Saturday, January 9, 2010

ဝန်ထမ်းအဆင့်အားလုံး လစာအပြင် နေ့စားလုပ်ခတွေပါ တိုးပေး

2010-01-08 ( RFA )

အရပ်ဖက်ဝန်ထမ်း အရာထမ်းတွေကို ဇန်နဝါရီလကစပြီး လစာသစ် ကျပ်ငွေ နှစ်သောင်းစီ တိုးပေးရာမှာ လက်ရှိလစာ ကျပ်တသောင်းခွဲရတဲ့ အောက်ခြေဝန်ထမ်းကစပြီး ကျပ်ငွေ တသိန်းကိုးသောင်းရတဲ့ အမြင့်ဆုံးအဆင့်ထိ တိုးပေးထားတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။


အစိုးရ အမှုထမ်း ရုံးသူရုံးသားများကို ရန်ကုန်မြို့လယ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဝန်ကြီး ဗိုလ်ချုပ်လှထွန်း လက်မှတ်ထိုးထားပြီး RFA က ဖတ်ခွင့်ရတဲ့ ဒီအမိန့်စာမှာ အရပ်ဖက်ဝန်ထမ်း ရာထူး အဆင့် ၁၂ ဆင့်လုံးကို ကျပ်ငွေ နှစ်သောင်းစီ တိုးပေးထားတာ တွေ့ရပါတယ်။၊

ဝန်ထမ်းအားလုံးကို ကျပ်ငွေ နှစ်သောင်းစီ အညီအမျှ တိုးပေးတယ် ဆိုပေမဲ့ ရာခိုင်နှုန်းအပြောင်းနဲ့ တွက်ရင် အခြေခံလစာ ကွာနေတဲ့အတွက် လက်ရှိလစာ ကျပ်တသောင်းခွဲရတဲ့ ရုံးစောင့်လို ဝန်ထမ်းအောက်ဆုံးအဆင့်က ၁၃၃ ရာနှုန်း တိုးသွားပြီး အမြင့်ဆုံးလစာ ကျပ် တသိန်းကိုးသောင်းရတဲ့ ညွှန်ကြားရေးမှူးချုပ်လို ရာထူးက ၁၁ ရာနှုန်းသာ တိုးပါတယ်။

အရပ်သားဝန်ထမ်း အဆင့် ၁၂ ဆင့် မှာ အနိမ့်ဆုံး အဆင့်နဲ့ အမြင့်ဆုံး အဆင့်ကြား လစာကွာခြားချက်က အရင်ကတည်းက ၁၃ဆ ကွာခြားနေပြီး၊ အခု ကျပ်ငွေနှစ်သောင်းကို အညီတိုးပေးတဲ့အတွက် ပြောင်းလဲမသွားဘူးလို့ ရန်ကုန်ရှိ အငြိမ်းစားအရာရှိတဦးက ပြောပါတယ်။

အရပ်ဘက်ဝန်ထမ်းတွေကို အဆင့်တိုင်း ကျပ်ငွေ နှစ်သောင်းစီ အညီအမျှ တိုးပေးသလို အစိုးရဌာနတွေမှာ လုပ်ကိုင်နေတဲ့ နေ့စားဝန်ထမ်းတွေကိုလည်း ရှစ်နာရီလုပ်ခ ကျပ် ၅ဝဝ ကနေ ကျပ် ၁၁ဝဝ ထိ တိုးပေးတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန အမိန့်စာမှာ ပါရှိပါတယ်။ ဒ့ါအပြင် အစိုးရဌာနတွေမှာ ခန့်ထားတဲ့ ယာယီဝန်ထမ်းတွေကိုလည်း ပုံသေလစာ တသောင်းခွဲရတဲ့သူကို ကျပ် သုံးသောင်းခွဲ၊ ပုံသေလစာ နှစ်သောင်းရသူတွေကို ကျပ် လေးသောင်းထိ တိုးပေးလိုက်ပါတယ်။

ဒါပေမဲ့ လက်ရှိ ပင်စင်ခံစားနေတဲ့ အငြိမ်းစားဝန်ထမ်းတွေကိုတော့ လစာမတိုးပဲ လက်ရှိအတိုင်း ခံစားရမယ်လို့ သီးခြား အမိန့်စာအမှတ် ၁၈၆ နဲ့ ဝန်ကြီး ဗိုလ်ချုပ်လှထွန်း ကိုယ်တိုင် လက်မှတ်ထိုး တားမြစ်ထားပါတယ်။

တပ်မတော် ကြည်းရေလေ ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကိုတော့ ကာကွယ်ရေးဝန်ကြီးဌာ ကာကွယ်ရေးကောင်စီကို တင်ပြပြီး အတည်ပြုချက် ရယူဆောင်ရွက်ရန်လို့သာ ဖော်ပြထားပြီး ဘယ်လောက်တိုးပေးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။
၂ဝဝဝ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်း ဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လစာက တလကို ၁၂ သိန်း ဖြစ်တာမို့ ၆နှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လစာကို ၇ဝဝ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ပါတယ်။


source by : http://www.rfa.org