Wednesday, September 9, 2009

အသက်မပြည့်သေးသော ပြစ်ဒဏ်ကျ မိန်းခလေးကို ပဲခူးထောင်က လက်ခံ

အသက်မပြည့်သေးသော ပြစ်ဒဏ်ကျ မိန်းခလေးကို
ပဲခူးထောင်က လက်ခံ

09/08/2009 (RFA)

ပဲခူးတိုင်းအတွင်းမှာ နှစ်လုံးထီရောင်းချမှုနဲ့ ဒိုက်ဦးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်စီ ချမှတ်ခံခဲ့ရတဲ့ ခလေးနှစ်ယောက်ကို စက်တင်ဘာလ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့ရာမှာ ထောင်က လက်မခံတဲ့အတွက် ဒိုက်ဦးရဲစခန်းက သူတို့ရဲ့ မိဘတွေကို သန်းခေါင်စာရင်းမှာ အသက် ၁၈ နှစ် ပြည့်ကြောင်း ထောက်ခံစာယူလာဖို့ အတင်းခိုင်းနေတယ် ဆိုတဲ့သတင်းကို RFA က စက်တင်ဘာ ၅ ရက် ပြီးခဲ့တဲ့ စနေနေ့တုန်းက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ကျောင်းဝတ်စုံလေးဖြင့် ဘိလပ်မြေသယ်နေသော ကလေးအလုပ်သမား ကျောင်းသူလေး တဦးကို ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

စက်တင်ဘာ ၇ ရက် မနေ့ကတော့ ဒိုက်ဦးရဲစခန်းက အဲဒီ ၁၆ နှစ်အရွယ် မိန်းခလေးငယ် ၂ ယောက်ကို အင်းစိန်နဲ့ ပဲခူး ထောင်နှစ်ထောင် ခွဲပြီး နောက်တကြိမ် ထပ်သွားပို့ခဲ့ရာမှာ ပဲခူးထောင်ကတော့ တယောက်ကို လက်ခံလိုက်ပြီး အင်းစိန်ထောင်အာဏာပိုင်တွေကတော့ နောက်တယောက်ကို လက်ခံဖို့ ထပ်ပြီး ငြင်းလိုက်ပြန်တယ်လို့ စုံစမ်း သိရှိရပါတယ်။

အင်းစိန်က လက်မခံလို့ ပြန်ပို့လိုက်တယ်ဆိုတဲ့ မိန်းခလေးဟာလည်း အခု ဘယ်ရောက်နေမှန်းမသိ ဖြစ်နေတယ်လို့ အဲဒီ မိန်းခလေးရဲ့ဖခင် ဦးကျော်သိန်းက RFA ကို အခုလိုပြောပြပါတယ်။

ဦးကျော်သိန်း။ ။ 'အင်းစိန်ထောင်ကို ဒါရောဆို နှစ်ခေါက်ရှိသွားပြီ၊ အင်းစိန်ထောင်က လက်မခံဘူးတဲ့၊ ကျနော်တို့ အင်းစိန်ထောင်ကို ဘယ်ကို ပို့မှာလည်း ၊ဘယ်ကို သွားမှာလည်း လို့ မေးကြည့်တော့ ဒိုက်ဦးပဲ ပြန်ခေါ်သွားလား မသိဘူးတဲ့။ ခုလည်း ကျနော်တို့လည်း ကလေးလည်း မတွေ့ရသေးဘူး၊ ကလေးက ဘယ်ရောက်လို့ ရောက်မှန်း မသိသေးဘူး။'

နောက်တယောက်ကိုတော့ ပဲခူးထောင်ကို ပို့လိုက်တာမှာ ပဲခူးထောင်က လက်ခံလိုက်တယ်လို့ သမီးဖြစ်သူနဲ့ သွားတွေ့ခဲ့တဲ့ ဖခင် ဦးစံငြိမ်းက အခုလိုပြော ပါတယ်။

ဦးစံငြိမ်း။ ။ 'ဒိုက်ဦးရဲစခန်းက မနေ့က ၁ဝ နာရီလောက်က ပဲခူးထောင်။ အဲဒါထောင်က လက်ခံလိုက်တယ် ခင်ဗျ။ အင်းစိန်က ကလေးကို အသက်မမီလို့ပြန်ပို့တယ်၊ ပြန်ပို့ပြီးအခါကျတော့ အဲဒီရက်ပိုင်း အတွင်းမှာပဲ သူတို့ ကျောင်းဝင်နံပတ်တွေ ပြန်ယူတယ်။ အမိန့်ချမှတ်ပြီးသားကို ပြန်ယူပြီးမှ ပြန်ပြင်ဆင်ပြီးတော့မှ ပဲခူး လူကြီးထောင်ကို သွားပို့လိုက်တယ်။ မနေ့ကတော့ တအောင့် ကျနော်တွေ့လိုက်ရတယ်ခင်ဗျ ငိုယိုနေတာပဲ။'

သူတို့ နှစ်ဦးအပါအဝင် ၆ ဦးကို နှစ်လုံး ချဲထီရောင်းချမှုနဲ့ ရဲက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ အဲဒီထဲက အသက် ၁၂နှစ်အရွယ် ခလေးတယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူတွေကို သြဂုတ်လ ၃၁ ရက်နေ့မှာ ဒိုက်ဦးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တနှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမိန်းခလေး ၂ ယောက်ဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဥသျှစ်ကုန်း ကျေးရွာအုပ်စု အတွင်း ကျေးရွာတရွာက ဆင်းရဲတဲ့ လယ်သမားမိသားစုတွေရဲ့ သမီးတွေ ဖြစ်ပြီး ဆဌမတန်းနဲ့ နဝမတန်းမှာ ပညာသင်ကြားနေကြဆဲ ကျောင်းသူလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။