Friday, April 3, 2009

ရန်ကုန်မြို့ လယ်မှ နှစ်လောင်းပြိုင် လူသတ်မှု့ 

NEJ /ဧပြီလ(၃) ရက်၊ ၂၀၀၉

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့ နယ် ဗိုလ်တထောင်လမ်းသွယ် (၄) လမ်းတွင် ယမန်နေ့က နှစ်လောင်းပြိုင် လူသတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈) (၄) လွှာ (ယာဘက်ခြမ်း) အခန်းတွင် နေထိုင်သည့် သင်္ဘောသားဇနီးမောင်နှံနှစ်ဦး အသတ်ခံခဲ့ရဖြစ်သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မျက်နှာချင်းဆိုင် အိမ်တန်းတွင် နေထိုင်သူတဦးက “အခန်းအနီးနားက တိုက်ခန်းနေသူတွေ အပုပ်နံ့တွေ ထွက်လာမှ သတိထားမိကြတာ။ အခြား အခန်းတွေအားလုံးက ထူးခြားမှု မရှိ၊ အဲဒီ အခန်းတခန်းပဲ အပြင်က သော့ခတ်ထားတော့ ရဲကို အကြောင်းကြားပြီးဖွင့်မှ လင်မယားနှစ်ယောက်လုံး သေနေတာ။ အသတ်ခံရတာ အနည်းဆုံး (၃-၄) ရက် လောက်တော့ ရှိပြီလို့ မှန်းဆရတယ်” ဟု ပြောသည်။

အနီးနား ပတ်ဝန်းကျင်တွင် နေထိုင်သူများက သေဆုံးသူသည် အသက် (၄ဝ) ကျော်အရွယ် ကိုခင်မောင်လေးနှင့် သူ့ဇနီး မအေးအေးဝင်းတို့ ဖြစ်ပြီး ကိုခင်မောင်လေးသည် သင်္ဘောသား ဖြစ်ကြောင်း ပြောသည်။

၎င်းတို့၏ ပြောပြချက်အရ မှုခင်း မဖြစ်ပွားခင် (၃) ရက်အလို ည (၁၁) နာရီလောက်တွင် ၎င်းတို့အခန်းကို လူတယောက် လာသည်ဟု ယူဆရကြောင်း၊ နောက် ကိုခင်မောင်လေး၏ဇနီး မအေးအေးဝင်း အော်သံကိုလည်း ကြားကြကြောင်း၊ သို့သော် လင်မယားချင်း စကားများသည်ထင်ပြီး မည်သူမှ စိတ်မဝင်စားကြောင်း၊ ဧပြီလ (၂) ရက်နေ့ ရဲကို အကြောင်းကြားမှသာ အခန်းထဲတွင် ဓားဒဏ်ရာဟု ယူဆရသည့် ပြတ်ရှဒဏ်ရာများ နှစ်ဦးလုံး သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ပစ္စည်းယူ လူသတ်မှုလား၊ သို့မဟုတ် အခြားကိစ္စလား ဆိုသည်ကိုမူ ရဲက စစ်ဆေးနေဆဲဖြစ်၍ မသိနိုင်သေးကြောင်း သိရသည်။

အဆိုပါနေ့က ရဲများ နေ့လယ် (၁) နာရီခွဲခန့်တွင် ရောက်လာကြပြီး ညနေ (၄) နာရီ ခန့်မှ အလောင်းကို သယ်ထုတ်သွားကြောင်း၊ အခင်းဖြစ်ပွားရာ တိုက်ခန်း မြေညီထပ် ကပ်လျက်တွင် လူစည်ကားသည့် လက်ဖက်ရည်ဆိုင် တဆိုင်ရှိကာ ဗိုလ်တထောင်ရဲစခန်းနှင့် အနည်းငယ်သာ ကွာဝေးကြောင်း သိရသည်။

ယခု နှစ်လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း၊ ယခုနောက်ပိုင်း ရန်ကုန်မြို့ တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှု ပိုမိုထူပြောလာကာ မြို့ စွန်ဧရိယာများသာမက မြို့ လယ်ဧရိယာတို့တွင်လည်း အဖြစ်များလာကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားသည့် အင်းလျားလမ်း (၅) လောင်းပြိုင်လူသတ်မှုအပါအဝင် လူသတ်မှုအများအပြား တရားခံမပေါ်သေးသည့်အတွက် စစ်အစိုးရက ရာဇဝတ်မှုခင်းများ ပတ်သက်၍ သတင်းဖော်ပြခွင့်တို့ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားကြောင်း၊ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားသည့် မှုခင်းသတင်းများကို ရန်ကုန်တိုင်း မှုခင်းသတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်မပေးပါက ပုဂ္ဂလိကဂျာနယ်များအနေဖြင့် ရေးသားခွင့် မရှိကြောင်း သိရသည်။

ယခုမှုခင်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က တိုက်ခန်းနေသူများအနေဖြင့် တံခါးသော့ တဆင့်မက ခတ်ပြီးနေရန်၊ လူစိမ်းများလာပါက အလွယ်တကူ သော့ဖွင့်မပေးရန်နှင့် မိမိ သိကျွမ်းသူများကိုပင် သတိထား၍ နေအိမ်တံခါးဖွင့်ပေးရန် ညွှန်ကြားချက် ထုတ်ထားကြောင်း သိရသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, April 2, 2009

“ အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့ ” သံချပ် စာအုပ်

၂၀၀၉ ခုနှစ် တိုက်ပွဲဝင် သင်္ကြန် သံချပ်များ

2009 Thangyat Booklet


အပြည့်အစုံ ဖတ်ရန် ...

Wednesday, April 1, 2009

ဗိုလ်သန်းရွှေ မိန့်ခွန်းနဲ့ အပြောင်းအလဲ

ဧပြီလ(၁) ရက်၊ ၂၀၀၉


ဗိုလ်သန်းရွှေရဲ့  မိန့်ခွန်းတခုကို ရှားရှားပါးပါး ကြားလိုက်ရပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့က။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့  တောင်းဆိုချက်ကို တုံ့ပြန်တာပါ။
မြန်လိုက်ပါဘိ။ အဖြေအသင့်ရှိနေတဲ့သဘောပါပဲ။
သူတို့ရဲ့  လမ်းပြမြေပုံအတိုင်း ငါမြင်းငါစိုင်းတော့မယ့်အကြောင်း ကမ္ဘာကိုပါကြေညာလိုက်တာလို့ပြောရင် မမှားပါဘူး။

တပါတည်းမှာ စဉ်းစားစရာပေါ်လာတာက နအဖ စစ်ဗိုလ်ချုပ်များ ဟာ အမေရိကန်နဲ့ စကားပြောခွင့်ရတဲ့အတွက် ပိုပြီး မာနတက်လာ၊ ဘဝင်လေခိုက်နေတာလား၊ ဒါ့သာမက တရုတ်ခေါင်းဆောင်တဦး လည်းလာဆိုတော့ ဗိုလ်သန်းရွှေတို့ နိုင်ငံတကာရေးရာမှာ အောင်မြင်မှုတွေ ရနေလေပလား စတဲ့မေးခွန်းတွေပါ။

ဒါမှမဟုတ်လည်း ဗိုလ်သန်းရွှေရဲ့  ဒီမိန့်ခွန်းဟာ သူတို့ရဲ့  ရွေးကောက်ပွဲဥပဒေကို စောင်းပါးရိပ်ခြေ ကြေညာနေတာ များလား။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မစ္စတာ စတီဖင်ဘလိပ် လာလိုက်တဲ့အတွက် ဗမာပြည်နိုင်ငံရေးမှာ အပြောင်း အလဲတွေ ဖြစ်တော့မှာလားဆိုပြီး တွေးတောသူတွေ အတော်ရှိပါတယ်။ ဗမာပြည်အရေးအပေါ် ဘယ်အတိုင်းအတာ အထိ ထိခိုက်နိုင်မလဲဆိုပြီး ဆွေးနွေးကြတာတွေလည်း ကြားရပါတယ်။ မီဒီယာအတွက်တော့ စကားဝိုင်းဖန်တီးလို့ ကောင်းပေသပေါ့။ ဒါပေမယ့် ဆွေးနွေးသူတချို့ မှာ တကယ်ကိုစိုးရိမ်တဲ့ လေသံတွေပါ နေသလား ထင်မှတ်မိပါတယ်။ နောက်ပြီး အမေရိကန်ဟာ လှည့်ရင် တင့်ကားလို (၁၈ဝ) ဒီဂရီ မလှည့်ပါဘူး။ မီးရထားလို တဖြည်းဖြည်းချင်း လှည့်မှာပါလို့ ချွေးသိပ်သံတွေလည်း ကြားရပါတယ်။ တချို့  လောကမှာ ဂယက်မသေးတာ သေချာပါတယ်။

ဒီနေရာမှာ ဗမာပြည်နိုင်ငံရေးရဲ့ အပြောင်းအလဲဆိုတာ ဘာလဲဆိုတာကို ပြန်မေးရပါလိမ့်မယ်။နအဖစစ်ဗိုလ်ချုပ်တွေက ပုံစံပြောင်းပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်လိုက်တာကို အပြောင်းအလဲလို့ ခေါ်မှာလား။ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ကလွှတ်ပေးပြီး ဒီပဲယင်းအခြေအနေမတိုင်မီက လှုပ်ရှားခွင့်ပေးတာလောက်ကို အပြောင်းအလဲခေါ်မှာလား။ နိုင်ငံရေးသမားတွေကို ဖမ်းလိုက်လွှတ်လိုက်လုပ်နေတာကို အကြိမ်ကြိမ် ပြောင်းလဲနေတယ်လို့ ခေါ်မှာလား။

လက်ရှိဗမာပြည်နိုင်ငံရေးရဲ့ အဓိကဝင်ရိုးဟာ နအဖစစ်အစိုးရနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုအကြားက ပဋိပက္ခဖြစ်ပါတယ်။ နအဖစစ်အစိုးရနဲ့ အမေရိကန်အစိုးရအကြားက ပဋိပက္ခမဟုတ်ပါဘူး။ ဒါကြောင့်မို့ သဘောတရားအရပြောရရင် ဗမာပြည်နိုင်ငံရေးရဲ့ အရေးပါတဲ့အပြောင်းအလဲဟာ နအဖနဲ့ ပြည်သူလူထု အကြားက ပဋိပက္ခကနေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ နအဖနဲ့ အမေရိကန် ဆက်ဆံမှုအကြားက ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။

တချို့ သော နိုင်ငံရေးဆောင်ရွက်ချက်တွေကိုလည်းပဲ အလားတူပဲစံထားချက်၊ တိုင်းတာမှုနဲ့ တွက်ရမှာဖြစ်ပါတယ်။ တချို့ က အမေရိကန်က နအဖအစိုးရကို အသိအမှတ်ပြုလိုက်ရင် ဘယ်လိုဖြစ်မလဲလို့ စဉ်းစားကြပါတယ်။ အမေရိကန်က နအဖအစိုးရကို အသိအမှတ်ပြု မပြုဆိုတဲ့ပြဿနာဟာ ဘယ်တုန်းကမှ မတည်ရှိခဲ့ပါဘူး။ တဖက်ကပြောရင် နအဖတည်ရှိမှု၊ မတည်ရှိမှုဟာ အမေရိကန်က အသိအမှတ်ပြု၊ မပြုဆိုတာအပေါ်မှာ မတည်ပါဘူး။ အိမ်ဖြူတော်က အသိအမှတ်မပြုလည်း နအဖဟာ တည်ရှိနေမှာပါပဲ။

အမေရိကန်ရဲ့ ပိတ်ဆို့မှု (sanction) ကို ကြည့်မြင်ရင်လည်း အလားတူပဲ ကြည့်မြင်ရမယ်ထင်ပါတယ်။
ပိတ်ဆို့မှုဟာ နအဖစစ်အစိုးရအတွက် အခက်အခဲဖြစ်စေတာတော့အမှန်ပါ။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေကို အခြေခံကျတဲ့ အပြောင်းအလဲတွေ မလုပ်စေနိုင်ပါဘူး။ ပြည်သူတွေဘက်ကကြည့်ရင်တော့ အဲဒီပိတ်ဆို့မှုတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှသိပ်မထူးခြားပါဘူး။ ဆိုလိုတာ နိုင်ငံရေးအားဖြင့်ပြောတာပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်တာဟာ မဆလအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုထားရုံမက အကူအညီတွေ အမျိုးမျိုးပေးနေကြချိန် ဖြစ်ပါတယ်။ အဲဒီတုန်းက တိုက်ပွဲဝင်ကြတဲ့ ပြည်သူတွေရော၊ ခေါင်းဆောင် တွေပါ မဆလအစိုးရကို အမေရိကန်ကထောက်ခံထားသလား၊ မထောက်ခံဘူးလားလို့ တွေးတောခဲ့ကြပါသလား။ ဘယ်သူက ထောက်ခံထားတာဖြစ်လို့ မဆလအစိုးရကို မဆန့်ကျင်ဘူးလို့ ဘယ်သူ့ခေါင်းထဲမှာများ ပေါ်ခဲ့ဖူးပါသလဲ။

ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ ဒီအရေးတော်ပုံကို တခြားနိုင်ငံအစိုးရတခု ဒါမှမဟုတ် အစိုးရတွေနဲ့ ဆက်ချိတ် စဉ်းစားတဲ့တွေးခေါ်နည်းဟာ အကျိုးမပေးပါဘူး။ နအဖအစိုးရရဲ့  ပြည်ပဆက်ဆံရေး အခြေအနေကို ကြည့်ပြီး ကိုယ်က စိတ်ဓာတ်ကျလိုက်၊ တက်လိုက်ဖြစ်နေလို့လည်း မဖြစ်ပါဘူး။ တကယ်တော့ ဒီလှုပ်ရှားမှုကြီးထဲမှာ ဒီအတွေးအခေါ်ပေါ်နေတာကြာပါပြီ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကို လျော့ပါးစေပါတယ်။

ဒီထက်ပိုဆိုးတာကတော့ နိုင်ငံရေးပါတီ ဒါမှမဟုတ် အင်အားစုတရပ်အနေနဲ့ ပြည်ပနိုင်ငံတခုနဲ့ နအဖအစိုးရတို့ရဲ့ ဆက်ဆံမှုအပေါ် အခြေခံပြီး ကိုယ့်လုပ်ငန်းစဉ်၊ လမ်းစဉ်ကို ချမှတ်တာပါပဲ။ ဒါဆိုရင်တော့ ငါးပါးတောင် မှောက်တတ် ပါတယ်။ တဖက်က ပြန်စဉ်းစားလိုက်ရင်လည်း အမေရိကန်နိုင်ငံ ဒါမှမဟုတ် တခြားနိုင်ငံတခုမှာ သမ္မတပြောင်းလဲလို့ ဒါမှမဟုတ် ပေါ်လစီပြောင်းလဲလို့ ဗမာပြည်ထဲက အရေးတော်ပုံကြီးတခုကို ထိခိုက်တယ်ဆိုရင် ဒီအရေးတော်ပုံဟာ ရာဇဝင်ရိုင်းရော မဟုတ်ပါလား။

တကယ်လို့ ဝါရှင်တန်က နအဖဗိုလ်ချုပ်တွေကို အလျှော့အတင်း လုပ်နိုင်အောင် တိုက်တွန်းနိုင်တယ် ဆိုရင်တော့ မစ္စတာ စတီဖင်ဘလိပ်ရဲ့ ခရီးစဉ်ဟာ ဗမာနိုင်ငံရဲ့ အပြောင်းအလဲတွေကို တစုံတရာ ထိရောက်မှု့
ရှိတယ်လို့ ဆိုနိုင်ပါ တယ်။ ဒါတောင်မှ ဒီလိုပြောင်းလဲတာရဲ့  အဓိက အကြောင်းရင်းက ပြည်သူလူထုတွေ က နောက်မဆုတ်ဘဲ ရပ်ခံနေကြတာဟာ အဓိကအကြောင်းရင်း ဖြစ်တယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ ရှိစေတော့။ အခုတော့ ဗိုလ်သန်းရွှေက ပြတ်ပြတ်သားသားပဲ အဖြေပေးလိုက်ပါပြီ။
သူအဖြေပေးတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သာမက မစ္စတာ စတီဖင်ဘလိပ်ရဲ့ ခရီးစဉ်အပေါ် စဉ်းစားတွက်ဆနေကြတဲ့ ပြည်တွင်းပြည်ပကိုပါ တပါတည်း အဖြေပေးလိုက်တာ ဖြစ်ပါတယ်။ စိတ်ကူးမယဉ်ကြပါနဲ့တဲ့။


စီးပွားရေးကပ်ဆိုက်နေတဲ့ အမေရိကန်ဟာ “ဦး” သန်းရွှေအစိုးရနဲ့ လည်း “ဦး” နေဝင်းအစိုးရနဲ့ ဆက်ဆံမှုမျိုး ပြန်ထား ရှိကောင်း ထားရှိလာနိုင်ပါတယ်။ အင်ဒိုနီးရှားကတဆင့် လုပ်နေတာတွေရော၊ မစ္စတာ စတီဖင်ဘလိပ် လာတာပါ။ ဒါတွေ အားလုံးဟာ ဆက်ဆံမှု အပြောင်းအလဲတွေလုပ်နိုင်ဖို့ အပေးအယူ လုပ်နေကြတာ ဖြစ်ဖို့များပါတယ်။ တချို့ လူတွေအတွက်တော့ ဒါဟာ “အပြောင်းအလဲကြီးတရပ်” ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း သူတို့လုပ်ချင်တာ တွေလုပ်ဖို့ အကြောင်းပြစရာ ရသွားနိုင်ပါတယ်။

ဒီလိုဖြစ်သွားရင် ဗမာပြည် ဒီမိုကရေစီအရေးတော်ပုံကို ပြည်သူတွေအနေနဲ့ ဘယ်လိုဆက်လုပ်ကြမလဲ။
ရောက်မလာသေးတဲ့ အနေအထားတခုကို ကြိုပြောရတာခက်ပါတယ်။ ဒါပေမယ့် အကြမ်းဖျင်းပြောရရင်တော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း ဦးနေဝင်းအစိုးရလက်ထက်တုန်းကလိုပဲ ပြန်လုပ်ကြရမှာပါပဲ။

ရာစုနှစ် တဝက်နီးပါး ပြည်သူတွေအသက်သွေးချွေးတွေပေးပြီး တောင်းဆိုတိုက်ပွဲဝင်နေခဲ့ကြတာဟာ အနှစ်သာရ အရကိုပဲ စစ်အာဏာရှင် လက္ခဏာ စိုးစဉ်းမှမရှိတဲ့ အစိုးရတရပ်ပေါ်ထွက်ရေး ဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။

မှတ်ချက် ။ ။ http://www.khitpyaingnews.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, March 31, 2009

မျိုးဆက်သစ်သင်္ကြန် (အော်ရီဂွန်)

မျိုးဆက်သစ်သင်္ကြန် (အော်ရီဂွန်)


လာမဲ့ ဧပြီလ(၁၁)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်ရောက် မြန်မာလူငယ်တွေရဲ့ ရိုးရာအတာသင်္ကြန် ဖိတ်စာပါ။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို ရောက်နေ ကြသော်လည်း မြန်မာ့ ရိုးရာယဉ်ကျေးမှုကိုတော့ တခုတ်တရ တမ်းတမိကြတာပါ။ မိဘတွေနဲ့အတူ အမေရိကားကို ရောက်လာကြတဲ့ ခလေးတွေ၊လူငယ်တွေကိုလဲ ရိုးရာသင်္ကြန်ရဲ့ အစဉ် အလာတွေကို ဆက်လက်လက်ဆင့်ကမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်သင်္ကြန်မဏ္ဍပ်ကို မွေးဖွားလိုက်ကြတယ် ဆိုပါတော့။ ဖိတ်စာမှာပါတဲ့ ပန်းချီလေးကိုတော့ ကျနော်တို့ရဲ့  ရဲဘော်ကြီး ပန်းချီသစ်နက်ဆူး ဘလော့ဂါ ဆူးပြတိုက် က နော်ဝေနိုင်ငံကနေ မေတ္တာနဲ့ရေးဆွဲပေးလိုက်တာပါ အထူးလဲကျေးဇူးတင်ရပါတယ်။


ဖိတ်စာမရကြပေမဲ့ ရပ်နီး၊ ရပ်ဝေးမှ မိတ်ဆွေတွေကိုလဲ မျှဝေလိုက်ပါတယ် မုဒိတာပွားနိုင်ကြ ပါစေ လာရောက်ဆင်နွှဲဘို့ကိုလဲ အားလုံးကိုဖိတ်ခေါ်ပါရစေ။ မြန်မာ့ရိုးရာအစားအစာ၊ ရိုးရာ သံချပ်၊ မြန်မာ့သမီးပျိုလေးတွေရဲ့ မြန်မာ့အက၊ တေးဂီတအစီအစဉ် စသည့်စသည်ဖြင့် တင်ဆက်၊ဆင်နွှဲကြမှာဖြစ်တဲ့အကြောင်း သတင်းပါးလိုက်ရပါတယ်။

အပြည့်အစုံ ဖတ်ရန် ...