စာသင်သံဃာများကို ဝါတွင်းကာလမှာ နေရပ်ပြန်ကြွခိုင်းမည့်
သတင်းများထွက်
သတင်းများထွက်
04/09/2009
၂ဝဝ၇ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့က ဆုတောင်း မေတ္တာပို့ရင်း ရွှေတိဂုံစေတီသို့ ဦးတည်ကြွချီသော သံဃာများကို အာဏာပိုင်များက ဘုရားပေါ် တက်ခွင့်မပေးပဲ ပိတ်ပင် တားဆီးထားသဖြင့် ရောက်သည့် နေရာမှာပင် ပတ္တနိကုဇ္ဇန ကံဆောင်နေခြင်း ဖြစ်ပါသည်။ (Photo: AFP)
စက်တင်ဘာ ရွှေဝါရောင်အရေးအခင်း နှစ်ပတ်လည်ကာလ နီးကပ်လာသလို သံဃာ့လှုပ်ရှားမှုအဖွဲ့တွေ ဖွဲ့စည်းတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက်မှာ အထက်မြန်မာပြည်မှာ သံဃာတချို့ကို ဖမ်းဆီးတာတွေ လုပ်နေသလို ရန်ကုန်နဲ့ မန္တလေးမြို့က စာသင်တိုက်ကြီးတွေက စာသင်သံဃာတော်တွေကို နေရပ်ရင်းပြန်ကြွခိုင်းလိမ့်မယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန္တလေး စာသင်တိုက်တခုက တပါးကတော့ လောလောဆယ် ပုံမှန်စာသင် စာချလုပ်နေဆဲ ရှိပြီး တချို့တိုက်တွေမှာတော့ သီတင်းကျွတ်ပြီးတာနဲ့ ပြန်ကြွကြဖို့ အာဏာပိုင်တွေက လာလျှောက်သွားတာ ရှိတယ်လို့ ခုလို RFA ကို မိန့်ပါတယ်။
ဆရာတော်။ ။ “ကြားတော့ကြားနေတာပေါ့၊ ဟုတ်တယ်၊ တခြားကျောင်းတွေပေါ့။ တိုက်သစ်မှာ ဘုန်းကြီးတွေ လာလျှောက်တယ် ပြောတာပဲ။ သီတင်းကျွတ်လို့ရှိရင် ပြန်လွှတ်ဖို့ ကိုယ်တော်တွေကို အဲလိုပြောတာပဲ အဲဒါ အတိအကျတော့ မဟုတ်ဘူးပေါ့လေ။ ခုကတော့ ပုံမှန်ပဲ စာသင်စာချပဲ လုပ်နေတယ်၊ ဒကာကြီးရေ အတွင်းကတော့ ဒီလိုပဲ ကိုယ့်ဟာကိုယ် နေကြရတာပဲ။”
တခြား ကျောင်းတိုက်ကြီးတခုက စာချဆရာတော် တပါးကတော့ တရားဝင် စာထွက်တာ မတွေ့ရပေမဲ့၊ ဒီအကြောင်းကို ပြောဆိုနေကြတာ တော်တော်ကြားနေရတယ်လို့ မိန့်ပါတယ်။ တကယ်သာ အဲဒီလို လုပ်ခိုင်းခဲ့ရင်လည်း ဆရာတော်ကြီးတွေကတော့ လိုက်လုပ်လိမ့်မယ် မထင်ဘူးလို့ မိန့်ပါတယ်။
စာချဆရာတော်။ ။ “တိုက်မှာက ထုံးစံမရှိဘူး သူတို့ပို့ခိုင်းလည်း မပို့ဘူးလေ။ တိုက်ရဲ့အနေအထားက ပရိယတ္တိပညာရေး စာသင်တိုက်ပဲလေ။ ဒီကလေးတွေရဲ့ ပညာရေးကို အဓိကထားတယ်။ ဘယ်သူတွေက ပို့ခိုင်းခိုင်း ပို့ချင်မှပို့မှာ ဒါဆရာတော်တွေကပဲ ဟုတ်တယ်မလား။”
ရန်ကုန်မှာလည်း အလားတူ သတင်းတွေ ထွက်နေပြီး ဒီနှစ်စာမေးပွဲကလည်း မသေချာဘူးလို့ ပြောဆိုနေတာတွေ ရှိတဲ့အကြောင်း စမ်းချောင်း မြို့နယ်က သံဃာတပါးက အခုလိုမိန့်ကြား ပါတယ်။
သံဃာ။ ။ “ဦးဇင်းတို့ကို အခု စက်တင်ဘာလမှာ ပြန်လွှတ်မယ်လို့ လုပ်နေကြတယ်၊ အခု စက်တင်ဘာမှာ ပြန်လွှတ်ရင် လွှတ်။ အဲ့လိုမှ ပြန်မလွှတ်ဘူးဆိုလိုရှိရင် ဦးဇင်းတို့ သီတင်းကျွတ်ရင် ပြန်ရမယ်၊ နယ်တွေကို ပြန်ရမယ်၊ စာမေးပွဲက မကျိမ်းသေဘူး၊ ဦးဇင်းတို့ မြို့ပေါ်မှာ ရှိနေတယ် ဆိုလို့ရှိရင် ရွှေဝါရောင် တော်လှန်ရေးကြီးကို ပြန်ပြီးတော့ လုပ်မှာကို ကြောက်လွန်းလို့ အကြောက်လွန်လွန်းလွန်းလို့ နယ်တွေကို ပြန်ပြီးတော့ အရှင်ဘုရားတို့ ပြန်သီတင်းသုံးပါလို့ ပြောတာနဲ့ အတူတူပဲ။”
လာမည့် သီတင်းကျွတ်လပြည့်နေ့မှာ သံဃာတော်တွေကနေ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ် ဆိုတဲ့ သတင်းတွေကြောင့်လည်း အာဏာပိုင်တွေ ပူပန်နေတာ ဖြစ်နိုင်တယ်လို့ ထင်ကြောင်းလည်း ပြောပါတယ်။ ဝါမကျွတ်ခင် နေရပ်ပြန်ရမယ် ဆိုရင်တော့ ဝါကျိုးမှာ ဖြစ်တဲ့အတွက် ဘယ်ဘုန်းကြီးကမှ လက်ခံမှာ မဟုတ်ဖူးလို့လည်း ဆက်ပြီး မိန့်ပါတယ်။
သံဃာ။ ။ “ဦးဇင်းတို့ကို တကယ်လို့ အခု စက်တင်ဘာလမှာ ပြန်လွှတ်ခဲ့မယ်ဆိုလို့ရှိရင် ဦးဇင်းတို့အနေနဲ့ ဝါကျိုးမယ်၊ သာသနာ့သံဃာတွေ ဖြစ်တဲ့အတွက်ကြောင့် ပညာတွေကလည်း တပိုင်းတစနဲ့ ဆိုလို့ရှိရင် ဒါမဖြစ်သင့်တဲ့ အလုပ်လေ၊ စာမေးပွဲတောင်မှ မဖြေရဘူးလို့တောင်ပြောတယ်၊ ဦးဇင်းတို့ စာသင်သား သံဃာတွေ အတွက် ကတော့ ဘေးကျပ်နံကျပ် ကျပ်တာပေါ ဒကာကြီးရာ၊ ဝါလည်းကျိုးဦးမယ်၊ အဲဒီတော့ ဦးဇင်းတို့အနေနဲ့က ဘယ်လိုလုပ်ပြီးတော့ ခံနိုင်ပါ့မလဲ။”
သင်္ဃန်းကျွန်းမြို့နယ်က သံဃာတော်တပါးကတော့ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက အဆက်မပြတ် စောင့်ကြည့်နေတာရှိသလို ရန်ကုန်မြို့တွင်းမှာလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထား တာကြောင့် သံဃာတော် တွေမှာလည်း သွားလာလှုပ်ရှားမှုတွေမှာ အကျပ်တွေ့လာနေရတယ်လို့ မိန့်ကြား ပါတယ်။
သံဃာ။ ။ “လုံခြုံရေးတွေကတော့ အရမ်းတင်းကျပ်နေတယ်၊ ငွေကြာယံထဲကို စစ်ကားတွေ အများကြီးပဲ ကျောင်းအရှေ့မှာ ရပ်ထားတာ၊ ဒီ ကျိုက္ကဆံဘုရားမှာလည်း လုံခြုံရေးတွေက အပြည့်ပဲ၊ ရှေ့မှာ ယူနီဖောင်းတွေကကော မာဖီတွေကကော အမျိုးမျိုးပဲ၊ ရှုပ်ရှက်ကိုခတ်နေတာပဲ၊ အခုအပြည့်ပဲ၊ အရမ်းတင်းကျပ်တာပေါ့ ဒကာကြီး၊ စစ်ကားတွေကို နည်းတာမှ မဟုတ်ပဲနဲ့။ အဲ့ဒီ ဓမ္မာရုံထဲမှာဆို သူတို့ စစ်သားတွေကို စတည်းချနေတာ၊ ဓမ္မာရုံ အပေါက်ဝပေါ့။ ဟိုဖက်ဒီဖက်မှာ အကုန်လုံးက ထိုင်ခုံလေးတွေနဲ့ သေနတ်အပြည့်နဲ့ပေါ့၊ ထိုင်နေကြတယ်၊ ဘုရားအပေါက်ဝတွေမှာလည်း ရှိတယ်။”
မကြာသေးခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကနေ မတရားဖမ်းဆီး အကျဉ်းချထားတဲ့ သံဃာတော်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့မှုအပေါ် စစ်အစိုးရအနေနဲ့ ဝန်ချတောင်းပန်ဖို့ တောင်းဆိုခဲ့ပြီး မလိုက်နာရင် လာမည့်သတင်းကျွတ်လပြည့်နေ့မှာ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်လို့ ကြေညာထားတဲ့အပေါ် စစ်အစိုးရအနေနဲ့ စိုးရိမ်နေတာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။