Monday, November 9, 2009

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ

2009-11-09 ( RFA )

အမေရိကန်အစိုးရရဲ့ကိုယ်စားလှယ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Campbell တို့ဟာ မြန်မာ့အရေးအပေါ် တကယ် စေတနာထား လုပ်ဆောင် နေတာတွေ့ရပြီး သူတို့အဖွဲ့နဲ့ တွေ့ဆုံခွင့်ပြုခဲ့တဲ့အပေါ်မှာ စီစဉ်ပေးတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နိုဝင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။


အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ အလန် မာစီယယ်လ် (ဝဲ) နှင့်မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင် (ယာ) တို့ ဖိလိပိုင်နိုင်ငံ၊ မနီလာမြို့တွင် နှစ်ရက်ကြာ ကျင်းပသော အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိများ အထူးအစည်းအဝေး (SOM) အတွင်း နိုဝင်ဘာ ၇ ရက်နေ့က ရိုက်ကူးထာသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်ကို အယူခံကိစ္စ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ၄ ဦးစလုံးက ဒီကနေ့ တွေ့ခွင့်ရခဲ့တဲ့အချိန်မှာ အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ကျွန်တော်တို့ ရှေ့နေ လေးဦးပါ။ သူတို့ နေ့ခင်း ၁ နာရီကနေပြီးတော့ ၃ နာရီကျော်ကျော်လောက်ထိ ကျွန်တော်တို့ တွေ့ခွင့်ရပါတယ်။'

ဒီကနေ့တွေ့ခဲ့တာဟာ အယူခံကိစ္စ ပြောဆိုဆွေးနွေးတာ ဖြစ်သလို အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့တုန်းက အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတဲ့အတွက် ပြောဆိုဖြစ်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

စစ်အစိုးရဟာ အရင်တခေါက်က ဒေါ်အောင်ဆန်းစုကြည်အတွက် အကျိုးဆောင် နေတဲ့ ရှေ့နေ ၄ ဦးရှိရာမှာ ၂ ဦးကိုပဲ တွေ့ခွင့်ပြုခဲ့ပြီး၊ ဒီတခေါက်မှာတော့ ၄ ဦးစလုံးကို တွေ့ခွင့်ပြုလိုက်တာပါ။

အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကောင်းမြင်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုတွေ တွေ့လာရင် လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းဖို့ စဉ်းစားမှာ ဖြစ်သလို အကူအညီတွေလည်း ပေးဖို့ ရှိတယ်လို့ ဆိုထားပါတယ်။ ဒီအတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ပါတီခေါင်းဆောင်တွေ ပုံမှန်တွေ့ဆုံခွင့်ပြုဖို့ စသဖြင့် အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေက မြန်မာ စစ်အစိုးရကို တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း မြန်မာစစ်အစိုးရက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန် လွှတ်ပေးနိုင်ဖွယ်ရှိတယ်လို့ မြန်မာသံအရာရှိ ဦးမင်းလွင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်း တပုဒ်မှာ ဒီကနေ့ ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိကြောင်း သူ့အနေနဲ့ သူ့ ပါတီလုပ်ငန်းတွေကို လုပ်ကိုင်နိုင်မှာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က စင်ကာပူလေဆိပ်မှာ အေပီသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ပြောဖို့ ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာသံအရာရှိ ဦးမင်းလွင်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ အာဆီယံဆိုင်ရာ သံအမတ်များ ဆွေးနွေးပွဲကို တက်ရောက်ပြီး အပြန် စင်ကာပူလေဆိပ်မှာ အခုလို ပြောဆိုခဲ့တာလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ကိစ္စဟာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ မူဝါဒ အပြောင်းအလည်းကြောင့် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ရှိနေသေးတဲ့အတွက် ဒီ မူဝါဒ အပြောင်းအလဲကြောင့် လတ်တလော ထူးထူးခြားခြား ပြောင်းလဲမှု မရှိနိုင်ကြောင်း ဦးမင်းလွင်က ပြောတယ်လို့ အေပီသတင်းက ဆိုပါတယ်။

မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း အခုလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန်လွှတ်ပေးမယ်ဆိုပြီး မရေမရာ ပြောဆိုခဲ့ပေမယ့် ဘယ်တော့ လွှတ်ပေးမယ် ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာ မရှိသေးပါဘူး။ အခုတခါ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး ပါတီလုပ်ငန်းတွေ ပြန်လုပ်ကိုင်ခွင့် ပေးမယ်ဆိုပေမယ့် လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုမှာလား၊ မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်ခွင့်ပေးမှာလား ဆိုတာတော့ သဲသဲကွဲကွဲ မသိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>>>> ဒီမှာ ကလစ် ပါ ခင်ဗျား...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။