Friday, September 16, 2011

ဧရာဝတီ တော်လှန်ရေး

(၁) ဧရာဝတီ ကို သတ်နေသူများ၏ စိန်ခေါ်သံ

သမ္မတဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းလိမ့်မယ်လို့ တချို့က မျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည်တော်ပြန်ဖို့ တိတ်တိတ်ကလေးကြိုးစားနေကြချိန်မှာပဲ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတပါးက မြန်မာပြည် သူများရဲ့ ဆန္ဒကို လုံးဝ ဂရုမစိုက်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်၊ မြန်မာနိုင်ငံရဲ့ အသက်သွေး ကြောဖြစ်ပြီး မြန်မာပြည်သူများ မှီခိုအားထားရာဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးပျောက်ဆုံးရမှာကို စိုးရိမ်လွန်းလို့ ဧရာဝတီမြစ်ဆုံမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်ကြီးကို ဆက်လက်မဆောက်လုပ်ဘဲ ရပ်တန့်ဖို့ တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေကို ဦးသိန်းစိန်အစိုးရရဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန် ကြီး ဦးဇော်မင်း က “ဧရာဝတီရောဂါသည်များ” “ဧရာဝတီရောဂါ နဲ့ အမီလိုက်နေသူများ” လို့ လှောင်ပြောင်သရော်လိုက် ပြီး မြစ်ဆုံဆည်ကြီးကို ဘယ်သူကပဲ ကန့်ကွက်ကန့်ကွက် ဆက်ဆောက်သွားမှာဖြစ်တယ်လို့ ကြိမ်းဝါးလိုက်ပါတယ်၊ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲ ဒီလို ပြောဆိုလိုက်တာပါ။

ဒီလို ပြောဆိုရင်းနဲ့ပဲ ဦးဇော်မင်းက မြန်မာ့အလင်းသတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦး၊ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နံမည်ဝှက်တွေနဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး ကောင်းတဲ့ အကြောင်းတွေ ဆောင်းပါးရေးတာ သူကိုယ်တိုင် ပါပဲလို့ ဝန်ခံ သွားပါတယ်၊ သူက ပြောပါသေးတယ်၊ “မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ၊ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေတာ” လို့ ဧရာဝတီမြစ်ကြီးကိုတောင် အပြစ်တင်သွားပါသေးတယ်။

ဒါပေမယ့် ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သူအပါအဝင်ဖြစ်တဲ့ နအဖစစ်အုပ်စုက နိုင်ငံကို နှစ် ၂၀ ကျော် အုပ်ချုပ်မှုအတွင်း တာဝန်မဲ့ခဲ့ တာကိုတော့ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်၊ ဦးဇော်မင်း ဟာ ဗိုလ်မှူးကြီးဟောင်းတယောက်ဖြစ်ပြီး နအဖအစိုးရ သက်တမ်းအတွင်းမှာလဲ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ။

သူဒေါသတကြီးနဲ့ပြောမှပဲ အရင်က သေသေချာချာမသိခဲ့ရတဲ့ အကျိုးစီးပွါးအပေးအယူ ကိစ္စတွေကိုပါ သိကြရပါတယ်။ မြစ်ဆုံဆည် အပါအဝင် ဧရာဝတီ၊ မေခ၊ နဲ့ မလိခ မြစ်များမှာတည်ဆောက်နေတဲ့ ဆည်ကြီး ၇ ခု ပြီးစီးသွားရင် ထွက်လာ မည့် ရေအားလျှပ်စစ်ပမာဏရဲ့ ၉၀% ကို တရုတ် အစိုးရက ရပြီး မြန်မာနိုင်ငံက ၁၀% ပဲ ရမယ်၊ တရုတ်အစိုးရက ရာနှုံး ပြည့်ရင်းနှီးမြှုတ်နှံတာဖြစ်ပေမည့် မြန်မာအစိုးရအတွက် ဒီလုပ်ငန်းကြီးများအတွက် ၁၅% ပိုင်ဆိုင်ခွင့်ပေးတယ်၊ ဆိုတော့ ဒီဆည်တည်ဆောက်ရေးမှာ တရုတ်အစိုးရက ၈၅% ပိုင်ပြီး မြန်မာအစိုးရက ၁၅% ပဲပိုင်တယ်ပေါ့။ လျှပ်စစ်ဓာတ်အား ရောင်းလို့ရမယ့် အမြတ်ငွေရဲ့ ၇၀% ကိုတရုတ်အစိုးရက ရမှာဖြစ်ပြီး ၃၀% ကိုသာ မြန်မာအစိုးရက ရမှာပါ။ သူအဆိုအ ရပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတာက ကချင်တိုင်ရင်းသားများအမွန်အမြတ်ထားရာ မြစ်ဆုံကို ဖျက်ဆီးပစ်လို့၊ မြန်မာ ပြည်သူများ အမှီပြုအားထားရာ ဧရာဝတီမြစ်ကြီးကို တရုတ်အစိုးရကို ဖျက်ဆီးခွင့်ပြုလိုက်လို့ ဦးသိန်းစိန်အစိုးရပြန်ရမှာ က ပိုင်ဆိုင်မှုရဲ့ ၁၅%၊ လျှပ်စစ်ဓာတ်အားရဲ့ ၁၀%၊ နဲ့ အမြတ်အစွန်းရဲ့ ၃၀% ပါ၊ ပျက်စီးပျောက်ဆုံးသွားရမည့် ဧရာဝ တီမြစ်ကြီးကို ဆုံးရှုံးလို့ ကျနော်တို့ မြန်မာနိုင်ငံသားများအားလုံး၊ အခုလက်ရှိ မျိုးဆက်တွေသာမက နောင်လာမည့် မျိုး ဆက်များ ခံစားရမည့် ဆုံးရှုံးမှုပမာဏက ဦးသိန်းစိန်အစိုးရ ခံစားရမည့်အကျိုးအမြတ်ထက် အဆပေါင်း ထောင်နဲ့ချီပြီး ကြီးမားလှတယ်ဆိုတာကိုတော့ ဦးဇော်မင်း ထည့်တွက်ပုံမရပါဘူး။

(၂) တရုတ်ပြည်ရဲ့ မဟာတံတိုင်းအသစ်

တရုတ်ပြည်က ထင်ရှားကျော်ကြားလှတဲ့ မဟာတံတိုင်း (The Great Wall) ကြီးကို အားလုံး ကြားဖူးကြမှာပါ၊ ဘီစီ ၅ ရာစုလောက်ကစပြီး မင်မင်းဆက် (Ming Dynasty) (၁၃၆၈-၁၆၄၄) အထိ ကာလ အတွင်း တရုတ်နိုင်ငံရဲ့ မြောက်ပိုင်း က ကျူးကျော်ဝင်ရောက်မှုတွေကို ကာကွယ်ဖို့ လူသန်းပေါင်းများစွာ ကိုအဓမ္မစေခိုင်းပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ ရတဲ့ ခံတပ်တံတိုင်းကြီးတွေပါ။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိပြီး မိုင်ပေါင်း ၅၀၀၀ ကျော်ရှည်လျားလို့ ၁၉၈၇ ခုနှစ် မှာ ကုလသမဂ္ဂ က ကမ္ဘာ့အမွေအနှစ်တပါးအဖြစ် အသိအမှတ်ပြုထားတာပါ၊ ဒီဘက်ခေတ်မှာတော့ လက်ရှိ တရုတ်အစိုး ရက မဟာတံတိုင်းအသစ်ကြီးတခုကို ဆောက်လုပ်နေပါတယ်၊ ဒီတခါဆောက်တဲ့ မဟာတံတိုင်းအသစ်က တရုတ်နိုင်ငံ အတွင်းမှာ မဟုတ်ပါ၊ တရုတ်နိုင်ငံအပြင်ဘက် ကမ္ဘာတဝှမ်းမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေတဲ့ ရေကာ တာကြီးများ ဖြစ်ကြပါတယ်။ အာဖရိကမှာဆိုရင် အဲဒီနိုင်ငံများကထွက်တဲ့ ရေနံကို ပြိုင်ဘက်မရှိဝယ်ယူနိုင်ဖို့ သက်ဆိုင်ရာ အစိုးရများကို လာဘ်ထိုးတဲ့အနေနဲ့ တရုတ်အစိုးရက ဆည်ကြီးတွေ ဆောက်လုပ်ပေးပါတယ်။ ခြံစည်းရိုးခြင်းကပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ထွက်လာမည့် လျှပ်စစ်ဓာတ်အားကို ဝါးမျိုစားသောက်ဖို့ ဆည်တွေဆောက်ပေးတာပါ၊ သမိုင်း ဟောင်းမှာ မဟာတံတိုင်းကြီးဆောက်တော့ အပြစ်မဲ့ တရုတ်ပြည်သူတွေ အဓမ္မလုပ်အားပေးခိုင်းစေခံကြရ၊ နေရာရွှေ့ ပြောင်းကြရ၊ ဘဝတွေပျက်စီးကြရ၊ အသက်တွေ သေဆုံးကြရသလိုပဲ ဒီကနေ့ခေတ်၊ တရုတ်အစိုးရရဲ့ မဟာတံတိုင်းသစ် ဆောက်လုပ်ရာမှာ ကမ္ဘာတဝှမ်းက အပြစ်မဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရတာပါ။

သမိုင်းဟောင်းမှာတုံးက မဟာတံတိုင်းဆောက်လုပ်ရာမှာ ဒေသခံစစ်ဘုရင်တွေ အကျိုးစီးပွါးဖြစ်ထွန်းခဲ့သလို ဒီကနေ့ တရုတ်အစိုးရက ကမ္ဘာကို ပါတ်ပြီး ဆည်တွေတည်ဆောက်ရာမှာလဲ တရုတ်အစိုးရနဲ့ အပေါင်းအပါ အာရှနဲ့ အာဖရိက က အာဏာရှင်အစိုးရတွေပဲ အကျိုးစီးပွါးဖြစ်ထွန်းကြတာပါ၊ ဆည်တွေဆောက်လို့ ပျောက်ဆုံးသွားတဲ့ မြစ်ကြီးတွေ၊ ရွှေ့ ပြောင် ရတဲ့ မြို့၊ ရွာတွေ၊ အဓမ္မလုပ်အားပေးရတဲ့ ပြည်သူတွေ၊ ပျက်စီးသွားတဲ့ သဘာဝပါတ်ဝန်းကျင်နဲ့ ပြောင်းလဲသွား တဲ့ ရာသီဥတု၊ ရေလွှမ်းခံရတဲ့ လယ်မြေတွေ၊ ကန္တာရဖြစ်သွားတဲ့ စိုက်ပျိုးခင်းတွေ၊ အသတ်ခံလိုက်ရတဲ့ သစ်တောကြီး တွေ၊ ဖြိုချခံလိုက်ရတဲ့ တောင်တန်းကြီးတွေကို တရုတ်အာဏာရှင်တွေနဲ့ သူတို့ရဲ့အပေါင်းအပါအာဏာရှင်များက အ လွယ်တကူမေ့လျော့လိုက်ကြပြီး တရုတ်ရှေးဘုရင်များက မဟာတံတိုင်းကြီးအတွက် ဂုဏ်ယူဝင့်ကြွားကြသလို တရုတ် အာဏာရှင်များနဲ့ အပေါင်းအပါများကလဲ မဟာတံတိုင်းသစ် ဆည်ကြီးများအတွက် ဂုဏ်ယူဝင့်ကြွားနေကြတာပါ၊ ဒါ ကြောင့်မို့ တရုတ်အစိုးရရဲ့ ဩဇာခံ စစ်ဘုရင်တပါးဖြစ်တဲ့ ဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းပြီး မြစ်ဆုံဆည် တည်ဆောက်ရေးကို ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ရပ်တန့်လိမ့်မယ်လို့ ကျနော် ဘယ်တုံးကမှ မမျှော်လင့်ခဲ့ပါ။ အခု ဦးဇော်မင်းရဲ့ စိန်ခေါ်ချက်က ကျနော့် သံသယကို အတည်ပြုပေးလိုက်ပါပြီ။

(၃) ဆည်တွေမှာ သက်တမ်းရှိ၍ ထိုသက်တမ်းမှာ တိုတောင်း၏

ဦးဇော်မင်းက ပြောသွားပါသေးတယ်။ “မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျနော့်ထက်ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး” တဲ့။ အဲဒီစကားအတွက် အတော်အံ့ဩမိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူကပဲ ဒီဆည်ကြီးကို တရုတ်အစိုးရကို ကာလအကန့်အသတ်တခုနဲ့ လုပ်ခိုင်းပြီး အဲဒီကာလပြီးဆုံးတဲ့ အချိန်မှာ “ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့၊ ဒါကြီးထားခဲ့တော့။ ကိုယ့်အနိုင်ငံအပိုင်ဖြစ်တယ်၊ ဒီထက်အကျိုးရှိတဲ့ဟာ ဘာ ရှိသေးလဲ” လို့ အားရပါးရပြောသွားလို့ပါ၊ ဆည်ကြီးတွေမှာ သက်တမ်းရှိတယ်ဆိုတာ သူသိပုံမရပါ။

မြစ်ကို ပိတ်ဆို့ပြီး ဆည်တွေ၊ ရေလှောင်ကန်တွေ တည်ဆောက်ကြတဲ့အခါ မြစ်ဖျားပိုင်းက စီးလာတဲ့ ရေတွေဟာ ရေကာ တာကြီးကြောင့် မြစ်အောက်ပိုင်းကို ဆက်လက်မစီးဆင်းနိုင်ဘဲ ရေလှောင်ကန်ကြီးထဲမှာပဲ ထိန်းသိမ်းခံကြရမှာပါ။ ပြီး တော့ ရေကာတာက ရေတံခါးကြီးများကို ဖွင့်ပေးမှသာ ရေတွေ မြစ်အောက်ပိုင်းကို ဆက်လက်စီးဆင်းနိုင်မှာပါ။ အဲဒီ ရေ လှောင်ကန်ကြီးထဲကို ရေတွေတင်မကဘူး နုံးမြေတွေ (Sediment) ပါစီးဝင် ရောက်ရှိမှာပါ။ အဲဒီ နုန်းတွေက ရေလှောင် ကန်ကြီးရဲ့ အောက်ခြေမှာ သွားပြီး စုပုံအနည်ထိုင်ကြမှာပါ၊ ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်က ရေတံခါးကြီးများရဲ့ အောက်ဖက်အဝေးကြီးမှာမို့ ရေတံခါးကြီးများကို ဖွင့်လို့ ရေတွေ မြစ်အောက်ပိုင်းကို စီးဆင်းခွင့်ရရင်တောင်မှ နုံးတွေအ တွက်ကတော့ ထွက်ပေါက်မရှိပါ။ အဲဒီလိုနဲ့ ရေလှောင်ကန်ကြမ်းပြင်မှာ တဖြေးဖြေးစုပုံအနယ်ထိုင်လာတဲ့ နုံးမြေတွေဟာ နှစ်တွေကြာတာနဲ့အမျှ မြင့်တက်ခိုင်မာလာပြီး ရေလှောင်ကန်ရဲ့ ကြမ်းပြင်ဟာ တစတစ မြင့်တက်လာပြီး ကန်ထဲမှာ လှောင်နိုင်တဲ့ ရေပမာဏဟာလဲ နည်းသထက် နည်းလာပါတယ်၊ ဒါကြောင့်မို့လို့ ရေလှောင်ကန်ထဲမှာ နုံးတွေများလာ တာနဲ့အမျှ၊ အောက်ကြမ်းပြင်မြင့်တက်လာတာနဲ့အမျှ၊ လှောင်နိုင်တဲ့ ရေပမာဏနည်းလာတာနဲ့အမျှ၊ လျှပ်စစ်စွမ်းအား ထုတ်နိုင်စွမ်းဟာလဲ လျော့နည်းလာပါလိမ့်မယ်။ ဒါကြောင့်မို့ ရေလှောင်ကန်တခု၊ ရေကာတာတခုရဲ့ လျှပ်စစ်ဓာတ်အား ထုတ်နိုင်စွမ်းဟာ အများဆုံး နှစ် ၂၀ နဲ့ ၃၀ ကြားမှာပဲ ရှိတတ်ပါတယ်၊ နှစ် ၂၀ ကျော်သွားပြီးရင်ဖြင့် အဲဒီ ရေလှောင်ကန် ကြီးဟာ နုံးမြေတွေ ပြည့်နှက်နေတဲ့ ကန်ကြီးတခုပဲ ဖြစ်နေပါလိမ့်မယ်။ လျှပ်စစ်ဓာတ်အားထုတ်ဖို့အသုံးမဝင်တော့သလို ခရီးသွားလာရေးနဲ့ အခြားကိစ္စများအတွက်လဲ အသုံးဝင်မှာ မဟုတ်တော့ပါ။

မြစ်ဆုံဆည်အပါအဝင် တရုတ်အစိုးရကတည်ဆောက်နေတဲ့ ဆည်ကြီးများအတွက် တရုတ်အစိုးရက နှစ် ၃၀ စာချုပ်နဲ့ (BOT/Build, Operate and Transfer) လုပ်ကိုင်ခွင့်ရမှာဖြစ်လို့ နှစ် ၃၀ ပြည့်လို့ တရုတ်အစိုးရက ကျနော်တို့ကို ဒီဆည် ကြီးများ ပြန်လွှဲပြောင်းပေးတဲ့အချိန်မှာ ကျနော်တို့ ရမှာက နုံးမြေတွေပြည့်နှက်နေတဲ့ အမှိုက်ကန်ကြီးတွေပါ၊ ဦးဇော်မင်း ပြောသလို အကျိုးရှိမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ။

(၄) အင်္ဂုလိမာလ ဇာတ်သိမ်းခန်း

ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးနီးပါး မြတ်ဗုဒ္ဓရဲ့ အောင်ခြင်း ၈ ပါးထဲက အင်္ဂုလိမာလချွတ်ခန်းကို ကြားဘူးကြမှာပါ၊ ဘုရားလက်ထက်က အင်္ဂုလိမာလ သတို့သားဆိုတာ ရှိခဲ့တယ်၊ တက္ကသိုလ်မှာ ဒိသာပါမောက္ခဆရာကြီးထံ ချဉ်းကပ်ပြီး ပညာသင်နေတဲ့အချိန်မှာ ဆရာကြီးက သူ့တပြည့်ကို သူ့ဇနီးနဲ့ မသင်္ကာဖြစ်ပါတော့တယ်။ ဒါနဲ့ ဆရာကြီးက အင်္ဂုလိမာလ ကို ချောက်တွန်းတဲ့အနေနဲ့ သူ့ဆီမှာ ပညာတွေသင်ယူဖို့ဆိုရင် သူက ငွေကြေးလက်မခံဘဲ လူ့လက်ညှိုး အချောင်း ၁၀၀၀ ကို သာပညာသင်ခအဖြစ်လက်ခံမှာ ဖြစ်ကြောင်းပြောပြီး အင်္ဂုလိမာလကို လူ့ လက်ညှိုးအချောင်း ၁၀၀၀ နဲ့ သူ့ကို ပူဇော် နိုင်မှ ပြန်လာခဲ့ဆိုပြီး ကျောင်းတော်က မောင်းထုတ်ပါတယ်။ ဆရာ့စကားနားထောင်တဲ့ အင်္ဂုလိမာလ ကလဲ ကျောင်းက ထွက်ခွါလာပြီး လူတွေကို လိုက်သတ်၊ လက်ညှိုးတွေကိုဖြတ်၊ အဲဒီ လက်ညှိုးတွေကို ပျောက်သွားမှာစိုးလို့ ကြိုးနဲ့ သီပြီး လည်ပင်းမှာ ချိတ်ဆွဲပြီး အင်မတန်ကြောက်စရာကောင်းတဲ့ လူဆိုးကြီး ဖြစ်လာပါတယ်။

အဲဒီလိုနဲ့ မြို့ပြင်က တောအုပ်ကြီးတခုမှာ ခိုလှုံပြီး တောအုပ်ကို ဖြတ်သန်းသွားသမျှ လူတွေကို သတ်ဖြတ်ပြီး လက်ညှိုး တွေ စုဆောင်းလာတာ တထောင်ပြည့်ဖို့ တချောင်းပဲလိုပါတော့တယ်၊ အဲဒီအချိန်မှာ သားကို စိတ်ပူလွန်းလို့လိုက်ရှာတဲ့ အင်္ဂုလိမာလ ရဲ့ မိခင်ကြီးက အင်္ဂုလိမာလရှိတဲ့ တောအုပ်ကို ရောက်လာပါတယ်။ အင်္ဂုလိမာလ ကလဲ သူ့အမေကို အမေ မှန်း မှတ်မိပေမည့် နောက်ဆုံးလိုတဲ့ လက်ညှိုးတချောင်းကိုရဖို့ သတ်မယ်ဆိုပြီး အမေ့နောက်ကို ဓားဝင့်ပြီး လိုက်ပါသတဲ့။ ဒီလိုနဲ့ မိခင်ကြီးက ကြောက်လန့်တကြား ရှေ့ကပြေး၊ သွေးဆာနေတဲ့ လူသတ်သမား အင်္ဂုလိမာလ က နောက်ကလိုက် နေချိန်မှာ မြတ်စွာဘုရားက ကိုယ်ထင်ပြပါသတဲ့၊ အဲဒီတော့မှ အင်္ဂုလိမာလက အမေ့နောက်လိုက်တာကိုရပ်ပြီး ဘုရားကို သတ်ဖို့လိုက်တော့ ဘုရားက ရှေ့ကနေ ဖြေးဖြေးလေး ကြွနေပေမည့် သူဘယ်လိုမှ လိုက်လို့မမီနိုင်ပါတဲ့၊ အင်္ဂုလိမာလက “ဟေ့၊ ရဟန်းကြီး၊ မပြေးနဲ့ ရပ်” လို့ပြောတော့ ဘုရားက “ချစ်သား အင်္ဂုလိမာလ၊ ငါကား မပြေး၊ သင်သာ ပြေးသူဖြစ် သည်” လို့ အစချီပြီး တရားဟောပြတော့မှ အင်္ဂုလိမာလ အကျွတ်တရားရ၊ အမှားတွေမြင်ပြီး နောင်တရပါသတဲ့။

အခုလဲ ဦးသိန်းစိန် နဲ့ စစ်အုပ်စုဟာ ကျနော်တို့ခေတ်ရဲ့ အင်္ဂုလိမာလတွေ ဖြစ်နေပါပြီး၊ သူတို့ရဲ့ ဆရာကြီး တရုတ်အစိုးရ ကျေနပ်စေဖို့အတွက် တိုင်းပြည်မှာ ရှိသမျှ သစ်တောတွေ၊ သတ္တုတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းတွေ၊ အဖိုး တန် ရတနာတွေ၊ အားလုံးကို ပေးအပ်ပြီးတဲ့နောက် အခု တရုတ်အစိုးရအလိုကျ မိခင်ဧရာဝတီကို သတ်ဖို့ကြိုးစားနေပါ ပြီ။ ဒီခေတ်မှာတော့ အမိဧရာဝတီ အသတ်မခံရအောင် ဘုရားကြွပြီး တရားပြဖို့ကတော့ မဖြစ်နိုင်ပါ။ ကျနော်တို့ မြန်မာ ပြည်သူများကပဲ စည်းလုံးညီညွတ်တဲ့ လှုပ်ရှားမှုနဲ့ အင်အားပြပြီး အင်္ဂုလိမာလဦးသိန်းစိန် အစိုးရက အမိဧရာဝတီကို မသတ်နိုင်အောင် တားဆီးကြရမှာပါ။

ဧရာဝတီ တော်လှန်ရေး စပါပြီ။

လေးစားစွာ

အောင်ဒင်
စက်တင်ဘာ ၁၂၊ ၂၀၁၁

source by : http://www.naytthit.net