Friday, January 8, 2010

ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှု သေဒဏ် စီရင်ချက်ချမှတ်

2010-01-07 ( RFA )

နေပြည်တော် မြေအောက်လိုဏ်ဂူ စီမံကိန်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား ခရီးစဉ်မှတ်တမ်း စတာတွေ အပါအဝင် စစ်အစိုးရရဲ့ နိုင်ငံတော် ထိပ်တန်း လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒီကနေ့ ဇန်နဝါရီ ၇ ရက်မှာ သေဒဏ်နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။


ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အား မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော် ကာကွယ်ရေးဝန်ကြီးဌာနတွင် လေကြောင်းကာကွယ်ရေး အမိန့်ပေးထိန်းချုပ်စနစ် အကြောင်းကို ၂ဝဝ၈ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက် က ရှင်းလင်းပြသနေပုံ ဖြစ်ပါသည်။ (Photo: RFA)

၂ဝဝ၉ ခုနှစ်အတွင်း စစ်အစိုးရရဲ့ ထိပ်တန်း လျှို့ဝှက်မှတ်တမ်းတွေ အင်တာနက်ကတဆင့် နိုင်ငံတကာကို သတင်းပေါက်ကြားခဲ့မှုအတွက် NGO ဝန်ထမ်းတဦးဖြစ်သူ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဥရောပရေးရာဌာနက စာရေးဝန်ထမ်း ဦးသူရကျော်နဲ့ အရပ်သားတဦးဖြစ်သူ ဦးဂိုပြန်စိန် တို့ကို ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လနှောင်းပိုင်းမှာ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်ကို နိုင်ငံခြားငွေကြေး လဲလှယ်မှု အက်ဥပဒေပုဒ်မ ၂၄-၁ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ်၊ အီလက်ထရွန်းနစ်အက် ဥပဒေ ၃၃-ခ နဲ့ ထောင်ဒဏ် ၁၅နှစ်၊ အစိုးရနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိမှု ပုဒ်မ ၆-၃နဲ့ ထောင်ဒဏ်၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်လိုက်တဲ့အပြင် အရေးပေါ် အက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ် အပြစ်ပေးလိုက်ပြီး ပြစ်ဒဏ်အားလုံးကို တပေါင်းတည်းကျခံစေဖို့ တရားရုံးက အမိန့်ချမှတ် လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းစာရေး ဦးသူရကျော်ကိုတော့ အရေးပေါ် အက်ဥပဒေ ပုဒ်မ-၃ နဲ့ သေဒဏ် အပြစ်ပေးလိုက်တဲ့ အပြင်၊ အီလက်ထရွန်းနစ်အက် ဥပဒေပုဒ်မ ၃၃-ခ အရ ထောင်ဒဏ် ၁၅နှစ် ချမှတ်လိုက်ပြီး၊ နောက်တဦးဖြစ်တဲ့ ဂိုပြန်စိန် ခေါ် အစီး ကိုလည်း အီလက်ထရွန်းနစ် အက်ဥပဒေနဲ့ ထောင်ဒဏ် ၁၅နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။


source by : http://www.rfa.org