Saturday, February 27, 2010

ဒေါ်အောင်ဆန်းစုကြည် အယူခံကို ပယ်ချတဲ့အတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ အစိုးရတွေက ရှုတ်ချ

2010-02-27 ( RFA )

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ လျှောက်ထားချက်ကို ဗဟိုတရားရုံးက အကြောင်းပြချက်မရှိပဲ ဖေဖော်ဝါရီ ၂၆ ရက် မနေ့က ပယ်ချလိုက်တဲ့အတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ အစိုးရတွေက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

နေအိမ်အကျယ်ချုပ် ၁၈လနဲ့ ကန့်သတ်ထားတဲ့အမိန့်ကို ရုပ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်ဆင် လျှောက်ထားချက်ကို ထပ်မံ ငြင်းဆိုလိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်မိတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ သူတို့ကို နိုင်ငံရေး ဖြစ်စဉ်မှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပြုဖို့ စစ်အစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်မံ တောင်းဆိုပါတယ်။ ဒီအဆင့်တွေဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲရေးအတွက် မရှိမဖြစ် လိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားပါတယ်။

အလားတူပဲ အမေရိကန်အစိုးရကလည်း ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြန်ကြားရေးအရာရှိ Darby Holladay က RFA ကိုပြောပါတယ်။

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို မိမိတို့ ရှုတ်ချပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် နေအိမ်အကျယ်ချုပ် ချခံနေရတာ ခြောက်နှစ်ကျော် ရှိသွားပါပြီ။ မြန်မာ စစ်အစိုးရအနေနဲ့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မိမိတို့ တိုက်တွန်း တောင်းဆိုပါတယ်လို့ ပြောသွားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Gordon Brown ကလည်း သူ့အနေနဲ့ စိတ်ပျက်၊ ဝမ်းနည်းမိတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ တရားရုံးချုပ်က အခုလို ပယ်ချလိမ့်မယ် ဆိုတာကိုလည်း သူ့အနေနဲ့ မျှော်လင့်ထားပြီးသား ဖြစ်တယ်လို့ ရေးသားထားပါတယ်။ အယူခံ လျှောက်ထားချက်ကို စတင်ကြားနာ စစ်ဆေးခဲ့တဲ့အချိန်ကနေ အခုချိန်ထိ တရားရုံးရဲ့ ပြရုပ် သက်သက် ဆောင်ရွက်ချက်တွေဟာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင် နိုင်အောင် လုပ်နေတာ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှုကို တရားရုံးက စစ်ဆေးစီရင်တာကို ကြည့်ရင် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် တရားဥပဒေကိုပါ မထီမဲ့မြင် ပြုရာ ကျနေတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားတာဟာ မတရားတဲ့အပြင် နိုင်ငံရေးအရဖြစ်နေတယ်လို့ ကနေဒါ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် စစ်အစိုးရအနေနဲ့ အားလုံးပါဝင်ပြီး အများယုံကြည်တဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း ပြသဖို့ အခွင့်အရေး ဆုံးရှုံးခဲ့တယ်လို့ ရေးသားထားပါတယ်။


source by : http://www.rfa.org