Thursday, May 6, 2010

ပါတီ မပယ်ဖျက်မီ နောက်ဆုံးနေ့ ပါတီဝင်များ ဆုံတွေ့နှုတ်ဆက်

RFA | ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၁၉၈၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲဥပဒေ တရားမျှတမှု မရှိတာကြောင့် ပြန်လည် မှတ်ပုံမတင်ဘူးဆိုပြီး ဆုံးဖြတ်လိုက်တဲ့အတွက် စစ်အစိုးရ ပြဋ္ဌာန်းတဲ့ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေသစ်အရ ဒီကနေ့ မေလ ၆ ရက်နေ့ဟာ ပါတီတရားဝင် တည်ရှိခြင်း နောက်ဆုံးနေ့ ဖြစ်ပါတယ်။



NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် ၂ဝဝ၆ ခုနှစ် မေလ ၂၇ ရက်နေ့က တွေ့ရှိရစဉ်။ (Photo: AFP)

ဒါကြောင့် ရန်ကုန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာ ဖွင့်ထားတဲ့ ပါတီဌာနချုပ်ကို ပါတီခေါင်းဆောင် အတော်များများလာကြသလို ပါတီဝင်တွေ၊ လူငယ်အဖွဲ့ဝင်တွေ၊ နယ်ရုံးခွဲတွေက အဖွဲ့ဝင်တွေ အတော်များများလည်း စုရုံးခဲ့ကြပါတယ်။

အဲဒီ စုရုံးပွဲမှာ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အဖွဲ့ဝင်တွေကို အနာဂတ်နိုင်ငံရေးနဲ့ ပတ်သက်ပြီး မှာကြား ပြောဆိုခဲ့သလို၊ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကလည်း ဒီကနေ့ဟာ ပါတီ တရားဝင်ရပ်တည်ခြင်း နောက်ဆုံးနေ့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီမိုကရေစီရေးအရ နောက်ဆုံးရက်မဟုတ်ဘဲ မနက်ဖြန်တွေ များစွာရှိသေးတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ပွဲမှာ တက်ရောက်လာသူတွေထဲက တချို့ မျက်ရည်ကျကြသလို လူငယ်တွေကလည်း ရှစ်လေးလုံး လူထုအရေးတော်ပုံကာလက နာမည်ကျော် ကမ္ဘာမကြေဘူး သီချင်းကို သီဆိုကြတဲ့အကြောင်း ဦးဝင်းတင်ကပြောပါတယ်။

ဒီမြင်ကွင်းတွေနဲ့ပတ်သက်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင် ပြောဆိုတာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.rfa.org