Wednesday, September 9, 2009

စစ်အစိုးရတပ် လှုပ်ရှားမှုများကြောင့် သျှမ်းပြည်လူထု ထိပ်လန့်ချောက်ချား

စစ်အစိုးရတပ်များ လှုပ်ရှားမှုများကြောင့် သျှမ်းပြည်လူထု
ထိပ်လန့်ချောက်ချား


ကိုးကန့် အရေးအခင်းနောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များအား ထပ်တိုက်ရန် စစ်အစိုးရပြင်ဆင်နေသည့် သတင်းထွက် ပေါ်လာပြီး နောက် ချောကား၊ ပေါ်တာဖမ်းဆီးမှု၊ စစ်အစိုးရယာဉ်တန်း သွားလာမှုများ မကြာခဏဆက်တိုက်တွေ့မြင် နေရသဖြင့် ပြည်သူလူထု ထိပ်လန့်စေခဲ့ကြောင်း သျှမ်းပြည်တွင်း သတင်းရပ်ကွက်က ဆိုသည်။

သျှမ်းပြည်မြို့တော် တောင်ကြီး နှင့် လွိုင်လင်၊ ကလော၊ သီပေါ၊ လားရှိုး တို့တွင် ကားချော၊ ပေါ်တာများ ဖမ်းဆီးခဲ့သောကြောင့် ညဘက်အပြင်မထွက်ကြရန် မိဘများက သားသမီးများအား မှာကြားကြောင်း၊ မော်တော်ယာဉ်များလည်း စစ်တပ်အတွက် မကြာခဏ ချောပေးနေရသောကြောင့် ခရီးမသွားလိုတော့ကြောင်း၊ မြို့တမြို့တွင် ၁၀ စီးမက ချောကား အဆင်သင့် သွားစောင့်ပေးရပြီး လူချောလည်းရာနှင့်ချီ အလှည့်ချ သွားစောင့်ဆိုင်းရကြောင်း အမည်မဖေါ်လိုသည့် ကားဆရာတဦးက ပြောပါသည်။

ကေအိုင်အိုအား တိုက်ခိုက်ရန် ကိုးကန့် ဘက်လှုပ်ရှားနေသည့် တပ်မ ၃၃ လည်း ၇/၉/၀၉ နေ့က ကချင်ဘက်ရွေ့ရှားသွား ကြောင်း ၊ UWSA တပ်ဖွဲ့ထိန်းချုပ်နယ်မြေအား စစ်ဆင်ရန် ၀ နယ် အလယ်ခြမ်း မိုင်းခတ်၊ မိုင်းယန်းဘက်သို့လည်းကောင်း မြောက်ဘက်ခြမ်း ဟိုပန်၊ ပန်လုံ ဘက်သို့လည်းကောင်း အစိုးရစစ်တပ် အင်အားဖြည့်တင်းလာခြင်းကြောင့် ၀ နယ် နှင့် မိုင်းလားနယ်အတွင်း ဒေသခံ လူထုကို ပိုမိုထိပ်လန့်စေခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ပန်ဆန်း နှင့် မိုင်းလားအာဏာပိုင်များ အစည်းအဝေးလုပ်ပြီး စစ်မဖြစ်နိုင်ဟု ကြေငြာချက် နံရံကပ်စာစောင်များ လိုက်ကပ်၍ လူထုအစည်းအဝေးပြုလုပ် ရှင်းလင်းရကြောင်း၊ တရုတ်နယ်စပ်သွားလာလေ့ရှိသူ သျှမ်းအမျိုးသားတဦးက ပြောပါသည်။

“တပ်မ ၃၃ ကို ကချင်ဘက်ဦးလှည့်လိုက်တယ်ဆိုတာက ကချင်ကိုမျက်လှည့်စိလည်စေသလို တောင်ပိုင်း ၀ ဌာနချုပ် (မိုင်းတုံမြို့နယ် ၁၇၁ တပ် စခန်းကြီး) မိုင်းကျွတ်ကို နအဖ ပစ်မှတ်ထားနေတာလဲ ၀ ကို အာရုံပြောင်းလိုက်တဲ့သဘော။ နောက်ပြီး မြို့ကြီးပြကြီးတွေ မှာ ကားချောဆွဲ၊ ပေါ်တာဖမ်းတာတွေ၊ သံလွင်အရှေ့ခြမ်းဘက် စစ်ရေးပြင်နေတယ်ဆိုတာ တွေက တောင်ပိုင်း SSA ကို တိုက်ဖို့ပြင်သလို ဖြစ်နေပြန်တယ်။ ဒါတွေကလူထုကိုပါ ခြိမ်းခြောက်နေသလိုဘဲ” ဟု သျှမ်းပြည်ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေးကော်မရှင် ဥက္ကဌ စ၀်ခင်းဆိုင်ကပြောပါသည်။

“စစ်ဘေးစစ်ဒဏ်အထူးခံရတဲ့ သျှမ်းပြည်အလယ်ပိုင်းလူထုကတော့ တောင်ပိုင်း SSA ကို နအဖ ထိုးစစ်ဆင်လာရင် ရပ်ရွာမီးရှို့ခံရမှာကို အရမ်းစိုးရိမ်တယ်။ ကိုးမြို့ရှင် နတ်ဆရာတွေက စစ်ဖြစ်ဖို့ အလားအလာမရှိဘူး ပြောတာတောင်မှ မယုံချင်ကြဘူး။” ဟု သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့သားတဦးကပြောပါသည်။

ထို့ပြင် တာချီလိတ်မြို့၌လည်း စက်တင်ဘာ ၉ ရက် ၂၀၀၉ ( ကိုးသုံးလုံး) ၌ UWSA အား စစ်အစိုးရတိုက်ခိုက်မည်ဟု ဒေသခံလူထု ကြားသတင်းများထွက်ပေါ်ပျံ့နှံ့နေသဖြင့် ချောကား၊ ပေါ်တာဆွဲခံရမည်ကို စိုးရိမ်နေကြကြောင်း တာချီလိတ်မြို့သားတစ်ဦးက ပြော ပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များနှင့်ပြည်သူလူထု စိတ်အနှောင့်အယှက် ဖြစ်စေရန် ယခုအခြေအနေ ဖြစ်အောင် စစ်အစိုးရ တမင်အကွက်ချ ဖန်တီးပြီး စိတ်ဓါတ်စစ်ဆင်ရေး လုပ်နေခြင်းသာ ဖြစ်ကြောင်း သုံးသပ်သူတွေက ပြောဆိုနေကြပါသည်။


မှတ်ချက် ။ ။ http://www.mongloi.org မှ ကူးယူ မျှဝေပါသည်။