Tuesday, June 21, 2011

ကတိမတည်သော အစိုးရ၊ KIA နှင့် ငြိမ်းချမ်းရေး

အောင်လင်းထွဋ်| မြန်မာနိုင်ငံမြောက်ဘက် ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခမြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံသည့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းနေမှုကို မကြာသောကာလက တိုက်ပွဲများက နင်းခြေဖျက်ဆီး ခဲ့လေပြီ။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ယခင် စစ်အစိုးရ၏ ခက်ခက်ခဲခဲ ရယူခဲ့သော ငြိမ်းချမ်းရေး ခရီးစဉ်တွင် ကိုယ်တိုင် ပါဝင်ခဲ့ရသည့် အတွေ့အကြုံကို တင်ပြလိုပါသည်။

ဦးစွာပထမ ၀န်ခံလိုသည်မှာ စာရေးသူတို့ ကိုယ်တိုင် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လှည့်ဖျားမှု လိမ်လည်မှု ခံလိုက်ရကြောင်း အချိန်နှောင်းမှ သိရသည့် အချက်ဖြစ်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - www.isc-gspa.org)

စစ်အစိုးရခေတ် ငြိမ်းချမ်းရေး ရည်ရွယ်ချက်များနှင့် ပတ်သက်၍ နှစ်ပိုင်း ခွဲကြည့်ရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာလတို့ ဖြစ်ပါသည်။

KIA ခေါင်းဆောင်ပိုင်းနှင့် စစ်ထောက်လှမ်းရေး ခေါင်းဆောင်ပိုင်း တို့သည် ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်တနေရာ၌ လျှို့ဝှက် တွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ငြိမ်းချမ်းရေး မူဝါဒသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး တဦးနှင့်တဦး ယုံကြည်မှု တည်ဆောက်ကြမည်၊ နိုင်ငံရေးကိစ္စကို နောင်ပြည်သူ့အစိုးရ အသစ်တက်လာသည့်အခါ ဆွေးနွေးမည်၊ တပ်မတော်သည် ပြည်သူက ခန့်အပ်ထားသော အစိုးရ မဟုတ်သောကြောင့် တိုင်းရင်းသားအရေးကို မဆုံးဖြတ်နိုင်ဟု မူချမှတ်ခဲ့သည်။

ပထမဦးဆုံး လျှို့ဝှက်ဆွေးနွေးပွဲတွင် န၀တ ဘက်မှ ဒုဗိုလ်မှူးကြီး တင်ဝင်း (အလုပ်သမားဝန်ကြီးနှင့် အမေရိကန် သံအမတ်ကြီးဟောင်း)၊ ဗိုလ်မှူး သန်းအေး (ဗိုလ်မှူးကြီးဟောင်း - ကွယ်လွန်) တို့ဖြစ်ပြီး KIA ဘက်မှ ဦးဘရန်ဆိုင်းနှင့် အဖွဲ့ အကျိုးဆောင် ဒေါက်တာ စဘွဲဂျွန်၊ ဦးခွန်မြတ်တို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် န၀တဘက်မှ အထက်ပါ မူဝါဒအသစ်နှင့် ပတ်သက်၍ ရှင်းလင်း ခဲ့ရာတွင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ အစိုးရများသည် လက်နက်ချရေးမူကိုသာ အသေစွဲကိုင် ခဲ့မှုကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မမြင် ဖြစ်ခဲ့ကြရကြောင်း၊ ထို့ကြောင့် မိမိတို့ လက်ထက်တွင် မူသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ယုံကြည်မှု တည်ဆောက်ကြမည်ဖြစ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်စဉ် ကာလအတွင်း အပစ်အခတ်ရပ်စဲထားပြီး တဘက်နှင့် တဘက် နားလည်မှု ရရှိရေး၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းတို့ ပါဝင်သည်။ သို့သော် KIA အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို သဘောတူမှ တရားဝင် ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဟု ကမ်းလှမ်းခဲ့သည်။

KIA ဘက်မှလည်း စစ်မှန်ပြီး အရှည်သဖြင့် တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်၊ ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးသည့် နည်းများဖြင့်သာ ဖြေရှင်းသွားလိုကြောင်း န၀တ၏ သဘောထားများကို ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဗဟိုကော်မတီသို့ တင်ပြပြီး သဘောထားကို ရယူသွားမည်ဖြစ်ကြောင်း ပဏာမတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချ အာဏာရယူခဲ့ပြီးနောက် KIA ခေါင်းဆောင် ဦးဇော်မိုင် လက်ထက်တွင် အကျိုးဆောင်များမှတဆင့် ယခင်ပဏာမ တွေ့ဆုံခဲ့စဉ် ရှင်းလင်းချက်များကို အခြေခံ၍ န၀တနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

အကျိုးဆောင် လူကြီးများအဖြစ် သင်းအုပ်ဆရာ ဒေါက်တာ စဘွဲဂျွန်၊ အငြိမ်းစား သံအမတ်ကြီး ဦးလ၀မ်၊ စီးပွားရေးလုပ်ငန်းရှင် ဦးခွန်မြတ်တို့က ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်နှောင်းပိုင်း KIA ၏ကမ်းလှမ်းချက်ကို ထိုစဉ်က စစ်ထောက်လှမ်ရေး ညွှန်ကြားရေးမှူးရုံး စစ်ဦးစီးမှူး (ပထမတန်း) ဒု ဗိုလ်မှူးကြီး ကျော်သိန်း မှတဆင့် ဒု ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ကျော်ဝင်း၊ ညွှန်ကြားရေးမှူးနှင့် န၀တ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွန့်တို့ကို တင်ပြခဲ့ပါသည်။ ဗိုလ်ချုပ် ခင်ညွန့်မှ တဆင့် န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ရမည်ကို အမိန့်တောင်းခံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်မှာ “ကိုခင်ညွန့် KIA ကို လက်နက်ချရမယ်လို့ ပြောလိုက်” ဆိုသည့် အမိန့်ပင်ဖြစ်သည်။ ဗိုလ်ချုပ် ခင်ညွန့် အပါဝင် စာရေးသူတို့အားလုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကြောင့် အတော်ပင်စိတ်ပျက်ခဲ့ရပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်ကတည်းက န၀တ ဒု ဥက္ကဋ္ဌ ဖြစ်ပါသည်။ ယခင်က KIA နှင့် ဆွေးနွေးခဲ့သည်များကို သူကောင်းစွာ သိပါသည်။ အဘယ်ကြောင့် ထိုသို့ ပြောခိုင်းသည်ကို သူ၏သားတပည့် ဗိုလ်ချုပ် ကျော်ဝင်းမှအပ ကျန်လူများ မသိကြပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အားနည်းချက်မှာ ငယ်စဉ် တာဝန်ထမ်းဆောင်ခဲ့ရသော တပ်မတော် ၀ါဒဖြန့်ချိရေးဌာနတွင် စိတ်ဓာတ်စစ်ဆင်ရေးအလုပ်ကို ၀ါသနာထုံခဲ့သူဖြစ်သည်။ ဘယ်အရာမဆို စိတ်ဓာတ်စစ်ဆင်ရေး အမြင်ဖြင့် စဉ်းစားလေ့ရှိသည်။ တခါတရံ သူပြောသည့် စကားတိုင်းကိုပင် သူမှတ်မိချင်မှ မှတ်မိပါသည်။ မြှောက်ပင့်ပြောသည်ကို သဘောကျသည်။ အနီးကပ်နေရသူများ၏ စကားကို ယုံလွယ်သည်။

ဗိုလ်ချုပ် ကျော်ဝင်းက KIA ကို ပြန်ကြားရမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကို အကျိုးဆောင် လူကြီးများမှတဆင့် ပြန်ကြားရန် စာရေးသူအား တာဝန်ပေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြန်ကြားချက်ကို စာရေးသူသည် အကျိုးဆောင် လူကြီးများကို ရှင်းပြသည့်အခါ အားလုံး စိတ်ဓာတ်ကျခဲ့ပြီး ငြိမ်းချမ်းရေးတော့ ဝေးပါပြီဟု မှတ်ချက်ပြုခဲ့ကြသည်။

ဆက်လက်၍ စာရေးသူက အကျိုးဆောင်လူကြီးများအား မည်သို့ပင်ဖြစ်စေ ပြန်ကြားချက်တခုခု ပေးပါရန်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အချိန်မရွေး စိတ်ပြောင်းလဲတတ်သူဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် မဝေးသေးပါကြောင်း ပြောကြားခဲ့ရသည်။

ရက်သတ္တပတ် အနည်းငယ်အကြာတွင် အကျိုးဆောင် လူကြီးများမှတဆင့် KIA ၏ ပြန်ကြားချက်မှာ KIA သည် ကချင်လူမျိုးများ တန်းတူအခွင့်အရေးအတွက် တော်လှန်ရေးလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ကျော်ပြီဖြစ်ကြောင်း၊ န၀တ ပြောသကဲ့သို့ လုပ်ရမည်ဆိုလျှင် ကချင်လူမျိုးများအပေါ် သစ္စာဖောက်ရာရောက်မည် ဖြစ်ကြောင်း၊ ကချင်တို့အနေဖြင့် ဘယ်သောအခါမှ ပြည်ထောင်စုမှ ခွဲထွက်မှာ မဟုတ်ကြောင်း၊ ထို့ကြောင့် KIA ၏ ဂုဏ်သိက္ခာကို ထောက်ရှု၍လည်းကောင်း၊ ကချင်လူမျိုးများအား ဂရုဏာထားသောအားဖြင့် ငြိမ်းချမ်ရေးရရှိရေး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကဲ့သို့ သဘောထားပေးရန် ပြန်ကြားခဲ့သည်။ ဤကဲ့သို့ KIA ပြန်ကြားချက်အပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကန့်ကွက်တော့ဘဲ တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ KIA က ကချင်တို့၏ မြို့တော် မြစ်ကြီးနားတွင် ဆွေးနွေးပွဲကို ကျင်းပလိုကြောင်း ပြောကြားခဲ့သော်လည်း ပထမတကြိမ်တွင် လာရှိုးမြို့တွင် ပြုလုပ်ရန် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ မေတ္တာရပ်ခံချက်ကြောင့် ဆွေးနွေးပွဲနေရာ ရွေးချယ်မှု အဆင်ပြေခဲ့သည်။

န၀တ နှင့် KIA တရားဝင်ဆွေးနွေးမှုကို ၁၉၉၃ ခုနှစ် အစောပိုင်းမှစတင်၍ ပြုလုပ်ခဲ့သည်။ ပထမအကြိမ် လာရှိုးဆွေးနွေးပွဲ၌ န၀တ ဘက်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော် (ပြန်ကြားရေးဝန်ကြီးဟောင်း - ကွယ်လွန်) ခေါင်းဆောင်ပြီး စစ်ထောက်လှမ်းရေးမှ ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းတို့ ပါဝင်ခဲ့သည်။ KIA ဘက်မှ ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင် ခေါင်းဆောင်သောအဖွဲ့ တက်ရောက်ခဲ့ကြသည်။ ပထမအကြိမ် ဆွေးနွေးပွဲသည် တချိန်က ရန်သူများ၊ ယခု မိတ်ဆွေများအနေဖြင့် တွေ့ဆုံကြပြီး လူပုဂ္ဂိုလ်ချင်း လေ့လာသည့် အဆင့်သဘောမျိုး တွေ့ဆုံခဲ့ကြသည်။ န၀တဘက်မှလည်း အပစ်အခတ်ရပ်စဲရေးနှင့် ဒေသဖွံ့ဖြိုးရေးကို ဦးတည်ချက်ထား ဆွေးနွေးခဲ့ကြပြီး KIA ဘက်မှလည်း ကချင်လူထု၏ တခဲနက် ငြိမ်းချမ်းရေး တောင်းဆိုမှုများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခဲ့ကြသည်။

ဒုတိယအကြိမ် တွေ့ဆုံဆွေနွေးပွဲမှစ၍ ဆွေးနွေးပွဲများကို မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်သည်။ ဒုတိယအကြိမ် ဆွေးနွေးပွဲမှစ၍ န၀တဘက်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောလွင် (ဟိုတယ်ဝန်ကြီးဟောင်း)၊ စစ်ထောက်လှမ်းရေးမှ ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းတို့ ဦးဆောင်ပါဝင်ခဲ့ပြီး KIA ဘက်မှ ဥက္ကဋ္ဌ ဦးဇော်မိုင်နှင့် ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင်တို့ ဦးဆောင်ပါဝင်ခဲ့သည်။ အကျိုးဆောင်လူကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲများတွင် စစ်ရေးနှင့်ပတ်သက်၍ အပစ်အခတ် ရပ်စဲရေးကို မည်သို့စတင်လုပ်ကြမည်၊ နှစ်ဘက်စစ်တပ်များ နယ်မြေသတ်မှတ်ရန်၊ ဆွေးနွေးပွဲ ပြုလုပ်နေစဉ် အချိန်အတွင်း နှစ်ဖက်စစ်တပ်များ ယာယီ အပစ်အခတ် ရပ်စဲထားရန်၊ နယ်မြေသတ်မှတ်မှု သဘောတူညီပြီးပါက လက်နက်ကိုင်ဆောင်ပြီး ကန့်သတ်နယ်မြေအတွင်းသို့ ၀င်ရောက်မည်ဆိုလျှင် ခွင့်ပြုချက်ရယူရန်၊ တပ်အင်အားမတိုးချဲ့ရန်တို့ကို ဆွေးနွေးသည်။

စီးပွားရေးနှင့် ပတ်သက်၍ KIA အဖွဲ့ စားသောက်နေထိုင်ရေးအတွက် အစိုးရမှ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်အနေဖြင့်လည်း ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းချ၍ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ စစ်တပ်သည် ပြည်သူ့အစိုးရ မဟုတ်သည့်အတွက် နောင်ပေါ်ပေါက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးရန်တို့ ပါဝင်သည်။

အချုပ်အားဖြင့် အပစ်အခတ် ရပ်စဲထားစဉ်ကာလသည် နှစ်ဘက်ယုံကြည်မှု တည်ဆောက်သည့် ကာလအဖြစ် သတ်မှတ်ပြီး အပြန်အလှန် နားလည်မှုရ၍ ထာဝရငြိမ်းချမ်းရေးဖြစ်ပေါ်ရန် ရည်ရွယ်ခဲ့သည်။ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ နောင်ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရနှင့် နိုင်ငံရေးကိစ္စ ဆွေးနွေးသည့်အခါ ထည့်သွင်း ဆွေးနွေးသွားရန် ဖြစ်သည်။

အထက်ပါ ဆွေးနွေးပွဲများ၌ ဆွေးနွေးသည့် အကြောင်းအရာအပေါ် န၀တဘက်မှ ပေးပို့သော အသေးစိတ် အချက်အလက်များကို စစ်ထောက်လှမ်ရေး ညွှန်ကြားရေးမှူးရုံးမှနေ၍ စာရေးသူကိုယ်တိုင် ဗိုလ်ချုပ်ကြီး ခင်ညွန့်သို့ သတင်းပို့ရသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ဆက်လက်တင်ပြ အမိန့်ခံယူပြီး လမ်းညွှန်ချက်ကို စာရေးသူမှ မြစ်ကြီးနားမြို့ရှိ န၀တကိုယ်စား ဆွေးနွေးနေသောအဖွဲ့သို့ ပြန်လည်အကြောင်းကြားရသည့် တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး နှစ်ဘက်သဘောတူညီသောကြောင့် ငြိမ်းချမ်းရေးစာချုပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်ဖြင့် ၁၉၉၄ ခု ဖေဖော်ဝါရီလတွင် န၀တ ကိုယ်စား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောလွင်တို့မှ လက်မှတ်ရေးထိုးခဲ့သည်။ KIA ဘက်မှ ဥက္ကဋ္ဌ ဦးဇော်မိုင်နှင့် ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင်တို့မှ လက်မှတ်ရေးထိုးခဲ့သည်။ ထိုစဉ်က လက်ရှိ သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ထောက် စစ်ဦးစီး ဗိုလ်မှူးကြီး ဖြစ်ခဲ့ပြီး လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေသည် စစ်ဦးစီးမှူး ပထမတန်း ဖြစ်သည်။

၁၉၉၇ ခုနှစ် အလွန်မှစ၍ စစ်အာဏာရှင်ကြီး၏ ဉာဏ်နီဉာဏ်နက်များကို စတင်၍ သိလာရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ထားရှိရမည့် သဘောထားကို တိုင်းမှူး၊ တပ်မမှူးများ လေးလပတ် အစည်းအဝေးတွင် လမ်းညွှန်မှုများ ပြုလုပ်လာခဲ့သည်။ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များသည် ပြည်တွင်း ပြည်ပနိုင်ငံရေးကိစ္စများတွင် လက်နက်တခုသဖွယ် ကိုင်တွယ်အသုံးပြုရန်ဖြစ်ကြောင်း၊ အချိန်မရွေး စစ်ပြန်တိုက်ရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်နမိတ်အစပ်များ စစ်တပ် တပ်ရင်းပေါင်းများစွာကို တိုးချဲ့ဖွဲ့စည်းသွားရန် လမ်းညွှန်မှုများ ပေးခဲ့သည်။ KIA နှင့် မွန်ပြည်သစ်ပါတီကို ဆွဲထုတ်ပြီး KNU ကို အင်အားချိနဲ့သွားအောင် လုပ်ခဲ့သည်။ KNU က ငြိမ်းချမ်းရေး ကမ်းလှမ်းလာသောအခါ လက်နက်ချရမည်ဟူ၍ ပြောခိုင်းခဲ့သည်။ အမျိုးသားညီလာခံတွင် တိုင်းရင်းသားများ စုစည်းပြီး တိုင်းရင်းသားအရေး ဆွေးနွေးရန်တင်ပြရာတွင်လည်း ခွင့်မပြုရန် ညွှန်ကြားသည်။ အမျိုးသားညီလာခံကို အမြန်အပြီးသတ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်တွင် မပါသည့် နယ်ခြားစောင့်တပ် လုပ်ရမည်ဆိုပြီး အကျပ်ကိုင်လာခဲ့သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံသော ကိုးကန့်အဖွဲ့ကို ခြေမှုန်းပြီး ခြိမ်းခြောက်ခဲ့သည်။

ယနေ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲကြီးငယ်များကြောင့် ပြည်သူလူထု အတိဒုက္ခနှင့် ကြုံတွေ့နေရခြင်း၏ အဓိကတရားခံမှာ အမည်ခံ အရပ်သား စစ်အာဏာရှင်အစိုးရပင် ဖြစ်သည်။ ကတိသစ္စာ မတည်သော အမည်ခံ အရပ်သား စစ်အာဏာရှင်အစိုးရ၏ လိမ်လည်မှု လှည့်ဖြားမှုများသည် ယနေ့ အချိန်တွင် ကွက်ကွက်ကွင်းကွင်း တွေ့နေရပြီဖြစ်သည်။ မြောက်ကိုရီးယား ကိစ္စ ၊ ကလေးစစ်သား ကိစ္စ၊ အဓမ္မလုပ်အားပေး ကိစ္စ၊ လူ့အခွင့်အရေး ကိစ္စတို့တွင် ကုလသမဂ္ဂနှင့် ကမ္ဘာကိုလိမ်သည်။ ငြိမ်းချမ်းရေး ကိစ္စ၊ ရွေးကောက်ပွဲ ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ၊ နိုင်ငံတော် ဘဏ္ဍာ ကိစ္စတို့တွင် မြန်မာပြည်သူထုကို လိမ်ညာလျက်ရှိပေသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)

source by : http://www.irrawaddy.org