Saturday, February 27, 2010

ဖြစ်ရပ်မှန် ကိုယ်တွေ့ “ ဖြတ် (၈) ဖြတ် ” - အပိုင်း ( ၂ )


ဆောင်းပါးရှင် - သူရနိုင် (လက်ရှိ တာဝန် ထမ်းဆောင်နေသော တပ်ခွဲမှူး တစ်ဦး)

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။


ယခင်က ၀န်ထမ်းဆန်ဆိုတာ ရှိခဲ့ပါ တယ်။ အိမ်ထောင်သည်ဆိုရင် မိန်းမနဲ့ ကလေးတွေ အတွက် ၀န်ထမ်း ဆန်ကို အလကား ရကြပါတယ်။ ၀န်ထမ်းဆန် ဆိုတာက ပေါ်တာကို ကြွေးတဲ့ ဆန်ကို ပြောတာမဟုတ်ပါ။ အိမ်ထောင်သည်ရဲမေ ကလေးတွေ အတွက် ပေးတဲ့ အခမဲ့ ဆန်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ၀န်ထမ်းဆန်ကို ပေးတဲ့အခါမှာ လတိုင်း လူကြီးဆိုရင် (၁၂) ပြည်၊ ကလေးဆိုရင် (၆) ပြည် ရရှိကြလို့ အဆင်ပြေကြပါတယ်။

၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး လစာတွေတိုးလို့ တပ်ရင်းသက်သာတွေကို ဖျက်သိမ်း လိုက်ပြီးတဲ့နောက်မှာတော့ အခမဲ့ ၀န်ထမ်းဆန်ဆိုတာ မရှိတော့လို့ အိမ်ထောင်သည်များအဖို့ ပိုမို ကျပ်တည်းသွားပါတော့တယ်။ လူပျိုစစ်သည်များ အဖို့တော့ ကံကောင်းတာပေါ့။ တခါ တပ်တွင်းသက်သာဆိုင်ကို ဖွင့်ခိုင်းပြီး အိမ်ထောင်သည်များအား ၀န်ထမ်းဆန်ကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းခိုင်းပြန်ပါတယ်၊ တပ်ရင်း/တပ်ဖွဲ့တွေက ပြင်ပဈေးနှုန်းနှင့် သက်သာအောင် လုပ်ပေးရတဲ့ နေရာမှာ ဈေးနှုန်း လျှော့ချတာများရင် အရှုံးပေါ်ကာ ဦးပိုင်ကို လစဉ်သွင်းရမယ့် အမြတ်ငွေအား အထက်က မူဝါဒအရ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်မီအောင် ထည့်ဖို့ ထိခိုက်သွားနိုင်ပါတယ်။

ဒါကြောင့် ပြင်ပပေါက်ဈေးထက် (၅၀) ကျပ်ခန့်သာ ခွာပြီး အရှုံးခံရောင်းရပါတယ်။ အိမ်ထောင်သည် စစ်သည်များအဖို့ ချက်ချင်းလက်ငင်း ရှင်းစရာ မလိုဘဲ အကြွေးနဲ့ ဆိုင်းထားတာကလွဲလို့ မိမိလစာထဲကပင် ၀ယ်ယူရတဲ့အတွက် သက်သာခြင်း မရှိဘဲ ဆင်းရဲဒုက္ခကြီးမားလှပါတယ်။ ယခုဆိုရင် တပ်ရင်း/တပ်ဖွဲ့ တချို့က ရံပုံငွေရှာပြီး ဆန်ဖိုး ထောက်ပံ့ပေးပါသေးတယ်။ ဒါပေမဲ့ မလောက်ပါဘူး၊ လောက်အောင် မထောက်ပံ့နိုင်ပါဘူး။ ဒီတော့ သက်သာဆိုင်ကို ပြေး၊ အကြွေးယူ၊ သက်သာဆိုင်မှာ အကြွေးများလာတော့ လိုင်းထဲမှာပဲယူ၊ လစာထုတ်တော့ပြောင်၊ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်၊ ပြောင်ပြောင် ယောင်ယောင် ထင်နေကြတာပေါ့ဗျာ။ ဒီလိုဖြစ်ပျက်နေတာကို နိုင်ငံတော် အကြီးအကဲတွေ သိပါစေ။ အဆင်ပြေ ၀င်ငွေကောင်းတဲ့ တပ်ဆိုတာ မြန်မာနိုင်ငံမှာ ရှိတော့ရှိပါတယ်။ ဒါပေမယ့် ရှားပါတယ်။

တပ်တွင်းမိသားစု ချောင်လည်အောင် ငွေပိုငွေလျှံရအောင် အရေးတယူ ဆောင်ရွက်ပေးတဲ့ လူကြီးမင်းများလည်း ရှားသထက် ရှားပါးလာခဲ့ပြန်ပါတယ်။ လစာ တိုးပေးတယ် ဆိုပေမယ့် ပေးထားတဲ့လစာက အရာရှိများအတွက် အဆင်ပြေသလို ရှိပေမယ့် အခြားအဆင့်စစ်သည်များ အတွက်မှာတော့ သူတို့ရတဲ့ လစာ ငွေကြေးပမာဏဟာ အရာရှိနဲ့ ကွာခြားသလို ဘာဂွင်မှ မရှိဘဲ နေ့စဉ်နဲ့အမျှ ၀မ်းရေးအတွက် အကြွေးသံသရာနဲ့ လည်ပတ်နေကြရသူတွေပါ။ ဒီလို ရေးလိုက်လို့ ပြန်ပြောမဲ့သူတွေက မင်းကော ဒီလစာ မယူဘူးလား၊ စားမနေဘူးလား လို့မေးရင် ယူတယ်၊ စားတယ်၊ ဒါပေမယ့် သူတို့တွေရဲ့ အခက်အခဲတွေကို အကောင်းဆုံးဖြစ်အောင် တတ်နိုင်သလောက် ဖြေရှင်းပေးတယ်လို့ တခါတည်း ပြန်ပြောလိုက်ပါမယ်။

ပြီးတော့ အရာရှိနဲ့ အခြားအဆင့် လစာကွာဟတယ်ဆိုတာ အရာရှိက ပိုပြီး တာဝန်ကြီးတယ်၊ ခေါင်းခံရတယ်လို့ လာမပြောနဲ့၊ တာဝန်ယူပြီး ခေါင်းခံပြီး အိတ်ထဲ ထည့်သွားလိုက်တာ တိုက်တွေကားတွေနဲ့ ၀ီခံနေရောပဲလေ၊ ဒါကိုလဲ ပြန်ဟောင်လိုက်ကြဦး။ ( ဒါက ကိုယ်ကျိုးကြည့်သူများအတွက် ဖြည့်စွက်) တပ်တွင်း အိမ်ထောင်သည် မိသားစုတွေရဲ့ စားချိန်သောက်ချိန်ကို သေချာကြည့်ဖူးကြရဲ့လား၊ ကြိုမပြောပဲ လမ်းကြုံလို့ ဟင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ရှိတဲ့ဟင်းနဲ့ အားပါးတရ သူတို့နဲ့ လက်ဆုံစားဖူးပါသလား၊ ဘယ်လိုရုန်းကန် စားသောက်နေတယ်ဆိုတာ အတွင်းကျကျ သိပါရဲ့လား၊ တစ်ပတ်မှာ တခါလောက်သာ အသားဟင်း အနိုင်နိုင်ဝယ်စားရတဲ့ ဘ၀တွေပါ။ အဲဒီလက်အောက်ခံ ရဲဘော်တစ်ယောက်ရဲ့ ရင်ဘတ်ထဲကို သူငယ်ချင်းတို့ အတွင်းကျကျ ၀င်ခံစားကြည့်ပေးကြပါ။

လကုန်လို့ လစာထုတ်ရင် ဘယ်သူမဆို ငါတော့ ပိုက်ဆံ ဘယ်လောက်ရတယ်၊ ဘာလေးဝယ်မယ်၊ မိန်းမအတွက်ကဘာ၊ သားသားနဲ့မီးမီးအတွက်က ဘာ၊ ပိုတာလေးက ဘဏ်စုငွေထည့်၊ စုငွေများလာရင် လက်ဝတ်လက်စားလေးလုပ်မယ်၊ လှူမယ်၊ တန်းမယ် ဆိုတဲ့အတွေးတော့ စစ်သားမှ မဟုတ်ပါဘူး၊ ဘယ်သူမဆို ဒီအတွေးလေးတော့ ရှိနေကြမှာပါ။ အခုတော့ လစာထုတ်တိုင်း ပျော်ရွှင်မှုတွေကဝေး၊ ပူပန်သောကတွေက ထပ်ထပ်ဖိစီး၊ ဒီအကြွေးသံသရာ စက်ဝန်းထဲက ဘယ်တော့များမှ လွတ်ပါ့မလဲဆိုတဲ့ အတွေးတွေနဲ့ အလုပ်ကပင်ပန်း၊ စိတ်ကလည်းပန်း၊ ကြာလာတော့ စိတ်ညစ်ညစ်နဲ့ အရက်သောက်၊ လင်နဲ့မယား စကားကများ၊ ကလေးတွေက အော်ဟစ်ငိုယို၊ ဒါတွေကို မြင်ယောင် ကြားယောင်ကြည့်လိုက်ကြပါ။

နှစ်ဖက်မျှ တွေးပေးကြည့်ကြဖို့ တပ်မတော်သာ အမိအဖ လို့ ပေါက်ကရ အော်နေတဲ့ အာဏာရှင်ကြီးတွေကို ပြောလိုက်ချင်ပါတယ်။ အဆင်မပြေတာကို အဆင်ပြေအောင် လုပ်မပေးဘဲ အဆင်မပြေတဲ့သူကို အသုံးမကျဘူး လို့ မပြောကြပါနဲ့၊ တစ်နေကုန် တစ်နေခန်း လှုပ်ရှား ရုန်းကန်ရင်း ဘ၀ရဲ့တိုးတက်ရာ တိုးတက်ကြောင်း အတွက် အသိအမြင် ကျယ်ပြန့်လာအောင် ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီး နေထိုင် နိုင်အောင် အသိပညာ အတတ်ပညာ တိုးတက်လာအောင် ဘယ်သူ့ ဘယ်သူမှ အရေးတစ်ယူ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း မရှိကြပါဘူး။

မွန်းကျပ်တဲ့ နွံအတွင်း ဆင်းလေ ပိုကြိုက်လေဆိုတဲ့ အာဏာရှင်တွေသာ များပါတယ်။ ဟိုဟာလုပ်၊ ဒီဟာလုပ်လို့ စေခိုင်းနေမဲ့အစား အဆင်ပြေအောင် တခါတည်း လုပ်ပေးလိုက်တယ် ဆိုတာမျိုးက ရဲဘော်တွေအတွက် ဘယ်အချိန် ဘယ်ကာလများမှာမှ တွေ့မြင်ရအုံးပါမလဲဆိုတာ စောင့်မျှော်နေရင်း ကြိုးစားနေရင်း…….. အာဏာရှင်စနစ် ကျဆုံးပါစေ။


source by : http://www.photayokeking.org