Friday, June 24, 2011

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့ တာဝန် (အပိုင်း - ၁)

နိဒါန်း


ပြည်ထောင်စု မပြိုကွဲရေး.............................................................ဒို့အရေး

တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး.....................................ဒို့အရေး

အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး …........................................ဒို့အရေး


ဆိုတဲ့ စာတမ်းတွေကို မြို့အနှံ့၊ နယ်အနှံ့မှာ ဆိုင်းဘုတ်တင်ထားတာတွေ၊ တိုင်း၊ တပ်မ၊ တပ်ရင်းနဲ့ အစိုးရဌာနဆိုင်ရာ အသီးသီးမှာ ဆိုင်းဘုတ်တင် ချိတ်ဆွဲ ထားတာတွေ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဖျော်ဖြေရေး မီဒီယာတွေမှာ ထည့်သွင်းထားတာတွေကို ကျွန်ုပ်တို့ အားလုံး တွေ့မြင်နေကြရပါတယ်။ နိုင်ငံတော်မူဝါဒဖြစ်တဲ့ ဒီစကားလုံးတွေဟာ အနှစ်သာရ အနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းမွန်ပါတယ်။ သို့ပေမယ့် ဒီမူဝါဒတွေဟာ နိုင်ငံတော်အာဏာ သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ အမှန်တကယ် ကျင့်သုံးနေတဲ့ မူဝါဒတွေ ဖြစ်ပါရဲ့လား။ အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့တွေဟာ ဒို့တာဝန်အရေးသုံးပါး ဆိုတာကို ဦးထိပ်ထားပြီး အမှန်တကယ် ဆောင်ရွက်နေတာ ဖြစ်ပါရဲ့လား။


မြန်မာနိုင်ငံနှင့် အာဏာရှင်စနစ်

ဒီမိုကရေစီ သဘောတရားများအရ အာဏာဟာ ပြည်သူထံမှ သက်ဆင်းရပါတယ်။ ပြည်သူထံမှ မသက်ဆင်းတဲ့ အာဏာဟာ သက်ဆင်းလာတဲ့ အရင်းခံနေရာကိုပဲ အကျိုးပြုပြီး၊ ပြည်သူကို အကျိုး မပြုနိုင်ပါဘူး။ စစ်အာဏာဟာ အာဏာသိမ်းယူထားတဲ့ စစ်အုပ်စုကိုပဲ အကျိုးပြုပါတယ်။ လူတစုကနေ ဆင်းသက်လာတဲ့ အာဏာဟာ လူတစုကိုပဲ အကျိုးပြုပါတယ်။ ဒါကြောင့်လဲ သက်ဦးဆံပိုင်ဘုရင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (လွတ်လပ်မှုနှင့် တရားမျှတမှု မရှိသော အာဏာရှင် ရွေးကောက်ပွဲများ ကျင်းပပြီး အာဏာယူထားသော စနစ်) စတဲ့ စနစ်ဆိုးတွေကို ကမ္ဘာတ၀ှမ်းမှာ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော်အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ သိသာထင်ရှားသော အာဏာအပိုင်းအခြား (separation of powers) ရှိခြင်းဟာ ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကွန်စတီးကျူးရှင်းဆိုင်ရာ စည်းမျဉ်း တရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အာဏာကို တဦးတယောက်၊ တစု၊ တဖွဲ့က ထိန်းချုပ်ထားခြင်း မရှိစေရေးအတွက် အာဏာအပိုင်းအခြား ဆိုတဲ့ စည်းမျဉ်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံအများစုများ ကျင့်သုံးနေကြပါတယ်။

အုပ်ချုပ်ရေးအာဏာဟာ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ စတာတွေနဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း ရမှာ ဖြစ်ပြီး၊ အစိုးရအဖွဲ့ဟာ အစိုးရမူဝါဒများ ချမှတ် အကောင်အထည် ဖော်ဆောင်ရပါတယ်။ တပ်မတော်ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ရဲတပ်ဖွဲ့ကတော့ တရားဥပဒေ စိုးမိုးရေး တာဝန်တွေကို ထမ်းဆောင်ပြီး အုပ်ချုပ်ရေးအာဏာကို ကာကွယ်စောင့်ရှောက် ရပါတယ်။ အစိုးရအဖွဲ့ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်များ ပါဝင်တဲ့ ပါလီမန် (လွှတ်တော်) ကို တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်။

နိုင်ငံများရဲ့ သက်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ မူတည်ပြီး ပါလီမန် ပါဝင်မှုနှင့် ဖွဲ့စည်းမှု သဏ္ဍာန်တွေ ကွဲပြားပါတယ်။ ဥပဒေပြုအာဏာဟာ ပါလီမန်အမတ်များနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်လဲ ပါလီမန် အမတ်များကို တရားဥပဒေပြုသူများ (law-makers) တွေလို့ သတ်မှတ်ကြ ပါတယ်။ တရားစီရင်ရေးအာဏာကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးများနဲ့ သက်ဆိုင်ပါတယ်။ တရားသူကြီးများဟာ ပါလီမန်က ချမှတ်လိုက်တဲ့ အက်ဥပဒေများအတိုင်း တရားစီရင်ရေးမှာ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေးအာဏာနဲ့ ရောထွေးခြင်း မရှိရပါဘူး။ တရားသူကြီးများဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဖွဲ့အစည်းရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဂတိ လိုက်စားမှုတွေက ကင်းဝေးရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရယူထားတဲ့ အစိုးရအဖွဲ့က တရားသူကြီးများကို အသုံးပြုပြီး နိုင်ငံရေးယုံကြည်ချက်၊ အတွေးအခေါ် မတူသူများကို ပြစ်ဒဏ်ပေးဖို့ အသုံးချခွင့် မရှိပါဘူး။

မြန်မာနိုင်ငံမှာ တိုင်းတပါးသားတွေ အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီနယ်ချဲ့စနစ်နဲ့ ဖက်ဆစ် စနစ်တွေကို ဖယ်ရှားလိုက်ရင် သက်ဦးဆံပိုင် ဘုရင်စနစ် နဲ့ စစ်အာဏာရှင်စနစ် တွေကသာ ကာလအတန်ကြာ ကြီးစိုးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးစ ပါလီမန်စနစ်ကျင့်သုံးတဲ့ ကာလမှာကလဲ အာဏာ လုပွဲတွေနဲ့ စစ်မက်တွေ ဖြစ်နေခဲ့တာကြောင့် အာဏာအပိုင်းအခြား တိတိပပ မရှိခဲ့ပါဘူး။ အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ တို့အကြားမှာ ရောထွေးမှုတွေ၊ တရားစီရင်ရေးမှာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ၊ အဂတိလိုက်စားမှုတွေ ရှိခဲ့ပါတယ်။

သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အာဏာက ပြည်သူက သက်ဆင်းတာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး အာဏာဟာ မင်းရိုးမင်းနွယ်က ဆင်းသက်မှု၊ စစ်ပွဲမှာ အနိုင်ရသူ စစ်ဘုရင်က တိုင်းပြည်အုပ်ချုပ်မှု စတာတွေကနေ သက်ဆင်းလာပါတယ်။ ဥပဒေပြု အာဏာကလဲ ဘုရင်က ခန့်အပ်မှုပေါ်မှာပဲ မူတည်ပြီး၊ ပြည်သူကို ကိုယ်စားပြုခြင်း မရှိခဲ့ပါ။ တရားစီရင်ရေး အာဏာကလဲ အုပ်ချုပ်ရေးအာဏာကနေ ထပ်မံသက်ဆင်းလာပါတယ်။

(၁၉၆၂) ခုနှစ်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါ စစ်အုပ်စုကနေပဲ သက်ဆင်းလာပါတော့တယ်။ မဆလ ပါတီ လက်ထက်မှာလဲ အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်း စစ်အုပ်စုက ဦးစီးတဲ့ တပါတီအာဏာရှင်စနစ် ကနေပဲ သက်ဆင်းလာခဲ့ပါတယ်။ (၁၉၈၈) စစ်အာဏာသိမ်းပွဲ အပြီးမှာလဲ အာဏာသုံးရပ်ဟာ စစ်အာဏာရှင်တွေရဲ့ န၀တ၊ နအဖ အဖွဲ့အစည်းတွေ ကနေပဲ သက်ဆင်းလာပါတယ်။

ဒီလိုနဲ့ နအဖက အမျိုးသားညီလာခံ ခေါ်ယူပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့ပါတယ်။ ဒီမူကြမ်းကို (၂၀၀၈) ခုနှစ်မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး၊ အတည်ပြုခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်မှာတော့ ရွေးကောက်ပွဲကျင်းပပြီး၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကြံ့ဖွတ်ပါတီက အစိုးရ ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီအစိုးရအဖွဲ့ကို နအဖ စစ်အာဏာရှင် ဟောင်း ဗိုလ်သိန်းစိန်ကဦးဆောင်ပြီး အရပ်သား အစိုးရလို့ ကြေငြာခဲ့ပါတယ်။ ဒီင်္မိုကရေစီ စနစ် အသွင်ကူးပြောင်းမှုလို့ ဆိုခဲ့ပါတယ်။

သို့ပေမယ့် ဒီမိုကရေစနစ်မှာ အရေးပါတဲ့ အာဏာအပိုင်းအခြား (separation of powers) ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ constitutional principle မဖြစ်ခဲ့သလို၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးစနစ်မှာလဲ အာဏာအပိုင်းအခြား အသွင်သဏ္ဍာန်တွေ မရှိနေပါဘူး။ ဗိုလ်သိန်းစိန် ဦးဆောင် ကြံ့ဖွတ်ပါတီကို အနိုင်ရရှိစေခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကလဲ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ခဲ့ပါဘူး။

လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ (Representative Democracy) စနစ် အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့အခြေအနေ (necessary condition) တခုဖြစ်ပါတယ်။ စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲတွေဟာ စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်ဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံ ပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာကြပါတယ်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတာမှာ electoral process ကို တန်းတူညီမျှ အားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှု နဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့် မရှိအောင် အာဏာရှင် ဘက်တော်သားတွေက ခြိမ်းချောက် နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ် လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ (၂၀၁၀) ရွေးကောက်ပွဲမှာ ဒီလို အတုအယောင် ရွေးကောက်ပွဲရဲ့ သွင်ပြင်၊ လက္ခဏာတွေ ရှိနေခဲ့တယ်ဆိုတာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အားလုံးက သိပြီး၊ မြင်ပြီးသား ဖြစ်ပါတယ်။ ရာထူး၊ အာဏာ၊ အကြောက်တရား၊ ရှင်သန်ရပ်တည်မှု၊ အချိန်အခါ စတာတွေကို ထောက်ထားပြီး နှုတ်ဆိတ်နေကြခြင်းသာ ဖြစ်ပါမယ်။

ဒီအချက်တွေကို ထောက်မယ်ဆိုရင် အာဏာဆိုတာ ပြည်သူဆီက အပြည့်အ၀ သက်ဆင်းခဲ့ခြင်း မရှိဘူးဆိုတာ အသေအချာပါပဲ။ တရားဥပဒေပြုရေး အာဏာ ရရှိထားတဲ့ ပါလီမန်ရဲ့ ၇၅ ရာခိုင်နှုန်းမှာ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့သလို၊ ၂၅ ရာခိုင်နှုန်းကတော့ အုပ်ချုပ်ရေး အာဏာကို စောင့်ရှောက်ရမယ့် တပ်မတော်ကနေ အော်တိုမက်တစ် သက်ဆင်းလာတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရရှိထားတဲ့ အစိုးရအဖွဲ့မှာကလဲ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့ပါဘူး။

တရားစီရင်ရေးအာဏာမှာလဲ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ ဖြစ်စေတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်သတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်း မပြုလုပ်ထားပါဘူး။ စစ်အာဏာသိမ်း အစိုးရ လက်ထက်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ဆက်လက် ကျင့်သုံးဆဲ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီအာဏာ သုံးရပ်လုံးကို နိုင်ငံတော်လုံခြုံရေးကောင်စီက ပြန်လည် ထိန်းချုပ်ထားပါတယ်။ ဒီလို သွင်ပြင်လက္ခဏာ တွေဟာ ဒီမိုကရေစီစနစ် ရဲ့ သွင်ပြင်လက္ခဏာတွေမဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (Electoral authoritarianism) ရဲ့ သွင်ပြင်လက္ခဏာတွေသာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီ စနစ် မဟုတ်ပဲ အာဏာရှင်စနစ် အမျိုးအစား တမျိုး ဖြစ်တဲ့ ရွေးကောက်ခံ အာဏာရှင် စနစ်ပဲ ဖြစ်ပါတယ်။

အပိုင်း(၂) ကို ဆက်လက် တင်ပြပါမည်။

ခင်မမမျိုး