Wednesday, June 22, 2011

ဝမ့်ဟိုင်းဌာနချုပ် စီးနင်းသိမ်းပိုက်နိုင်ရန် ဓာတုလက်နက် သုံးသင့်လည်း သုံးရမည်ဟု နေပြည်တော်စစ်ရုံးချုပ် ညွှန်ကြား

ထိုးစစ်ဆင် တိုက်ခိုက်လာသည့် မြန်မာစစ်တပ်အား ပျောက်ကျားနည်းဖြင့် ၃ လကြာ ခုခံတိုက်ခိုက် နေသော သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော် (SSPP/SSA) ၏ ဝမ့်ဟိုင်းဌာနချုပ်အား စီးနင်းသိမ်းပိုက်နိုင်ရန် ဓာတုလက်နက်သုံးသင့်လျှင် သုံးရမည်ဟု နေပြည်တော်စစ်ရုံးချုပ်မှ ညွှန်ကြား ထားကြောင်း စစ်ရုံး ချုပ်အတွင်းပိုင်းနှင့်ဝင်ဆန့် သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ဝမ့်ဟိုင်းဌာနချုပ် ဒါမှမဟုတ် စဝ်ပန်ဖှရဲ့ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ဓာတုလက်နက်သုံးသင့်ရင်လဲ သုံးရမယ်လို့ ညွှန်ကြားထားတယ်။”

အလားတူ SSPP/SSA ၏ ဝမ့်ဟိုင်းဌာနချုပ်ကို မဖြစ်မနေ စီးနင်းသိမ်းပိုက်နိုင်ရမည်ဟု လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးမှ အမိန့်ချကြောင်း ရမခတိုင်းရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။


သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု တောင်ဘက် SSPP/SSA ၏ အဓိကမဟာဗျူဟာမြောက် လွယ်ဂျန့်ကင့် ရ မိုင် တပ်စခန်းကို ဇွန်လ ၃ ရက်နေ့ မြန်မာစစ်တပ် တိုက်ခိုက်ခဲ့စဉ် ကလည်း မြန်မာ စစ်တပ်မှ ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း တပ်မဟာ ၃၆ မှ တပ်မှူးတစ်ဦးက အထောက်အထားပြဆို ပြောကြား ခဲ့သည်။

SSPP/SSA တပ်သားများ

တဖက်၌လည်း မြန်မာစစ်တပ်က ဝမ့်ဟိုင်းဌာနချုပ် အနီးသို့ စစ်အင်အားများ ပို့ဆောင်ဖြည့်တင်းလျက်ရှိ သည်။

“၂၀ ရက် မနေ့က တောင်ကြီးကနေ စစ်ကားအစီး ၅၀ လဲချားကို မနက် ၈ နာရီ ရောက်လာတယ်။ ဒေသခံတွေရဲ့ ကားတွေတောင် ချောဆွဲထားသေးတယ်။ ဝမ့်ဟိုင်းဘက်ကို တက်ဖို့ပေါ့” ဟု လဲချား ဒေသခံတစ်ဦးက ပြောပါသည်။

မိုင်းရယ်ဖက်မှလည်း ဇွန် ၁၈ ရက်နေ့၌ ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ ဆင်းလာကြောင်း SSPP/SSA မှ တပ်မှူး တစ်ဦးက ဆို၏။

ဇွန် ၁၄ ရက် သျှမ်းပြည်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် လားရှိုးသို့ ရောက်ရှိစဉ် တပ်မ ၃၃ လည်း တရုတ်ဖြစ် FAW ၆ ဘီး စစ်ကား ၁၆ စီး ရမခတိုင်းရုံးသို့ ရောက်ရှိကြောင်း လားရှိုးကုန်သည်တစ်ဦးက လည်းပြောပါသည်။

ထွက်ပေါက်တစ်ပေါက်တည်းသာ ပေးထားသည့် ပုံစံဖြင့် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းအား မြန်မာစစ်တပ် က သုံးဖက်သုံးတန်မှ အင်အားဖြည့် ဝိုင်းရံပိတ်ဆို့ထားသည်ဟုလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS/SSA)ခေါင်းဆောင် စဝ်ယွတ်စစ် က ပြောဆို၏။

source by : http://www.mongloi.org