Friday, February 19, 2010

ကုလ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

2010-02-19 ( RFA )

မြန်မာနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Quintana က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခံခဲ့တာကို စစ်အစိုးရက မလိုက်လျောတဲ့အတွက် အများကြီး ဝမ်းနည်းမိတယ်လို့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (ယာမှတတိယ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ခရီးစဉ်အပြီး မင်္ဂလာဒုံလေဆိပ်ကနေ ပြန်လည် မထွက်ခွာခင် သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားရာမှာ မိမိ ခရီးစဉ် မစတင်ခင် အစောကြီးကတည်းက မေတ္တာရပ်ခံထားခဲ့တာ ဖြစ်ပေမဲ့ စစ်အစိုးရက တွေ့ဆုံခွင့် မပေးခဲ့ဘူး ၊ အနှစ် ၂ဝ မှာ ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ်လို့ စိုင်းပြင်းနေတဲ့ အချိန်မှာတောင် သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရတဲ့အတွက် ဝမ်းနည်း စိတ်ပျက်မိတယ် လို့လည်း Mr.Quintana က ပြောကြားသွားပါတယ်။

သူဟာ ဖေဖော်ဝါရီ ၁၉ ရက် ဒီကနေ့ စောစောပိုင်းက မြန်မာ စစ်အစိုးရ ဝန်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Mr. Quintana ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့ပြီး ပြည်ထဲရေးဝန်ကြီး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲချုပ်တို့နဲ့လည်း ဒီကနေ့ တွေဆုံဖို့ အစီအစဉ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာအစိုးရ အရာရှိတဦးက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတင်း အသေးစိတ်ကိုတော့ မြန်မာအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

Mr. Quintana ဟာ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့လည်း တွေ့ဆုံခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။

အခု ခရီးစဉ်အတွင်း Mr. Quintana က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာကို မြန်မာစစ်အစိုးရ အနေနဲ့ ခွင့်ပြုမယ်လို့ မိမိ မျှော်လင့်ကြောင်း မြန်မာနိုင်ငံကို မလာခင် ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


source by : http://www.rfa.org