Thursday, May 13, 2010

ရေ......ရေ.....ရေ......!!!!!!

မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား……….

အမိမြန်မာပြည်မှ ကျွန်တော်တို့ရဲ့ညီအစ်ကိုမောင်နှမများ၊ မိသားစုများ လတ်တလော ဖြစ်ပေါ်ခံစားနေရသော ပူပြင်းခြောက်သွေ့မှု ဘေးအန္တရာယ်နှင့် သောက်သုံးရေရှားပါးမှု ဒုက္ခများအပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်ဆိုး၊ ရောဂါဆိုးတို့မှ ကင်းဝေးနိုင်ကြစေရန် အမြန်ဆုံး တတ်စွမ်းသမျှ ကူညီထောက်ပံ့ နိုင်စေရေးအတွက် Lotus Foundation ညီအစ်ကို မောင်နှမများမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။


Lotus Foundation ညီအစ်ကို မောင်နှမများအနေဖြင့် အမိမြန်မာပြည်၌ တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလာသော ဘေးအန္တရာယ်ဒုက္ခဆိုးတို့မှ အမြန်ဆုံး ကင်းဝေးနိုင်ကြစေရန်နှင့် အထိရောက်ဆုံး ကူညီထောက်ပံ့မှုများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကိုကျော်သူ + မရွေဇီးကွက် တို့နှင့် ဆက်သွယ်ခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့အနေဖြင့် မနက်ဖြန် (13-05-2010) နေ့တွင် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်သို့ သွားရောက်၍ သောက်သုံးရေများကို စတင်ပေးဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်းကိုလည်း မရွှေဇီးကွက် ထံမှတဆင့် စုံစမ်းသိရှိရပါသည်။ ယင်းသို့ သောက်သုံးရေ ပေးဝေ လှူဒါန်းသွားမည့် အစီအစဉ်များတွင် Lotus Foundation အနေဖြင့် ပူးပေါင်းပါဝင် ထောက်ပံ့သွားမည်ဖြစ်ပါသည်။

မရွှေဇီးကွက်မှ နောက်ရက်များတွင်လည်း လိုအပ်မည့် နေရာဒေသအသီးသီးသို့ ဆက်လက်၍ သောက်သုံးရေ ပေးဝေခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း Lotus Foundation အဖွဲ့တာဝန်ခံသို့ ပြန်လည်ပြောကြားခဲ့ပါသည်။

သောက်သုံးရေ ပေးဝေခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက် သွားနိုင်စေရန်အတွက် Singapore မှ လှူဒါန်းငွေများကို လာမည့် စနေနေ့ (၁၅-၀၅-၂၀၁၀) နေ့မှစ၍ အပတ်စဉ် နာရေး ကူညီမှုအသင်း (ရန်ကုန်) အဖွဲ့သို့ ပေးပို့ လှူဒါန်းသွားမည်ဖြစ်သည်။

ပါဝင်လှူဒါန်းလိုသော စေတနာရှင် ညီအကို မောင်နှမများအနေဖြင့် အောက်ဖော်ပြပါ Lotus Foundation အသင်းဝင် ညီအကို မောင်နှမများထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထား၍ နိဗ္ဗာန်အကျိုးမျှော်ကာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂

ယခုမျက်မှောက်အခြေအနေရဲ့ တစ်စိတ်တစ်ဒေသကိုတော့ အောက်မှာဖော်ပြထားတဲ့ Link တွေက တဆင့် သိရှိနိုင်ကြပါတယ်။

http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-...


http://moemaka.blogspot.com/2010/05/water-donation-to-local-residen...


http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-...


http://burmese.dvb.no/news.php?id=10804


http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-...


http://www.khitpyaing.org/index.php?route=detail&id=654


Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -

- ကိုဝင်းထွန်းဆင့် POSB Savings A/C - 175-43771-1 OCBC Saving A/C - 5535079809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 0206068726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Foot note:

Forward မေးလ်မှတဆင့် ပြန်လည်မျှဝေပေးခြင်းပါ။ စင်ကာပူမှ သူငယ်ချင်းများက Lotus foundation မှတဆင့် ထည့်ဝင် ကုသိုလ်ယူနိုင်သလို မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ သူငယ်ချင်းတို့လည်း နီးစပ်ရာ အဖွဲ့အစည်းများမှ တဆင့် ၀ိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းလိုက်ပါတယ်။

အကျိုးကိုလို၍ လှူဒါန်းခြင်း မဟုတ်သော်လည်း ရေအကျိုး (၁၀) ပါးကို သိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်းသိရှိပြီး ဖြစ်မှာပါနော်။

(၁) လျင်မြန်ခြင်း၊

(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

forever မှ သူငယ်ချင်းများအားလုံး ရေလိုအေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

PS

မေးလ်တစ်ခုထဲမှာတော့ ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇) ဆိုပြီး ဖုန်းနံပါတ်တစ်ခုပါလာတယ်။ ဆက်သွယ်မေးမြန်းကြည့်လိုက်ပါ။
ဒါမှမဟုတ်လည်း ရန်ကုန်နာရေးကူညီမှုအသင်းမှာ စုံစမ်းကြည့်ရင် အဆင်ပြေပါလိမ့်မယ်။
ဒီနေ့ညနေ lotus foundation နဲ့ တွေ့ဖို့ အစီအစဉ်ရှိတော့ သူတို့ကို သေချာမေးပြီး အကြောင်းပြန်ပေးပါမယ် ....

မြန်မာပြည်မှာဆိုရင်တော့ အဖွဲ့အစည်းတွေ အများကြီးရှိုပါလိမ့်မယ်။ ရန်ကုန်နာရေးကူညီမှု အသင်းမှတဆင့် လှူဒါန်းလိုသူများကတော့ အောက်ပါနံပါတ်များမှ စုံစမ်းမေးမြန်းနိုင်ပါတယ်။

01 580133 , 01 581363, 01 709277 , 01 728089

အရေးပေါ်လိုအပ်ချက်အရ တဆင့်ဖော်ပြပါသည်။

source by :FORWARD MAIL

အပြည့်အစုံ ဖတ်ရန် ...

Tuesday, May 11, 2010

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု အထူးအယူခံတင်

VOA | မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချတဲ့အမှုနဲ့ ပတ်သက်လို့ ရှေ့နေဖြစ်သူတွေက ဗဟိုတရားရုံးချုပ်ကို အထူးအယူခံတရပ် မနေ့က တင်သွင်းလိုက်ပါတယ်။ ဗဟိုတရားရုံးချုပ်က လက်ခံမယ် ဆိုရင်တော့ ဒါကို နေပြည်တော်မှာ ကြားနာစစ်ဆေးဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တနှစ်ခွဲနဲ့ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံထားရမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အထူးအယူခံ တင်ပြ လျှောက်ထားခဲ့ကြတာပါ။ ဒီမတိုင်ခင် အတွင်းကတော့ ရှေ့နေဖြစ်သူတွေနဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကိစ္စ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ လက်ရှိအမှုမှာ နဂို မူလကတည်းက ဥပဒေအတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ Admission ပြောဖို့၊ Argument ပေးဖို့ ရက်ချိန်း စောင့်နေပါတယ်။”

အဲဒါက ဘယ်ကိုတင်တာလဲခင်ဗျ။

“တရားရုံးချုပ်မှာပါ။”

အရင် ပထမ အယူခံတင်တာက…။

“ပထမတုန်းက အယူခံမဟုတ်ဘူး၊ ပြင်ဆင်မှု။ ဒါက Special Appeal တဲ့၊ အထူးအယူခံလို့ ခေါ်ပါတယ်။”

ပထမအယူခံ တခုကို ပယ်ထားပြီးပြီးနော်၊ အဲဒါ ဘယ်ကလဲ မသိဘူးခင်ဗျ။

“အဲဒါ တရားရုံးချုပ်ကပဲ။”

ဒီအဆင့်ကရော ဘယ်လို ထူးခြားမှု ရှိပါသလဲခင်ဗျ။

“ဒါကတော့ ၃ ပါးထိုင် အရှေ့မှာ Admission ပြောရမယ်။ ပြီးရင် နေပြည်တော်မှာ သွားပြောရမယ်။”

အခု အခြေအနေ အလားအလာကရော ဘယ်လိုရှိလဲခင်ဗျ။

“တရားဥပဒေအရတော့ အစကတည်းက အပြစ်မှ မရှိဘဲ။ ကြံဖန်ပြီး အပြစ်ပေးတာ။ ဒီဟာတွေကိုပဲ ကျနော်တို့ ထောက်ပြရမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကာလအတွင်း တရားမ၀င် နေအိမ်ခိုးဝင်လာသူ အမေရိကန် နိုင်ငံသားတဦးကို လက်ခံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်အရ ဆိုပြီး ပြစ်ဒဏ်တ၀က်ကိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ကျခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရှေ့နေတွေကတော့ ဒီဥပဒေဟာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေပါ ဖော်ညွှန်းချက် ဖြစ်တာမို့ ၁၉၇၄ ဖွဲ့စည်းပုံဟာ အသက်မ၀င်တော့ဘူး၊ တရားမ၀င်တော့ဘူး ဆိုပြီးတော့ ထောက်ပြထားကြပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း တရားရုံးရော ဗဟိုတရားရုံးချုပ်ရော အဆင့်ဆင့် အယူခံတွေ ပယ်ချခံခဲ့ရပြီး အခုနောက်ဆုံး ရှေ့နေတွေက အထူးအယူခံ တင်ပြလျှောက်ထားခြင်း ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်ရန်



source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

စစ်အစိုးရနဲ့ ဆက်ဆံရေး အမေရိကန် စိတ်ပျက်

VOA | ၂ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ ဒီနှစ်အတွင်း မြန်မာစစ်အစိုးရက ကျင်းပပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲတွေက နိုင်ငံတကာ လက်ခံ ယုံကြည်နိုင်လောက်တဲ့ အနေအထား မရှိတဲ့အပြင် မြောက်ကိုရီးယားက လက်နယ်ဝယ်ယူတာကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုလည်း လိုက်နာဖို့ လိုတယ်လို့ စစ်အစိုးရကို သတိပေးခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဌာနကတော့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံနေရမှာ ဖြစ်ပေမဲ့ ပေါ်လစီတွေကိုတော့ ပြန်လည်သုံးသပ်ရမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ ဒုတိယအကြိမ် ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တနင်္လာနေ့က ၂ နာရီကြာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ခေါင်းဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် ၁၀ ဦး၊ ဒီ့နောက် ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီ တချို့ရဲ့ ကိုယ်စားလှယ်တွေ အပြင် နေပြည်တော်မှာ တနင်္ဂနွေနေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က သူ့ရဲ့ခရီးစဉ် အဆုံးမှာ ရန်ကုန်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲများကို ယုံကြည်ကိုးစားမှု ရှိတဲ့ အချေအတင် ဆွေးနွေးမှုမျိုး ကျင်းပပေးဖို့ အဆိုပြုခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်ကတော့ တဖက်သတ် လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ အခုလို ပြောကြားသွားပါတယ်။

မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်။
မေ ၁၀၊ ၂၀၁၀။

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲ အမျိုးမျိုးမှာ ကျနော်တို့က မြန်မာ့အရေးမှာ အဓိက သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့၊ အများလက်ခံတဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ ဘက်စုံ အားလုံး ဂုဏ်သိက္ခာရှိရှိ ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကျနော်တို့ဘက်က သဘောထား အကြမ်းဖျင်း တင်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို သူတို့သဘောနဲ့ သူတို့ တဖက်သတ် ရှေ့ဆက်သွားမယ့်လမ်းကို ရွေးချယ်ပြီး အဓိကကျတဲ့ တခြားသူတွေနဲ့ တိုင်ပင်ညှိနှိုင်းခြင်း မရှိဘူးဆိုတာ စိတ်မကောင်းစရာ တွေ့ရပါတယ်။

“ဒီအတွက် ရလဒ်ကတော့ ရွေးကောက်ပွဲဟာ နိုင်ငံတကာက လက်ခံယုံကြည်ပြီး တရားဝင် အသိအမှတ်ပြုဖို့ အခွင့်အလမ်း နည်းပါးသွားပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကျန်နေတဲ့ အချိန်လေးမှာ ချက်ချင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့၊ နိုင်ငံရေး အခွင့်အလမ်းတွေကို ဖွင့်ပေးဖို့ ကျနော်တို့က မြန်မာစစ်အစိုးရကို တိုက်တွန်းပါတယ်။”

ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုတော့ မြန်မာစစ်အစိုးရက ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။ ရွေးကောက်ပွဲ ဥပဒေတွေဟာ မတရားတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီကို ပြန်လည် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်လို့ ပါတီဖျက်သိမ်းရတော့မယ့် အခြေအနေ ဆိုက်ခဲ့အပြီး ရက်အနည်းငယ် အကြာမှာ အခုလို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ့်ပ်ဘဲလ် အနေနဲ့ မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ်ဟာ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာစစ်အစိုးရကို သတိပေးခဲ့တဲ့ နောက်တချက်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပြီးခဲ့တဲ့နှစ် ဇွန်လက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို လေးစား လိုက်နာဖို့ ဖြစ်ပါတယ်။ သူက…

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ သူတို့ပေးထားတဲ့ ကတိအတိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဖို့ ကျနော်တို့က အဆုံးသတ်မှာ တိုက်တွန်းတာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ လက်တွဲလုပ်ကိုင်ဖို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို ကျနော်က ပြောပါတယ်။ သူတို့ပေးထားတဲ့ ကတိက၀တ်တွေကို လိုက်နာတယ်ဆိုတာ ပြသနိုင်တဲ့ ထင်သာမြင်သာတဲ့ လုပ်ငန်းစဉ်တွေရှိဖို့၊ ဒီလိုလုပ်ငန်းစဉ်တွေ မရှိဘူးဆိုရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက သဘောတူ ချမှတ်ထားတဲ့ စည်းမျဉ်း ဘောင်ထဲကနေ သီးခြားလွတ်လပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပိုင်ခွင့်ကို စွဲကိုင်သွားမယ့်အကြောင်း ကျနော် သူတို့ကို ပြောဆိုခဲ့တာပါ။”

အဲဒီ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ အဖွဲ့ဝင်နိုင်ငံများ အနေနဲ့ မြောက်ကိုရီးယားထံက လက်နက်ဝယ်ယူမှု ပိတ်ပင်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို လိုက်နာရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားအကြား လက်နက်ရောင်းဝယ်မှု သတင်းတွေ ထွက်ပေါ်လာတဲ့အပြင် ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း မြန်မာနိုင်ငံကို လက်နက်များ သယ်ဆောင်ပြီး ဦးတည်လာနေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားရဲ့ ကန်နမ်သင်္ဘောကို အမေရိကန် စစ်သင်္ဘောက နောက်ယောင်ခံ လိုက်ခဲ့တဲ့ အတွက်ကြောင့်လည်း သင်္ဘောဟာ ဌာနေကို ပြန်လှည့်သွားခဲ့ရတဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။

ဒီအချိန်မှာတော့ အမေရိကန် အနေနဲ့ အခုလို သတိပေးရာမှာ ဘယ်လို ဆက်လက် အရေးယူ ဆောင်ရွက်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ မစ္စတာ ကမ့်ပ်ဘဲလ် အနေနဲ့ သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်း ပြောကြားသွားတဲ့ နောက်တချက်ကတော့ ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုန်းကန်မှု အကြောင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ၁၀ နှစ်ကြာအောင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ရုန်းကန်တဲ့ ကြိုးပမ်းမှုကိုလည်း သူက ချီးကျူးလိုက်ပြီး မြန်မာစစ်အစိုးရကို ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့တာကို တဘက်က တုံ့ပြန်ခြင်း မရှိခဲ့တဲ့ အတွက်လည်း ၀မ်းနည်းမိတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကမ့်ပ်ဘဲလ်တို့ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ သူက အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေမဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P.J Crowley) ကတော့ တနင်္လာနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောကြားသွားပါတယ်။

“မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်နဲ့ စကားပြောဆိုခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ မြန်မာစစ်အစိုးရဘက်က လိုက်လျောမှု မရှိတာ၊ နိုင်ငံရေး လုပ်ပိုင်ခွင့်နယ်ပယ် ချဲ့ထွင်ပေးခြင်း မရှိတာ၊ တိုင်းရင်းသား အုပ်စုတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိတဲ့အတွက် အမေရိကန် အစိုးရလိုပဲ သူ့အနေနဲ့ စိတ်ပျက်မိတဲ့အကြောင်း၊ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံသွားဖို့ အမေရိကန် အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုတော့ သူ့အနေနဲ့ ထောက်ခံကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။”

ဒါ့အပြင် အိုဘားမား အစိုးရ တက်လာပြီးနောက် မြန်မာစစ်အစိုးရအပေါ် ချမှတ်တဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်ခဲ့ပြီး ဒဏ်ခတ် ပိတ်ဆို့မှုရော၊ ဆက်ဆံမှုကိုပါ ဒွန်တွဲလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့တော့ ပီဂျေ ခရော်လီက လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှု အခြေအနေ မရှိခဲ့ဘူးလို့ အခုလို ၀န်ခံ ပြောကြားသွားပါတယ်။

“အိုဘားမား အစိုးရ သက်တမ်း ၁၅ လတာ ကာလအတွင်း မြန်မာစစ်အစိုးရနဲ့ ၃ ကြိမ် တွေ့ဆုံခဲ့အပြီး ပြန်လည် သုံးသပ်ရင် အခုထက်ထိတော့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေဟာ အမေရိကန် အတွက်တော့ စိတ်ပျက်စရာလို့ ဆိုရမှာပါ။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီကတော့ အိုဘားမား အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်လက် ဆက်ဆံသွားမှာ ဖြစ်ပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ဆံသွားမယ် ဆိုတာကိုတော့ အမြဲပဲ သုံးသပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Monday, May 10, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမ့်ပ်ဘဲလ်တို့ တွေ့ဆုံ

စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် အကြီးတန်း သံတမန်တဦးနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့က အစိုးရဧည့်ဂေဟာတခုမှာ တွေ့ဆုံခဲ့ကြတာပါ။ ဆွေးနွေးမှု အသေးစိတ်တွေနဲ့ ပတ်သက်လို့တော့ မသိရသေးပါဘူး။ မနေ့တုန်းက မြန်မာနိုင်ငံကို ခရီးရောက်မဆိုက် ဆိုသလိုပဲ အမေရိကန် ကိုယ်စားလှယ်က အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုက အဆင့်အမြင့်ဆုံး အစိုးရ တာဝန်ရှိသူတဦးအဖြစ်နဲ့ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Campbell ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သွားရောက်ခဲ့ပြီးတဲ့နောက် ဒါဟာ ဒုတိယအကြိမ် ခရီးစဉ်ပါ။ ဒီကနေ့မှာပဲ အဓိက နိုင်ငံရေးပါတီကြီးတခုအဖြစ် ရပ်တည်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် တခြားနိုင်ငံရေးပါတီတွေ က ကိုယ်စားလှယ်တချို့နဲ့လည်း အမေရိကန်ကိုယ်စားလှယ် တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံကိုမသွားခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတုန်းကတော့ ဒီနှစ်ထဲကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ စစ်အစိုးရက ဖန်တီးထားတဲ့ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ ပတ်သက်လို့ စိတ်မသက်မသာ ဖြစ်ရတဲ့အကြောင်း ၀န်ကြီး Campbell ကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားတဲ့အပေါ် အမေရိကန် အထက်လွှတ်တော်က ပြစ်တင် ရှုတ်ချလိုက်သလို ရွေးကောက်ပွဲဟာ တရားမျှတမှုရှိပြီး အများက ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိဖို့ ဆုံးဖြတ်ချက် တရပ်ကိုလည်း ချမှတ်ခဲ့တာပါ။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ အစီအမံတွေကို လက်မခံနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အပါအ၀င် နိုင်ငံရေး ပါတီကြီး တချို့ကတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

source by :VOA

အပြည့်အစုံ ဖတ်ရန် ...

Sunday, May 9, 2010

တပ်ချုပ်ကြီးနှင့် အင်တာဗျူးကြည့်ခြင်း - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

စာဖတ်ပရိသတ်များ ခင်ဗျား

ကျွန်တော်သိုးထိန်း၏ ဆောင်းပါးတစ်ပုဒ်နှင့် ပတ်သက်ပြီး comment တစ်ခုတွင် ဗိုလ်သိုးထိန်းဟာ နအဖ မကောင်းကြောင်း ရေးစရာမရှိ၍ ဖျစ်ညှစ်ရေးနေရသလား ဆိုပြီး ကျွန်တော့်အား ပယ်ပယ်နယ်နယ် ကောင်းချီးပေးထားတာကို တွေ့လိုက်ရ ပါသည်။ သို့သော် ကျွန်တော် အတော်သဘောကျသွားခဲ့ပါသည်။ သူပြောတာ မှန်သလိုလို ရှိနေသည်ကိုး။ တကယ်ဘဲ ဆောင်းပါးတစ်ပုဒ်ရဖို့ ဖြစ်ညှစ်ရေးနေရသည်။

အကြောင်းက ကျွန်တော်သည် နီကိုရဲ၊ အကြည်တော်တို့လို အသက်မွေးဝမ်းကြောင်းလုပ်ငန်း အဖြစ် စာရေးစားနေသော စာရေးဆရာ မဟုတ်ပါ။ တမင် ဖန်တီးထားသော ဇာတ်ကောင်များကို အသက်သွင်းကာ ရေးလို့ မရပါ။ နေရာချ၍လည်း မရပါ။ ပကတိ အမှန်တရားကိုသာ ရုပ်လုံးကြွအောင် ရေးသားရပါသည်။ မှန်ကန်သော ခံယူချက်ကို အရင်းတည်၍ အမှန်တရား ရုပ်လုံးပေါ်အောင်သာ ရေးရပါသည်။ ရည်ရွယ်ချက်က မှားယွင်းသော အယူအဆကြားမှာ ကျင်လည်နေသူများ အနေနှင့် အမှန်တရားကို သိမြင် လာကြစေရန်အတွက် ဖြစ်ပါသည်။

သို့သော် အထက်ကဆိုခဲ့သလို ကျွန်တော်တို့ရဲ့ ဆောင်းပါးများကို အမှန်တကယ်ဘဲ ဖြစ်ညှစ်ရေးနေရသည်။ အဘိုးကြီး တစ်ဦး၏ တစ်နေ့တာဖြတ်သန်းမှုကို စာဖတ်ပရိတ်သတ် စိတ်ဝင်စားအောင် ရေးရမည်ဆိုပါစို့၊ ခက်သည်က ထိုအဘိုးကြီး၏ တစ်နေ့တာ ဖြတ်သန်းမှုကလည်း စားတာနှင့် အိပ်တာသာ ရှိသည်။ ဒါပေမဲ့ ရေးကိုရေးရမည် ဆိုပါစို့။

စစ်ခေါင်းဆောင်အိုကြီး ဗိုလ်သန်းရွှေ

“အဘညိုဟူသည့် အဘိုးကြီးသည် တစ်နေ့ ထမင်း ၂ နပ်စား၍ ည (၁၀) နာရီဆိုလျှင် အိပ်ယာ ၀င်လေ့ရှိသည်” ဟု ရေးရ သည်။ ဤသည်မှာ အဘညို၏ တစ်နေ့တာ ဖြတ်သန်းမှု ဖြစ်သည်။ ဒါကို စာဖတ်ပရိတ်သတ်က အလွန်ကြိုက်နှစ်သက်သွား၍ “အဘညို အကြောင်းလေး ရေးပေးစမ်းပါဦးဗျ” လို့ ထပ်ပြီးတောင်းဆိုလာသည့်အခါ စာရေးဆရာ အတော် ဂွကျရသည်။ အဘညိုသည် နောက်နေ့ကျပြန်တော့လည်း ထမင်း (၂) နပ်စား၍ ည (၁၀) နာရီဆိုလျှင် အိပ်ယာဝင်ပြန်သည်ကိုး။

ဒါပေမဲ့ စာဖတ်ပရိတ်သတ်အတွက် “အဘညိုသည် ယနေ့တော့ဖြင့် ထူးခြားစွာ ထမင်း (၁) နပ်သာစား၍ ကျန်တစ်နပ်မှာ ဆန်ပြုတ်ဖြစ်သွားရသည်၊ အကြောင်းက အဘညို၏ အံကပ်နေရာ အထားမှားနေသောကြောင့် ဖြစ်သည်။ ညအိပ်ယာ ၀င်ချိန်ကတော့ ထုံးစံအတိုင်း ည (၁၀) နာရီပင် ဖြစ်သည်” ဟု ရေးပေးရသည်။ ဒါမှ စာဖတ်ပရိတ်သတ် အနေနှင့် အပြောင်းအလဲလေး ဖြစ်သွားချေပေမည်။ အဓိက အနှစ်သာရကတော့ အဘညို ထမင်း (၂) နပ် စား၍ ည (၁၀) နာရီ အိပ်ယာဝင်ခြင်းသာ ဖြစ်သည်။

အလားတူဘဲ ကျွန်တော်တို့က နအဖ၏ ချို့ယွင်းချက်၊ အားနည်းချက် အမှားများကို သုံးသပ် ထောက်ပြကြသည်။ ဒီနေ့ နအဖ ရဲ့ ချို့ယွင်းချက် အမှားများကို ရေးသည်၊ နောက်နေ့ ကျပြန်တော့လည်း ဒီချို့ယွင်းချက် အမှားများကိုသာ ထပ်လုပ်သည်။ နောက်နေ့ပြီး နောက်နေ့ဆိုလည်း နအဖက ဒီအချိုးအတိုင်းပင်။ အဘညိုကြီး တနေ့ ထမင်း (၂) နပ်စား၍ ည (၁၀) နာရီ အိပ်ရာဝင်နေသကဲ့သို့ပင်။ ကျွန်တော်တို့ ဖြစ်နေပုံမှာ -

ပထမရက်။ “နအဖကြီး ဒီနေ့ လူ့အခွင့်အရေး ချိုးဖောက်သကွ”

ဒုတိယရက်။ “ဟာ နအဖကြီး မနေ့ကအတိုင်းဘဲ လူ့အခွင့်အရေးချိုးပြန်ပဟ”

တတိယရက်။ “ဟေး..နအဖကြီး နေ့တိုင်း လူ့အခွင့်အရေး ချိုးဖောက်နေပါလား”

စတုတ္ထရက်။ “ဒီနေ့လည်း နအဖကြီး လူ့အခွင့်အရေး ချိုးဖောက်ဆဲပင်” (ဒါပေမဲ့ ဘယ်လို စကားလုံး ရွေးချယ်ရမည်မှန်း မသိတော့)

ကျွန်တော်တို့ ကြုံတွေ့နေရသည့် ဒုက္ခကလည်း ဤကဲ့သို့ပင်။ အဲဒီတော့ ကျွန်တော်ဖြစ်ညှစ် ရေးနေရသည် ဆိုသည်မှာလည်း အမှန်ဘဲဟု ဆိုရချေမည်။ အခုလည်း တပ်ချုပ်ကြီး အကြောင်းကို ဖြစ်ညှပ် ရေးလိုက်ရပါသည်။ ယုတ္တိမရှိပေမဲ့ ပကတိ အမှန်တရားဆိုတာ သေချာသည်ကိုး။ အကြောင်းက ကျွန်တော်သိုးထိန်းမှ တပ်ချုပ်ကြီးနှင့် ပွင့်ပွင့်လင်းလင်း အင်တာဗျူးခွင့် ရခဲ့သတဲ့လေ။ ယုံချင်ယုံ မယုံချင်နေ၊ ကျွန်တော်ကတော့ တပ်ချုပ်ကြီးနဲ့ (အင်တာဗျူး) အမေးအဖြေလေးတွေကို ပြန်ဖောက်သည်ချလိုက်ရပါသည်။

ကျွန်တော် တပ်ချုပ်ကြီးကိုတွေ့တော့ စစ်တပ်ရဲ့ ထုံးစံအတိုင်း ဖနောင့်ကို ဖြောင်းကနဲရိုက်၊ သတိဆွဲ၊ စလုရိုက်ထားလိုက်ရသည်။ တပ်ချုပ်ကြီးကလည်း ပြန်ပြီး စလုရိုက်သည်။ သို့သော် တပ်ချုပ်ကြီးရဲ့လက်က သူ့နဖူးနားရောက်ဖို့ အတော်ကို အားစိုက် “မ” တင်နေရသည်။ (၁၀) ပိဿာအလေး လက်မှာ ဆွဲထားရသလိုပင်။

တပ်ချုပ်စစ်ခေါင်းဆောင်ကြီး အတော့်ကို အိုချေပြီ။

ပြီးတော့ ကျွန်တော့်အား ထိုင်ခုံမှာ ထိုင်ခိုင်း၏။ ချက်ချင်း ဘာပြောမှန်းမသိ။ တပ်ချုပ်ကြီး၏ အသံက လေလုံးမသဲကွဲတော့။ ကျွန်တော်တို့ ကျောင်းဆင်း မိန့်ခွန်းပြောတုန်းက လေလုံး မသဲကွဲတာထက်ပင် ပိုဆိုးသွားချေပြီ။

တပ်ချုပ်ကြီး စစ်ခေါင်းဆောင်ကြီး အလွန်မှကို နာချေပြီ။ ထိုမှစ၍ တပ်ချုပ်ကြီးနဲ့ ကျွန်တော့်ရဲ့ (အင်တာဗျူး) အမေးအဖြေလေး စဖြစ်ခဲ့ပါတော့သည်။

သိုး။ တပ်ချုပ်ကြီး နေကောင်းကျန်းမာရဲ့လားခင်ဗျာ…

ချုပ်။ မောင်ရင်မြင်တဲ့အတိုင်း ဒေါင်ဒေါင်မြည်ဘဲဟေ့… (သူကသာ ဒေါင်ဒေါင်မြည် ကိုယ့်မှာ မနဲအားစိုက် နားထောင်နေရသည်)

သိုး။ တပ်ချုပ်ကြီး အချိန်လေး နဲနဲပေးနိုင်မယ်ဆို အင်တာဗျူးလေး နဲနဲလုပ်ချင်လို့ပါ။

ချုပ်။ အကြောင်းက…?

သိုး။ ဒီလိုပါခင်ဗျာ၊ တပ်ချုပ်ကြီးတို့ရဲ့ မဟာဗျူဟာ စီမံကိန်း လုပ်ကွက်တွေက သိပ်ကိုမြင့်လွန်းတော့ တော်ရုံလူ လိုက်မမီဘူး ဖြစ်နေရပါတယ်။ ပြည်သူတွေ ဗဟုသုတလေး ရအောင်လို့ တပ်ချုပ်ကြီးတို့ရဲ့ လုပ်ကွက်လေးကို ပြန်လည် ဖြန့်ဖြူးပေးစေလိုပါတယ် ခင်ဗျာ။

ချုပ်။ ရပါတယ် မောင်ရင်ရဲ့၊ ငါတို့ရဲ့ လုပ်ကွက်တွေက ဒီလောက်တောင် မြင့်နေမှတော့ တော်ရုံလူ လိုက်မမီတာ မဆန်းပါဘူး.. ကဲ ဗျူးစမ်းကွာ။

သိုး။ ဟုတ်ကဲ့၊ (၈၈) လောက်ကစပြီး ဗျူးရအောင်ခင်ဗျ။ တပ်ချုပ်ကြီးတို့ (၈၈) လူထုအုံကြွမှုကြီးတုန်းက ပြုတ်ကျလုဆဲဆဲ ဖြစ်ခဲ့တယ်နော်၊ ဒါနဲ့များတောင် ဘာလို့ ဒီလောက် တောင် သက်ဆိုးရှည်နေရတာတုန်း။

ချုပ်။ အမယ်လေး.. (၈၈) ဆိုတာကြီးကို မပြောစမ်းပါနဲ့၊ ကျောချမ်းလွန်းလို့၊ တကယ်တော့ အဲဒီတုန်းက ငါတို့လည်း သေပြီ မှတ်တာဗျ၊ သေမယ့်အတူတူ မထူးဘူးဆိုပြီး ထွက်ခတ် ခတ်တဲ့အနေနဲ့ ရွေးကောက်ပွဲဆိုတာကြီးကို ထလုပ်ရတာဗျို့။

သိုး။ ရွေးကောက်ပွဲလုပ်တာတော့ ဟုတ်ပါပြီ။ ရှုံးရင် ဘာလုပ်မယ်လို့ အဲဒီတုန်းက စဉ်းစားထားလဲ..?

ချုပ်။ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတော့ လူထုအုံကြွမှု အရှိန်နဲနဲလျော့သွားတယ်ကွာ။ ငါတို့သာ ကြက်ကန်းတိုးပြီး နိုင်ရင် ကိစ္စပြတ်ပြီပေါ့။ ရှုံးခဲ့ရင်လည်း အာဏာ ပြန်မပေးဘူးလို့ စဉ်းစားထားပြီးသားကွ။

သိုး။ ဟာ… ဒီလိုဆို ယခု ရွေးကောက်ပွဲလည်း (၈၈) တုန်းကလို ပြန်ဖြစ်မှာ မကြောက်ဘူးလား..?

ချုပ်။ ငါ... ခုနက ပြောပြီးပြီလေ၊ ထွက်ခတ် ခတ်တာပါလို့၊ ငါတို့မှာ နစ်နာစရာ ဘာများရှိလို့လဲ၊ ရွေးကောက်ပွဲနိုင်ရင် အပြတ်။ ရှုံးလို့ အာဏာ မပေးရင် အများဆုံး ဘာဖြစ်လာ နိုင်မလဲ၊ (၈၈) အရေးခင်းကြီးလို ပြန်ဖြစ်မယ်ပေါ့ကွာ။ (၈၈) ကတည်းက သေမယ့် ဥစ္စာ (၉၀) မှ သေတော့ရော ဘာဖြစ်လဲ။ (၂) နှစ်လောက် အသက်ရှည်ရသေးတယ်ကွ။ ကဲ... ဘယ်မှာလဲ ငါတို့အတွက် ရှုံးစရာ။

သိုး။ “တပ်ချုပ်ကြီးတို့ကတော့ “စံ” ဘဲဗျာ။ ဦးဏှောက်ပြေးချက်ကတော့”

ချုပ်။ ငါ ငယ်ငယ်လေးထဲက ကောင်းတဲ့နေရာမှာ ထူးချွန်ဖို့ဇာတာ မပါလာဘူးကွ၊ ဒါကြောင့် မကောင်းတဲ့နေရာမှာ Expert ဖြစ်ဖို့ ကြိုးစားရတာဘဲဗျို့။

အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖေါ်ပြသွားပါမယ်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံ ရောက်ရှိ

VOA | အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ဟာ မေလ ၉ ရက်၊ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ ရောက်သွားပါပြီ။ နှစ်ရက်ကြာ အခု ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ရော နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်သွားပြီးတဲ့နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ရော၊ အဲဒီကနေတဆင့် ဖြစ်လာတဲ့ နိုင်ငံရေးဝန်းကျင် အခြေအနေတွေ အပေါ်ကိုရော အမေရိကန်က တကယ့်ကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံကို မထွက်ခွာခင် ထိုင်းနိုင်ငံ၊ ဘန်ကောက် လေဆိပ်မှာ တထောက်နားချိန် မစ္စတာကမ့်ပ်ဘဲလ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မစ္စတာကမ့်ပ်ဘဲလ်ကို မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က လက်ခံတွေ့ဆုံဖွယ် မရှိဘူးလို့ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ် မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်ခဲ့တာက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖြစ်တဲ့အတွက် အခု ခရီးစဉ်ဟာ ခြောက်လအတွင်း ဒုတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူတဲ့ မူဝါဒရော၊ တိုက်ရိုက်ဆက်ဆံတဲ့ မူဝါဒကိုပါ အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် အစိုးရ အဖွဲ့ထဲက အဆင့်အမြင့်ဆုံး တာဝန်ရှိသူလည်း ဖြစ်ပါတယ်။

အခုတကြိမ် ခရီးစဉ်ကတော့ NLD အနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ပြီး ရပ်တည်ခွင့် ကုန်ဆုံးသွားပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဖြစ်လာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ရွေးကောက်ပွဲ ၀င်လို့မရအောင် မြန်မာစစ်အစိုးရက ပိတ်ပင် ကန့်သတ်တာတွေ လုပ်ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုက မကြာသေးခင် ရက်တွေအတွင်း အပြင်းအထန် ဝေဖန် ပြောဆိုခဲ့ပါတယ်။

ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် ချို့ယွင်း အားနည်းချက်တွေ ရှိနေပြီး မျှတမှု မရှိတာကလည်း သိပ်ကို သိသာ ထင်ရှားလွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J. Crowley က ပြောခဲ့ပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...