Sunday, February 21, 2010

တာချီလိတ်တိုက်ပွဲ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံး

2010-02-21 ( RFA )

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ နေလည် ၁၂ နာရီလောက်က မဲခေါင်မြစ် အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ရဲအုပ်ခင်မောင်ရင် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ ဒေသခံ ပြည်သူတဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ကနေ ၇ မိုင်လောက်အကွာ ရွှေတြိဂံနယ်စပ်က ဝမ်ပုံကျေးရွာနဲ့ ပါဆရွာ အကြား မဲခေါင်မြစ်အတွင်း ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့စက်လှေကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တာချီလိတ်မြို့ခံ တဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

မြို့ခံတဦး။ ။'အဲ့ဒီမှာ သူတို့ အပစ်အခတ် ဖြစ်တာက စက်လှေပေါ်ကနေ ဖြစ်တယ်လို့ ပြောတာပဲ။ စက်လှေတခုကို တားရင်းကနေ ဖြစ်တယ်လို့ အဲ့လို ပြောကြတာပဲ။ ဝမ်ပုံ ရဲစခန်းမှူး အပါအဝင်ပေါ့၊ ရဲ ၁၂ ယောက် ကျတယ်လေ။ ပြီးတော့ မူးယစ်က ရဲ ၂ ယောက် ကျတယ်။ အလုပ်သမား တယောက် ကျတယ်။ ၁၅ ယောက် အားလုံးကျတယ်။ ရဲက ၂ ယောက်ကတော့ ဒဏ်ရာနဲ့ ပြန်လွတ်လာတယ်။ အဲ့ဒီ လွတ်လာတဲ့ ၂ ယောက်ရဲ့ အပြောအရပေါ့နော် ဒီလူတွေ ကျတယ်ဆိုတာ သိရတာ။ ဒါပေမယ့် အခုထက်ထိတော့ ဘာမှ ဟို အလောင်းတွေ ဘာတွေတော့ ရှာမရသေးဘူးလို့ ပြောတယ်'

ဒီလို တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ တာချီလိတ် မြို့မရဲစခန်းကို အာအက်ဖ်အေ က ဆက်သွယ်မေးမြန်း ကြည့်ရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုပါတယ်။ လောလောဆယ် ရင်အုပ်ကိုထိမှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဒု-ရဲအုပ်စိန်လှိုင်နဲ့ မူးယစ်တပ်ဖွဲ့ဝင် ချင်းလူမျိုး ကီးမူး တို့နှစ်ဦး တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး တိုက်ပွဲဖြစ်ပွားရာမှာ ကျဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် အလောင်း လေးလောင်းကို ဆယ်ယူရရှိထားတယ်လို့ သိရပါတယ်။ အခု တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာ အတည်ပြု ပြောဆို နိုင်ခြင်း မရှိသေးပေမယ့် မူးယစ်ဆေးဝါး သယ်ဆောင်နေတဲ့ အဖွဲ့တွေပဲ ဖြစ်နိုင်တယ်လို့ တာချီလိတ်မြို့ခံက ပြောပါတယ်။

တာချီလိတ်မြို့ခံ။ ။'ဝ အဖွဲ့ပဲ ဖြစ်မှာပေါ့လေ။ ဒီ မူးယစ်နဲ့ ပတ်သက်တာဆိုတော့။ အဲ့ဒီကနေ ဆင်းလာတာ ဝတွေ ဆင်းလာတယ်လို့ ပြောတာပေါ့။ ဒီကြားထဲမှာ ရဲတချို့ ပြောတာကတော့ ဒီ ရှမ်း တရုတ်ပေါ့နော်၊ ကျနော်တို့ ဒီ မိုင်းဖုန်းဆရာတော်ရဲ့ အဖွဲ့တွေလေ။ အဲ့ဒါလည်း ဖြစ်နိုင်တယ်လို့ ပြောတာပေါ့။ များသောအားဖြင့် ဖြစ်နိုင်တာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာပါပဲ။ မူးယစ် သယ်တဲ့အဖွဲ့ကို လှမ်းပစ်တာပဲ ဖြစ်မှာပေါ့လေ။ အဲ့ဒီကနေ အပစ်အခတ်တွေ ဖြစ်ကုန်တာ။ ဟိုတခါလည်း အဲ့လိုပဲ ဖြစ်ဘူးတာကိုး'

မဲခေါင်မြစ်အတွင်း အလားတူ တိုက်ပွဲမျိုး ၂ဝဝ၈ ခုနှစ်က တကြိမ် ဖြစ်ခဲ့ပြီး အဲဒီတုန်းက မူးယစ် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

source by : http://www.rfa.org