Saturday, January 9, 2010

၅ဝဝဝကျပ်တန် ငွေအတုများ ပဲခူးတွင် ဖမ်းဆီးရမိ

2010-01-09 ( RFA )

ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက ပဲခူးမြို့မြိုမဈေး အပြင်ဘက်တန်း ဆိုင်တဆိုင်မှာ ကျပ်ငွေ ၅ဝဝဝ တန် ငွေစက္ကူအတု ၅ ရွက်နဲ့ ဈေးလာဝယ်သူတဦးကို ဆိုင်ရှင်က မသင်္ကာတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့ပြီး ဈေးလာဝယ်သူ ကိုခင်မောင်တင့် ဆိုသူကို ရဲက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်တခုတွင် ငွေစက္ကူထုပ်များကို ရေတွက်နေသော ဘဏ်အမှုထမ်း နှစ်ဦး ဖြစ်ပါသည်။ (Photo: AFP)

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ ထုတ်ဝေတဲ့ ၅ဝဝဝ တန် ငွေစက္ကူသစ်တွေ အတု ထွက်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားသိ နေရပေမယ့် အခုတကြိမ်ဟာ ပထမဆုံး ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ အဖမ်းခံရသူဟာ ရဲဝန်ထမ်းဟောင်းတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားချိန်က ပဲခူးဈေးမှာ ရှိနေတဲ့ ဈေးသည်တဦးက အခုလိုပြောပြပါတယ်။

ဈေးသည်တဦး။ ။'ပစ္စည်းတခု ဝယ်တာ၊ အဲဒါ ငါးထောင်တန် ပေးပြီး ဝယ်တယ်တဲ့။ အဲဒီမှာ ဆိုင်ရှင်က ငါးထောင်တန်ကို အတုမှန်းသိတော့ ရဲစခန်းကို လှမ်းဖုန်းဆက်တော့ ဖမ်းတာတော့ ရဲစခန်းက ဖမ်းတာပေါ့။ စစ်ကြောရေးကတော့ စီအိုင်ဒီ တို့ ဘီအက်စ်အိုင် တို့က စစ်တာပေါ့။ နာမည်က ခင်မောင်တင့်တဲ့ဗျ။ ထောက်ကြံ့မြို့နယ် ဧကရာဇ်ရွာကလို့ ပြောပါတယ်။ အသက်က ၄၅ နှစ်လောက် ရှိပါတယ်။ ရဲထွက်ပေါ့နော။ ငါးထောင်တန် ၁ဝ ရွက်ပါ။ နောက်ပိုင်းတော့ မသိဘူး။ စခန်းမှာခေါ်ပြီးတော့ စစ်ကြောရေး ဝင်မှာပေါ့နော်။ အဲဒီနောက်ပိုင်းတော့ မသိဘူး။ ဈေးထဲမှာ ဖြစ်နေတဲ့အချိန် ကျနော်က အဲဒီနားမှာ ရှိနေတော့ သိလိုက်တာ'

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေက ပဲခူးရဲစခန်းကို ဆက်သွယ်မေးကြည့်တဲ့အခါမှာ တာဝန်ကျ ရဲအရာရှိတဦးက ဟုတ်မှန်ကြောင်း ဖြေကြားပါတယ်။

ရဲအရာရှိ။ ။'ဟုတ်တယ်။ ဒို့ဒီမှာ အမှု ဖွင့်ထားတာရှိတယ်။ ဒီတယောက်ပဲ ရှိသေးတယ်။ ၅ ရွက် ၅ ရွက်။ ၄၈၉ နဲ့ပဲ။ ဟုတ်တယ် ဟုတ်တယ်'

အဖမ်းခံရသူ ကိုခင်မောင်တင့်ကို ပုဒ်မ ၄၈၉ နဲ့ အမှုဖွင့်ထားကြောင်း တာဝန်ကျအရာရှိက ဖြေကြားသွားတာပါ။

ငါးထောင်တန် ငွေစက္ကူတွေ ထုတ်ဝေမယ်လို့ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ အာဏာပိုင်တွေက ကြေညာခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ ဗဟိုဘဏ်က စတင် ဖြန့်ဝေ အသုံးပြုခဲ့တာပါ။ ငါးထောင်တန်ငွေစက္ကူ အသစ်တွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ လူထုအကြားမှာ ဖောဖောသီသီ သုံးစွဲတာ မရှိသေးဘူးလို့ သိရပါတယ်။ စတင်ထုတ်ဝေတဲ့ ငွေစက္ကူဖြစ်တာကြောင့် လူထုက သတိထားပြီး သုံးစွဲနေကြသလို တချို့ကျေးရွာတွေမှာဆိုရင် ငါးထောင်တန် ငွေစက္ကူကို မြင်တောင်မမြင်ဖူး ကြသေးဘူးလို့ သိရပါတယ်။


source by : http://www.rfa.org