Thursday, December 17, 2009

သတင်းမီဒီယာများက နအဖ၏ ထောက်လှမ်းရေးများထက် လက်ဦးမှုရနေ

သတင်းမီဒီယာများက နအဖ၏ ထောက်လှမ်းရေးများထက်
လက်ဦးမှု ရနေ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၇၊ ၂၀၀၉




နအဖ အစိုးရ၏ ထောက်လှမ်းရေး အဖွဲ့အစည်းများဖြစ်သည့် အက်စ်ဘီ၊ စရဖနှင့် အထူးစုံစမ်း စစ်ဆေးရေး ဖွဲ့(စသုံးလုံး) အဖွဲ့တို့သည် မီဒီယာများတွင် ဖေါ်ပြသည့် သတင်းနောက်ကို လိုက်ပြီး အစီရင်ခံစာရေး တင်နေကြသည်အထိ စွမ်းဆောင်ရည် ကျဆင်းလာသည်ဟု ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောဆိုသည်။ ရန်ကုန်မြို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတဦးက ပြောကြားရာတွင်

“ကျွန်တော်သိတဲ့ ရဲတွေထဲက အတော်များများဟာ အင်တာနက်ပေါ်တက်သွားတဲ့ ပြည်တွင်းသတင်းတွေကို လိုက်စုပြီး အချင်းချင်းဖလှယ်ပြောဆို နေကြတယ်။ အင်တာနက်မှာ ဖေါ်ပြတဲ့ သတင်းတွေထဲက ကိုယ့်နယ်မြေနဲ့ ဆိုင်တဲ့သတင်းကို အာရုံစိုက်ဖတ်ကြတယ်။ အဲဒီနောက်မှ စုံစမ်းရင်စုံစမ်း မစုံစမ်းရင်လည်း အဲဒါကိုအခြေခံပြီး အထက်ကို အစီရင်ခံစာရေးတင်တဲ့သူ အများကြီးပဲ။

တချို့အင်တာနက် ကောင်းကောင်းမသုံးတတ်တဲ့ ရဲတွေက အင်တာနက်သုံးတတ်တဲ့သူ ကိုမွေးထားပြီးနေ့စဉ် အွန်လိုင်းဝက်ဆိုက်ပေါ်က သတင်းတွေကိုစု စာရွက်နဲ့ ရိုက်ထုတ်စေပြီး ဖတ်ကြ အစီရင်ခံစာရေးတင်ကြတယ်" ဟုပြောသည်။

ရဲအချင်းချင်းတွေ့ဆုံကြသည့်အခါ သူ့အပိုင် ကိုယ့်အပိုင် နယ်မြေများမှ သတင်းများကိုဖလှယ်ကြလေ့ရှိပြီး ထိုသို့ဖလှယ်ရာတွင် အင်တာနက်သတင်းများကို စာရွက်များဖြင့် ရိုက်ထုတ်ပြီး ဖတ်ရှုနေကြသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသည်ဟု ရန်ကုန်မြို့မှ စီးပွားရေး ၀န်ဆောင်မှုလုပ်ကိုင်သူ တဦးကပြောဆိုသည်။

ထိုသို့ဖြစ်ပျက်နေရခြင်း အကြောင်းတချက်မှာလစာအပြင် ဘေးပန်းဝင်ငွေရရှိဖို့ရာ နေ့စဉ်နှင့်အမျှကြိုးစားနေကြသည့် အတွက်ပင်မတာဝန်ဖြစ်သည့် စုံစမ်းထောက်လှမ်းသည့် တာဝန်များ လစ်ဟင်းလာကာ မီဒီယာနောက်သို့ လိုက်ကြရသည့် အခြေသို့ ရောက်နေကြခြင်းဖြစ်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောဆိုသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်တဦးက ပြောဆိုရာတွင် လက်ရှိ ရန်ကုန်တိုင်းရဲမှူးကြီးဖြစ်သူ အောင်နိုင်သူ ကိုယ်တိုင် အင်တာနက်ဝက်ဆိုက်များတွင် ဖေါ်ပြနေသည့် ပြည်တွင်း သတင်းများကို အမြဲတမ်းဖွင့်ထားပြီး အဆိုပါ သတင်းများပေါ်အခြေခံပြီး လက်အောက်ငယ်သားများကို စေခိုင်းလေ့ရှိသည်ဟု ဆိုသည်။

၂၀၀၄ခှုနှစ်ကုန် တပ်မတော်ထောက်လှမ်းရေး (အမ်အိုင်)ခေတ်ကုန်ပြီးနောက် နအဖ အစိုးရအနေဖြင့် ထောက်လှမ်းရေး အဖွဲ့များဖြစ်သည့် အက်စ်ဘီ၊ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့)နှင့် စသုံးလုံးတို့ကို သက်ဆိုင်ရာ အထက်သို့ သီးခြားစီအစီရင်ခံစေပြီး အောက်ခြေအဆင့်တွင် မည်သည့် သတင်းဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုမှ မလုပ်ဆောင်စေဘဲ ခွဲခြားအုပ်ချုပ်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

ထိုသို့ခွဲခြားအုပ်ချုပ်ရခြင်းမှာ ထောက်လှမ်းရေး အဖွဲ့အစည်းများ ပူးပေါင်းမိလျင် စစ်တပ်ကို အာခံခြင်း နအဖ ခေါင်းဆောင်ပိုင်းကို အံတုလာနိုင်သည့် အရေးကိုစိုးရိမ်ခြင်းကြောင့်ဟု မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူများက ပြောဆိုသည်။

၂၀၀၄ခုနှစ် အောက်တိုဘာလ စစ်ထောက်လှမ်းရေးများကို အမြစ်မှလှန်ကာ နှိပ်ကွပ်ပြီးနောက်တွင် နအဖ၏ ထောက်လှမ်းရေး မဏ္ဍိုင်မှာ ယခင်ကလောက် အားကောင်းခြင်းမရှိတော့ဘဲ ရန်ကုန်မြို့ ၃နေရာတွင် တပြိုင်နက်ထဲ ဗုံးကွဲမှုများ၏ လက်သည်ကိုလည်း ယခုအချိန်ထိ ဖေါ်ထုတ်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။


မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။