Monday, February 15, 2010

အမိန့်နာခံမှုနှင့် တရားဥပဒေ လေးစားမှု

NEJ /၁၅ ဖေဖော်ဝါရီ ၂၀၁၀

ရာထူးကြီးစဉ် ငယ်လိုက် ဖွဲ့စည်းထားသော စစ်တပ်၌ အမိန့်နာခံမှုသည် အရေးအကြီးဆုံး ဖြစ်သည်ဟု ယူဆကြ၏။ လူသတ်လက်နက် ကိုင်ဆောင်၍ အကြမ်းဖက်ရန် လေ့ကျင့်ထားသော လက်နက်ကိုင်များသည် အမိန့်ကို မနာခံဘဲ တယောက်တမျိုး ဖြစ်နေပါက တရားဥပဒေ ထိန်းသိမ်းရေးတွင် အခက်အခဲရှိနိုင်သည်ဟု ယူဆကြသည်။ သို့သော်လည်း တရားဥပဒေ ချိုးဖောက်ထားသည့်အမိန့်ကို နာခံသင့်သလောဆိုသည်ကို အရေးတကြီး စဉ်းစားရန် လိုအပ်လာပါသည်။ အထက်ကလာသည့် အမိန့်ကို နာခံသည့်အတွက် အပြစ်မရှိဟု စစ်မှုထမ်းအများစုက ယူဆကြသည်။ အမိန့်နာခံပါက လိပ်ပြာမသန့် ဖြစ်စရာမလိုဟု စစ်မှုထမ်းတို့က ယူဆကြသည်။

စစ်တပ်၏ တာဝန်များထဲတွင် အမိန့်နာခံမှုသည် အလွန်အရေးကြီးကြောင်း စစ်ပညာစာပေ၌ မကြာခဏ တွေ့နိုင်သော်လည်း မည်သို့သော အမိန့်မျိုးကို နာခံမည်နည်း၊ အမိန့်ဟူသမျှ မှားမှားမှန်မှန် နာခံမည်လား ဆိုသည်ကို ဆန်းစစ်ဖို့ လိုပေသည်။ နာဇီဖက်ဆစ် အာဏာရူးများ၏ အမိန့်ကို နာခံခဲ့သဖြင့် ဂျပန်နှင့်ဂျာမဏီ ပြာပုံဖြစ်သွားခဲ့ပုံကို သမိုင်းသင်ခန်းစာ အဖြစ် ထောက်ပြကြသူများ ရှိ၏။ အမိန့်ပေးသူသည် စစ်စည်းကမ်း ဥပဒေအရ တရားဝင် အမိန့်ပေးပိုင်ခွင့်ရှိသလော၊ တရားဥပဒေနဲ့အညီ ဖွဲ့စည်းသည့်အစိုးရ ဖြစ်သလော ဆိုသည်ကို စစ်မှုထမ်းက စဉ်းစားဖို့ လိုကြောင်း ထောက်ပြကြသူများလည်းရှိသည်။ မှားသည်၊ မှန်သည်ကို မစဉ်းစာဘဲ ခိုင်းသမျှလုပ်သော စနစ်ကြောင့် မြန်မာပြည်ပျက်စီးပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရသည်ဟု ဝေဖန်ကြသည့်အတွက် ဤကိစ္စကို ဆွေးနွေးသင့်ပေသည်။

ထို့ကြောင့် မည်သည့်အတိုင်းအတာအထိ အမိန့်နာခံသင့်သနည်း ဆိုသည်ကို ဆွေးနွေးရန် လိုအပ်လာသည်။ ဒီကိစ္စသည် အရာရှိ၏ ကိုယ်ကျင့်တရား၊ အသိဉာဏ်ပညာ၊ အမျိုးသားစိတ်ဓာတ် စသည်များနှင့် ပတ်သက်နေသည်။ စစ်ရေးနဲ့မဆိုင်သောကိစ္စ၌ အထက်က အမိန့်ပေးသည့်အတိုင်း အမှားအမှန်ကို ဝေဖန်ပိုင်းခြားခြင်းမပြုဘဲ မျက်စိမှိတ်၍ နာခံသင့် မသင့်ဟူသော မေးခွန်းသည် စစ်မှုထမ်းများအတွက် အလွန်အရေးကြီးပါသည်။ တနည်းဆိုပါမူ အထက်ကခိုင်း၍ လုပ်သဖြင့် မိမိ၌ အပြစ်မရှိဟု ခံယူထားခြင်းသည် စစ်မှုထမ်းဝတ္တရားကို ထိခိုက်ပြီး လူ့အဖွဲ့အစည်းတခုလုံးကို အန္တရာယ်ဖြစ်စေ၏။

တရားဥပဒေကို ဂရုမစိုက်ဘဲ ထင်သလိုလုပ်သောအမှုများကို စစ်ဆေးအပြစ်ပေးရန် ၁၉၉၈ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့၌ အိုင်စီစီ (ခေါ်) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးဖွဲ့စည်းပြီး ရာဇ၀တ်ဥပဒေကို ၂၀၀၂ ခုနှစ် ဇူလိုင် (၁) ရက်နေ့၌ စတင်ကျင့်သုံးနေသည်။ (၇၇) မျက်နှာ အပိုဒ် (၁၂၈) ပိုဒ်ရှိသော ဥပဒေဖြစ်သည်။ အပိုဒ် (၇) စာမျက်နှာ (၉) ၌ Crimes against humanity ကို ဖော်ပြသည်။ လူသားမျိုးနွယ်အပေါ်၌ ကျူးလွန်သော ရာဇ၀တ်မှုဟု ဘာသာပြန်ရမလို ဖြစ်နေသည်။ သို့သော် attack directed against any civilian population ဟု ရေးထားသည့်အတွက် အရပ်သားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုကို ဆိုလိုသည်မှာ ထင်ရှားသည်။ စစ်သားအချင်းချင်း ခွက်စောင်းခုတ်၍ သတ်ဖြတ်မှု ဤဥပေဒ၌ အကျုံးမ၀င်ပါ။

လူသတ်မှု၊ အပျောက်ရှင်းမှု၊ ကျွန်ပြုမှု၊ အဓမ္မပြောင်းရွှေ့မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ ပြည့်တန်ဆာလုပ်ခိုင်းမှု၊ ကိုယ်စိတ်နှစ်ပါး အလွန်အမင်း ဆင်းရဲဒုက္ခရောက်အောင်လုပ်မှု စသည့်အမှုများကို အရပ်သားအပေါ်၌ ကျူးလွန်ပါက အရေးယူနိုင်သည်ဟု အိုင်စီစီ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ဥပဒေက ဆိုသည်။ ဤပြစ်မှုအားလုံးကို ကျူးလွန်နေသော မြန်မာစစ်အစိုးရကို အရေးယူရန် ဗြိတိသျှအစိုးရကို အတိုက်အခံ Conservative အမတ် John Bercow က ၂၀၀၅ ခုနှစ်တွင် တိုက်တွန်းခဲ့ဖူးသည်။ သို့သော်လည်း မြန်မာစစ်အစိုးရသည် အိုင်စီစီစာချုပ်ကို လက်မှတ်မထိုးသေးသဖြင့် အရေးယူနိုင်ရန် အခက်အခဲရှိ၏။

အမိန့်နာခံပါက အပြစ်မရှိဟု မြန်မာပြည်၌ ယူဆသော်လည်း အပြည်ပြည်ဆိုင်ရာဥပဒေက ယင်းသို့မမြင်ပါ။ အမိန့်နာခံပြီး အရပ်သားကို နှိပ်စက်ညှဉ်းပန်းပါက နှိပ်စက်သူ၌ တာဝန်ရှိသည်ဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်ပြီး၍ ဟစ်တလာ သေသွားသော်လည်း သူ့အမိန့်နာခံ၍ မတရားလုပ်ခဲ့သော ဂျာမန်အရာရှိများကို Nuremberg စစ်ခုံရုံးမှာ စစ်ဆေး၏။ တဖြည်းဖြည်း စစ်ဆေးအပြစ်ပေးသည့်အတွက် ၁၉၄၈ ခုနှစ်ရောက်မှ ဂျာမန်အရာရှိ (၃,၅၀၀) နဲ့ ဂျပန်ဖက်ဆစ် (၂,၈၀၀) ကျော်ကို အပြစ်ပေးနိုင်၏။

စစ်ဗိုလ်များ၏ မတရားလုပ်မှုကို အရေးယူသည့် Nuremberg စီရင်ထုံးများသည် အပြည်ပြည်ဆိုင်ရာဥပဒေဖြစ်လာသည်။ အမေရိကန်စစ်ဥပဒေ၌လည်း ဒီစီရင်ထုံးများကို အသုံးပြု၏။ အရပ်သားကို သတ်ခိုင်းသော အာဏာရှင်၏ တရားမ၀င်သောအမိန့်ကို တရားဝင်စစ်မိန့်အဖြစ် အသွင်ပြောင်းပေးသော ဦးစီးအရာရှိ (staff officer) သည်လည်း အပြစ်ရှိ၏။ တရားမ၀င်သော အမိန့်ကို လက်အောက်ငယ်သားဆီ မရောက်အောင် ထိန်ချန်ထားသော ဦးစီးအရာရှိကိုမူ အပြစ်မရှိဟု Nuremberg စီရင်ထုံးကဆို၏။

စစ်တိုက်သောအခါ အရပ်သားကို ဒုက္ခမပေးရဟု ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက နားလည်ခဲ့ကြသည်။ အရပ်သားကို မြန်မာစစ်တပ်က အနိုင်ကျင့်ပုံမျိုးကို ၁၉၄၉ ဂျနီဗာသဘောတူချက်က ပိတ်ပင်ထား၏။ တချိန်က အလွန်အာဏာရှိပြီး မောက်မာခဲ့ကြသော နာဇီနှင့်ဖက်ဆစ်အရာရှိများသည် အမိန့်နာခံမှုကြောင့် တနေ့တွင် စစ်ဆေးအပြစ်ပေးခံရလိမ့်မည်ဆိုသည်ကို ကြိုတင်သိရှိခဲ့ပါက အမိန့်နာခံဖို့သာ စဉ်းစားမည်မဟုတ်ပါ။ ယခုအခါတွင် တရားဥပဒေမလေးစားဘဲ ထင်ရာလုပ်သော စစ်မှုထမ်းကို အခွင့်အခါသင့်သည်နှင့် စစ်ဆေးအပြစ်ပေးခြင်းသည် ကမ္ဘာ့ထုံးတမ်းစဉ်လာ ဖြစ်လာပါသည်။

တရားမ၀င်သောအမိန့်နှင့် စစ်စည်းကမ်းနှင့်မကိုက်ညီသောအမိန့်ကို နာခံခြင်းသည် တိုင်းပြည်ကိုရော၊ စစ်တပ်ကိုပါ ပျက်စီးစေသည်။ တရားဥပဒေ ရိုသေလေးစားသောနိုင်ငံ၌ ဥပဒေနှင့်မကိုက်ညီသော အမိန့်ကို နာခံစရာမလိုဟု ယုံကြည်ကြသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်း၌ စစ်ဗိုလ်သည် စာတတ် ပေတတ် ပညာတတ်ဖြစ်ပြီး ဥပဒေနဲ့ ကိုယ်ကျင့်တရားကို လေးစားသူဖြစ်သည်။ ခေတ်ပညာတတ် စစ်ဗိုလ်များ တရားဥပဒေကို ရိုသေလေးစားပြီး မတရားသောအမိန့်နှင့် ဥပဒေချိုးဖျက်သောအမိန့်ကို မနာခံပါက တိုင်းပြည်အတွက်ရော၊ စစ်တပ်အတွက်ရော အလားအလာကောင်းဖွယ်ရာရှိသည်ဟု သုံးသပ်ကြသည်။

အစိုးရအမိန့်ကြောင့် တိုင်းပြည်၌ ထိခိုက်နစ်နာဆုံးရှုံးမည်ကို အရာရှိများကောင်းစွာသိရှိပါက ယင်းအမိန့်ကို နာခံသင့်သလော သို့မဟုတ် တရားဥပဒေကို ချိုးဖောက်ပြီး ထုတ်ပြန်ထားတဲ့ အထက်အမိန့်ကို နာခံမည်လော သို့မဟုတ် အများလက်ခံထားသော ကိုယ်ကျင့်တရားကို ဖောက်ဖျက်ကျူးလွန်သည့် အမိန့်ကို နာခံသင့်သလော စသည့်မေးခွန်းများကို စစ်ဗိုလ်များ ဖြေရှင်းရပါလိမ့်မည်။ စစ်နိုင်ရာဒေသ၌ တိုင်းရင်းသားများ မျိုးပြုတ်အောင် အစုလိုက်အပြုံလိုက်သတ်ပစ်ရန် အထက်က အမိန့်ပေးပါက စစ်မှုထမ်းအရာရှိက နာခံမည်လောဆိုသော ကိစ္စသည် မြန်မာနိုင်ငံ၌ ယနေ့ရင်ဆိုင်နေရသော ပြဿနာတခုပင်ဖြစ်၏။

တိုင်းပြည်အကျိုးစီးပွားနှင့် ဆန့်ကျင်သောအမိန့်ကို စစ်မှုထမ်းများက မှားမှန်းသိသော်လည်း မျက်စိမှိတ်နာခံသည့်အတွက် တိုင်းပြည်ပျက်စီးရသည့် သာဓကများ ကမ္ဘာ့သမိုင်း၌ အများကြီးရှိသည်။ ဥပမာ အာဏာရှင်ဟစ်တလာ၏ လမ်းစဉ်သည် ဂျာမဏီကို ပျက်စီးစေလိမ့်မည်ဟု ဗိုလ်ချုပ်များက ယုံကြည်သော်လည်း အမိန့်နာခံသူက အများစု၊ တိုင်းပြည်အကျိုးကိုကြည့်ပြီး ဟစ်တလာကို ဆန့်ကျင်ဖို့ ကြိုးပမ်းသူက လူနည်းစု ဖြစ်နေသောကြောင့် အမိန့်နာခံရင်း နောက်ဆုံး ဂျာမဏီတပြည်လုံး ပြာပုံဖြစ်သွားရပါသည်။ ဂျာမန်စစ်တပ်သည် စစ်မှုထမ်းစိတ်ပြင်းထန်သော တပ်ဖြစ်သော်လည်း ဆင်ခြင်တုံတရား ရှေ့မထားဘဲ မျက်စိမှိတ်ပြီး အမိန့်နာခံသည့်အတွက် တန်ဖိုးရှိသော စစ်မှုထမ်းဘ၀ ဆုံးရှုံးသွားပေသည်။


source by : http://www.khitpyaing.org