Friday, April 3, 2009

ရန်ကုန်မြို့ လယ်မှ နှစ်လောင်းပြိုင် လူသတ်မှု့ 

NEJ /ဧပြီလ(၃) ရက်၊ ၂၀၀၉

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့ နယ် ဗိုလ်တထောင်လမ်းသွယ် (၄) လမ်းတွင် ယမန်နေ့က နှစ်လောင်းပြိုင် လူသတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈) (၄) လွှာ (ယာဘက်ခြမ်း) အခန်းတွင် နေထိုင်သည့် သင်္ဘောသားဇနီးမောင်နှံနှစ်ဦး အသတ်ခံခဲ့ရဖြစ်သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မျက်နှာချင်းဆိုင် အိမ်တန်းတွင် နေထိုင်သူတဦးက “အခန်းအနီးနားက တိုက်ခန်းနေသူတွေ အပုပ်နံ့တွေ ထွက်လာမှ သတိထားမိကြတာ။ အခြား အခန်းတွေအားလုံးက ထူးခြားမှု မရှိ၊ အဲဒီ အခန်းတခန်းပဲ အပြင်က သော့ခတ်ထားတော့ ရဲကို အကြောင်းကြားပြီးဖွင့်မှ လင်မယားနှစ်ယောက်လုံး သေနေတာ။ အသတ်ခံရတာ အနည်းဆုံး (၃-၄) ရက် လောက်တော့ ရှိပြီလို့ မှန်းဆရတယ်” ဟု ပြောသည်။

အနီးနား ပတ်ဝန်းကျင်တွင် နေထိုင်သူများက သေဆုံးသူသည် အသက် (၄ဝ) ကျော်အရွယ် ကိုခင်မောင်လေးနှင့် သူ့ဇနီး မအေးအေးဝင်းတို့ ဖြစ်ပြီး ကိုခင်မောင်လေးသည် သင်္ဘောသား ဖြစ်ကြောင်း ပြောသည်။

၎င်းတို့၏ ပြောပြချက်အရ မှုခင်း မဖြစ်ပွားခင် (၃) ရက်အလို ည (၁၁) နာရီလောက်တွင် ၎င်းတို့အခန်းကို လူတယောက် လာသည်ဟု ယူဆရကြောင်း၊ နောက် ကိုခင်မောင်လေး၏ဇနီး မအေးအေးဝင်း အော်သံကိုလည်း ကြားကြကြောင်း၊ သို့သော် လင်မယားချင်း စကားများသည်ထင်ပြီး မည်သူမှ စိတ်မဝင်စားကြောင်း၊ ဧပြီလ (၂) ရက်နေ့ ရဲကို အကြောင်းကြားမှသာ အခန်းထဲတွင် ဓားဒဏ်ရာဟု ယူဆရသည့် ပြတ်ရှဒဏ်ရာများ နှစ်ဦးလုံး သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ပစ္စည်းယူ လူသတ်မှုလား၊ သို့မဟုတ် အခြားကိစ္စလား ဆိုသည်ကိုမူ ရဲက စစ်ဆေးနေဆဲဖြစ်၍ မသိနိုင်သေးကြောင်း သိရသည်။

အဆိုပါနေ့က ရဲများ နေ့လယ် (၁) နာရီခွဲခန့်တွင် ရောက်လာကြပြီး ညနေ (၄) နာရီ ခန့်မှ အလောင်းကို သယ်ထုတ်သွားကြောင်း၊ အခင်းဖြစ်ပွားရာ တိုက်ခန်း မြေညီထပ် ကပ်လျက်တွင် လူစည်ကားသည့် လက်ဖက်ရည်ဆိုင် တဆိုင်ရှိကာ ဗိုလ်တထောင်ရဲစခန်းနှင့် အနည်းငယ်သာ ကွာဝေးကြောင်း သိရသည်။

ယခု နှစ်လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း၊ ယခုနောက်ပိုင်း ရန်ကုန်မြို့ တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှု ပိုမိုထူပြောလာကာ မြို့ စွန်ဧရိယာများသာမက မြို့ လယ်ဧရိယာတို့တွင်လည်း အဖြစ်များလာကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားသည့် အင်းလျားလမ်း (၅) လောင်းပြိုင်လူသတ်မှုအပါအဝင် လူသတ်မှုအများအပြား တရားခံမပေါ်သေးသည့်အတွက် စစ်အစိုးရက ရာဇဝတ်မှုခင်းများ ပတ်သက်၍ သတင်းဖော်ပြခွင့်တို့ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားကြောင်း၊ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားသည့် မှုခင်းသတင်းများကို ရန်ကုန်တိုင်း မှုခင်းသတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်မပေးပါက ပုဂ္ဂလိကဂျာနယ်များအနေဖြင့် ရေးသားခွင့် မရှိကြောင်း သိရသည်။

ယခုမှုခင်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က တိုက်ခန်းနေသူများအနေဖြင့် တံခါးသော့ တဆင့်မက ခတ်ပြီးနေရန်၊ လူစိမ်းများလာပါက အလွယ်တကူ သော့ဖွင့်မပေးရန်နှင့် မိမိ သိကျွမ်းသူများကိုပင် သတိထား၍ နေအိမ်တံခါးဖွင့်ပေးရန် ညွှန်ကြားချက် ထုတ်ထားကြောင်း သိရသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။