Saturday, September 12, 2009

ဗမာပြည်သူတွေအတွက် နောက်ရွေးကောက်ပွဲတခု မလိုအပ်တော့ဟု ဦးဝင်းတင်က ဆို

ဗမာပြည်သူတွေအတွက် နောက်ရွေးကောက်ပွဲတခု မလိုအပ်တော့ဟု
ဦးဝင်းတင်က ဆို

ဝါရှင်တန်ပို့စ် အမေရိကန်သတင်းစာ၊ စက်တင်ဘာ ၉ မှ ကောက်နုတ်ချက်

စက်တင်ဘာ ၁၀၊ ၂၀၀၉


ဦးဝင်းတင်၏ အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးကို ပုံနှိပ်ဖော်ပြထားရာ အင်န်အယ်ဒီ၏ လက်ရှိရပ်တည်ချက်ကို ထပ်မံအတည်ပြုချက်ပေးခြင်း၊ ဂျင်ဝက်ဘ်အပါအ၀င် နိုင်ငံခြားက ၀င်ရောက် စွက်ဖက်မှုများနှင့် စစ်အစိုးရ၏ နောင်လာမည့် ရွေးကောက်ပွဲအသစ်တခုကို ဝေဖန်ခြင်းတို့ကို ဖော်ပြထားသည်။
မိုးမခက အောက်ပါ ကောက်နုတ်ချက်ကို မြန်မာဘာသာပြန်ဆို တင်ပြလိုက်ပါသည်။

---- ---- ----

ဧပြီလက ထုတ်ပြန်ခဲ့တဲ့ ပါတီရဲ့ တောင်းဆိုချက်တွေက တရားမျှတပါတယ်။ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးကြဖို့ အားပေးတိုက်တွန်းတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့၊ အခြေခံဥပဒေဆိုတာကို ပြန်လည်သုံးသပ်ဖို့၊ အင်န်အယ်ဒီပါတီရုံးခန်းတွေ ဖွင့်လှစ်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာ စည်းရုံးခွင့်တွေ ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အုပ်စုက ဒေါ်စုကို ဆက်လက်အကျဉ်းချတဲ့ လုပ်ရပ်နဲ့ တုံ့ပြန်လိုက်တယ်။ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကို ဆက်လက် ဖမ်းဆီးထားတယ်။ တိုင်းရင်းသားတွေကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်ခြေမှုန်းတယ်။ သူတို့ရဲ့ ရွှေရည်စိမ်ဒီမိုကရေစီစနစ်ကြီးကို အတင်းအကြပ်စီမံဖို့ ကြိုးပမ်းတယ်။

သည်တော့ နိုင်ငံတကာမိသားစုတွေက ဘယ်လိုအခန်းကဏ္ဍတွေကကနေ အကျိုးရှိရှိ ပါဝင်ပတ်သက်ကြမှာလဲ။ ပထမဦးဆုံးကတော့ ဂျင်ဝက်လိုမျိုး တရုတ်ပြည်နဲ့ လှည့်ပြီး ခြောက်လှန့်တဲ့ အကြောက်တရားအသုံးချ ပရိယာယ်တွေကို စွန့်လွှတ်ကြဖို့ပဲ။ သူပြောတဲ့ တရုတ်ပြည်ကို ကန့်သတ်နိုင်ဖို့အတွက် မြန်မာစစ်အုပ်စုနဲ့ လက်တွဲရမယ်လို့ ဆိုတာဟာ အလွန်ခေတ်နောက်ကျပြီးတော့ လက်တွေ့လုံးဝမကျတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။

ဒေါ်စုကိုယ်တိုင်ကလည်း ဂျင်ဝက်ကို ပြောခဲ့ပြီး ဖြစ်တယ်။ “ ကျမတို့က လူတွေကို အကြောက်တရားတွေ စိုးရိမ်ကြောင့်ကြစိတ်တွေ အခြေခံပြီးတော့ ဆက်ဆံမှာ မဟုတ်ဘူး။ မည်သူနဲ့ မဆို တွေ့ဆုံဆက်သွယ်မှာ ဖြစ်တယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ စသည်တို့အားလုံးနဲ့ ရင်းနှီးစွာ သာတူညီမျှ ဆက်ဆံကြမှာ ဖြစ်တယ်။ ကိုယ့်အိမ်နီးချင်းကို ရွေးချယ်ခွင့် မရှိတဲ့အတွက် တရုတ်ပြည်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး လိုအပ်တယ်ဆိုတာကို နားလည်ပါတယ် ..” လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ - အင်န်အယ်ဒီပါတီကိုယ်တိုင်က နိုင်ငံတကာမိသားစုတွေကို စစ်အုပ်စုနဲ့ တွေ့ဆုံဆက်ဆံဖို့ကို အားပေးတိုက်တွန်းတယ် ဆိုတဲ့အချက်ပဲ။ ပြီးတော့ အဲသည်နိုင်ငံတကာမိသားစုတွေကလည်း စစ်အုပ်စုကို ကျနော်တို့တတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆက်ဆံကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ပေးကြပါ။

ခုချိန်မှာ အမေရိကန်နဲ့တကွ နိုင်ငံတကာက ဗမာပြည်ကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားတယ်။ ဒါဟာ ကျနော်တို့ဗမာပြည်သူတွေ အလွန်တောင့်တတဲ့ ဒီမိုကရေစီအနှစ်သာရတွေအတွက် သူတို့တတွေ အားလုံးအတူတကွ ရပ်တည်ကြောင်း ပြသတဲ့ သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အကယ်၍သာ ဗမာစစ်အုပ်စုက အင်န်အယ်ဒီပါတီနဲ့တကွ တိုင်းရင်းသားအစုအဖွဲ့တွေ အားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးမယ်၊ အပစ်အခတ်တွေ ရပ်စဲမယ် ပြီးတော့ စစ်မှန်သော ဒီမိုကရေစီလူ့ဘောင်တည်ဆောက်ဖို့ ခြေလှမ်းတွေ ထပ်သာလှမ်းလာမယ် ဆိုရင် အခုရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ သင့်တော်တဲ့အချိန်တွေမှာ ရုတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

အခုလိုအချိန်ကာလမျိုးမှာ ကျနော်တို့ ရပ်တည်ချက်အပေါ်မှာ ဘယ်သို့သော တွေဝေသံသယစိတ်များ မထားကြပါနဲ့။ အင်န်အယ်ဒီပါတီဟာ ဗမာပြည်သူလူထုတရပ်လုံးရဲ့ ကြေးမုံပြင် ဖြစ်ပါတယ်။ ဗမာပြည်သူလူထုကြီးထံက လွတ်လပ်ရေးကို အဓမ္မကျင့်လုယူရန် လမ်းခင်းနေတဲ့ အခုကျင်းပတော့မည့် အန္တရယ်ကြီးလှတဲ့ အပြစ်အနာအဆာတွေ အပြည့်နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို မိမိတို့ အင်န်အယ်ဒီပါတီက သွေးကြောင်တွေဝေစွာနဲ့ ၀င်ရောက်ဆင်နွှဲမှာ မဟုတ်ပါဘူး။

ကျနော်တို့တတွေဟာ တွေ့ဆုံဆွေးနွေး ဆက်ဆံရေးအတွက် အမြဲတမ်း အဆင်သင့်ဖြစ်လျက် ရှိပါတယ်။ အဲဒါနဲ့ တပြိုင်နက်တည်းမှာပဲ ကျနော်တို့တွေအားလုံးဟာ ကျနော်တို့ရဲ့ အသက်သွေးချွေးတွေ စွန့်လွှတ်ရင်းနှီးခဲ့ရတဲ့ ဒီမိုကရေစီရေး အနှစ်သာရတွေ ဆွတ်ခူးရယူနိုင်ဖို့အရေး ဆက်လက် ရုန်းကန် တိုက်ပွဲဝင်ကြဖို့ကိုလည်း ပိုပြီးတော့ အဆင်သင့်ဖြစ်လျက်ရှိနေတယ် ဆိုတာကိုလည်း ပြောလိုက်ပါတယ်။

မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။