Friday, September 16, 2011

အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ

အောင်လင်းထွဋ် | တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်ပင်လယ်ပြင် ထိုင်း-မြန်မာ ရေပိုင်နက်အနီး ခရစ္စတီးကျွန်းတွင် ၁၉၉၈ ခု မေလက မြန်မာစစ်တပ်သည် အပြစ်မဲ့အရပ်သား နို့စို့ကလေးနှင့် အမျိုးသမီးများပါမကျန် စုစုပေါင်း ၈၁ ဦးကို သဲသောင်ပြင်ပေါ်တွင် သေနတ်နှင့် ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုတွင် စစ်ဗျူဟာမှူးအဖြစ် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အမိန့်ပေးခဲ့သူသည် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လုပ်မည်၊ ဘယ်တော့မှ နောက်မဆုတ်ဟု ပြောလိုက်သော ထိုစဉ်က ဗိုလ်မှူးကြီးဟောင်း၊ ယခု အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်း ဖြစ်သည်။

ဝန်ကြီး ဦးဇော်မင်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၁၅) ကျောင်းဆင်း အရာရှိတဦး ဖြစ်သည်။ စွမ်းဆောင်ရည် ထက်ထက်မြက်မြက် မရှိသောကြောင့် စစ်တက္ကသိုလ်အပတ်စဉ် (၁၅) ကျောင်းဆင်းများအနက် အတော်နောက်ကျမှ ဗိုလ်မှူးကြီးရာထူးကို ရခဲ့သူဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး မလုပ်လိုသောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဖြုတ်ခံရသူ၊ စစ်တက္ကသိုလ်အပတ်စဉ် (၁၈) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်၏ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှု တပ်မမှူးလက်အောက်တွင် ခရစ္စတီးကျွန်း စစ်ဆင်ရေး၌ ဗျူဟာမှူးအဖြစ် လူသတ်သမားတာဝန်ကို ယူခဲ့သည်။ ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် အပြစ်မဲ့အရပ်သား ၈၁ ဦးကို သတ်ခဲ့သည့်အတွက် ဗိုလ်မှူးကြီး ဇော်မင်းအား ချီးမြောက်သည့်အနေဖြင့် တပ်ချုပ်ကြီးမှ မကွေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရာထူး ခန့်အပ်ခဲ့သည်။

နှစ်အနည်းငယ်အတွင်းမှာပင် သမဝါယမဝန်ကြီးရာထူးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူးရာထူးတို့ကို ရခဲ့သည်။ ထို့နောက် နအဖ စစ်အစိုးရခေတ်မှ ယနေ့အထိ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ရာထူးကို ဆက်ရထားသူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေးမျိုးနီးစပ် တော်သယောင်၊ နီးစပ်သယောင် ဝန်ကြီးအသိုင်းအဝန်းအတွင်း သတင်းလွှင့်ထားပါသည်။

ခရစ္စတီးကျွန်း စစ်ဆင်ရေးအတွင်း လူအစုလိုက်အပြုံလိုက် သတ်ခဲ့မှုသည် မည်သို့မျှ ငြင်းမရနိုင်သည့် ဖြစ်စဉ်တခု ဖြစ်နေသည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါဝင် စစ်ခေါင်းဆောင်များသည် တစ္ဆေခြောက်နေသလို ခံစားနေရဆဲဖြစ်ပါသည်။

နဂိုကြောက်စိတ် အခံရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့အချိန်တွင် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်ကင်တားနား၏ ကမ္ဘာ့နိုင်ငံကြီးအများစုက ထောက်ခံမှု ပေးထားသော မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို အထူး စိုးရိမ်ကြောင့်ကြနေသည့်အတွက် အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဇော်မင်းလို လူစားမျိုးကို မွေးထားရဆဲဖြစ်သည်။

အလျဉ်းသင့်၍ ခရစ္စတီးကျွန်း စစ်ဆင်ရေးအကြောင်း ပြန်ပြောင်းတင်ပြရလျှင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖွဲ့စည်းပေးလိုက်သော ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတွင် ခေါင်းဆောင်ကို ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း၊ အဖွဲ့ဝင် (၁) ကို ကာကွယ်ရေး ဦးစီးချုပ် (လေ) အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ဗိုလ်ချုပ် မြင့်ဆွေ (လေ)၊ အဖွဲ့ဝင် (၂) ကို စစ်ရေးချုပ်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်တို့အား တာဝန်ပေးခဲ့သည်။

စစ်ဆင်ရေးတွင် တပ်မတော်ကြည်းမှ ကော့သောင်းအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်း (လက်ရှိ လျှပ်စစ် (၁) ဝန်ကြီး)၊ အမှတ် (၂၆၂) ခြေလျင်တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးတင် (နောက်ဆုံးသိရသရွေ့ ညွှန်ကြားရေးမှူး၊ စက်မှု (၁) ဝန်ကြီးဌာန)၊ အမှတ် (၄၀၅) ခြေမြန်တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဝင်းဆွေ (နောက်ဆုံး သိရသရွေ့ စစ်ဗျူဟာမှူး) တို့ ပါဝင်သည်။ ရေတပ်မှ ဇာဒက်ကြီး ရေတပ်စခန်းမှူး ဒု ဗိုလ်မှူးကြီး မောင်မောင်သစ် (နောက်ဆုံးသိရသရွေ့ ဒု ဌာနချုပ်မှူး၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်) ဦးစီးသော စစ်သင်္ဘောအုပ်စု၊ တပ်မတော်လေမှ ရဟတ်ယာဉ် (၂) စီး ပူးပေါင်းပါဝင်ခဲ့ကြသည်။ စစ်ဦးစီးအရာရှိများအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူး တင့်ဆန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ ဗိုလ်မှူး မောင်မောင်လတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ ဗိုလ်မှူး မောင်မောင်သန်း၊ တပ်မတော်ထောက်လှမ်းရေးမှ ဗိုလ်မှူး အောင်လင်းထွဋ် ပါဝင်ခဲ့ပါသည်။

ဗိုလ်မှူးကြီး ဇော်မင်းနှင့် စစ်ကြောင်းများ ခရစ္စတီးကျွန်းပေါ် ရောက်သည်နှင့် ကျွန်းပေါ်တွင် ရန်သူမတွေ့ရဘဲ ကော့သောင်းဧရိယာမှ ထင်းခုတ်နေကြသော အမျိုးသမီး၊ အမျိုးသား ၅၉ ဦး (မွေးကင်းစ ကလေးငယ်လေးတဦး အပါဝင်) ကို တွေ့ရှိကြောင်း ဗိုလ်မှူးကြီး ဇော်မင်းက ကွပ်ကဲရေးအဖွဲ့သို့ သတင်းပို့သဖြင့် ရန်သူမဟုတ်လျှင် ဘာမျှမလုပ်ရန် အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ကြည်မင်းက အမိန့်ပေးခဲ့ပါသည်။ ဆက်လက်၍ ကကကြည်းရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံ ဆက်လက်တင်ပြခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း ဦးစီးသော အဖွဲ့ဝင်များနှင့် စာရေးသူတို့၏ Staff များသည် ခရစ္စတီးကျွန်းပေါ်သို့ ၂ ခေါက်၊ ၃ ခေါက် ရောက်ရှိခဲ့ဖူးပြီး ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း ကိုယ်တိုင် ပါလာသောမုန့်များကို ကလေးငယ်များအား ကြင်နာသနားစွာ ကျွေးခဲ့ပါသေးသည်။ ထိုစဉ် ဗိုလ်မှူးကြီး ဇော်မင်းသည် မနှစ်မြို့ဟန် အမူရာကို မြင်ခဲ့ရသည့်အတွက် စာရေးသူကိုယ်တိုင် ဒီလူ လူမှဟုတ်ရဲ့လားဟု စိတ်ထဲမှကြိတ်၍ မှတ်ချက်ချခဲ့ဖူးပါသည်။

နောက်ဆုံးတခေါက် ခရစ္စတီးကျွန်းကပြန်ပြီး မကြာခင် ညဘက် ၉ နာရီတွင် ကကကြည်းရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ ကြေးနန်းတစောင် ရောက်လာပါသည်။ ကကကြည်းမှ ဗိုလ်မှူး တင့်ဆန်းက အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ကြည်မင်းထံ တင်ပြရာ မျက်စိမျက်နှာပျက်သွားသည်ကို ကျနော်တို့ သတိထားမိလိုက်သည်။

ဗိုလ်မှူး တင့်ဆန်းကို မေးကြည့်သောအခါ ခရစ္စတီးကျွန်းပေါ်ရှိ အရပ်သားအားလုံး တယောက်မှ အရှင်မထားဘဲ သတ်ပစ်ရန်အမိန့်ဟု သိလိုက်ရသည်။ သို့နှင့် ညတွင်းချင်း အဖွဲ့ခေါင်းဆောင်က အားလုံးကိုခေါ်၍ သတ်မိန့်ကို ရှင်းပြရာ အများစုက စိတ်မကောင်းကြပါ။ လေတပ်တာဝန်ခံ ဗိုလ်ချုပ် မြင့်ဆွေ (လေ) က ပုတီးသမားဖြစ်၍ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ညဘက် အရက်များပြီး မူးမူးနှင့် မှား အမိန့်ပေးသည်ဟု သုံးသပ်ကာ မနက်အမူးပြေချိန်တွင် ပြန်မေးသင့်သည်ဟု တင်ပြသည်။ ကြည်းတပ် တာဝန်ခံ ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်ကမူ ပြန်မေးမနေရန်နှင့် အမိန့်အတိုင်း ဗိုလ်မှူးကြီး ဇော်မင်းကို ဆက်လက်ညွှန်ကြားရန် အဆိုပြုသည်။ နောက်ဆုံး တပ်မတော် ရေနှင့် လေက မဲများသည့်အတွက် နောက်တနေ့ နံနက်တွင် စစ်ရုံးချုပ်သို့ မေးရန် အတည်ပြုလိုက်ကြသည်။

နောက်တနေ့ နံနက်တွင် အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ကြည်မင်းကိုယ်တိုင် ဆက်သွယ်ရေးစက်မှတဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရုံး၏ စစ်ဦးစီး ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးချုပ် မြင့်ဆွေ (လက်ရှိ ဒု ဗိုလ်ချုပ်ကြီးဟောင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်) နှင့် စကားပြောခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း ပြန်ပြောသည်မှာ “ဒါအဘကြီး (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) ဆီက လာသည့် အမိန့်”၊ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ဖို့ ပြောသည်ဟု သိလိုက်ရသည်။ အမိန့်ကိုဆက်ပြီး ဗိုလ်မှူးကြီး ဇော်မင်းကို ညွှန်ကြားရာ ဗိုလ်မှူးကြီး ဇော်မင်းက ပျော်ပျော်ကြီး အမိန့်ကိုလက်ခံပြီး အပြစ်မဲ့အရပ်သားများ၊ ကလေးပါမကျန် သတ်ရန် လက်အောက်ခံ တပ်မှူးများကို အသေးစိတ် ညွှန်ကြားခဲ့ကြောင်း ဗိုလ်မှူးကြီး ဇော်မင်းအနီး ရှိနေခဲ့သည့် အမှတ် (၁၉) ထောက်လှမ်းရေးတပ် (မြိတ်) တပ်မှူး ဗိုလ်မှူး မြင့်ဦး (ယခု အကျဉ်းထောင်တွင်း နှစ်များစွာ ကျခံနေရသူ) က ပြန်သတင်းပို့၍ သိခဲ့ရသည်။

ဗိုလ်မှူးကြီး ဇော်မင်းအမိန့်ဖြင့် ကျွန်း၏သောင်စပ်တွင် အားလုံးကို တန်းစီစေပြီး ၄င်းကိုယ်တိုင် ကြီးကြပ်၍ ကလေးပါမကျန် သတ်စေခဲ့သည်။ ထိုအချိန်က ဗိုလ်မှူး မြင့်ဦး လျှို့ဝှက်ရိုက်ခဲ့သော မှတ်တမ်းဓာတ်ပုံများ စစ်ထောက်လှမ်းရေးဌာနတွင် ရှိပါသည်။ ကျနော် ခရစ္စတီးကျွန်းတာဝန်ပြီး၍ စစ်ထောက်လှမ်းရေးရုံးချုပ်သို့ ရောက်သည့်အခါ ပုံမှန် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ နံနက်ပိုင်း တွေ့ဆုံတင်ပြခြင်း (Breifing) တွင် အဆိုပါဓာတ်ပုံများကို တင်ပြခဲ့ဖူးသည်။

မရှေး မနှောင်းတွင် ထိုင်းငါးဖမ်းလှေတစီး ခရစ္စတီးကျွန်း အနီး ရောက်လာသဖြင့် ရေတပ် စစ်ရေယာဉ်က လှေနှင့်အတူ ထိုင်းနှင့် မြန်မာ အရပ်သား ၂၂ ဦးကိုဖမ်းပြီး သတင်းပို့ခဲ့သည်။ စစ်ရုံးချုပ်က အားလုံးအရှင်မမြင်ချင်ဘူးဟု အမိန့်ပေးလာသဖြင့် ဤကိစ္စတွင် ရေတပ်က တာဝန်ယူပြီး လှေသားများကို ခရစ္စတီးကျွန်းပေါ်တွင်သတ်ကာ စက်လှေကို ပင်လယ်ထဲတွင် မြှုပ်ခဲ့ကြရသည်။

ဤကဲ့သို့ အကြင်နာတရား၊ အမျှော်အမြင်တရားမရှိ သွေးစွန်းနေသည့် ဗိုလ်မှူးကြီးဟောင်း ဇော်မင်းသည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်၌ တည်ဆောက်မည့် မြစ်ဆုံရေကာတာ စီမံကိန်းကိုလည်း ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဟူ၍ လုပ်ဆောင်မည့် လူစားဖြစ်ပါလိမ့်မည်။

မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ရိုင်းပျစွာ တုံ့ပြန်ဝံ့သည်မှာလည်း နောက်ကွယ်မှ ကြိုးကိုင်ဆဲဖြစ်သော ၎င်းတို့တို့ “အဘကြီး” ဟု ခေါ်နေရဆဲဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေသောကြောင့် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောခိုင်းသည့်အတိုင်း ပြောနေရကြရသည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန်သာ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိလျှင် ဗိုလ်မှူးကြီးဟောင်း ဇော်မင်း ယခုကဲ့သို့ တုံ့ပြန်ပြောဆိုသည်ကို ခွင့်ပြုမည် မဟုတ်သည်မှာ သေချာပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ဧရာဝတီ တော်လှန်ရေး

(၁) ဧရာဝတီ ကို သတ်နေသူများ၏ စိန်ခေါ်သံ

သမ္မတဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းလိမ့်မယ်လို့ တချို့က မျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည်တော်ပြန်ဖို့ တိတ်တိတ်ကလေးကြိုးစားနေကြချိန်မှာပဲ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတပါးက မြန်မာပြည် သူများရဲ့ ဆန္ဒကို လုံးဝ ဂရုမစိုက်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်၊ မြန်မာနိုင်ငံရဲ့ အသက်သွေး ကြောဖြစ်ပြီး မြန်မာပြည်သူများ မှီခိုအားထားရာဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးပျောက်ဆုံးရမှာကို စိုးရိမ်လွန်းလို့ ဧရာဝတီမြစ်ဆုံမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်ကြီးကို ဆက်လက်မဆောက်လုပ်ဘဲ ရပ်တန့်ဖို့ တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေကို ဦးသိန်းစိန်အစိုးရရဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန် ကြီး ဦးဇော်မင်း က “ဧရာဝတီရောဂါသည်များ” “ဧရာဝတီရောဂါ နဲ့ အမီလိုက်နေသူများ” လို့ လှောင်ပြောင်သရော်လိုက် ပြီး မြစ်ဆုံဆည်ကြီးကို ဘယ်သူကပဲ ကန့်ကွက်ကန့်ကွက် ဆက်ဆောက်သွားမှာဖြစ်တယ်လို့ ကြိမ်းဝါးလိုက်ပါတယ်၊ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲ ဒီလို ပြောဆိုလိုက်တာပါ။

ဒီလို ပြောဆိုရင်းနဲ့ပဲ ဦးဇော်မင်းက မြန်မာ့အလင်းသတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦး၊ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နံမည်ဝှက်တွေနဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး ကောင်းတဲ့ အကြောင်းတွေ ဆောင်းပါးရေးတာ သူကိုယ်တိုင် ပါပဲလို့ ဝန်ခံ သွားပါတယ်၊ သူက ပြောပါသေးတယ်၊ “မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ၊ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေတာ” လို့ ဧရာဝတီမြစ်ကြီးကိုတောင် အပြစ်တင်သွားပါသေးတယ်။

ဒါပေမယ့် ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သူအပါအဝင်ဖြစ်တဲ့ နအဖစစ်အုပ်စုက နိုင်ငံကို နှစ် ၂၀ ကျော် အုပ်ချုပ်မှုအတွင်း တာဝန်မဲ့ခဲ့ တာကိုတော့ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်၊ ဦးဇော်မင်း ဟာ ဗိုလ်မှူးကြီးဟောင်းတယောက်ဖြစ်ပြီး နအဖအစိုးရ သက်တမ်းအတွင်းမှာလဲ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ။

သူဒေါသတကြီးနဲ့ပြောမှပဲ အရင်က သေသေချာချာမသိခဲ့ရတဲ့ အကျိုးစီးပွါးအပေးအယူ ကိစ္စတွေကိုပါ သိကြရပါတယ်။ မြစ်ဆုံဆည် အပါအဝင် ဧရာဝတီ၊ မေခ၊ နဲ့ မလိခ မြစ်များမှာတည်ဆောက်နေတဲ့ ဆည်ကြီး ၇ ခု ပြီးစီးသွားရင် ထွက်လာ မည့် ရေအားလျှပ်စစ်ပမာဏရဲ့ ၉၀% ကို တရုတ် အစိုးရက ရပြီး မြန်မာနိုင်ငံက ၁၀% ပဲ ရမယ်၊ တရုတ်အစိုးရက ရာနှုံး ပြည့်ရင်းနှီးမြှုတ်နှံတာဖြစ်ပေမည့် မြန်မာအစိုးရအတွက် ဒီလုပ်ငန်းကြီးများအတွက် ၁၅% ပိုင်ဆိုင်ခွင့်ပေးတယ်၊ ဆိုတော့ ဒီဆည်တည်ဆောက်ရေးမှာ တရုတ်အစိုးရက ၈၅% ပိုင်ပြီး မြန်မာအစိုးရက ၁၅% ပဲပိုင်တယ်ပေါ့။ လျှပ်စစ်ဓာတ်အား ရောင်းလို့ရမယ့် အမြတ်ငွေရဲ့ ၇၀% ကိုတရုတ်အစိုးရက ရမှာဖြစ်ပြီး ၃၀% ကိုသာ မြန်မာအစိုးရက ရမှာပါ။ သူအဆိုအ ရပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတာက ကချင်တိုင်ရင်းသားများအမွန်အမြတ်ထားရာ မြစ်ဆုံကို ဖျက်ဆီးပစ်လို့၊ မြန်မာ ပြည်သူများ အမှီပြုအားထားရာ ဧရာဝတီမြစ်ကြီးကို တရုတ်အစိုးရကို ဖျက်ဆီးခွင့်ပြုလိုက်လို့ ဦးသိန်းစိန်အစိုးရပြန်ရမှာ က ပိုင်ဆိုင်မှုရဲ့ ၁၅%၊ လျှပ်စစ်ဓာတ်အားရဲ့ ၁၀%၊ နဲ့ အမြတ်အစွန်းရဲ့ ၃၀% ပါ၊ ပျက်စီးပျောက်ဆုံးသွားရမည့် ဧရာဝ တီမြစ်ကြီးကို ဆုံးရှုံးလို့ ကျနော်တို့ မြန်မာနိုင်ငံသားများအားလုံး၊ အခုလက်ရှိ မျိုးဆက်တွေသာမက နောင်လာမည့် မျိုး ဆက်များ ခံစားရမည့် ဆုံးရှုံးမှုပမာဏက ဦးသိန်းစိန်အစိုးရ ခံစားရမည့်အကျိုးအမြတ်ထက် အဆပေါင်း ထောင်နဲ့ချီပြီး ကြီးမားလှတယ်ဆိုတာကိုတော့ ဦးဇော်မင်း ထည့်တွက်ပုံမရပါဘူး။

(၂) တရုတ်ပြည်ရဲ့ မဟာတံတိုင်းအသစ်

တရုတ်ပြည်က ထင်ရှားကျော်ကြားလှတဲ့ မဟာတံတိုင်း (The Great Wall) ကြီးကို အားလုံး ကြားဖူးကြမှာပါ၊ ဘီစီ ၅ ရာစုလောက်ကစပြီး မင်မင်းဆက် (Ming Dynasty) (၁၃၆၈-၁၆၄၄) အထိ ကာလ အတွင်း တရုတ်နိုင်ငံရဲ့ မြောက်ပိုင်း က ကျူးကျော်ဝင်ရောက်မှုတွေကို ကာကွယ်ဖို့ လူသန်းပေါင်းများစွာ ကိုအဓမ္မစေခိုင်းပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ ရတဲ့ ခံတပ်တံတိုင်းကြီးတွေပါ။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိပြီး မိုင်ပေါင်း ၅၀၀၀ ကျော်ရှည်လျားလို့ ၁၉၈၇ ခုနှစ် မှာ ကုလသမဂ္ဂ က ကမ္ဘာ့အမွေအနှစ်တပါးအဖြစ် အသိအမှတ်ပြုထားတာပါ၊ ဒီဘက်ခေတ်မှာတော့ လက်ရှိ တရုတ်အစိုး ရက မဟာတံတိုင်းအသစ်ကြီးတခုကို ဆောက်လုပ်နေပါတယ်၊ ဒီတခါဆောက်တဲ့ မဟာတံတိုင်းအသစ်က တရုတ်နိုင်ငံ အတွင်းမှာ မဟုတ်ပါ၊ တရုတ်နိုင်ငံအပြင်ဘက် ကမ္ဘာတဝှမ်းမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေတဲ့ ရေကာ တာကြီးများ ဖြစ်ကြပါတယ်။ အာဖရိကမှာဆိုရင် အဲဒီနိုင်ငံများကထွက်တဲ့ ရေနံကို ပြိုင်ဘက်မရှိဝယ်ယူနိုင်ဖို့ သက်ဆိုင်ရာ အစိုးရများကို လာဘ်ထိုးတဲ့အနေနဲ့ တရုတ်အစိုးရက ဆည်ကြီးတွေ ဆောက်လုပ်ပေးပါတယ်။ ခြံစည်းရိုးခြင်းကပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ထွက်လာမည့် လျှပ်စစ်ဓာတ်အားကို ဝါးမျိုစားသောက်ဖို့ ဆည်တွေဆောက်ပေးတာပါ၊ သမိုင်း ဟောင်းမှာ မဟာတံတိုင်းကြီးဆောက်တော့ အပြစ်မဲ့ တရုတ်ပြည်သူတွေ အဓမ္မလုပ်အားပေးခိုင်းစေခံကြရ၊ နေရာရွှေ့ ပြောင်းကြရ၊ ဘဝတွေပျက်စီးကြရ၊ အသက်တွေ သေဆုံးကြရသလိုပဲ ဒီကနေ့ခေတ်၊ တရုတ်အစိုးရရဲ့ မဟာတံတိုင်းသစ် ဆောက်လုပ်ရာမှာ ကမ္ဘာတဝှမ်းက အပြစ်မဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရတာပါ။

သမိုင်းဟောင်းမှာတုံးက မဟာတံတိုင်းဆောက်လုပ်ရာမှာ ဒေသခံစစ်ဘုရင်တွေ အကျိုးစီးပွါးဖြစ်ထွန်းခဲ့သလို ဒီကနေ့ တရုတ်အစိုးရက ကမ္ဘာကို ပါတ်ပြီး ဆည်တွေတည်ဆောက်ရာမှာလဲ တရုတ်အစိုးရနဲ့ အပေါင်းအပါ အာရှနဲ့ အာဖရိက က အာဏာရှင်အစိုးရတွေပဲ အကျိုးစီးပွါးဖြစ်ထွန်းကြတာပါ၊ ဆည်တွေဆောက်လို့ ပျောက်ဆုံးသွားတဲ့ မြစ်ကြီးတွေ၊ ရွှေ့ ပြောင် ရတဲ့ မြို့၊ ရွာတွေ၊ အဓမ္မလုပ်အားပေးရတဲ့ ပြည်သူတွေ၊ ပျက်စီးသွားတဲ့ သဘာဝပါတ်ဝန်းကျင်နဲ့ ပြောင်းလဲသွား တဲ့ ရာသီဥတု၊ ရေလွှမ်းခံရတဲ့ လယ်မြေတွေ၊ ကန္တာရဖြစ်သွားတဲ့ စိုက်ပျိုးခင်းတွေ၊ အသတ်ခံလိုက်ရတဲ့ သစ်တောကြီး တွေ၊ ဖြိုချခံလိုက်ရတဲ့ တောင်တန်းကြီးတွေကို တရုတ်အာဏာရှင်တွေနဲ့ သူတို့ရဲ့အပေါင်းအပါအာဏာရှင်များက အ လွယ်တကူမေ့လျော့လိုက်ကြပြီး တရုတ်ရှေးဘုရင်များက မဟာတံတိုင်းကြီးအတွက် ဂုဏ်ယူဝင့်ကြွားကြသလို တရုတ် အာဏာရှင်များနဲ့ အပေါင်းအပါများကလဲ မဟာတံတိုင်းသစ် ဆည်ကြီးများအတွက် ဂုဏ်ယူဝင့်ကြွားနေကြတာပါ၊ ဒါ ကြောင့်မို့ တရုတ်အစိုးရရဲ့ ဩဇာခံ စစ်ဘုရင်တပါးဖြစ်တဲ့ ဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းပြီး မြစ်ဆုံဆည် တည်ဆောက်ရေးကို ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ရပ်တန့်လိမ့်မယ်လို့ ကျနော် ဘယ်တုံးကမှ မမျှော်လင့်ခဲ့ပါ။ အခု ဦးဇော်မင်းရဲ့ စိန်ခေါ်ချက်က ကျနော့် သံသယကို အတည်ပြုပေးလိုက်ပါပြီ။

(၃) ဆည်တွေမှာ သက်တမ်းရှိ၍ ထိုသက်တမ်းမှာ တိုတောင်း၏

ဦးဇော်မင်းက ပြောသွားပါသေးတယ်။ “မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျနော့်ထက်ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး” တဲ့။ အဲဒီစကားအတွက် အတော်အံ့ဩမိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူကပဲ ဒီဆည်ကြီးကို တရုတ်အစိုးရကို ကာလအကန့်အသတ်တခုနဲ့ လုပ်ခိုင်းပြီး အဲဒီကာလပြီးဆုံးတဲ့ အချိန်မှာ “ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့၊ ဒါကြီးထားခဲ့တော့။ ကိုယ့်အနိုင်ငံအပိုင်ဖြစ်တယ်၊ ဒီထက်အကျိုးရှိတဲ့ဟာ ဘာ ရှိသေးလဲ” လို့ အားရပါးရပြောသွားလို့ပါ၊ ဆည်ကြီးတွေမှာ သက်တမ်းရှိတယ်ဆိုတာ သူသိပုံမရပါ။

မြစ်ကို ပိတ်ဆို့ပြီး ဆည်တွေ၊ ရေလှောင်ကန်တွေ တည်ဆောက်ကြတဲ့အခါ မြစ်ဖျားပိုင်းက စီးလာတဲ့ ရေတွေဟာ ရေကာ တာကြီးကြောင့် မြစ်အောက်ပိုင်းကို ဆက်လက်မစီးဆင်းနိုင်ဘဲ ရေလှောင်ကန်ကြီးထဲမှာပဲ ထိန်းသိမ်းခံကြရမှာပါ။ ပြီး တော့ ရေကာတာက ရေတံခါးကြီးများကို ဖွင့်ပေးမှသာ ရေတွေ မြစ်အောက်ပိုင်းကို ဆက်လက်စီးဆင်းနိုင်မှာပါ။ အဲဒီ ရေ လှောင်ကန်ကြီးထဲကို ရေတွေတင်မကဘူး နုံးမြေတွေ (Sediment) ပါစီးဝင် ရောက်ရှိမှာပါ။ အဲဒီ နုန်းတွေက ရေလှောင် ကန်ကြီးရဲ့ အောက်ခြေမှာ သွားပြီး စုပုံအနည်ထိုင်ကြမှာပါ၊ ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်က ရေတံခါးကြီးများရဲ့ အောက်ဖက်အဝေးကြီးမှာမို့ ရေတံခါးကြီးများကို ဖွင့်လို့ ရေတွေ မြစ်အောက်ပိုင်းကို စီးဆင်းခွင့်ရရင်တောင်မှ နုံးတွေအ တွက်ကတော့ ထွက်ပေါက်မရှိပါ။ အဲဒီလိုနဲ့ ရေလှောင်ကန်ကြမ်းပြင်မှာ တဖြေးဖြေးစုပုံအနယ်ထိုင်လာတဲ့ နုံးမြေတွေဟာ နှစ်တွေကြာတာနဲ့အမျှ မြင့်တက်ခိုင်မာလာပြီး ရေလှောင်ကန်ရဲ့ ကြမ်းပြင်ဟာ တစတစ မြင့်တက်လာပြီး ကန်ထဲမှာ လှောင်နိုင်တဲ့ ရေပမာဏဟာလဲ နည်းသထက် နည်းလာပါတယ်၊ ဒါကြောင့်မို့လို့ ရေလှောင်ကန်ထဲမှာ နုံးတွေများလာ တာနဲ့အမျှ၊ အောက်ကြမ်းပြင်မြင့်တက်လာတာနဲ့အမျှ၊ လှောင်နိုင်တဲ့ ရေပမာဏနည်းလာတာနဲ့အမျှ၊ လျှပ်စစ်စွမ်းအား ထုတ်နိုင်စွမ်းဟာလဲ လျော့နည်းလာပါလိမ့်မယ်။ ဒါကြောင့်မို့ ရေလှောင်ကန်တခု၊ ရေကာတာတခုရဲ့ လျှပ်စစ်ဓာတ်အား ထုတ်နိုင်စွမ်းဟာ အများဆုံး နှစ် ၂၀ နဲ့ ၃၀ ကြားမှာပဲ ရှိတတ်ပါတယ်၊ နှစ် ၂၀ ကျော်သွားပြီးရင်ဖြင့် အဲဒီ ရေလှောင်ကန် ကြီးဟာ နုံးမြေတွေ ပြည့်နှက်နေတဲ့ ကန်ကြီးတခုပဲ ဖြစ်နေပါလိမ့်မယ်။ လျှပ်စစ်ဓာတ်အားထုတ်ဖို့အသုံးမဝင်တော့သလို ခရီးသွားလာရေးနဲ့ အခြားကိစ္စများအတွက်လဲ အသုံးဝင်မှာ မဟုတ်တော့ပါ။

မြစ်ဆုံဆည်အပါအဝင် တရုတ်အစိုးရကတည်ဆောက်နေတဲ့ ဆည်ကြီးများအတွက် တရုတ်အစိုးရက နှစ် ၃၀ စာချုပ်နဲ့ (BOT/Build, Operate and Transfer) လုပ်ကိုင်ခွင့်ရမှာဖြစ်လို့ နှစ် ၃၀ ပြည့်လို့ တရုတ်အစိုးရက ကျနော်တို့ကို ဒီဆည် ကြီးများ ပြန်လွှဲပြောင်းပေးတဲ့အချိန်မှာ ကျနော်တို့ ရမှာက နုံးမြေတွေပြည့်နှက်နေတဲ့ အမှိုက်ကန်ကြီးတွေပါ၊ ဦးဇော်မင်း ပြောသလို အကျိုးရှိမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ။

(၄) အင်္ဂုလိမာလ ဇာတ်သိမ်းခန်း

ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးနီးပါး မြတ်ဗုဒ္ဓရဲ့ အောင်ခြင်း ၈ ပါးထဲက အင်္ဂုလိမာလချွတ်ခန်းကို ကြားဘူးကြမှာပါ၊ ဘုရားလက်ထက်က အင်္ဂုလိမာလ သတို့သားဆိုတာ ရှိခဲ့တယ်၊ တက္ကသိုလ်မှာ ဒိသာပါမောက္ခဆရာကြီးထံ ချဉ်းကပ်ပြီး ပညာသင်နေတဲ့အချိန်မှာ ဆရာကြီးက သူ့တပြည့်ကို သူ့ဇနီးနဲ့ မသင်္ကာဖြစ်ပါတော့တယ်။ ဒါနဲ့ ဆရာကြီးက အင်္ဂုလိမာလ ကို ချောက်တွန်းတဲ့အနေနဲ့ သူ့ဆီမှာ ပညာတွေသင်ယူဖို့ဆိုရင် သူက ငွေကြေးလက်မခံဘဲ လူ့လက်ညှိုး အချောင်း ၁၀၀၀ ကို သာပညာသင်ခအဖြစ်လက်ခံမှာ ဖြစ်ကြောင်းပြောပြီး အင်္ဂုလိမာလကို လူ့ လက်ညှိုးအချောင်း ၁၀၀၀ နဲ့ သူ့ကို ပူဇော် နိုင်မှ ပြန်လာခဲ့ဆိုပြီး ကျောင်းတော်က မောင်းထုတ်ပါတယ်။ ဆရာ့စကားနားထောင်တဲ့ အင်္ဂုလိမာလ ကလဲ ကျောင်းက ထွက်ခွါလာပြီး လူတွေကို လိုက်သတ်၊ လက်ညှိုးတွေကိုဖြတ်၊ အဲဒီ လက်ညှိုးတွေကို ပျောက်သွားမှာစိုးလို့ ကြိုးနဲ့ သီပြီး လည်ပင်းမှာ ချိတ်ဆွဲပြီး အင်မတန်ကြောက်စရာကောင်းတဲ့ လူဆိုးကြီး ဖြစ်လာပါတယ်။

အဲဒီလိုနဲ့ မြို့ပြင်က တောအုပ်ကြီးတခုမှာ ခိုလှုံပြီး တောအုပ်ကို ဖြတ်သန်းသွားသမျှ လူတွေကို သတ်ဖြတ်ပြီး လက်ညှိုး တွေ စုဆောင်းလာတာ တထောင်ပြည့်ဖို့ တချောင်းပဲလိုပါတော့တယ်၊ အဲဒီအချိန်မှာ သားကို စိတ်ပူလွန်းလို့လိုက်ရှာတဲ့ အင်္ဂုလိမာလ ရဲ့ မိခင်ကြီးက အင်္ဂုလိမာလရှိတဲ့ တောအုပ်ကို ရောက်လာပါတယ်။ အင်္ဂုလိမာလ ကလဲ သူ့အမေကို အမေ မှန်း မှတ်မိပေမည့် နောက်ဆုံးလိုတဲ့ လက်ညှိုးတချောင်းကိုရဖို့ သတ်မယ်ဆိုပြီး အမေ့နောက်ကို ဓားဝင့်ပြီး လိုက်ပါသတဲ့။ ဒီလိုနဲ့ မိခင်ကြီးက ကြောက်လန့်တကြား ရှေ့ကပြေး၊ သွေးဆာနေတဲ့ လူသတ်သမား အင်္ဂုလိမာလ က နောက်ကလိုက် နေချိန်မှာ မြတ်စွာဘုရားက ကိုယ်ထင်ပြပါသတဲ့၊ အဲဒီတော့မှ အင်္ဂုလိမာလက အမေ့နောက်လိုက်တာကိုရပ်ပြီး ဘုရားကို သတ်ဖို့လိုက်တော့ ဘုရားက ရှေ့ကနေ ဖြေးဖြေးလေး ကြွနေပေမည့် သူဘယ်လိုမှ လိုက်လို့မမီနိုင်ပါတဲ့၊ အင်္ဂုလိမာလက “ဟေ့၊ ရဟန်းကြီး၊ မပြေးနဲ့ ရပ်” လို့ပြောတော့ ဘုရားက “ချစ်သား အင်္ဂုလိမာလ၊ ငါကား မပြေး၊ သင်သာ ပြေးသူဖြစ် သည်” လို့ အစချီပြီး တရားဟောပြတော့မှ အင်္ဂုလိမာလ အကျွတ်တရားရ၊ အမှားတွေမြင်ပြီး နောင်တရပါသတဲ့။

အခုလဲ ဦးသိန်းစိန် နဲ့ စစ်အုပ်စုဟာ ကျနော်တို့ခေတ်ရဲ့ အင်္ဂုလိမာလတွေ ဖြစ်နေပါပြီး၊ သူတို့ရဲ့ ဆရာကြီး တရုတ်အစိုးရ ကျေနပ်စေဖို့အတွက် တိုင်းပြည်မှာ ရှိသမျှ သစ်တောတွေ၊ သတ္တုတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းတွေ၊ အဖိုး တန် ရတနာတွေ၊ အားလုံးကို ပေးအပ်ပြီးတဲ့နောက် အခု တရုတ်အစိုးရအလိုကျ မိခင်ဧရာဝတီကို သတ်ဖို့ကြိုးစားနေပါ ပြီ။ ဒီခေတ်မှာတော့ အမိဧရာဝတီ အသတ်မခံရအောင် ဘုရားကြွပြီး တရားပြဖို့ကတော့ မဖြစ်နိုင်ပါ။ ကျနော်တို့ မြန်မာ ပြည်သူများကပဲ စည်းလုံးညီညွတ်တဲ့ လှုပ်ရှားမှုနဲ့ အင်အားပြပြီး အင်္ဂုလိမာလဦးသိန်းစိန် အစိုးရက အမိဧရာဝတီကို မသတ်နိုင်အောင် တားဆီးကြရမှာပါ။

ဧရာဝတီ တော်လှန်ရေး စပါပြီ။

လေးစားစွာ

အောင်ဒင်
စက်တင်ဘာ ၁၂၊ ၂၀၁၁

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

ဧရာဝတီ ကို ကာကွယ်ကြစို့

Yellow River

(၁) ကွယ်လွန်သွားသော မြစ်ကြီးများ

မြစ်ကြီးတစင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်း စီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာထံ ပေါင်းစပ် ခိုလှုံရခြင်းပါ။

ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ် ကြပါတယ်။ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ် ပျက်ဆီးကြရ တာပါ။ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီး တွေ အများကြီး ရှိခဲ့ပါတယ်။ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီးတစင်းကတော့ တရုတ်ပြည်က မြစ် ဝါမြစ်ကြီး (Yellow River) ပဲ ဖြစ်ပါတယ်။


တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲ တောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ။

The Bo Hai Sea

တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှု တို့ မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အ ကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျို ညှစ် အနိုင်ကျင့်ခံရမှုတွေနဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏ ဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီးဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့။

မြစ်ဝါမြစ် အထက်ပိုင်းက နာမည်ကြီး Hukou ရေတံခွန်

Xiao Lang Di Dam on the Yellow River June 19, 2008

yellow river

ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ် ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခု အဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများနဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအ ထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်း တွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ။

ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ် နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေ အလုံအလောက်ရပြီး စီးပွား ရေး ပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေနဲ့ အလိုတော်ရိစီးပွားရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီး ကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုးဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှု ထက် အဆပေါင်းများစွာနိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ။ ဧရာဝတီကို မြစ်ဝါမြစ်လို ဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ၊

(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ

စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကိုဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ။ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကိုတားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်။ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာ တာ (Dam) နဲ့ ဟန့်တား၊ မြစ်ထဲကရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေး မှာကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်။ ဒီမြစ်ဆုံဆည်ကရ မည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ။ ရေကာတာမှာ ရေတံခါးကြီးများရှိ ပါတယ်။ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ် ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ။ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများ ကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ။ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည် စီမံကိန်းတခုရဲ့ ယေဘုယျလုပ်ငန်းစဉ်ပါ။

maka-malika

ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်။ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေ အားလျှပ်စစ် ကီလိုဝတ် ၃ သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့် ထားတာမို့ ဆည်ကြီးရဲ့ အလျားနဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်။ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အ ထပ် ၄၉ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်။ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာအကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်။

ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ။ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက် သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများ အမွန်အမြတ် တန်ဘိုး ထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဖွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ။ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ။

(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ

ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်။

(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေ ကို ပိတ်ဆို့ဟန့်တားပြီး နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ။ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ။ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီး ဆင်းနိုင်မှာပါ။

(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ။ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်။ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာ မဟုတ်ပါ။

(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်။ ဒါပေမည့် ရေတွေက ညစ် ပတ်ပြီး မသန့်ရှင်းတော့ပါ။

(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့ အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန်တွေအတွက် ရောဂါဘယတွေ ရစေပါတယ်။ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွားများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန် တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ။ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက် မှာမဟုတ်တော့ပါ။ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်။

(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်း သွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်။ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင် သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။

(ဆ) မြစ်ရေပမာဏနဲ့ ရေစီးကို ဆည်ကြီးက ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေများနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ။ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ် သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေများ မိုးရာသီက လွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာ မဟုတ်တော့ပါ။

(ဈ) ရေစီးနှေးပြီး ရေပမာဏနဲသွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက် တောတွေ ပျက်စီးကုန်ပါလိမ့်မယ်။ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ် လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများလာပါလိမ့်မယ်။ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့် မယ်။

(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာ ထတ် အဆမတန်ပိုများလာတတ်ပါတယ်။ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည် ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်။ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်။ မြစ်ထဲမှာလဲ ကမ်းပြို ထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ။

(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊ နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ။ အဲဒီအ ချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီး ဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်။ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့် အ ချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွားကို အကြီးအ ကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်။

အထက်မှာတင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါးသစ်ပင်များ၊ ပန်းများ၊ ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ် ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာကို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အ သက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ။ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ်ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာ ဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်။ တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန် မာစစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်။ တကယ်တော့ သူတို့တွေလဲ မျိုးရိုးစဉ်ဆက် ဧရာဝတီနဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ။ ဧရာဝတီဟာ ကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်။ ဧရာဝတီရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်။

(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြတာကတော့ “ဆင်း ရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ပပျောက်ရေး” ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အကြီးအ ကျယ်ပြုလုပ်နေကြတာပါ။ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ၂၀၁၁ ခုနှစ် မေ လ ၂၀-၂၁၊ နေပြည်တော်မှာကျင်းပတဲ့ “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေး ပွဲ” မှာ “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ” ဆိုတဲ့ စာတမ်းတစောင်တင်သွင်း ခဲ့ပါတယ်။ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံ ရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေး တင်ပြသွားတာတွေ့ရပါတယ်။

သူ့ရဲ့ တင်ပြချက်တွေကတော့ လယ်ယာ ကဏ္ဍကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါးစိုက်ပျိုး ထုတ် လုပ်မှုကို ပြည်တွင်းဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုး ထုတ်လုပ် ရောင်းချတဲ့ နိုင်ငံအဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒချမှတ်မှု၊ ဝန်ကြီးဌာနများရဲ့ အကောင်အ ထည်ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဍ၊ တိကျမှန်ကန်တဲ့ စာရင်းဇယားများပြုစုမှု၊ လယ် သမားများကို အခွင့်အရေးအကောင်းဆုံးဖန်တီးပေးဖို့ နဲ့ ဈေးကွက်အသစ်တွေ ရှာဖွေဖို့၊ မြေယာပိုင်ဆိုင်မှုတွေကို ပြင် ဆင်ဖို့ စသဖြင့် အကြံပြုထားတာတွေ့ရပါတယ်။ အခြား စီးပွားရေး အကြံပေးများကလဲ စာတမ်းတွေတင်ကြ၊ ဆွေးနွေး ကြပါတယ်။ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲရောက်မလာတဲ့အတွက် ဘာတွေ အကြံပြုတယ်ဆိုတာ မသိနိုင်ပါ။

ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီး ရဲ့ အရေးကြီးမှုအကြောင်း တလုံးမှမပါတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာ ကဏ္ဍကို မြှင့်တင်ရမယ်။ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်။ လယ်သမားတွေ အတွက်အကျိုး စီးပွားတွေ ဖန်တီးပေးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ်သင့်တယ်။ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊အကြံပေးတာ မတွေ့ပါ။ ကျနော်က ဆရာ ဦးမြင့်လို စီးပွားရေးပညာရှင်မဟုတ်ပေမည့် ဧရာဝတီ ကို မကယ် တင်၊ မကာကွယ် ၊မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့မပြောနဲ့၊ လျော့ကျအောင်တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဧရာဝတီမြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံးသွားခဲ့ရင် ကျနော်တို့ပြည်သူတွေဟာ ကုန်း ကောက်စရာတောင် ရှိမှာမဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်။ ဒါကြောင့်လဲ ဆရာဦးမြင့်အပါအဝင် ပညာရှင်များက မြန်မာစစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆိုချင်ပါတယ်။

မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံကျင်းပဦးမယ်။ အဲဒီ ဆွေးနွေးပွဲကို ဒေါ် အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရပါတယ်။ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန်သိသိနဲ့ ဧရာဝတီမြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။

(၅) တာဝန်သိသူများက ပြောနေကြပြီ

တာဝန်ရှိသူတွေက မပြောကြသေးပေမည့် တာဝန်သိသူများကတော့ ပြောနေကြပါပြီ၊ ဒီကနေ့ မြန်မာနိုင်ငံတွင်းက လစဉ် ထုတ်၊ အပါတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာ ဧရာဝတီမြစ်ကြီးရဲ့ တန်ဘိုးကြီးမားမှုနဲ့ ဧရာဝတီမြစ်ကြီး မပျက်ဆီး အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်တွေကို ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်း ဆရာတွေက အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ ကာတွန်းတွေ နဲ့ တင်ပြဆွေးနွေးနေကြပါပြီ၊ စာ မဘတ်တဲ့ စစ်ခေါင်းဆောင်တွေ မသိကြရင်တောင်မှ စာဘတ်တဲ့ ပြည်သူတွေ သိနားလည်နေကြပါပြီ၊ တချို့ စာရေး ဆရာတွေက စာပေဟောပြောပွဲတွေမှာ လူထုကို ဧရာဝတီမြစ်ကြီး ရဲ့ အတိဒုက္ခတွေအကြောင်း ရဲရဲတင်းတင်းဟော ပြောနေကြပါပြီ၊ အဲဒီ ပုဂ္ဂိုလ်များရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှုကို ကျေးဇူးတင်မိပြီး အဲဒီလို တာဝန်သိသူတွေ များလာဖို့၊ လူထုရဲ့ သိနားလည်မှုကနေ အင်အားအဖြစ်ပြောင်းလဲပြီး ဧရာဝတီကို ကာကွယ်နိုင်ကြဖို့ မျှော်လင့်မိပါရဲ့။

အဲဒီ တာဝန်သိသူတွေရဲ့ တင်ပြမှုတွေထဲက တခုကို မျှဝေချင်ပါတယ်။ အဲဒါက ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဟောပြောချက်ပါ။ မဂင်္လာဒုံမြို့နယ်မှာ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာကျင်းပတဲ့ စာ ပေဟောပြောပွဲတခုမှာ ပြောခဲ့တာလို့ သိရပါတယ်။ အဲဒီဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း က ဧရာဝတီမြစ်ကြီးအ ကြောင်း ကဗျာနှစ်ပုဒ်နဲ့ တင်ပြခဲ့ပါတယ်။

ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာ တပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က “အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ” တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ။ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်။

“အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ”

မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။

သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊

သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊

ကမ္ဘာတည်သရွေ့
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။

ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” လို့ ရဲရဲဝင့် ဝင့် တင်စားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။ ကဗျာဆရာက ဆက်ပြောပြပါတယ်။ ရသစာပေ တခုရဲ့ တန်ဘိုးကို အ ချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ်ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်း တယ်လို့ မခေါ်နိုင်ဘူးတဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်။ “ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး” တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလားလို့ သူ သံသယဖြစ်မိရပါတယ်… တဲ့၊

ကဗျာဆရာက ဆက်ပြောပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်။ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်က “မြစ်ကော” တဲ့။

“မြစ်ကော”

မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊

ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊

ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊

တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။

ကျနော်တို့ တိုင်းပြည်ရဲ့ သစ်တောကြီးတွေ၊ အဘိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝအရင်းအမြစ်တွေ ကို မြန်မာစစ်ခေါင်းဆောင်တွေက သူတို့ရဲ့ အရှင်သခင် တရုတ်အစိုးရထံ ပဏ္ဍာဆက်သ လာဘ်ထိုးပသနေခဲ့တာ ကုန် သလောက်ရှိနေပါပြီ၊ အခုထပ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးနဲ့ အခြားမြစ်ကြီးတွေကိုပါ မြန်မာ စစ်ခေါင်းဆောင်တွေက တရုတ်အစိုးရထံ လက်ညှိုးထိုး ရောင်းစားလိုက်ပါပြီ၊ ဒါကို ကဗျာဆရာ မောင်စိန်ဝင်း က “ကိုယ့် သွေးကို ကိုယ်ပြန်သောက်ပြီလား” လို့ နာနာကျင်ကျင် ညီးတွားရင်း မြစ်ကြီးတွေ ကောအောင်လုပ်တာဟာ မြန်မာနိုင်ငံ ပျက်သုံးအောင်လုပ်တာပဲလို့ ရဲရဲရင့်ရင့် စွပ်စွဲလိုက်တာပါ။ ဆရာမောင်စိန်ဝင်းလို ဧရာဝတီမြစ်ကြီးဘက်က အမှန်တရား ကို ရဲရဲဝံ့ဝံ့ပြောရဲသူတွေ ပို၍ပို၍များလာပါစေ၊ ဒီစကားတွေကို သက်ဆိုင်သူ အာဏာရှင်များလဲ ပြတ်ပြတ်သားသား ကြားကြပြီး အမှားပြင်နိုင်ကြပါစေ။

(ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက် အပြည့်အစုံကို ဒီနေရာမှာ http://www.4shared.com/audio/JhKO0JbZ/MgSeinWin_20110515_ThuTaRaThaS.html နားထောင်နိုင်ပါတယ်။)

(၆) မြစ်ကြီးနား၊ ငလျင်နဲ့ စက္ကန့် ၂၀

ကျနော့်ရဲ့ ဇူလိုင်လ ၈ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တဲ့ “ဧရာဝတီကို ကယ်တင်ကြစို့” စာတမ်းမှာ “မြစ်ဆုံဆည်ဟာ စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန့်၂၀ အတွင်းမှာ ရေအောက်နစ် မြုတ်သွားနိုင်တယ်” လို့ ပညာရှင်များရဲ့ သတိပေးချက်ကို တင်ပြခဲ့ပါတယ်။ အဲဒီမှာ စက္ကန့်၂၀ ဆိုတာဖြင့် မဖြစ်နိုင်၊ လွန် လွန်းပြီလို့ ဝေဘန်ဆွေးနွေးကြတာတွေကို စာရေးဆရာတယောက်ရဲ့ Face Book စာမျက်နှာမှာတွေ့ရပါတယ်။ “ဒီလို ဆိုရင် ရေဟာ တနာရီကို မိုင် ၅၄၀၀ လောက်နှုံးနဲ့ စီးဆင်းရမှာမို့ များပြီထင်တယ်” လို့ စာရေးဆရာက ဆိုပါတယ်။ တ ယောက်ကကျတော့ “မိနစ် ၂၀ ကိုပြောတာထင်တယ်။ နဲနဲပိုရေးမိသွားတာများလား” လို့ ဖြေပါတယ်။ တယောက်က ကျတော့ “အသံရဲ့မြန်နှုံးကမှ တနာရီကို ၇၆၈ မိုင်မို့ ရေရဲ့အမြန်က အသံထက် ၇ ဆကျော်မြန်နေပြီ” လို့ ထောက်ပြပြန် ပါတယ်။ တချို့ကတော့ “အမှားကြီးတခုကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်မိပါပြီ” ဆိုပြီး နောင်တရနေကြပြန်ပါတယ်။ ကျနော်ကတော့ အံ့ဩမိပါတယ်။ စက္ကန့်၂၀၊ မိနစ် ၂၀၊ ၂ နာရီ၊ နာရီ ၂၀ ဆိုတာက အဓိက မဟုတ်ပါ။ ငလျင်ဒဏ် ကြောင့် ဆည်ကြီးပြိုကျပြီး မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်နိုင်တယ်ဆိုတာကို သတိပေးခြင်းက အဓိကပါ။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ်လို့ ကျနော့် စာတမ်းတခုလုံးကို လက်မခံဘူး၊ မယုံဘူးဆိုရင်လဲ ရှိပါစေ၊ သစ်ပင် တပင်ချင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး သစ်တောအုပ်ကြီး တခုလုံးကို မမြင်သလို ဖြစ်နေပါတယ်။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ် ဆွေးနွေးနေမည့်အစား မြစ်ကြီးနားမြို့ကြီး ရေအောက်မရောက်အောင် ဘယ်လို အချိန်မီ ကာကွယ်ကြမလဲ ဆိုတာကို အလေးအနက်ဆွေးနွေးကြ၊ တာဝန်ယူဆောင်ရွက်ကြရင် ဘယ်လောက် ကောင်းလိုက်မလဲ။

ဆည်ကြီးပြိုကျဖို့က ငလျင်ကြောနဲ့ နီးတာအပြင် အခြားအကြောင်းရင်း နှစ်ရပ်ရှိပါသေးတယ်။ မိုးအကြီးအကျယ်အဆက် မပြတ် ရွာပြီး မြစ်ရေကြီးတဲ့အခါမှာလဲ ဆည်ထဲမှာထိန်းထားနိုင်တဲ့ ရေပမာဏကို အလွန်အကျွံကျော်လွန်ပြီး ရေဖိအား ဒဏ်မခံနိုင်ပဲ ဆည်ကျိုးတတ်ပါတယ်။ ၂၀၀၆ ခုနှစ် မေလမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ မြစ်ကြီးနားရဲ့ မြောက်ဘက် ၁၀မိုင် လောက်အကွာမှာရှိတဲ့ ကျိန်ခရန် (Ching Hkrang) ဆည် ပြိုအက်ပြီး ကျိန်ခရန်ရွာ ရေလွှမ်းမိုးခံရပြီး လူ ၅ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီကာလမတိုင်ခင်ကလဲ ဝါရှောင်ဆည်ကြီး ပြိုပျက်ခဲ့ပြီးပါပြီ၊ ကချင်ပြည်နယ်မှာ အဲဒီလို မိုးသည်း ထန်စွာရွာသွန်းပြီး မေခ၊ မလိခမြစ်ရေကြီးပြီး ရေလွှမ်းမိုးမှုကို ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၉၇၊ ၂၀၀၄၊ ခုနှစ်များမှာ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ၁၉၇၉ ခုနှစ်ရေလွှမ်းမိုးမှုမှာ မြစ်ကြီးနားမြို့ တမြို့လုံးနီးပါး ရေမြုတ်ခဲ့ပါတယ်။ နောက်တကြောင်းက တော့ တရုတ်ဆည်များရဲ့ အရည်အသွေးညံ့ဖြင်းမှုကြောင့်ပါ။ တရုတ်ပြည်မှာ ၁၉၇၅ ခုနှစ် ဩဂုတ်လမှာ ရှင်မန်တန် (Shimantan) နဲ့ ဘန်ကျောင် (Banqiao) ဆည်ကြီးတွေ ပြိုလဲတော့ အဆောက်အအုံ ၆ သန်းကျော် ပျက်ဆီး၊ လူ ၁၁ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ပြီး လူ နှစ်သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရပါတယ်။

Floodwaters overrunning the Washawng Dam in Burma in may 2006 shortly before it broke. (Photo: KDNG)

ဒီတော့ မြစ်ဆုံဆည်ကြီးပြိုကျဖို့က မိုးကြီးပြီး မြစ်ရေလွှမ်းလို့၊ ဆည်ရဲ့အရည်အသွေးညံ့ဖြင်းလို့နဲ့ ငလျင်လှုပ်လို့ စတဲ့ အ ကြောင်းသုံးပါးထဲက တကြောင်းကြောင်းဖြစ်စေ၊ နှစ်ကြောင်းစုံလို့ဖြစ်စေ၊ သုံးကြောင်းစလုံးပေါင်းစုံလို့ဖြစ်စေ၊ ဖြစ်လာနိုင် တဲ့ ကိစ္စပါ။ ကျိန်ခရန်ဆည်၊ ဝါရှောင်ဆည်များထက် အဆပေါင်းများစွာ ကြီးမားလှတဲ့ ဆည်ကြီးမို့ ဒီဆည်ကြီး ကျိုးပျက်ခဲ့ ရင်ဖြင့် (စက္ကန့်၂၀ မှာဖြစ်စေ၊ မိနစ် ၂၀ မှာဖြစ်စေ၊ ၂ နာရီမှာ ဖြစ်စေ) ဆည်ကြီးအောက်ခြေမလှမ်းမကမ်းက မြစ်ကြီးနား မြို့ကြီး ရေအောက်ရောက်သွားရုံမက ရေထဲမျောပါပျက်စီးသွားမှာပါ။

DISSENT ဆိုတဲ့ စာစောင် ရဲ့ ၂၀၁၁ ခုနှစ်ဆောင်းကူး/ဆောင်းရာသီ ထုတ် (AUTUMN/WINTER 2011) မှာ Melody Kemp ရေး တဲ့ KACHIN CAPERS ဆိုတဲ့ ဆောင်းပါးမှာ၊ စာမျက်နှာ ၃၂ မှာ ဟောဒီလို ရေးထားပါတယ်။ “တကယ်လို့ များ ကမ္ဘာမြေကြီးက ရွေ့လျားပြီး (မြစ်ဆုံ) ဆည်ပြိုလဲခဲ့ရင် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ လူ တသိန်းခွဲကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးဟာ စက္ကန့် ၂၀ အတွင်းမှာ ပျောက်ဆုံး သွားလိမ့် မယ်” (If the earth moves and the dam collapses, the downstream capital of Kachin State, a city of over 150,000, would disappear in 20 seconds.)၊ Melody Kemp က ဩစတြေလျ လူမျိုးစာရေးဆရာမ တယောက်ဖြစ်ပြီး အာရှတိုက်မှာ အနှစ် ၂၀ ကျော် နေထိုင်နေသူ ဖြစ်ပါတယ်။ သူမဟာ အင်မတန် ဩဇာကြီးမားတဲ့ အမေရိကန် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအဖွဲ့အစည်း (U.S. Society for Environmental Journalism) ရဲ့ အဖွဲ့ဝင်တယောက်လဲ ဖြစ်ပါတယ်။

(၇) အမျိုးသားရေးလှုပ်ရှားမှု

ဧရာဝတီကိုကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ဟန့်တားရေးဟာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့အားလုံး ညီညာဖျဖျ လှုပ်ရှားကြမယ်ဆိုရင် ဒီအမျိုးသားရေးလှုပ်ရှားမှုကြီးကနေ ဧရာဝတီ ကို ကယ်တင်နိုင်ရုံ၊ ကာကွယ်နိုင်ရုံမျှမက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်ပွဲများပါ ရရှိနိုင်မယ်လို့လဲ ကျနော် လေးလေးနက်နက်ယုံကြည်ပါတယ်။ ဒီလှုပ်ရှားမှုကြီးကနေ နိုင်ငံတကာမှာ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကိုလိုနီပြု နေမှု၊ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေမှုတွေကို လူသိရှင်ကြား ကန့်ကွက်ရှုံ့ချနိုင်ပါလိမ့်မယ်။ မြန်မာပြည်သူများရဲ့ မကျေနပ်မှု၊ နိုင်ငံတကာမိသားစုကြီးရဲ့ ဝေဘန် ရှုံ့ချမှုတွေအောက်မှာ တရုတ်အစိုးရဟာ သူ့ရဲ့ မြန်မာပြည်သူများအပေါ် အနိုင်အထက်ပြုကျင့်မှုကို ရပ်တန့်လာနိုင်ပါတယ်။ ပြီးတော့လဲ ပြည်တွင်းမှာ ပြည်သူတွေက၊ ဆရာမောင်စိန်ဝင်းလို တာဝန်သိသူတွေက မြန်မာစစ်ခေါင်းဆောင်တွေကို “ကိုယ့်သွေးကို ကိုယ်ပြန်မသောက်ကြဖို့”၊ “အမိနိုင်ငံရဲ့ အသက်သွေးကြောကို ရောင်းမစားဖို့”၊ ပိုပြီး ရဲရဲရင့်ရင့်၊ ကျယ်ကျယ်လောင်လောင် တောင်းဆိုဖိအားပေး နိုင်ကြမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တရုတ်အစိုးရအပေါ် အလွန်အကျွံမှီခိုနေရမှုတွေကို ပြန်လည် စဉ်းစားသုံးသတ်ပြီး ရှက်တတ်လာနိုင်ပါတယ်။

ဒီ မြစ်ဆုံရေကာတာကြီးကို ဆက်ဆောက်နေသရွေ့ ကချင်ပြည်သူများ၊ မြန်မာပြည်သူများရဲ့ ကန့်ကွက်ရှုံ့ချမှုကို သူတို့ ဆက်လက် ရင်ဆိုင်နေရမှာဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်နိုင်မှာ မဟုတ်ပါ။ ကျနော်တို့ရဲ့ ဧရာဝတီ ကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ် သစ္စာခံပြီး တရုတ်လိုသမျှ ပေးနေရတာထက် မြန်မာနိုင်ငံသားအချင်းချင်း မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိ နှိုင်း ဖြေရှင်းကြရင် တရုတ်အပါအဝင် ဘယ် နိုင်ငံခြားအစိုးရကိုမှ ကြောက်မနေရဘဲ ဂုဏ်သိက္ခာရှိရှိ၊ “ကမ္ဘာတည်သရွေ့၊ မြန်မာပြည် ဟေ့ရယ်လို့ ကြွေးကြော်ပြီး” ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိမြင်လာစေနိုင်မှာဖြစ်ကြောင်းပါ။

လေးစားစွာ

အောင်ဒင်
ဩဂုတ် ၂၊ ၂၀၁၁

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် ၏ ဒီမိုကရေစီနေ့ တွင်ပြောကြားခဲ့သည့် မိန့်ခွန်း



source by :မဇ္ဈိမ

အပြည့်အစုံ ဖတ်ရန် ...

ဒီမိုကရေစီ ဘက်တော်သားပါဟု ဦးရွှေမန်းပြော

မျိုးသန့် ။ တပ်မတော်တွင် နှစ်ပေါင်း ၄ဝ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးရာထူးမှ အနားယူသွားသူ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိကိုယ်ကို ဒီမိုကရေစီ ဘက်တော်သား တယောက်
ဖြစ်ကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် ဒီမိုကရေစီနေ့တွင် ပြောသွားသည်ဟု လွှတ်တော်အမတ်များ အပြောအရ သိရသည်။

"သူက စ,စ ချင်းပဲ၊ ကျန်းမာ ချမ်းသာကြပါစေ နှုတ်ဆက်ပြီးတော့ ကျနော် ဒီမိုကရေစီ ဘက်တော်သား တယောက် အနေနဲ့ ဆိုပြီးတော့ ပထမဆုံးအပိုဒ်မှာ စပြောသွားတယ်။ နောက်အပိုဒ်တွေက စပြီးတော့ ဒီမိုကရေစီ ဘက်တော်သားများ ခင်ဗျာဆိုပြီး အဲဒါမျိုး သုံးသွားတယ်။" ဟု အမတ်တဦးက ပြောသည်။

၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးရွှေမန်းက ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော်နှင့် ကပ်လျက်ရှိသော သဘင်အဆောက်အအုံ သဘင်ခန်းမတွင် နံနက် ၁ဝနာရီမှ မွန်းလွဲသုံးနာရီထိပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် ပြောသွားခြင်းဖြစ်သည်။


shwemann
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းနားသို့ လာတက်ရောက် လာကြသူများကိုလည်း ဒီမိုကရေစီ ဘက်တော်သားများဟု သုံးနှုန်းသွားခဲ့သော စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးရွှေမန်း (သို့မဟုတ်) အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း (ဓါတ်ပုံ မဇ္ဈိမ)

"ဒီမိုကရေစီ ဘက်တော်သားဆိုရင် အစိုးရကို ဆန့်ကျင်တဲ့သူတွေလို့ အဓိပ္ပါယ်ရသွားတယ်၊ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်း သုံးမိရင် နိုင်ငံရေးသမား ဒီမိုကရေစီအကြောင်းကိုပြောရင် ဒီနိုင်ငံမှာ ပြောလို့မရဘူး၊ နောက်ပြီးတော့ ဒီမိုကရေစီပြောရင် နိုင်ငံရေးသမားဆိုတော့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေက ပါတီနိုင်ငံရေး ကင်းရှင်းရမယ် ဆိုတဲ့အခါမှာ ဝန်ထမ်းတွေ ကျောင်းသားတွေက ဒီမိုကရေစီဆိုတဲ့ စကားကို မသုံးရဲဘူး" အမတ်တဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အောက်လွှတ်တော် အမတ်ဖြစ်သူ ဦးခိုင်မောင်ရည်က မိမိတို့သုံးနှုန်းသည့် ဒီမိုရေစီဘက်တော်သားဆိုသည့် ဝေါဟာရသည်၊ ထောင်တွင်းရောက် နိုင်ငံရေးလှုပ်ရှားသူများ၊ တောခိုပြီး စစ်အစိုးရကို ဆန့်ကျင်နေသူများနှင့် ပြည်တွင်း၊ပြည်ပ ဒီမိုကရေစီအရေး လှုပ်ရှားနေသူများကို ရည်ညွှန်းသည်ဟု ဆိုသည်။

သို့သော် လွှတ်တော် ဥက္ကဋ္ဌ တဦးအနေဖြင့် ယခုလိုပြောခြင်းကို မိမိအနေဖြင့် ကြိုဆိုပြီး၊ ဦးရွှေမန်း၏ ဒီမိုကရေစီအရေး လုပ်ရှားမှုများကို စောင့်ကြည့်ရဦးမည်ဟုလည်း ဦးခိုင်မောင်ရည်က ဆိုသည်။

"လွှတ်တော် ဥက္ကဋ္ဌတယောက် နိုင်ငံ့ Player တယောက်က အဲဒီလိုပြောရဲတာ ဘယ်သူမှ ဒီစကားလုံးတခါမှ မသုံးဘူးဖူး၊ သူက ဒီစကားလုံးကို ဒိုင်းကနဲ့ သုံးချလိုက်တယ်။ အဲဒီတော့ ဒါဟာ ရိုးသားမှုလား သို့မဟုတ် တခုခုကို အလျော့ပေးခြင်းလား ဆိုတာတော့ မသိသေးပေမယ့် ဦးရွှေမန်းသည် ဒီမိုကရေစီ ဘက်တော်သားဆိုတာ စကားလုံး အရတော့ ဖြစ်သွားပြီ" ဟု ဦးခိုင်မောင်ရည်က မဇ္ဈိမကိုပြောသည်။

လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်တွင်း ဆွေးနွေးမှုများကို ဒီမိုကရေစီနည်းလမ်းတကျ လုပ်ဆောင်နေပြီး အစိုးရဌာနများနှင့်အစိုးရမှလည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သူ၏မိန့်ခွန်းတွင် ထည့်ပြော သွားသည်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော်အနီး သဘင်ဆောင်တွင် ပထမဆုံး ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် လွှတ်တော်ရောက် နိုင်ငံရေးပါတီများမှ ဒီမိုကရေစီစနစ်အပေါ် ယူဆပုံ အသီးသီးကို စာတမ်းအဖြစ် ပြုစုကာ ဖတ်ကြားကြသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ကျင်းပရာ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်နိုင်ခြေရှိသည့် အနေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း သူ၏ ၁ဝ မိနစ်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသည်။

အသက် ၆၄ နှစ်ရှိ သူရဦးရွှေမန်းသည် တပ်မတော်တွင် ၁၉၆၉ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ တွင် တပ်မှအနားယူကာ ကြံ့ဖွံ့ပါတီဝင်အဖြစ် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ အောက်လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သည်။

ဦးရွှေမန်းသည် ၂ဝ၁ဝ ဖေဖေါ်ဝါရီလ နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် အောက်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ်သည်။
source by :မဇ္ဈိမ

အပြည့်အစုံ ဖတ်ရန် ...

အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ

အောင်လင်းထွဋ်(သူ့အတွေး သူ့အမြင်)
တနင်္သာရီတိုင်း  ကော့သောင်း မြို့နယ်ပင်လယ်ပြင် ထိုင်း-မြန်မာ ရေပိုင်နက်အနီး  ခရစ္စတီးကျွန်းတွင် ၁၉၉၈ ခု မေလက မြန်မာစစ်တပ်သည် အပြစ်မဲ့အရပ်သား  နို့စို့ကလေးနှင့်    အမျိုးသမီးများပါမကျန် စုစုပေါင်း ၈၁ ဦးကို သဲသောင်ပြင်ပေါ်တွင် သေနတ်နှင့်  ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုတွင် စစ်ဗျူဟာမှူးအဖြစ်  ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အမိန့်ပေးခဲ့သူသည် ဧရာဝတီ မြစ်ဆုံရေကာတာ  စီမံကိန်းကို ဆက်လုပ်မည်၊ ဘယ်တော့မှ နောက်မဆုတ်ဟု ပြောလိုက်သော ထိုစဉ်က  ဗိုလ်မှူးကြီးဟောင်း၊ ယခု အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်း  ဖြစ်သည်။




မြန်မာနိုင်ငံမှာ သူ့လောက် ဘယ်သူမှ မသိဘူးဆိုတဲ့ လျှပ်စစ်ဝန် ဦးဇော်မင်း (ဓာတ်ပုံ - EMG)
ဝန်ကြီး ဦးဇော်မင်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၁၅)  ကျောင်းဆင်း အရာရှိတဦး ဖြစ်သည်။ စွမ်းဆောင်ရည် ထက်ထက်မြက်မြက်  မရှိသောကြောင့် စစ်တက္ကသိုလ်အပတ်စဉ် (၁၅) ကျောင်းဆင်းများအနက်  အတော်နောက်ကျမှ ဗိုလ်မှူးကြီးရာထူးကို ရခဲ့သူဖြစ်သည်။


ကာကွယ်ရေးဝန်ကြီး  မလုပ်လိုသောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဖြုတ်ခံရသူ၊  စစ်တက္ကသိုလ်အပတ်စဉ် (၁၈) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်၏ အမှတ်  (၁၃) စစ်ဆင်ရေးကွပ်ကဲမှု တပ်မမှူးလက်အောက်တွင် ခရစ္စတီးကျွန်း စစ်ဆင်ရေး၌  ဗျူဟာမှူးအဖြစ် လူသတ်သမားတာဝန်ကို ယူခဲ့သည်။ ထိုစဉ်က  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့်  အပြစ်မဲ့အရပ်သား ၈၁ ဦးကို သတ်ခဲ့သည့်အတွက် ဗိုလ်မှူးကြီး ဇော်မင်းအား  ချီးမြောက်သည့်အနေဖြင့် တပ်ချုပ်ကြီးမှ မကွေးတိုင်း အေးချမ်းသာယာရေးနှင့်  ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရာထူး ခန့်အပ်ခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင်  သမဝါယမဝန်ကြီးရာထူးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း  တွဲဘက် အထွေထွေ အတွင်းရေးမှူးရာထူးတို့ကို ရခဲ့သည်။ ထို့နောက် နအဖ  စစ်အစိုးရခေတ်မှ ယနေ့အထိ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ရာထူးကို ဆက်ရထားသူ  ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေးမျိုးနီးစပ် တော်သယောင်၊  နီးစပ်သယောင် ဝန်ကြီးအသိုင်းအဝန်းအတွင်း သတင်းလွှင့်ထားပါသည်။

ခရစ္စတီးကျွန်း  စစ်ဆင်ရေးအတွင်း လူအစုလိုက်အပြုံလိုက် သတ်ခဲ့မှုသည် မည်သို့မျှ  ငြင်းမရနိုင်သည့် ဖြစ်စဉ်တခု ဖြစ်နေသည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  အပါဝင် စစ်ခေါင်းဆောင်များသည် တစ္ဆေခြောက်နေသလို ခံစားနေရဆဲဖြစ်ပါသည်။  နဂိုကြောက်စိတ်အခံရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့အချိန်တွင်  ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်ကင်တားနား၏ ကမ္ဘာ့နိုင်ငံကြီးအများစုက  ထောက်ခံမှုပေးထားသော မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများကို  စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို အထူးစိုးရိမ်ကြောင့်ကြနေသည့်အတွက်  အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဇော်မင်းလို လူစားမျိုးကို မွေးထားရဆဲဖြစ်သည်။

အလျဉ်းသင့်၍  ခရစ္စတီးကျွန်း စစ်ဆင်ရေးအကြောင်း ပြန်ပြောင်းတင်ပြရလျှင် တပ်ချုပ်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖွဲ့စည်းပေးလိုက်သော ကြည်း၊ ရေ၊ လေ  စစ်ဆင်ရေးတွင် ခေါင်းဆောင်ကို ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ်  နောက်ဆုံးတာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း၊ အဖွဲ့ဝင် (၁) ကို  ကာကွယ်ရေး ဦးစီးချုပ် (လေ) အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ဗိုလ်ချုပ်  မြင့်ဆွေ (လေ)၊ အဖွဲ့ဝင် (၂) ကို စစ်ရေးချုပ်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ  ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်တို့အား တာဝန်ပေးခဲ့သည်။

စစ်ဆင်ရေးတွင်  တပ်မတော်ကြည်းမှ ကော့သောင်းအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်း  (လက်ရှိ လျှပ်စစ် (၁) ဝန်ကြီး)၊ အမှတ် (၂၆၂) ခြေလျင်တပ်ရင်းမှူး ဒု  ဗိုလ်မှူးကြီး စိုးတင် (နောက်ဆုံးသိရသရွေ့ ညွှန်ကြားရေးမှူး၊ စက်မှု (၁)  ဝန်ကြီးဌာန)၊ အမှတ် (၄၀၅) ခြေမြန်တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဝင်းဆွေ  (နောက်ဆုံး သိရသရွေ့ စစ်ဗျူဟာမှူး) တို့ ပါဝင်သည်။ ရေတပ်မှ ဇာဒက်ကြီး  ရေတပ်စခန်းမှူး ဒု ဗိုလ်မှူးကြီး မောင်မောင်သစ် (နောက်ဆုံးသိရသရွေ့ ဒု  ဌာနချုပ်မှူး၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်) ဦးစီးသော စစ်သင်္ဘောအုပ်စု၊  တပ်မတော်လေမှ ရဟတ်ယာဉ် (၂) စီး ပူးပေါင်းပါဝင်ခဲ့ကြသည်။  စစ်ဦးစီးအရာရှိများအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူး  တင့်ဆန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ ဗိုလ်မှူး မောင်မောင်လတ်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ ဗိုလ်မှူး မောင်မောင်သန်း၊  တပ်မတော်ထောက်လှမ်းရေးမှ ဗိုလ်မှူး အောင်လင်းထွဋ် ပါဝင်ခဲ့ပါသည်။

ဗိုလ်မှူးကြီး  ဇော်မင်းနှင့် စစ်ကြောင်းများ ခရစ္စတီးကျွန်းပေါ် ရောက်သည်နှင့်  ကျွန်းပေါ်တွင် ရန်သူမတွေ့ရဘဲ ကော့သောင်းဧရိယာမှ ထင်းခုတ်နေကြသော  အမျိုးသမီး၊ အမျိုးသား ၅၉ ဦး (မွေးကင်းစ ကလေးငယ်လေးတဦး အပါဝင်) ကို  တွေ့ရှိကြောင်း ဗိုလ်မှူးကြီး ဇော်မင်းက ကွပ်ကဲရေးအဖွဲ့သို့ သတင်းပို့သဖြင့်  ရန်သူမဟုတ်လျှင် ဘာမျှမလုပ်ရန် အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး  ကြည်မင်းက အမိန့်ပေးခဲ့ပါသည်။ ဆက်လက်၍ ကကကြည်းရှိ ဗိုလ်ချုပ်မှူးကြီး  သန်းရွှေ ထံ ဆက်လက်တင်ပြခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း  ဦးစီးသော အဖွဲ့ဝင်များနှင့် စာရေးသူတို့၏ Staff များသည်  ခရစ္စတီးကျွန်းပေါ်သို့ ၂ ခေါက်၊ ၃ ခေါက် ရောက်ရှိခဲ့ဖူးပြီး ဒု  ဗိုလ်ချုပ်ကြီး ကြည်မင်း ကိုယ်တိုင် ပါလာသောမုန့်များကို ကလေးငယ်များအား  ကြင်နာသနားစွာ ကျွေးခဲ့ပါသေးသည်။ ထိုစဉ် ဗိုလ်မှူးကြီး ဇော်မင်းသည်  မနှစ်မြို့ဟန် အမူရာကို မြင်ခဲ့ရသည့်အတွက် စာရေးသူကိုယ်တိုင် ဒီလူ  လူမှဟုတ်ရဲ့လားဟု စိတ်ထဲမှကြိတ်၍ မှတ်ချက်ချခဲ့ဖူးပါသည်။

နောက်ဆုံးတခေါက်  ခရစ္စတီးကျွန်းကပြန်ပြီး မကြာခင် ညဘက် ၉ နာရီတွင် ကကကြည်းရှိ  ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ ကြေးနန်းတစောင် ရောက်လာပါသည်။ ကကကြည်းမှ  ဗိုလ်မှူး တင့်ဆန်းက အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ကြည်မင်းထံ တင်ပြရာ  မျက်စိမျက်နှာပျက်သွားသည်ကို ကျနော်တို့ သတိထားမိလိုက်သည်။

ဗိုလ်မှူး  တင့်ဆန်းကို မေးကြည့်သောအခါ ခရစ္စတီးကျွန်းပေါ်ရှိ အရပ်သားအားလုံး တယောက်မှ  အရှင်မထားဘဲ သတ်ပစ်ရန်အမိန့်ဟု သိလိုက်ရသည်။ သို့နှင့် ညတွင်းချင်း  အဖွဲ့ခေါင်းဆောင်က အားလုံးကိုခေါ်၍ သတ်မိန့်ကို ရှင်းပြရာ အများစုက  စိတ်မကောင်းကြပါ။ လေတပ်တာဝန်ခံ ဗိုလ်ချုပ် မြင့်ဆွေ (လေ) က ပုတီးသမားဖြစ်၍  ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ညဘက် အရက်များပြီး မူးမူးနှင့် မှား  အမိန့်ပေးသည်ဟု သုံးသပ်ကာ မနက်အမူးပြေချိန်တွင် ပြန်မေးသင့်သည်ဟု တင်ပြသည်။  ကြည်းတပ် တာဝန်ခံ ဒု ဗိုလ်ချုပ်ကြီး မြင့်အောင်ကမူ ပြန်မေးမနေရန်နှင့်  အမိန့်အတိုင်း ဗိုလ်မှူးကြီး ဇော်မင်းကို ဆက်လက်ညွှန်ကြားရန် အဆိုပြုသည်။  နောက်ဆုံး တပ်မတော် ရေနှင့် လေက မဲများသည့်အတွက် နောက်တနေ့ နံနက်တွင်  စစ်ရုံးချုပ်သို့ မေးရန် အတည်ပြုလိုက်ကြသည်။

နောက်တနေ့ နံနက်တွင်  အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ကြည်မင်းကိုယ်တိုင်  ဆက်သွယ်ရေးစက်မှတဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  သန်းရွှေ ရုံး၏ စစ်ဦးစီး ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးချုပ် မြင့်ဆွေ (လက်ရှိ ဒု  ဗိုလ်ချုပ်ကြီးဟောင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်) နှင့် စကားပြောခဲ့သည်။  ဒု ဗိုလ်ချုပ်ကြီး ကြည်မင်း ပြန်ပြောသည်မှာ “ဒါအဘကြီး (ဗိုလ်ချုပ်မှူးကြီး  သန်းရွှေ) ဆီက လာသည့် အမိန့်”၊ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ဖို့ ပြောသည်ဟု  သိလိုက်ရသည်။ အမိန့်ကိုဆက်ပြီး ဗိုလ်မှူးကြီး ဇော်မင်းကို ညွှန်ကြားရာ  ဗိုလ်မှူးကြီး ဇော်မင်းက ပျော်ပျော်ကြီး အမိန့်ကိုလက်ခံပြီး  အပြစ်မဲ့အရပ်သားများ၊ ကလေးပါမကျန် သတ်ရန် လက်အောက်ခံ တပ်မှူးများကို  အသေးစိတ် ညွှန်ကြားခဲ့ကြောင်း ဗိုလ်မှူးကြီး ဇော်မင်းအနီး ရှိနေခဲ့သည့် အမှတ်  (၁၉) ထောက်လှမ်းရေးတပ် (မြိတ်) တပ်မှူး ဗိုလ်မှူး မြင့်ဦး (ယခု  အကျဉ်းထောင်တွင်း နှစ်များစွာ ကျခံနေရသူ) က ပြန်သတင်းပို့၍ သိခဲ့ရသည်။

ဗိုလ်မှူးကြီး  ဇော်မင်းအမိန့်ဖြင့် ကျွန်း၏သောင်စပ်တွင် အားလုံးကို တန်းစီစေပြီး  ၄င်းကိုယ်တိုင် ကြီးကြပ်၍ ကလေးပါမကျန် သတ်စေခဲ့သည်။ ထိုအချိန်က ဗိုလ်မှူး  မြင့်ဦး လျှို့ဝှက်ရိုက်ခဲ့သော မှတ်တမ်းဓာတ်ပုံများ  စစ်ထောက်လှမ်းရေးဌာနတွင် ရှိပါသည်။ ကျနော် ခရစ္စတီးကျွန်းတာဝန်ပြီး၍  စစ်ထောက်လှမ်းရေးရုံးချုပ်သို့ ရောက်သည့်အခါ ပုံမှန် ဗိုလ်ချုပ်ကြီး  ခင်ညွန့်၏ နံနက်ပိုင်း တွေ့ဆုံတင်ပြခြင်း (Breifing) တွင်  အဆိုပါဓာတ်ပုံများကို တင်ပြခဲ့ဖူးသည်။

မရှေးမနှောင်းတွင်  ထိုင်းငါးဖမ်းလှေတစီး ခရစ္စတီးကျွန်းအနီး ရောက်လာသဖြင့် ရေတပ်စစ်ရေယာဉ်က  လှေနှင့်အတူ ထိုင်းနှင့် မြန်မာ အရပ်သား ၂၂ ဦးကိုဖမ်းပြီး  သတင်းပို့ခဲ့သည်။ စစ်ရုံးချုပ်က အားလုံးအရှင်မမြင်ချင်ဘူးဟု  အမိန့်ပေးလာသဖြင့် ဤကိစ္စတွင် ရေတပ်က တာဝန်ယူပြီး လှေသားများကို  ခရစ္စတီးကျွန်းပေါ်တွင်သတ်ကာ စက်လှေကို ပင်လယ်ထဲတွင် မြှုပ်ခဲ့ကြရသည်။

ဤကဲ့သို့  အကြင်နာတရား၊ အမျှော်အမြင်တရားမရှိ သွေးစွန်းနေသည့် ဗိုလ်မှူးကြီးဟောင်း  ဇော်မင်းသည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်၌ တည်ဆောက်မည့်  မြစ်ဆုံရေကာတာ စီမံကိန်းကိုလည်း ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဟူ၍   လုပ်ဆောင်မည့် လူစားဖြစ်ပါလိမ့်မည်။

မြစ်ဆုံရေကာတာ စီမံကိန်းနှင့်  ပတ်သက်၍ ယခုကဲ့သို့ ရိုင်းပျစွာ တုံ့ပြန်ဝံ့သည်မှာလည်း နောက်ကွယ်မှ  ကြိုးကိုင်ဆဲဖြစ်သော ၎င်းတို့တို့ “အဘကြီး” ဟု ခေါ်နေရဆဲဖြစ်သည့်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေသောကြောင့် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး  သန်းရွှေ ပြောခိုင်းသည့်အတိုင်း ပြောနေရကြရသည်ဟု သိရသည်။

သမ္မတ  ဦးသိန်းစိန်သာ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိလျှင် ဗိုလ်မှူးကြီးဟောင်း  ဇော်မင်း ယခုကဲ့သို့ တုံ့ပြန်ပြောဆိုသည်ကို ခွင့်ပြုမည် မဟုတ်သည်မှာ  သေချာပါသည်။

source by :ဧရာဝတီ

အပြည့်အစုံ ဖတ်ရန် ...

ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေ ပြန်ပွင့်နေ

ထွန်းထွန်း | ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ၏ အင်တာနက် ဝက်ဘ်ဆိုက်များ အပါအဝင် ပိတ်ပင်ထားခဲ့သော ဝက်ဘ်ဆိုက်အများစုကို မြန်မာနိုင်ငံတွင်းမှ ကြာသပတေးနေ့မှစတင်၍ တိုက်ရိုက် ဖတ်ရှု၍ ရနေပြန်သည်။

သို့သော် မဇ္ဈိမ သတင်းဌာန၏ အင်္ဂလိပ်၊ မြန်မာဝက်ဘ်ဆိုက်များကိုမူ ကုမ္ပဏီအများစုသို့ ဦးတည်ချပေးသော
နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး MPT အင်တာနက်လိုင်းတွင် ဖွင့်မရသေးဘဲ ရတနာပုံလိုင်းတွင်သာ ကြည့်ရှုရနိုင်
သည်ဟု ရန်ကုန်မြို့ခံ အင်တာနက် သုံးစွဲသူများက ဆိုသည်။

MPT နှင့် ရတနာပုံတယ်လီပို့စ်လိုင်း နှစ်ခုစလုံး၌ ဒီဗီဘီ၊ ဧရာဝတီတို့၏ ဝက်ဘ်ဆိုက်များ ဖွင့်လှစ်ရနေပြီ ဖြစ်သည်။


ပြည်တွင်းမှ မဇ္ဈိမဝက်ဆိုဒ်သတင်းကို ဖတ်ရှု့နေသည်ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

မြန်မာပိုင်း ရေဒီယိုအသံလွှင့်ဌာနများ သီးခြားရှိသော RFA, BBC နှင့် VOA တို့၏ အင်တာနက် ဝက်ဘ်ဆိုက်များ
လည်း ပွင့်နေပြီး ဘလော့ဂ် ရေးသားနိုင်သော Blogspot, Blogger နှင့် ဗီဒီယိုမျှဝေသော YouTube ဝက်ဘ်ဆိုက်၊ Hotmail, Yahoo များမှာလည်း လိုင်းနှစ်ခုစလုံး၌ ဖွင့်၍ ရနေသည်။ ဂါးဒီးယန်း၊ ဘန်ကောက်ပို့စ်၊ ရိုက်တာ၊ CNN စသည့် နိုင်ငံခြား သတင်းဌာန ဝက်ဘ်ဆိုက် အားလုံးလည်း ပွင့်နေသည်။

မြန်မာအစိုးကို ထောက်ပြ ဝေဖန်လေ့ ရှိသည့် သတင်းဝက်ဘ်ဆိုက်များ၊ ဘလော့ဂ်များကို ၂ဝဝဝ ပြည့်နှစ်
ကတည်းက ပိတ်ပင်ထားခဲ့ပြီး အချို့ကိုမူ ၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” ကာလမှစ၍ ပိတ်ထားခဲ့ခြင်း
ဖြစ်သည်။

ယခုပြန်ပွင့်နေချိန်မှာ အစိုးရအဖွဲ့က ပထမဆုံးအကြိမ်ပြုလုပ်သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ ကျင်းပနေချိန်နှင့် တိုက်ဆိုင်နေသည်။ သြဂုတ်လကုန်ပိုင်းကလည်း ပြည်ပအခြေစိုက် သတင်းဌာနအချို့၏ ဝက်ဘ်ဆိုက်များ ကြည့်ရှုခွင့် ရခဲ့သော်လည်း ရက်ပိုင်းအတွင်းပင် ပြန်လည်ပိတ်သွားခဲ့သည်။

သို့သော်လည်း Proxy ခေါ် ကြားခံဆာဗာကို အသုံးပြု၍ ပိတ်ပင်ထားသော ဝက်ဆိုက်များ ဖတ်ရှုလေ့လာမှုမှာ အမြဲရှိနေသည်။

“ဒါကတော့ စမ်းနေတဲ့ သဘောလို့ ကျနော်တော့ ထင်တယ်။ ဖွင့်လိုက်တဲ့အချိန်မှာ ဘယ်နှစ်ယောက် ဝင်သုံးတာလဲ ဆိုတာ သိချင်လို့လည်း ဖြစ်နိုင်တယ်။ နောက်ပြီး ဒီမှာက ဘယ်နေရာပဲ ကြည့်ကြည့်၊ ဖွင့်လိုက် ပိတ်လိုက်ပဲလေ။” ဟု ပြည်တွင်းအခြေစိုက် အယ်ဒီတာတဦးက ရှုမြင်သည်။

အင်တာနက်မြန်နှုန်းမှာမူ ယခင်ကထက် လျော့ကျနေပြီး နေရာအချို့တွင် အမြင့်ဆုံး ၁ဝ kbps သာ ရှိသည်ဟု သိရသည်။

“ Gtalk ကို ကျနော် ဝင်နေတာ မိနစ် ၃ဝ ရှိပြီ။ မရသေးဘူး” ဟု တောင်ဥက္ကလာပမြို့နယ်ရှိ အင်တာနက် ပိုင်ရှင် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အမြင့်ဆုံးမြန်နှုန်းမှာ ၅၁၂ kbps အဆင့်သာရှိပြီး လာမည့်နှစ်တွင် ၁ Mps အထိ တိုးမြှင့်သွားရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူပေါင်း ၄ သိန်းကျော်ခန့်ရှိပြီး၊ မှတ်ပုံတင်ထားသော အများပြည်သူသုံး အင်တာနက်ဆိုင် PAC ပေါင်း ၈ဝ၂ မြန်မာအင်ဖိုတက်ခ်၏ ၂ဝ၁၁ ဖေဖော်ဝါရီလကုန် စာရင်းများအရ သိရသည်။

PAC လိုင်စင် လျှောက်ထားရာတွင်လည်း ပြည်ပ သတင်းမီဒီယာများကို ဝင်ရောက် မကြည့်ရှုရန်အတွက် စည်းကမ်းချက်များဖြင့် ကန့်သတ်ထားခဲ့ပြီး နိုင်ငံတော် လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေမည့် သတင်း အချက်အလက်များကို ပေါက်ကြားမှု မရှိစေရန် ဆောင်ရွက်ရမည်ဟု ကန့်သတ်ထားသည်။ ယခု အဆိုပါ စည်းကမ်းများကို ရုပ်သိမ်းမှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ source by :မဇ္ဈိမ

အပြည့်အစုံ ဖတ်ရန် ...