Thursday, January 29, 2009

မြန်မာစစ်တပ်၏လက်နက်များကို ဝတပ်ဖွဲ့သိမ်းယူ

မြန်မာစစ်အစိုးရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းကို ပေးပို့တဲ့ လက်နက်ခဲယမ်းတွေကို အပစ်အခတ်ရပ် ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA က သိမ်းယူမှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ RFAက သတင်းရရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျိုင်းတုံ မြောက်ဖက် ရွှေတြိဂံနယ်မြေရှိ ပန်ဆန်းတွင် နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ဝ လက်နက်ကိုင် တပ်ဖွဲ့များကို တွေ့ရသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

တရုတ်မြန်မာနယ်စပ် ဝဒေသ ပန်ဆန်းမှာရှိတဲ့ တန့်ယန်းလက်အောက်ခံ ခမရ (၃၂၆) က တပ်ခွဲ ၂ ခွဲဆီကို တပ်ရင်းက ပေးပို့တဲ့ လက်နက်ခဲယမ်းတွေကို အခုလ ဇန်နဝါရီလ ပထမပတ်ထဲမှာ ဝနယ်ခြားစောင့်တပ်တွေက သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။

ဒီလက်နက်တွေကို အခုချိန်ထိ မြန်မာစစ်တပ်ဖက်ကို ပြန်မပေးသေးဘူးလို့ ဝဒေသ သတင်းရပ်ကွက်တွေကို ကိုးကားပြီး တရုတ် မြန်မာနယ်စပ် မြန်မာ့စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဦးအောင်ကျော်ဇော။ ။ “ ပုံမှန်အားဖြင့်တော့ ဝနယ်ထဲမှာ ဝဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းတဝိုက်မှာ ဗမာစစ်တပ်က တပ်ခွဲတခွဲလောက် ရှိပြီးတော့ ဝမ်းကောင်ပေါ့ မက်မန်းကိုင်ဖက်မှာ တပ်ခွဲတခွဲလောက် ရှိတယ်၊ တပ်ခွဲနှစ်ခွဲပေါ့။ ဗမာအစိုးရက ခမရ ၃၂၆ကို ပထမဦးဆုံး မက်မန်းကိုင်ဖက်နေပြီးတော့ လက်နက်တချို့နဲ့ ခဲယမ်းတချို့ကို ထပ်ဖြည့်တယ်။ အဲဒါကို လွယ်ပန်လုံနဲ့ မက်မန်းကိုင်ကြားမှာ ရှိတဲ့ ဝတပ်မတော်ရဲ့ ဂိတ်ကနေပြီးတော့ ဒါကို သိမ်းဆည်းလိုက်တယ်၊ အဲလိုဖြစ်ပြီး နှစ်ရက်လောက်အကြာ၊ ဒါအားလုံးက ဇန်နဝါရီလဆန်းက ဖြစ်တာ၊ တခါ ထပ်မံပြီးတော့ ကွန်လုံ ဗျူဟာအောက်ကနေပြီးတော့ ၃၂၆ သူနဲ့ ဘာမှ မပတ်သက်ပဲနဲ့ အဲဒီ နန်တဘက်ကနေပြီးတော့ BA 103ပေါ့ ဗမာစစ်တပ်က သုံးတဲ့ လောင်ချာကျည်တချို့ကို ပို့တယ်။ ပို့တဲ့အခါ အဲဒီမှာလည်း နန်တဘက်မှာ ဝနယ်ထဲအဝင်ဖြစ်တဲ့ နန်တ၊ နန်တင်း ဂိတ်မှာ သိမ်းဆည်းရမိတယ်။ ဗမာအစိုးရကနေ ချက်ချင်း တောင်းဆိုတယ်၊ ပြန်ပေးဖို့၊ ဝတပ်မတော်ဘက်ကတော့ ခုထက်ထိ ဆက်လက် စဉ်းစားထားဆဲဖြစ်တယ်။ ပြန်ပေးဖို့၊ မပေးဖို့။ ”

မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဝအဖွဲ့အကြား ၂ဝ၁ဝ ရွေးကောက်ပွဲ၊ လက်နက် ဖြုတ်သိမ်းရေးကိစ္စနဲ့ ဝပြည်နယ် အမည်ပြောင်းတာတွေနဲ့ နှစ်ဖက် အဆင်မပြေ ဖြစ်နေစဉ်မှာ အခုလို အောက်ခြေ တပ်တွေအကြား ပြဿနာတရပ် တိုးလာတာလို့ လေ့လာသူတွေက ပြောပါတယ်။

အခုလို တင်းမာမှုဖြစ်အပြီး ဝဒေသကို မြန်မာစစ်အစိုးရ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပြီးခဲ့တဲ့ ၂ဝ ရက်နေ့က တြိဂံစစ်ဒေသတိုင်းမှူးနဲ့ အတူ ရောက်ရှိလာခဲ့ပြီး ဝခေါင်းဆောင်တွေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စနဲ့ ဝတပ်ပြန်လည် ဖွဲ့စည်းရေးကိစ္စတွေကို ဆွေးနွေးရာမှာလည်း အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

UWSA ဝတပ်ဟာ အပစ်အခတ် ရပ်စဲထားပေမဲ့ မြန်မာစစ်အစိုးရ တောင်းဆိုထားသလို လက်နက် မချသေးပဲ ရှိနေတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ဖြစ်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေးကိစ္စ ကနဦးက စဉ်းစားမယ်လို့ ပြောဆိုထားပေမဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပိုင်နက်ဆိုင်ရာ သဘောထား ကွဲလွဲမှုနဲ့ လက်နက်ကိုင်လမ်းစဉ် သဘောထားကွဲတာတွေကြောင့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ တင်းမာမှုတွေ ရှိနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေကို အခြေခံပြီး နောက်ကွယ်က စစ်ရေးနိုင်ငံရေးဆိုင်ရာ အခြေအနေအကြောင်း တရုတ် မြန်မာနယ်စပ်က စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကို RFAမှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။


RFA



မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.rfa.org/burmese မှ ကူးယူ မျှဝေပါသည်။