Saturday, March 21, 2009

ကိုဇာဂနာ ၏ မိခင် စာရေးဆရာမကြီး (ဒေါ်) ကြည်ဦး ကွယ်လွန်

စာရေးဆရာမကြီး (ဒေါ်) ကြည်ဦး (၁၉၂၅ - ၂၀၀၉) ကွယ်လွန်

မိုးမခ
မတ် ၂၀၊၂၀၀၉

ယနေ့ ရန်ကုန်အချိန် ည ၈ နာရီ ခွဲ ခန့် ရန်ကင်းနေအိမ်တွင် ကွယ်လွန်သည်ဟု သိရသည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ စာရေးဆရာ နန်းညွန့်ဆွေ နှင့် ယခု နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင် ချခံထားရသူ အနုပညာရှင် ဇာဂနာ အပါအ၀င် သားသမီး မြေးများ ကျန်ရစ်သည်။ စနေနေ့ နေ့ ၁၂ နာရီတွင် ရန်ကင်းနေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင်သင်းဂြိုလ်မည်ဟု သိရသည်။

မကွယ်လွန်မီက ၂၀၀၇ သံဃာအရေးတော်ပုံ နှင့် ၂၀၀၈ နာဂစ်မုန်တိုင်းကယ် ဆယ်ရေးတို့တွင် အသက်အရွယ် ကြီးရင့်ပြီး နာမကျန်းသည့်ကြားက လူငယ်များနှင့်အတူ ၀ိုင်းဝန်းအားပေး ဆောင်ရွက်ခဲ့သည်။ နှုတ်ပိတ်ခံပြည်သူများ၊ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ၊ စာနယ်ဇင်းသမားများကိုယ်စား စစ်အစိုးရကို ရဲဝံ့စွာ ဝေဖန်ပြောဆိုခဲ့သည်။ ၃ လ နီးပါး အစားမစားနိုင်ဘဲ မြန်မာပြည်အရေးကိစ္စများကို တသီးပုဂ္ဂလဆောင်ရွက်ခဲ့ပြီး လူကြီးရောဂါနှင့် အိပ်ယာထဲလဲမှ ရပ်နားသည်။ ထိုနောက် ရက်အနည်းငယ်အတွင်း ကွယ်လွန်ခဲ့သည်။

ဆရာမကြီး (ဒေါ်) ကြည်ဦး ကွယ်လွန်သည့်အတွက် မိုးမခ စာနယ်ဇင်းအဖွဲ့က ၀မ်းနည်းကြောင်း မှတ်တမ်းပြုလိုက်ပါသည်။

Photo Captions - ၁၉၉၀ ရွေးကောက်ပွဲကာလက ဒေါ်ကြည်ဦး
၁၉၈၀ ခုနှစ်များက ဆရာမ ကြည်ဦး၊ ဆရာ နန်းညွန့်ဆွေ၊ သား ဇာဂနာ နှင့် အခြားလူရွှင်တော် ၂ ဦးနှင့်အတူ တွေ့ရစဉ် {မိုးနတ်သူဇာအဖွဲ့က ပိန်ပိန်နှင့် စုတ်ချွန်း (ဟုထင်) }

အမည်အရင်း ဒေါ်လှကြည်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိ ဖြစ်သည်။ အဖ ဗိန္ဒောဆရာကြီး ဦးသက်နှံနှင့် အမိ ဒေါ်ငွေယုန်တို့မှ ၁၂၈၇ ခုနှစ်၊ ဝါဆို လဆန်း ၅ရက်၊ (၂၃ - ၆ - ၁၉၂၅) တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက် ဖြစ်သည်။ အစ်ကိုနှစ်ယောက်၊ အစ်မနှစ်ယောက်နှင့် ညီမတယောက် ရှိသည်။

တောင်စွန်း ဆရာကြီး ဦးထွန်းလှ၏ မူလတန်းကျောင်းတွင် ငယ်စဉ်က ပညာ သင်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းလာသည်။ ပြည်ဆရာကြီး ဦးလေ၊ ဆရာကြီး မွန်းဓာတု ပညာရိပ်သာတို့မှာ ပညာ ဆက်လက် သင်ယူ၍ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည်။

ဗလစ လူငယ် အစည်းအရုံးမှ ဖွင့်လှစ် သင်ကြားပေးသည့် သိုင်းသင်တန်းသို့ တက်ရောက်ရင်း သိုင်းပညာ ပြန့်ပွားရေး အတွက် ဝတ္ထုဆောင်းပါး၊ ကဗျာပြိုင်ပွဲ ပြုလုပ်ရာတွင် သက်လုံ ဝတ္ထုဖြင့် ရွေးချယ်ခံရသည်။ ဤဝတ္ထုကို ဆရာ ဦးချစ်သန်းက တိုင်းရင်းမေ ဂျာနယ်သို့ ပို့ပေးရာမှ စာပေနယ်သို့ စတင် ရောက်ရှိသည်။

၁၉၅၂ ခုနှစ်၊ မြဝတီ မဂ္ဂဇင်း ထုတ်ဝေသော အခါ မဂ္ဂဇင်းနှင့် ပတ်သက်၍ အကြံပြု ဝေဖန်စာ ပြိုင်ပွဲ ပြုလုပ်ရာ၌ ဝေဖန်စာ ပေးပို့လျှင် ဆုရသဖြင့် အယ်ဒီတာချုပ် ဗိုလ်မှူး ဘသောင်း (မောင်သုတ) က သူရေးသားသည့် 'တစ်ကျွန်းသို့' စာအုပ်နှင့် ငွေ နှစ်ဆယ့်ငါးကျပ်၊ ပတ်ကားငါးဆယ့်တစ် ဖောင်တိန် တချောင်း ချီးမြှင့်သည်။

၁၉၅၃ ခုနှစ်တွင် လူထု ပညာရေး ကောင်စီမှ ထုတ်ဝေသည့် လူထုပညာ စာစောင်တွင် လက်ထောက် အယ်ဒီတာ ဖြစ်လာသည်။ ယဉ်ကျေးမှု၊ နော်ရထာ၊ သမဝါယမ၊ စာပေဗိမာန်၊ အထောက်တော်၊ မြတ်ရတနာ စသည့် မဂ္ဂဇင်းများ၌ ဝတ္ထု ဆောင်းပါးများ ရေးသားခဲ့သည်။ တေးပဒေသာ မဂ္ဂဇင်းတွင် ပင်တိုင်အဖြစ် လစဉ်ဝတ္ထု တပုဒ် ရေးရသည်။ ငွေတာရီ၊ မြဝတီ၊ ရှုမဝ၊ မိုးဝေတို့တွင် ဆောင်းပါးများစွာ ရေးခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းသည့် 'မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း' တွင် စတင် တည်ထောင်သူ အဖြစ် ပါဝင်ခဲ့သည်။ ယုဝတီဂျာနယ်တွင် ဆရာမကြီး ဒဂုန်ခင်ခင်လေး လက်ထက်မှ စ၍ ဆရာမကြီး ကွယ်လွန်ပြီးသည် အထိ အယ်ဒီတာ အဖြစ် ၆ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။

ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များမှာ မြန်မာ့ရိုးရာ စကားထာ၊ ကလေးကြေးမုံ ငှက်မျိုးစုံ၊ ကလေးကြေးမုံ ပင်မျိုးစုံ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ ကိုကိုတို့ အရွယ်၊ မေ့ကွက်ကိုရှာ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဒ္ဓဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့် စာအုပ်များ ဖြစ်သည်။

ရန်ကင်း၊ ၃ - ရက်ကွက်၊ တိုက် ၂၁၆/ အခန်း ၆ တွင် နေထိုင်သည်။

ခင်ပွန်းဖြစ်သူ စာရေးဆရာ နန်းညွန့်ဆွေ၊ သား မောင်ဝဏ္ဏ (ကွယ်လွန်)၊ မောင်တေဇနှင့် မောင်သူရ (ဇာဂနာ) တို့ ရှိသည်။


မှတ်ချက် ။ ။ http://zarganar-windoor.blogspot.com မှ ကူးယူ မျှဝေပါသည်။