Wednesday, February 24, 2010

ဖြစ်ရပ်မှန် ကိုယ်တွေ့ “ဖြတ် (၈) ဖြတ်” - အပိုင်း (၁)


ဆောင်းပါးရှင် - သူရနိုင် (လက်ရှိ တာဝန် ထမ်းဆောင်နေသော တပ်ခွဲမှူး တစ်ဦး)



“တိုင်းရေးပြည်ရေးက ခက်ခဲသလို၊ ၀မ်းရေးက ပိုခက်ခဲ၊ လွမ်းရေးက အပိုဆုံး ထင်မိတယ်၊ စောင့်သူ မောရော့မယ်၊ သားသမီးနဲ့ ဇနီးဆီ မြန်မြန်ပြန်လာမယ်”

စိုင်းထီးဆိုင်ရဲ့ “အညာကို ပြန်ချင်တယ်” သီချင်းစာသားလေး တစ်ကြောင်းပါ။ ခပ်ဝေးဝေး တစ်နေရာမှာ မိသားစု ၀မ်းရေးအတွက် အလုပ်ထွက်လုပ်နေသူ တစ်ယောက်ရဲ့ ခံစားချက်ပေါ့။ တပ်တွေမှာတော့ ရှေ့တန်းထွက်တဲ့ အချိန်မဟုတ်ပဲ နောက်တန်းမှာ နေရတဲ့အခါ ကိုယ့်မိသားစုနဲ့ အတူတကွ နေထိုင်ရတဲ့ အချိန်မို့ လွမ်းရေးက မခက်ပေမဲ့ ၀မ်းရေး ခက်လှပါတယ်။ ၀မ်းရေးအတွက် အာရုံစိုက်နေရတော့ တိုင်းရေးပြည်ရေးဘက် မရောက် နိုင်တော့ဘူးပေါ့။

တပ်ရင်းရုံးမှာ စစ်သည်အဆင့်အတန်း အားလုံး တပ်ရေးဗိုလ်ကြီး အလာကို စောင့်မျှော် နေကြပါတယ်။ တပ်ခွဲ လစာကြပ်တွေလည်း တကုပ်ကုပ်နဲ့ ဘာများ အလုပ်ရှုပ်နေကြသလဲ မသိပါ။ သြော်….. ဖြတ်တောက်မဲ့ အကြွေးစာရင်းတွေ တွက်ချက်နေကြတာပါလား။ ရဲဘော်တွေက မျက်စောင်း တထိုးထိုးနဲ့ပေါ့၊ တချို့ ဆရာတွေက ပွစိပွစိ၊ မိမိတို့ အမျိုးသား (စစ်သည်) တွေမှာ တာဝန်အရ တပ်ပြင်သို့ ရောက်နေကြသူများရဲ့ ဇနီးမယားများကလည်း ဘောလ်ပင် တစ်ချောင်းနဲ့ စာရွက်အလွတ်တစ်ရွက်ကို ဆုပ်ကိုင်ရင်း လစာကိုစောင့်မျှော် နေကြပြန်တယ်။

မိမိလက်ထဲ လစာဘယ်လောက် ရောက်မည် မသိ၊ ရချင်သလောက်ရ ဆိုပြီး အကြွေးလွယ်တဲ့ နေရာမှာ သောက်စားလာတဲ့ ရဲဘော်တချို့က အော်ကျယ် အော်ကျယ်နဲ့ ပြောနေပေမဲ့ အရာရှိ (သို့) ခပ်ဆိုးဆိုး ခပ်ကြမ်းကြမ်းဆရာ တစ်ယောက်ယောက်ကို သူတို့ တွေ့သွားရင်တော့ အသံကိုတိတ်ပြီး တောင်ကြည့်မြောက်ကြည့်နဲ့ သူတို့မဟုတ်သလို အမြီးကုပ် နေကြ ရပြန်တယ်။

ခဏကြာတော့ တပ်ရေးဗိုလ်ကြီး ရောက်ရှိလာပြီး “လစာကြပ်တွေနဲ့ တပ်ခွဲမှူးတွေ ရုံးခန်းထဲကို လာမယ်” လို့ အော်ပြောလိုက်ပါတယ်။ တပ်ခွဲအလိုက် လစာထုတ်ပေးဖို့ စတင်ခေါ်ယူပါပြီ။ ရုံးခန်းထဲမှာတော့ လစာကြပ်တွေ တပ်ခွဲမှူးတွေနဲ့ တပ်ရေးဗိုလ်ကြီးတို့ ခေါင်းချင်းဆိုင်ကာ တီးတိုးနှစ်ကိုယ်ကြား ပြောနေကြပါတယ်။ ပထမဦးဆုံး တပ်ခွဲမှူးတွေနဲ့ တပ်ရေးဗိုလ်ကြီးတို့ ညှိနှိုင်းကြတာကတော့ ခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့လစာ၊ ရိက္ခာစိုငွေတွေကို ဘယ်လို “ဗုံး” မလဲဆိုတာ ဖြစ်ပါတယ်။

ခွင့်မဲ့ပျက်ကွက် စစ်သည်တွေကို အထက်ဌာနသို့ စာရင်းမပြပဲ တပ်ရင်းမှာပင် အနည်းဆုံး (၂) လခန့် ခေါက်ထားလေ့ရှိပါတယ်။ တချို့တပ်ခွဲမှူးတွေက ခွင့်မဲ့ပျက်ကွက် စစ်သည်တွေကို တပ်ပြေးအဖြစ် ကြေညာချင်ကြလို့၊ အချို့ကျတော့ ခွင့်မဲ့ပျက်ကွက်စာရင်းကို အမှန်အတိုင်း ထည့်ချင်ကြပါတယ်။ အဲဒီအခါမှာ တပ်ရေးဗိုလ်ကြီးက တပ်ခွဲမှူးတွေကို စဉ်းစဉ်းစားစားလဲ လုပ်အုံး၊ အထက်ကို စာရင်းတင်ရင် အဘကြီး (တပ်ရင်းမှူး) ရဲ့ စစ်ဦးစီးတက္ကသိုလ် (ဥစတ) သင်တန်းတက်ဖို့ ထိခိုက်သွားနိုင်တာမို့ မလုပ်ပါနဲ့လို့ ဖားပြီး ပြောပါတယ်။

ဒီအချိန်မှာ စီနီယာ တပ်ခွဲမှူးတစ်ဦးက ဒေါကန်ပြီး “အဲဒီခွင့်မဲ့ ပျက်ကွက်စစ်သည်တွေ တစ်နေရာမှာ ပြဿနာတက်ရင် မင်းက တာဝန်ယူ ဖြေရှင်း နိုင်လို့လား” လို့ ပြောတော့ တပ်ရေးဗိုလ်ကြီးက “မတတ်နိုင်ဘူးလေ၊ အများနည်းတူ မိုးခါးရေသောက်ရမှာပဲလေ၊ အဲဒီအခါကျမှ ဖြစ်ကာမှ ဖြစ်ကော၊ လောလောဆယ် နီးရာဓါးကြောက်နေရတယ်” လို့ ပြောပြီး ဆက်လက် ညှိနှိုင်းကြပြန်ပါတယ်။

အဲဒီနောက် ဖြတ် (၈) ဖြတ်ဆိုတဲ့ နေရာမှာ တပ်ရင်းရံပုံငွေအတွက်ဖြတ်၊ မိခင်နှင့်ကလေး ရံပုံငွေဖြတ်၊ တပ်မတော်စည်းရုံးရေး ကော်မတီကဖြတ်၊ တပ်တွင်း သက်သာဆိုင်ကဖြတ်၊ မဖြစ်မနေ စုဆောင်းငွေ (ဘဏ်စုငွေ) ဖြတ်၊ သာရေးနာရေး အလှူငွေဖြတ်၊ တပ်ခွဲဆိုင်ရာ စိုက်ပျိုး မွေးမြူရေးလိုမျိုး ၊ အမျိုးသမီး စစ်သင်တန်း ၀တ်စုံကြေးလိုမျိုးဖြတ် စတဲ့ အမျိုးအစားတွေနဲ့ အကြွေးရလို့ ဆင်တောင်ဝယ်စီးမဲ့ စစ်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာ အကြွေးလိုမျိုး ဖြတ်တာဆိုပြီး ဖြတ် (၈) မျိုးအား အကြမ်းဖျင်း တွေ့ရပါတယ်။ ခဏနေတော့ တပ်ခွဲအစဉ်လိုက် ဖြတ်တောက်ရမဲ့ စာရင်းဇယားတွေနဲ့ကိုက်ပြီး လစာ ခွဲဝေပေးပါတော့တယ်။

လစာကြပ်နဲ့ တပ်ခွဲမှူးများ အပြင်ထွက်လာတာနဲ့ ရဲဘော်တွေ သူ့ထက်ငါဦးပြီး အလုအယက် တိုးဝှေ့တန်းစီကြပါတယ်။ ဆူညံသံတွေကို အော်ဟစ်ဆဲဆိုပြီး လစာထုတ်ပေးပါတယ်။ တပ်ရင်းက ဖြတ်စရာရှိတာ ဖြတ်ပြီးရင် တပ်ခွဲက ဖြတ်စရာရှိတာ ထပ်ဖြတ်ပါတယ်။ တပ်ရင်းအနေနဲ့ တပ်ရင်းရံပုံငွေ၊ တပ်တွင်း သက်သာဆိုင် အကြွေးတို့ကိုသာ အဓိကထား ဖြတ်တောက်ပြီး တပ်ခွဲအနေနဲ့ တပ်တွင်းဖွင့်လှစ်ထားသော မိသားစုဆိုင်များမှ ကြွေးမြီများ၊ သာရေးနာရေးနှင့် သက်ဆိုင်သော ကိစ္စများအတွက် ဖြတ်တောက်ပါတယ်။

လစာထုတ်ပြီးချိန်မှာတော့ လုပ်ကိုင်စားသောက်တတ်ပြီး နေရာကောင်းရထားသူ စစ်သည် အနည်းငယ်လောက်မှလွဲပြီး ကျန်စစ်သည်များလက်ထဲမှာ ၎င်းတို့၏ လစာငွေ အပြည့်အ၀ ယူဆောင်သွားသူ မတွေ့ရပါ။ တချို့ အနုတ်လက္ခဏာ ပြနေသူကိုလည်း မြင်တွေ့ရပါတယ်။ လစာတပြားမှ မရတဲ့အပြင် အကြွေးတင်တာမျိုး ထပ်တောင် ပေးရမှာမျိုးကြောင့် ကိုယ့်ကိုယ်ကို သတ်သေတော့မဲ့ စိတ်ပျက်လက်ပျက် ပုံစံမျိုးတွေကိုလည်း မမြင်ချင်မှ အဆုံး တွေ့မြင်နေရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တပ်တွင်းသက်သာဆိုင်မှာ ယူထားတဲ့ အကြွေးကို တပ်ရင်းကဖြတ်၊ အိမ်ထောင်သည်လိုင်းတွေမှာ အဆင်ပြေလို့ ဖွင့်ထားတဲ့ အိမ်ဆိုင်တွေက အကြွေးတွေ တပ်ခွဲကဖြတ်၊ ဒီလိုနဲ့ ရဲဘော်တွေဟာ ရတဲ့လစာက နှစ်သောင်းကျော်၊ သောက်စားထားတာရယ်၊ ဗါဟီရ ပစ္စည်းဝယ် သုံးတာရယ် ဖြတ် (၈) နဲ့ နှစ်ပါးသွားလိုက်တာ ထောင်စွန်းဂဏန်းလောက်ပဲ ကျန်ပါတော့တယ်။ အိမ်ထောင်သည်တွေက ပိုဆိုးပါတယ်။ ရိက္ခာရတယ် ဆိုပေမဲ့ လင်အတွက်ပဲ ရတာပါ။ မိန်းမနဲ့ ကလေးအတွက် မပါပါဘူး။


အပိုင်း (၂) ကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။


source by : http://www.photayokeking.org