Friday, September 24, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကရုဏာ ကြီးမားကြောင်း ပြောဆို ရေးသားသူရှိ

NEJ | မြန်မာနိုင်ငံအတွင်း စစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ထောက်ခံပြောဆိုမှုများ တိုးပွားလာနေချိန်တွင် ပြည်တွင်းထုတ် ဂျာနယ်တခုမှနေ၍ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား နိုင်ငံသားများအပေါ် သေဒဏ်အတည်ပြုမပေးသည့် ကရုဏာကြီးမားသူ တဦးအဖြစ် ချီးမွမ်းရေးသားထားသည်။

စက်တင်ဘာ (၁၇) ရက်ထုတ် အတွဲ (၃)၊ အမှတ် (၃)၊ လျှပ်တစ်ပြက် သတင်းဂျာနယ်ပါ မြတ်ခိုင်၏ တရားရှာထောင်မှာတွေ့ ဟူသည့် သတင်းဆောင်းပါးတွင် အကျဉ်းဦးစီးဌာန ညွှန်ချုပ်၏ ပြောစကားကို ကိုးကား၍ ရေးသားတင်ပြထားခြင်းဖြစ်သည်။

အဆိုပါ သတင်းဆောင်းပါးတွင် မြန်မာတနိုင်ငံလုံး၌ လက်ရှိ သေဒဏ်ကျ အကျဉ်းသား စုစုပေါင်း (၆၀၀) ကျော်ရှိကြောင်း၊ သို့သော် ယင်းသို့ သေဒဏ်ချမှတ်ခြင်းခံရသည့် အကျဉ်းသားများသည် အယူခံခွင့်၊ အသားနားခံစာ တင်ပြခွင့်ရှိပြီး အဆိုပါ အယူခံလွှာများမှာ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရောက်ရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီးက ယင်းအယူခံလွှာများကို တခုမှချမပေးဘဲ တင်ပြလာသည့်အမှုတွဲများကို ၎င်းထံတွင်သာ သိမ်းဆည်းထားကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် သေဒဏ်ပေး၊ ကြိုးပေးသတ်ခြင်းမျိုး သိပ်မရှိကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်ကို ရေးသားဖော်ပြထားသည်။

အကျဉ်းဦးစီးဌာန ညွှန်မှူးချုပ်က “ဒါတွေသည် နိုင်ငံသားတွေအပေါ်မှာထားတဲ့ နိုင်ငံတော်အကြီး အကဲရဲ့စေတနာ၊ မေတ္တာ၊ ကရုဏာ။ ဒါတွေနဲ့ ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့နိုင်ငံသားတွေအပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဘယ်လောက်ထိတောင် စောင့်ရှောက် ထားတယ်ဆိုတာ ပေါ်လွင် ထင်ရှားတယ်။ တနိုင်ငံလုံးမှာရှိတဲ့၊ ထောင်အသီးသီးမှာရှိတဲ့ သေဒဏ်ချမှတ်ခြင်းခံရတဲ့ အကျဉ်းသားပေါင်း (၆ဝဝ) ကျော်ရှိပါတယ်” ဟု ပြောကြားသည်။

ထို့ကြောင့် အကျဉ်းဦးစီးဌာန ၀န်ထမ်းများပင်လျှင် ကြိုးပေးသတ်ခြင်းနှင့်ပတ်သက်၍ မကြားဝံ့သူများ အများကြီးရှိနေပြီး ကြိုးပေးသတ်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့်လူ မရှိသလောက်ဖြစ်သွားပြီဟုလည်း ၎င်းက ပြောဆိုထားသည်။

ထိုသို့ ဂျာနယ်ပါ ပြောကြားချက်နှင့်ပတ်သက်၍ တပ်မတော်အရာရှိဟောင်းတဦးဖြစ်သူ ရန်ကုန်မြို့ ပြည်တွင်းအခွန်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အခွန်ဦးစီးမှူးတဦးက “အကျဉ်းထောင်တွေထဲမှာ ကြိုးဒဏ်စီရင်လား မစီရင်လားတော့ မသိဘူး။ ကျနော် စစ်တပ်က အငြိမ်းစားမယူခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းကတော့ မော်လမြိုင် လေးထပ်ဈေးမှာ ရွှေဆိုင်ကိုသေနတ်နဲ့ဝင်ပြီး ဓားပြတိုက်တဲ့ ဒီကေဘီအေတပ်ထွက် တရားခံ (၃) ယောက်ကိုတော့ စစ်ခုံရုံးနဲ့ တရားစီရင်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာပဲ ကွတ်မျက်လိုက်တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ ကြိုးဒဏ်မစီရင်တော့တာ ဟုတ်ကောင်း ဟုတ်နိုင်တယ်။ ဒါပေမယ့် စစ်ခုံရုံးနဲ့ သေဒဏ်ပေးပြီး ကွတ်မျက်လိုက်တာမျိုးတွေကိုတော့ တပ်ရင်းတပ်ဖွဲ့တွေမှာ လုပ်တာတွေရှိတယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ စစ်တပ်မှ ပစ်သတ်မှုနှင့် ပတ်သက်၍လည်း အမေရိကန်ပြည်ထောင်စု မြန်မာသံရုံးတွင် သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပသတင်းမီဒီယာများသို့ ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ခရစ္စတီးကျွန်း (Cristie Island) ခေါ် ကျွန်းငယ်လေးတခုပေါ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် အပြစ်မဲ့ပြည်သူကျေးရွာသား (၅၉) ဦးနှင့် ထိုင်းရေလုပ်သား (၂၂) ဦးကို မြန်မာစစ်တပ်က ပစ်သတ်ခဲ့သည့် ကိုယ်တွေ့ဖြစ်ရပ်တခုကို ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေ သတင်းဌာနသို့ အသေးစိတ် ပြောကြားခဲ့ဖူးသည်။

ထိုသို့ပစ်သတ်ခံရသူများမှာ အဆိုပါကျွန်းပေါ်တွင် သစ်ခုတ်ဝါးခုတ်လုပ်နေသူများဖြစ်ပြီး ထိုကျွန်းပေါ်တွင် အရပ်သားများ မနေရဟုဆိုကာ ၎င်းတို့အား ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်က အဆိုပါနယ်မြေ၏ အဓိက တာဝန်ခံမှာ ဗိုလ်ချုပ်သူရမြင့်အောင်ဖြစ်ပြီး ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးဇော်မင်း ဖြစ်ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေသို့ ပြောကြားခဲ့သည်။

လျှစ်တစ်ပြက်ဂျာနယ်ကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကိုယ့်နိုင်ငံသားများ၊ ကိုယ့်တိုင်းရင်းသားများအပေါ် သနားကရုဏာ ကြီးမားခဲ့သူဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကြိုးပေးချမှတ်သည့်သေဒဏ် မရှိသလောက်ဖြစ်ကြောင်း ရေးသားထားသော်လည်း မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးရန်အတွက် ယမန်နေ့ စက်တင်ဘာ (၂၃) တွင် ပြင်သစ်နိုင်ငံက ထောက်ခံလိုက်သဖြင့် ယင်းအဆိုပြုချက်ကို ထောက်ခံသည့်နိုင်ငံပေါင်း (၁၀) နိုင်ငံ ရှိသွားပြီဖြစ်သည်။

အဆိုပါနိုင်ငံများမှာ ပြင်သစ်အပါအ၀င် အမေရိကန်၊ ကနေဒါ၊ ချက်၊ ဗြိတိန်၊ စလိုဗက်ကီးယား၊ သြစတြေးလျ၊ ဟန်ဂေရီ နယ်သာလန်နှင့် နယူးဇီလန်နိုင်ငံတို့ဖြစ်ကြသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် အဓိက အဆိုပြုတိုက်တွန်းခဲ့သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံသို့ လူအခွင့်အရေးအခြေအနေများကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံ၌ လူမဆန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ စုံစမ်းပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၁၃)ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

source by : http://www.khitpyaing.org