Wednesday, August 4, 2010

နအဖတပ်နှင့် ကေအန်အယ်အေ တိုက်ပွဲဖြစ်

ရဲရင့် | ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က နအဖစစ်တပ်ကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ နအဖတပ်မှ ဒု-ရင်းမှူး (၁) ဦးအပါအ၀င် တပ်ဖွဲ့ဝင် (၈)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လယ်တွင် လှိုင်းဘွဲ့မြို့နယ်ရှိ ပူးလူးရွာ၌ အခြေစိုက်သည့် စကခ (၁၉) လက်အောက်ခံ ခလရ (၆၂) တပ်ရင်းက စောဖိုးခီးခွင် အတွင်း လှုပ်ရှားနေသော ကေအန်အယ်လ်အေ တပ်ရင်း (၂၂) ကို ခြေမှုန်းရန် ၀င်ရောက်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအန်အယ်လ်အေ စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးချုပ် ဆာထူးဝေါ်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “မနေ့က မွန်းတည့်မှာ စောဖိုးခီးခွင်မှာလှုပ်ရှားတဲ့ ကျနော်တို့တပ်ရင်း (၂၂) ကို ပူးလူးစခန်း အခြေစိုက် ခလရ (၆၂) က ချေမှုန်းဖို့အလာမှာ ကျနော်တို့ဘက်က လက်ဦးမှုယူပြီး တိုက်တဲ့အတွက် ရန်သူဘက်က ဒု-ရင်းမှူး (၁) ဦးအပါအ၀င် (၈) ဦး သေပြီး (၁၄) ဦး ဒဏ်ရာရရှိသွားတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက် သေဆုံးမှုမရှိဘူး” ဟု ပြောသည်။

နာရီဝက်နီးပါးကြာ တိုက်ပွဲအပြီးတွင် နအဖတပ်များ ပြန်လည်ဆုတ်ခွာသွားကြပြီး ၎င်းတို့၏ ဒဏ်ရာရ စစ်သည်များကို သယ်ဆောင်ရန်အတွက် စောဖိုးခီးနှင့် မဲ့လာခီးရွာများမှ ရွာသားများကိုလည်း ခေါ်ဆောင်သွားကြောင်း သိရသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) မှ အရာရှိတဦးက “အရင်ကဆိုရင် ဒီကေဘီအေကို ရှေ့တင်ပြီး လာတိုက်တယ်။ ဒီတခါကျတော့ နအဖတပ်သီးသန့် လာတိုက်တာဖြစ်တယ်။ ဒီတိုက်ပွဲမှာ သူတို့ဘက်က အထိနာတော့ အင်အားထပ်ဖြည့်ပြီး ပြန်တိုက်မှာကတော့ သေချာတယ်။ ကျနော်တို့ဘက်က သူတို့လောက် အင်အားမကြီးပေမယ့် ခံစစ်ရှင် ပြောက်ကျားစနစ်ကို သုံးပြီး ပြန်တိုက်မှာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသတွင် ယခင်လနှင့် ယခုလဆန်းအထိ နအဖစစ်တပ်နှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့တို့အကြား တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုဒေသ၌ စကခ (၁၉) လက်အောက်ခံ တပ်ရင်းများ၊ ဒီကေဘီအေ (၉၉၉) တပ်မဟာ လက်အောက်ခံ တပ်ရင်းများနှင့် ကေအန်အယ်လ်အေ တပ်မဟာ (၇) မှ တပ်ရင်းများ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။


source by :NEJ