်းလုပ်ရင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိသူ ဘေးပန်းဝင်ငွေ (အောက်ဆိုက်) ရသူတွေက အတော်နည်းပါတယ်။ သက်ပြည့်ပင်စင်ယူပြီး နောက်ပိုင်းမှာ နေရေးစားရေး ပူပင်ကြောင့်ကျနေရပြီး ရရာအလုပ်နဲ့ စခန်းဆက်သွားနေရတယ် ဆိုတာ ဘယ်လိုမှ သဘာဝမကျပါဘူး။
အရွယ်ကောင်းတုန်း အချိန်မှာ လူတယောက်ရဲ့ ကာယဥာဏလုပ်အားကို ကြံကြိတ်စက်ထဲထည့်ညှစ်သလို ရသလောက် စုပ်ယူပြီး အရွယ်လွန်ချိန်ရောက်တဲ့အခါ ဘာတာဝန်ယူမှုမှ ဟုတ်တိပတ်တိမရှိဘဲ မဖြစ်စလောက် ငွေကြေးလေးနဲ့ နှစ်သိမ့် ပြီး ကြိုးဖြည်လွှတ်ပေးတတ်တဲ့ အစိုးရတရပ်ရဲ့ လက်အောက်မှာ တိုင်းသူပြည်သားတွေ စစ်မှုထမ်းဖို့ မ၀ံ့မရဲကြောက်ရွံ့ နေတာကို ကိုယ်တိုင် ဒုက္ခကြုံတွေ့ခံစားနေရတဲ့ တပ်မတော်သား တဦးအနေနဲ့ ကိုယ်ချင်းစာနားလည်မိပါတယ်ဗျာ။
တပ်ကြပ်ကြီး-နေမင်းသူ
source by : http://www.naytthit.netလာမယ့် ၃၁ ရက်နေ့ကျရင် လွှတ်တော်ကျင်းပမယ့် နေပြည်တော်မှာ ဒီရက်ပိုင်းတွေ အတွင်းကစလို့ လုံခြုံရေး တင်းကျပ်မှုတွေ အတော်လေး စတင်နေပါပြီ။ လာမယ့် ကြာသပတေး ဇန်န၀ါရီ ၂၇ ရက်နေ့ကစလို့ နေပြည်တော်၊ ပျဉ်းမနားမြို့တွေမှာရှိတဲ့ စားသောက်ဆိုင်နဲ့ တခြားအရောင်းဆိုင်တွေ အားလုံးကို ညနေ ၆ နာရီနောက်ပိုင်း ပိတ်ဖို့ အာဏာပိုင်တွေက အကြောင်းကြားထားတယ်လို့ ပျဉ်းမနားက စားသောက်ဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။
“၂၇ ရက်နေ့ကစပြီး ညနေ ၆ နာရီ ပိတ်ရမယ်လို့ အကြောင်းကြားထားပါတယ်။ ပျဉ်းမနားဘက်ရော၊ နေပြည်တော် မြို့မဈေးတို့၊ သပြေကုန်းဈေးတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်တွေအားလုံး။ ပြန်ဖွင့်ရမယ့် ရက်ကိုတော့ အကြောင်းကြားမယ်လို့ ပြောတယ်။ အခုထိ မပြောသေးတော့ လွှတ်တော်ပြီးမှပဲ ပြန်ဖွင့်ရမယ့် အခြေအနေပါပဲ။ နေပြည်တော်မှာက အဲဒီလို ဆိုင်ပိတ်ဆိုရင် ညမထွက်ရ အမိန့်လိုပဲ မထွက်ကြတာ ထုံးစံလို ဖြစ်နေပါပြီ။ တခုခု ပိတ်ဆိုတာနဲ့ နေပြည်တော်က လူတွေက ညမထွက်ရဲတော့ဘူး၊ မထွက်ကြတော့ဘူး။ အိမ်ထဲပဲ နေလိုက်ကြတာပဲ။ အဲဒီလို ထုံးစံဖြစ်နေပါပြီ။”
တခါ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစလို့ လုံခြုံရေးကားတွေ မြို့တွင်းလှည့်လည်မှုတွေ စတင်နေပြီ ဖြစ်သလို မြို့ဝင်မြို့ထွက် ဂိတ်တွေကိုလည်း အထူးစစ်ဆေးပြီး ညဘက်ဆို ဧည့်စာရင်းတွေ စစစ်နေပြီလို့ သူက ပြောပါတယ်။
“ရဲကားတစီးမှာ ရဲ ၃၀ လောက်ဆန့်တဲ့ကား ၄ စီးလောက်ရယ်၊ ရှေ့က ၀ါယာလက်ကားရယ်၊ ရဲမော်တော်ဆိုင်ကယ် ၂ စီး၊ ၃ စီးရယ်က ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး ည ၉ နာရီဆို မြို့ထဲမှာ စပတ်ပါတယ်။ မြို့ထဲမှာ အမှတ် ၁ ရဲစခန်းရှေ့က ထွက်တယ်။ ရာဇသင်္ဂဟလမ်းပေါ် တက်တယ်။ ပြီးတော့ ရာဇဌာနီလမ်းကိုသွား၊ ဟိုး နေပြည်တော် ကားဝင်းကို ပြန်၊ ပြီးတော့မှ အရှေ့ဘက်ကနေ ပျဉ်းမနားမြို့ထဲကို ပြန်ဝင်၊ ပျဉ်းမနားမြို့ထဲမှာ တပတ် ပတ်ပြီးတော့မှ နေပြည်တော် အမှတ် ၁ ရဲစခန်းကို ပြန်ဝင်သွားတာပေါ့။ ဧည့်စာရင်းကတော့ ရပ်ကွက်တိုင်းမှာ တော်တော်ကြီးကို ပိုက်စိတ်တိုက် စစ်နေပါတယ်။”
ဒီလို လုံခြုံရေး လှည့်ကင်းတွေ၊ တခါ ညနေ ၆ နာရီနောက်ပိုင်း ဆိုင်မဖွင့်ရ ဆိုတဲ့အတွက် မြို့ခံတွေဟာ ညဘက်မှာ အပြင်မထွက်ရဲကြတော့ဘဲ သွားလာမှုတွေ နည်းသွားကြပါတယ်။ ဒီလို အခြေအနေတွေကြောင့် ညပိုင်းဖွင့်ကြတဲ့ ကျူရှင်တွေ၊ စာကျက်ဝိုင်းတွေ ဒီရက်ပိုင်းတွေအတွင်း ပိတ်ထားမယ် ဆိုတာကြောင့် စာမေးပွဲ နီးလာပြီဖြစ်တဲ့ ၁၀ တန်းကျောင်းသားတွေ အခက်အခဲ ဖြစ်ကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လွှတ်တော်ကျင်းပမယ့် နေပြည်တော်မှာ အခုလို လုံခြုံရေး တင်းကျပ်နေသလို လွှတ်တော် ၃ ရပ်အတွက် တက်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ကန့်သတ်ချက်တွေ ထုတ်ထားပါတယ်။ လုံခြုံရေးအရ လွှတ်တော်တွင်း မယူရဆိုတဲ့ ပစ္စည်းတွေ စာရင်းကို လွှတ်တော်တက်ဖို့ ဖိတ်စာနဲ့ တခါတည်း ပူးတွဲ ပေးပို့ထားတာတွေ ရှိပါတယ်။ အခု လွှတ်တော်တက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ ကိုယ်စားလှယ် တချို့ထဲက အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ပါတီရဲ့ ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ သူနောက်ဆုံးသိရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“အဓိကကတော့ လက်ကိုင်ဖုန်းပေါ့၊ ကွန်ပျူတာ၊ ပြီးတော့ လက်ဆွဲအိတ်၊ လွယ်အိတ်၊ ခေါင်းပေါင်းဘူး၊ ကျန်တာကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ပါတဲ့အခါကြတော့ လက်နက် မယူရဘူး၊ လက်နက် ခဲယမ်းမီးကျောက် အဲဒါတွေ မယူရဘူး။ ကန့်သတ်ချက်ကတော့ ကင်မရာပေါ့၊ အဲဒါပါပဲ။ အဲဒီ ပန်ကြားလွှာက ဖိတ်စာနဲ့အတူတူတွဲပြီး ပါတာပါ။ ဖိတ်စာနဲ့တကွပေါ့။ အထဲမှာ ပန်ကြားထားတာ ဖြစ်ပါတယ်။ ထပ်ပြီးတော့ ထပ်မံ ကန့်သတ်တာမျိုး မရှိပါဘူး။”
NDF ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ပြောပြခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ၃၁ ရက်နေ့ လွှတ်တော်ကျင်းပတဲ့အခါ သတင်းသမားတွေ သတင်းသွားယူခွင့် ရမလား၊ မရဘူးလားဆိုတဲ့ ကိစ္စကတော့ ဒီနေ့ထိ အတိအကျ မသိရသေးပါဘူး။ နိုင်ငံခြား သတင်းဌာနတွေနဲ့ နိုင်ငံခြား သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေကြတဲ့ ပြည်တွင်းသတင်းထောက်တွေ စာရင်းကိုတော့ ပြန်ကြားရေးဌာနက မနက်ဖြန်လောက် အကြောင်းကြားနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ပြည်တွင်း သတင်းဂျာနယ်တွေ အတွက်တော့ အခုရက်ထိ စာရင်းတောင်းတာ၊ အကြောင်းကြားတာမျိုး မရှိသေးတာမို့ သတင်းသွားယူခွင့် ရှိမရှိ ဆိုတာတောင် မသိရသေးဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။