(အခုလာမယ့် ဒီဇင်ဘာ (၁၀)ရက်နေ့ လူ့အခွင့်အရေးနေ့ဆိုရင်၊ (၁၉၉၁) ခုနှစ်က မြန်မာပြည်မှာ နောင်တော်ကျောင်းသားကြီးတွေ ပြုလုပ်ခဲ့ကြတဲ့ 10 D campaign ဆယ့်ခုနစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီကင်ပိန်းမှာ ပေးဆပ်စွန့်လွှတ်ခဲ့သူများကို ဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ထားတဲ့ ကမ္ဘာမကျေဘူး ၀တ္ထုတိုလေးကို ပြန်တင်လိုက်ပါတယ်။ ၂၀၀၄ခုနှစ်မှာ ယူကေနိုင်ငံမှာ ထုတ်ဝေတဲ့ အလင်းတိုင်းပြည်ဂျာနယ်မှာ ဖော်ပြခဲ့ဖူးပါတယ်)
ကမ္ဘာမကျေဘူး (၀တ္ထုတို)
(၁)
‘ဒီမိုကရေစီရရှိရေး’ ‘တို့အရေး၊တို့အရေး’
‘စစ်အစိုးရပြုတ်ကျရေး’ ‘တို့အရေး၊တို့အရေး’
‘လူသတ်အစိုးရပြုတ်ကျရေး’ ‘တို့အရေး၊တို့အရေး’
‘မုဒိမ်းအစိုးရပြုတ်ကျရေး’ ‘တို့အရေး၊တို့အရေး’
နာကျည်းမှု နှလုံးသားများဆီမှ ထွက်ပေါ်လာသော ပြည်သူတို့၏ ရင်ဖွင့်ဟစ်ကြွေးသံများက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မြန်မာသံရုံးရှေ့တွင် ဟိန်းညံလို့နေသည်။ ရှေ့ဆုံးမှနေ၍ ကြွေးကြော်သံများကို တိုင်ပေးနေသူက လန်ဒန်ဆေးရုံကြီးမှ နှလုံးအထူးကုဆရာဝန် ကိုနိုင်ဇော်ဟိန်း။ မုဒိမ်းအစိုးရ ပြုတ်ကျရေးဆိုသည့် ကြွေးကြော်သံသို့ရောက်တိုင်း သူ့အသံများက နစ်ဝင်လို့သွားသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် အတိတ်က အရိပ်တွေက ရိုက်ခတ်နေဆဲပါလားညီမလေးရယ်။
(၂)
အချိန်က (၁၉၉၁)ခု၊ အောက်တိုဘာလ။
နေရာက တောင်ကြီးမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာက ဟဲဟိုးလေယာဉ်ကွင်း။ ရှမ်းပြည်နယ်သို့ဝင်ရန် အမြန်ဆုံးနှင့် အတိုဆုံးလမ်းကြောင်းဖြစ်သဖြင့် ဟဲဟိုးလေယာဉ်ကွင်းသည် နေ့စဉ်နှင့်အမျှ စည်ကားလို့နေသည်။ ဟဲဟိုးမှနေ၍ မြို့တော်တောင်ကြီးသို့သွားနိုင်သည်။ နာမည်ကျော် အင်းလေးကန်သာသို့ အလည်သွားနိုင်သည်။ တောင်ပေါ်မြို့လေးဖြစ်သည့် ကလောမြို့လေးသို့ အလည်အပတ်သွားနိုင်သည်။ ဒီလိုနေရာမျိုးမှာ အစဉ်အမြဲ လူစည်ကားနေတတ်တာ အဆန်းတော့မဟုတ်ပါ။ ဆန်းသည်က တခါမျှမမြင်ဘူးသေးသည့် မိန်းကလေးတစ်ယောက်ကို လေဆိပ်မှာလာကြိုရင်း ၊မြင်မြင်ချင်းစွဲလန်းသွားခဲ့ရသည့် ကိုနိုင်ဇော်ဟိန်း၏နှလုံးသား။
‘မြေးလေးကတစ်နှစ်တစ်ခါသူ့မွေးနေ့တိုင်းလာလည်နေကျသားရဲ့။အိမ်ကကားမောင်းသမားခွင့်ယူထားလို့ သားပဲခဏသွားကြိုပေးပါလားကွယ်’
ဆေးခန်းမှာသွေးပေါင်လာချိန်ရင်း ခင်မင်သွားရာမှ မိသားစုဆရာဝန်အဖြစ် စောင့်ရှောက်ခွင့်ရခဲ့သည့် ဖွားဖွားထွေးမှ ပြောလာသည်ဆိုတော့ သူမငြင်းသာ။ ဆေးရုံတာဝန်မရှိသည်နှင့်လဲ ကြုံသဖြင့် ဟဲဟိုးလေဆိပ်သို့သူရောက်လာရသည်။
မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စင်းဝင်လာသဖြင့် လူတွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ခရီးသည်များကြားမှ ကြိုရမည့်သူကို သူလိုက်ရှာမိနေစဉ် ခရီးဆောင်အိတ်ကို လက်ကဆွဲရင်း ဟိုဟိုဒီဒီရှာနေဟန်ရှိသည့် မိန်းကလေးတစ်ယောက်ဆီသို့ သူလျှောက်သွားလိုက်သည်။ ကောင်မလေးကလဲ သူ့ကိုလှည့်အကြည့်၊ မျက်ဝန်းချင်းဆုံသွားခဲ့သည့်တဒင်္ဂ။ သူ့ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့သလား၊ သူမသိလိုက်ပါ။ နှလုံးခုန်သံတွေ ကျယ်လာင်သွားခဲ့သလား သူမသိလိုက်ပါ မိန်းကလေးရဲ့ မျက်ဝန်းထဲမှာလဲ အရိပ်တစ်ချို့ ဖြတ်သန်းသွားသလိုပါပဲလား။
‘ဒီကညီမက တင်နန္ဒာလားမသိဘူး။’
‘ဟုတ်ပါတယ်အစ်ကို၊ ဖွားဖွားပြောပြတဲ့ ဆရာဝန်အစ်ကိုလားမသိဘူး။’
‘အစ်ကို့နာမည်နိုင်ဇော်ဟိန်းပါ’
‘တွေ့ရတာဝမ်းသာပါတယ်အစ်ကို။’
နှုတ်ဆက်စကား အပြန်အလှန်ပြောရင်း တောင်ကြီးသို့ ခရီးဆက်ခဲ့ကြသည်။ မိုင်နှစ်ဆယ် ကျော်ဝေးတဲ့ တောင်တက်လမ်းကို ဘယ်လိုမောင်းခဲ့တယ်မသိ။ အချိန်အနည်းငယ်လေးနှင့် မြို့ပေါ်သို့ရောက်လာသလို ခံစားရသည်။
နောက်ပိုင်းမှာတော့ ညီမလေးရှိသည့် ဆယ်ရက်ကျော်လုံးလုံး ညနေဆေးခန်းကို အပြေးအ လွှား စောပိတ်ရင်း ဖွားဖွားဆီသို့ သွားလည်ရတော့သည်။ ညနေတိုင်း သွေးတိုင်းကိရိယာနှင့် အိမ်ရောက်လာတတ်သည့် ဆရာဝန်ပေါက်စ သူ့ကို ကြည့်ရင်း ဖွားဖွားကပြုံးလေသည်။ ညီမလေးကလဲ အပြုံးလေးနဲ့ ဆီးကြိုနေကျ။ ခြံထဲမှ စားပွဲဝိုင်းလေးမှာထိုင်ရင်း စကားပြောဖြစ်ကြသည်။ညီမလေးမွေးနေ့ အောက်တိုဘာ(၂ဝ)မှာလဲ၊ ဘုရားသွားချင်တယ်ဆို၍ တောင်ကြီးမြို့ရဲ့ နာမည်ကျော် လွမ်းစေတီလေးသို့ သူကိုယ်တိုင်ပင် လိုက်ပို့ဖြစ်ခဲ့သည်။ ဘုရားမှအပြန် တောင်ခြေကဆိုင်လေးမှာ ရှမ်းခေါက်ဆွဲ စားရင်း ထိုင်ဖြစ်ကြတော့ သူ့ရင်ထဲမှ စကားသံများကိုဖွင့်ဟရန် သူကြံရွယ်မိသေးသည်။
‘ညီမလေး ကျောင်းတက်ရတာ ပျော်ရဲ့လားဟင်’
‘အစ်ကိုရယ်၊ ညီမလေးကသာ ကျောင်းတက်နေရတာ၊ တူတူလက်တွဲခဲ့တဲ့ သူငယ်ချင်းတွေမှာတော့ တစ်ချို့ကထောင်ထဲမှာ၊ တစ်ချို့ကတောထဲမှာ၊၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတာ၊ အဲဒါတွေတွေးမိတော့ ဘယ်လိုပျော်နိုင်ပါ့မလဲ။
‘ဒါဆို ရှစ်လေးလုံးမှာ ညီမလေးပါခဲ့တာပေါ့’
‘ညီမလေးက ကျောင်းသူပါအစ်ကို၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးအတွက် ပြည်သူတစ်ရပ်လုံးက တောင်းဆိုတဲ့ပွဲမှာ ညီမလေးတို့ ကျောင်းသူကျောင်းသားတွေ ရှေ့ဆုံးကပါခဲ့ကြတာပေါ့’
‘အစ်ကိုလဲ အဲဒီတုန်းက ရန်ကုန်ဆေးရုံကြီးမှာ လက်ထောက်ဆရာဝန်စလုပ်နေပြီ။ စစ်တပ်က ပစ်တော့ အစ်ကိုတို့ဆေးရုံမှာ အလောင်းတွေ၊ လူနာတွေအများကြီးပဲ။ မသေမရှင်လူတွေကို နိုင်ငံခြားသံရုံးကပါဆိုပြီး လာခေါ်ထုတ်သွားတုန်းက အစ်ကိုတို့ရှိနေခဲ့ကြတယ်လေ။နောက်ပိုင်း အဲဒီလူတွေကို အရှင်လတ်လတ် မီးသဂြိုလ်စက်ထဲ ထည့်ပစ်တယ်ကြားရတော့ အစ်ကိုလေ၊ထမင်းတောင် မစားနိုင်တော့ဘူး ဖြစ်သွားတယ်’
‘အခုလဲ သူတို့ရဲ့ ဘီလူးခေါင်းကို မင်းသားခေါင်းခဏစွပ်ပြီး၊ ရွေးကောက်ပွဲနဲ့ကမ္ဘာကို မျက်လှည့်ပြလိုပြ၊တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ပြီးအဆင့်မမှီတဲ့ သုံးလပညာရေးတွေ ပေးလိုပေးနဲ့ ဘယ်တော့ဇာတိပြလာမလဲ မသိပါဘူးအစ်ကိုရယ်။ ညီမလေးကတော့ သမိုင်းပေးတာဝန်လို့ကို ယူဆတယ်။ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရကိုရရမယ်။’
သူ၊ညီမလေးကို လေးစားစွာကြည့်မိရင်း ပြောမည်ရည်ရွယ်ထားသောစကားများကိုပင် ပြောမထွက်တော့။ သတ္တိရှင် အာဂမလေးပါလား။ ဒီလိုနုနယ်တဲ့ နှလုံးသားလေးမှာတောင် အမှန်တရားရဲ့ အငွေ့အသက်တွေ ယှက်ဖြာနေချိန်မှာ လူသတ်ဘီလူး အာဏာရူးတွေကတော့ တံတားဆောက်၊လမ်းဖောက်ဖွင့်ပွဲတွေနဲ့ တီဗွီမှာဟန်ရေးပြ လမ်းလျှောက်ရင်း လူထုကိုအယုံသွင်းလို့ မာကြောတဲ့ နှလုံးသားတွေမှာ ယမ်းငွေ့တွေတလူလူနဲ့ ပြည်သူ့သွေးကို ခြေဆေး၊ အာဏာတည်မြဲရေးတွေ လုပ်နေပါပေါ့လား။
(၃)
‘အစ်ကိုမထင်ခဲ့ဘူးညီမလေးရယ်၊ ‘ဘယ်တော့ဇာတိပြလာမလဲမသိဘူး’တဲ့၊ ညီမလေးပြောခဲ့တဲ့စကား။ ဇာတိပြလာတဲ့အချိန်မှာတော့ညီမလေးကိုယ်တိုင်ပါသွားခဲ့တယ်နော်’
ဒီဇင်ဘာလထဲမှာ ရန်ကုန်သို့သွားရန် ကိစ္စပေါ်လာတော့ သူအပြေးအလွှားသွားဖြစ်ခဲ့သည်။ညီမလေးနှင့် တွေ့ရတော့မည်။ တကယ်တမ်းတွေ့ရတော့လဲ အပြေးအလွှားပါပဲ။ ညီမလေးအိမ်သွားတော့ ညီမလေးမရှိ၊သူငယ်ချင်းအိမ်မှာ သွားအိပ်သည်တဲ့။ တွေ့မိတွေ့ကြတော့ ဆူးလေဘုရားလမ်းမှာ တွေ့သည်။ညီမလေးက သူငယ်ချင်းတွေနှင့်။ ကျောင်းအတွက် စာရေးစက္ကူထုတ်တွေ လာဝယ်တာဆိုပဲ။ ဒီဇင်ဘာ(၉)ရက်နေ့ ညနေမှာလှည်းတန်းက ဆိုင်တစ်ဆိုင်သို့လာခဲ့ရန် ချိန်းပြီး ညီမလေးထွက်သွားသည်။
‘နံနက်ဖြန်ကျောင်းမှာဆန္ဒပြပွဲရှိတယ်အစ်ကို’
ထမင်းအတူစားရင်း ညီမလေးက တိုးတိုးတိတ်တိတ်ပြောသည်။အံ့သြစိတ်နှင့်အတူ ညီမလေးအတွက်လဲ စိုးရိမ်သွားမိသည်။
‘ညီမလေးလဲပါမှာပေါ့နော်’
သူစိုးရိမ်တကြီး မေးမိသည်။ မေးသာမေးရပေမယ့် မေးဖို့မလိုမှန်း သူအလိုလိုသိနေပြီးသားပါလေ။
‘စစ်အစိုးရကအားလုံးကို လိမ်နေတာအစ်ကို။ အခုလဲကြည့်။ ညီမလေးတို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက လေးစားလို့ နိုဘယ်ဆုပေးတာကို သတင်းအမှောင်ချပြီး မသိချင်ယောင်ဆောင်နေတယ်။ ဒါတင်မက အိမ်မှာလဲ အကျယ်ချုပ်လုပ်ထားသေးတယ်။ညီမလေးတို့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းထားတာလဲ အများကြီးပဲ။ ရွေးကောက်ပွဲကိုလဲ အသိအမှတ်မပြု၊နိုင်ငံရေးပါတီတွေကိုလဲ လှုပ်လို့မရအောင် ညွှန်ကြားချက်တွေထုတ်နဲ့ ပြည်သူလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို အညွန့်ကျိုးအောင် လုပ်နေတာအစ်ကို။ ဒီလိုအချိန်မှာ သူတို့ရဲ့လုပ်ရပ်တွေကို အယုံအကြည်မရှိကြောင်း ပြဆိုဖို့လိုလာပြီ။ ဒါကြောင့်နက်ဖြန်လူ့အခွင့်အရေးနေ့၊ဒီဇင်ဘာ(၁ဝ)ရက်နေ့မှာ 10 D campaignလုပ်ကြမယ်။’
‘ညီမလေးရဲ့ အခုလိုအမှန်တရားအတွက် ရပ်တည်တတ်တဲ့ စိတ်ထားကို အစ်ကို အရမ်းလေးစားတယ်သိလား။ ဂရုတော့စိုက်နော်ညီမလေး။ ဒီကောင်တွေကလူမဟုတ်ဘူး’
ခေါင်းညိတ်ပြရင်း သူ့ကိုလှမ်းကြည့်လိုက်တဲ့ ညီမလေးရဲ့မျက်ဝန်းအစုံမှာ အရည်ကြည်တွေ လဲ့နေလို့ပါလား။ အရမ်းချစ်တယ်ကလေးရယ်။ တာဝန်တွေပြီးသွားတဲ့အခါကျရင် ကိုယ့်ရင်ခွင်မှာနားခိုပြီး၊အပန်းဖြေလှည့်ပါလို့ ကိုယ်ဖိတ်ခေါ်ချင်လိုက်တာကွယ်။ မပြောဖြစ်တဲ့ရင်ထဲကစကားသံများ။
‘အစ်ကိုဘယ်တော့ပြန်မလဲဟင်။ ဒီကိစ္စတွေပြီးမှ အေးအေးဆေးဆေး တွေ့တော့မယ်နော်’
(၄)
‘အေးအေးဆေးဆေး တွေ့မယ်ဆိုတာ နောင်လပေါင်းများစွာ ကြာတဲ့အခါကျမှ
အင်းစိန်ထောင်မှာ ထောင်ဝင်စာ လာတွေ့ရတာကို ပြောတာလားညီမလေးရယ်’
ညီမလေး ပြောသည့်အတိုင်းပင် နောက်တစ်နေ့ ဒီဇင်ဘာ(၁ဝ)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စက်မှုတက္ကသိုလ်မှာ ငြိမ်းချမ်းစွာဆန္ဒပြပွဲများ လုပ်ကြကြောင်း ကြားရသည်။ စစ်အစိုးရ လုပ်ရပ်များအား အသိအမှတ်မပြုကြောင်း ကြေငြာပွဲမှာ ကျောင်းသူကျောင်းသား အများအပြား ပါဝင်လာကြတော့ စစ်အစိုးရ မျက်ကလူးဆန်ပြာဖြစ်ကာ သူတို့၏ မင်းသားခေါင်းဆောင်းထားသော ဘီလူးရုပ်ကို ဖွင့်ပြကြတော့သည်။ ကျောင်းသားများ အဖမ်းခံရတယ်ကြားတော့ သူ့မှာ နေမထိထိုင်မသာ။ ညီမလေးတို့ အိမ်ကိုဆို ချောင်းပေါက်မတတ်။ ညီမလေးမိဘတွေမှာလဲ ခေါင်းမီးတောက်နေကြပြီ။ တစ်ဦးတည်းသော သမီးလေးမို့ အန္တရာယ်ဖြစ်မှာကို စိုးရိမ်ကြသည်။ နောက်ဆုံး ဘယ်သူငယ်ချင်း အိမ်မှာမှရှာ မရသည့်အဆုံး၊ ညီမလေးနဲ့ တွဲနေတဲ့ သူငယ်ချင်းတွေလဲ ညီမလေးနဲ့အတူ ပျောက်ဆုံးနေပြီဆိုတာ သိရတဲ့အဆုံးမှာတော့ သူတို့အားလုံး လက်လျှော့လိုက်ကြတော့သည်။အဖမ်းခံရတဲ့ ကျောင်းသားတွေထဲမှာ ညီမလေးပါသွားခဲ့လောက်ပြီ။ သူလဲတာဝန်အရ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပြန်လာခဲ့ရသည်။
နောက်လအတန်ကြာတော့ စစ်ထောက်လှမ်းရေးက ညီမလေးတို့ အိမ်ကိုအကြောင်းကြားသည် ညီမလေးကို ထောင်ဆယ်နှစ်ချလိုက်သည်တဲ့။ ခွဲစိတ်ခန်းထဲကအထွက်မှာ ဖုန်းလာတယ်ဆိုလို့ အပြေးအလွှား ကောက်ကိုင်ခဲ့ရတဲ့ ရလာဘ်ဟာ ဒါတဲ့လားကွာ။ တုန်ရီနေတဲ့ ညီမလေး အမေရဲ့ စကားသံတွေကို ဘယ်လိုပြန်နှစ်သိမ့်ပေးရမှာလဲ။ ဖွားဖွားကို မပြောပါနဲ့တဲ့။ ညီမ လေးအမေက ခပ်သဲ့သဲ့သတိပေးတယ်။ ဘယ်လိုပြောပြရမှာလဲ။ ဘယ်လိုပြောထွက်ပါ့မလဲ။ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ သူ့မြေးကျောင်းသူတစ်ယောက်ကို တရားမမျှတတဲ့ စစ်ဘီလူးတွေက ထောင်ဆယ်နှစ်ချတယ်ဆိုတာ သိလိုက်ရရင် အသက်(၇ဝ)ကျော် အဖွားမတ်တပ်ကလဲသွားမှာပေါ့။
‘စစ်အစိုးရ အာဏာရူးတွေ ခင်ဗျားတို့သိပ်လွန်နေပြီဗျာ။ ခင်ဗျားတို့ အာဏာတည်မြဲဖို့ ပြည်သူတွေရဲ့ သွေးစက်တွေ၊ မျက်ရည်စက်တွေကို ဘယ်လောက်အချိန်ထိ ဆက်ကျခိုင်းနေဦးမှာလဲ။ လူမဆန်တဲ့လူတွေ။ တစ်နေ့ကျရင် ဝဋ်ကောင်းကောင်းလည်လိမ့်မယ်’
သူခွင့်အမြန်ယူပြီး၊ ညီမလေးနဲ့ သွားတွေ့နိုင်ဖို့ ကြိုးစားရသည်။ လာဘ်ပေးလာဘ်ယူ ကိစ္စများကိုမုန်းပေမယ့် ညီမလေးနဲ့တွေ့ရမယ့် အရေးမို့ သူမလုပ်ချင်ပဲ လက်ဖက်ရည်ဖိုးဆိုသည်များကို တောင်းသမျှပေးလိုက်တော့မှမိနစ်အနည်းငယ်ကြာ တွေ့ခွင့်ရခဲ့ပါသည်။
‘ညီမလေးနေကောင်းရဲ့လား’
သူ့ကိုမြင်တော့ ညီမလေးမျက်ဝန်းက အရောင်လက်လာသည်။ မတွေ့ရတဲ့ ဒီအချိန်လေးတွင်းမှာ ညီမလေးမျက်နှာက တော်တော်ချောင်ကျသွားသည်။တွေ့ရတဲ့အချိန်က ခဏတာလေးမို့ စကားတွေ အလုအယက်ပြောရသည်။ တကယ်ပြောချင်တဲ့ စကားတွေကိုတော့ ခဏမျိုသိပ်ထားဦးမယ် ကလေးရယ်။ ဒီလိုကြမ်းတမ်းတဲ့ ဘဝကြီးကို ဖြတ်ကျော်ပြီးရင် ကိုယ့်ရင်မှာလာပြီး နားခိုလှည့်ပါကွယ်။အဲဒီအချိန်ကို ကိုယ်မျှော်လင့်စောင့်စားနေပါ့မယ်။
(၅)
(၁၉၉၂)၊ နိုဝင်ဘာလ။
စစ်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် (၁၁၊၉၂)နှင့် ကျောင်းသားအချို့ ပြန်လွတ်လာသည်။ လွတ်လာသည့် အထဲတွင် ညီမလေးပါ ပါလာသည်တဲ့။ ညီမလေးအမေက ဖုန်းဆက်ပြောသည်။သူဝမ်းသာလိုက်သည်ဖြစ်ခြင်း။ ရန်ကုန်သွားမည်။ ညီမလေးအတွက် ရင်ထဲမှာမျိုသိပ်ထားရသော စကားလုံးလေးများကို ဖွင့်အန်ချမည်။ ညီမလေးနားလည် လက်ခံနိုင်မှာပါ။ ဟိုတစ်ချိန် ဟဲဟိုးလေဆိပ်မှာကတည်းက ညီမလေးရဲ့ မျက်လုံးထဲက အရိပ်တွေကို အစ်ကိုဖော်တတ်ခဲ့သလို အစ်ကို့မျက်ဝန်းစကားတွေကိုလဲ ညီမလေးနှလုံးသားနဲ့ ကြားပြီးသားဖြစ်မှာပါလေ။
သူရန်ကုန်သွားမည်ဆိုတော့ ဖွားဖွားကလဲ လိုက်မည်ပြောသည်။ ခရီးလွန်နေတယ် ဝိုင်းလိမ်ထားကြပေမယ့် အမြဲဖုန်းပြောနေကျ မြေးမလေးရဲ့အသံကို မကြားရတာကြာပြီဆိုတော့ ဖွား ဖွားလဲ စိတ်ပူရှာမှာပေါ့လေ။ ‘စိတ်မပူပါနဲ့ဖွားဖွားရယ်။ ဖွားဖွားမြေးကို ကျွန်တော်တသက်လုံး စောင့်ရှောက်သွားမှာပါ၊ တောင်ကြီးကိုအပါခေါ်ခဲ့ပါ့မယ်’ ပြောတော့ ဖွားဖွားကရယ်သည်။ ဒီလိုဖြူစင် တည်ငြိမ်သည့် မိသားစုလေးကိုမှ မုန်တိုင်းထန်အောင် ဝင်လုပ်လိုက်သည့် စစ်အစိုးရကို သူနာကျည်းမိသည်။
ခွင့်ရဖို့၊ လေယာဉ်လက်မှတ်ရဖို့ စောင့်ရင်း နှစ်ပတ်လောက် ကြာသွားသည်။ ဒီကြားထဲမှာ ညီမလေးဆီ ဖုန်းဆက်တိုင်း ‘သမီးလေး၊ ခဏအနားယူနေလို့ ဘယ်သူနဲ့မှ စကား မပြောချင်သေးဘူးလို့ အန်တီ့ကိုမှာထားတယ် သားရယ်’ ဆိုသော ညီမလေးအမေရဲ့ အသံကိုသာကြားရသည်။ဘာများဖြစ်နေတာလဲ ညီမလေးရယ်။ နေမကောင်းဘူးလားကွယ်။ စိုးရိမ်စိတ်တဝက်မှာ ‘သူ့ကိုရှက်နေတာနေမှာပါ’ဆိုပြီး ရင်ဖိုဖိုစိတ် တဝက်ရောသွားတော့ သူ့ဘာသာသူ သဘောကျပြီး ရယ်မိသေးသည်။
အလာကောင်းပေမယ့် အခါနှောင်းသလိုအဖြစ်မျိုးသာ ကြုံရတော့မယ်မှန်းသာ သူကြိုသိခဲ့ရင်----။
အိမ်ထဲသို့ လှမ်းအဝင်မှာပင် ငိုရှိုက်သံသဲ့သဲ့များကို ကြားလိုက်ရသည်။ ညီမလေးအမေနဲ့ ညီမလေး သူငယ်ချင်းတို့၏ ငိုရှိုက်သံများ။
‘သမီးရယ်၊ မေမေဘာမှမသိရပါလား။ မေ့မေ့ကို ဘာမှလဲပြောသွားပါလား သမီးလေးရယ်’
‘နန္ဒာရယ်၊ နင်ပြောတော့ မြန်မာပြည်ဒီမိုကရေစီရတဲ့နေ့ကို မြင်ချင်တယ်ဆို။ အခုတိုက်ပွဲမပြီး သေးဘူးလေ။ နင်ဘာလို့အစောကြီး ခွဲသွားရတာလဲ’
‘မိလဲ့၊အရမ်းမငိုနဲ့နော်၊ နင်ကထောင်ကထွက်လာကာစ၊ အားရှိတာမဟုတ်ဘူး။’
ငိုသူငို၊ချော့သူချော့နှင့် ကမ္ဘာပျက်မြင်ကွင်းကို စတင်ရင်ဆိုင်ရသည်။ ညီမလေး အလောင်းဘေးတွင်ကား ငိုနေသူမိန်းကလေးများနှင့် လက်သီးဆုပ်အံကြိတ်ရင်း မျက်ရည်ဝဲနေသာ ယောက်ျားလေးများ ဝန်းရံလျက်။
‘ဘာတွေဖြစ်ကုန်တာလဲဗျာ။ ဘာတွေဖြစ်ကုန်ခဲ့တာလဲ’
အရူးတစ်ယောက်လိုသူ အော်လိုက်မိသည်။ဘဝတစ်ခုလုံးရဲ့ မျှော်လင့်ချက် အဆောက်အအုံတစ်ခုလုံး တစမကျန် ပြိုကွဲပျက်စီးခဲ့ပြီပဲ။
‘နံနက်ကအန်တီ သူ့ကိုအိပ်ယာကလာနှိုးတော့ အသက်မရှိတော့ဘူးသားရယ်။ သားအတွက် စာတစ်စောင် သူ့ခေါင်းအုံးအောက်မှာ တွေ့တယ်။ ရော့သား’
ညီမလေးအမေရဲ့ စကားသံတစ်လုံးစီမှာ သူ့အသည်းတွေ ပဲ့ကြွေသွားခဲ့လေပြီ။
(၆)
အစ်ကို။
ဒီစာကိုအစ်ကိုဖတ်ရချိန်မှာ ညီမလေး လူ့လောကမှာ ရှိတော့မှာမဟုတ်ပါဘူး။ အစ်ကိုဘယ် လောက်အထိ နာကျင်ခံစားရမယ်ဆိုတာ ညီမလေးသိပါတယ်။ ညီမလေးအသည်းတွေလဲ ကြွေကျမတတ်ပါပဲ အစ်ကိုရယ်။ ဟဲဟိုးလေဆိပ်မှာ တွေ့စက အစ်ကို့မျက်ဝန်းကိုလေ အခုထိမြင်ယောင်နေဆဲပဲ။ ဒီမျက်ဝန်းတွေရဲ့ ခွန်အားတွေနဲ့ပဲ ငရဲခန်းအထပ်ထပ်ကို ရင်ဆိုင်ခဲ့ရတာပါ။ ငယ်ငယ်တုန်းက ဖွားဖွားပြောပြခဲ့တဲ့ ပုံတွေထဲမှာပါခဲ့တဲ့ ငရဲခန်းတွေ လူ့လောကမှာလဲ တကယ်ရှိတယ် ဆိုတာ ကိုယ်တွေ့ကြုံမှ ယုံခဲ့ရတာပါအစ်ကို။ ညီမလေးကို ထောင်ထဲမပို့ခင် စစ်ထောက်လှမ်းရေးတစ်ခုမှာ စစ်ကြောရေးလုပ်တယ်အစ်ကို။ လူမဆန်အောင် နှိပ်စက်ညှင်းပမ်းမှုတွေကို ခံခဲ့ရတယ်။ သူတို့တွေ သိပ်ရက်စက်တယ်အစ်ကို။ အစာမကျွေး၊ရေမပေးပဲ ညစဉ်ရက်ဆက်မေးလိုက်ကြတဲ့ မေးခွန်းတွေ။ဖြေတာမကျေနပ်ရင် ကြိမ်လုံးတွေနဲ့ ဝိုင်းရိုက်ကြတာ။စစ်ကြောရေးပြီးလို့ အခန်းထဲပြန်ရောက်ရင် တကိုယ်လုံး ကြိမ်းစပ်နာကျင်နေတာပဲ။ အဆိုးဆုံးကတော့ ညီမလေးရဲ့ အပျိုစင်ဘဝကိုပါ သူတို့သိမ်းပိုက်လိုက်ကြတယ်အစ်ကို။ အစ်ကိုရယ်၊ ညီမလေးလေ ကိုယ့်ရဲ့အပျိုစင် သိက္ခာကို မှည့်တစ်ပေါက်မစွန်းအောင် ထိန်းသိမ်းခဲ့တဲ့ မြန်မာအမျိုးသမီးကောင်း တစ်ယောက်ပါအစ်ကို။ အခုတော့ ရိုင်းစိုင်းယုတ်မာတဲ့လူ၊ လူလို့တောင်မပြောချင်ပါဘူးအစ်ကိုရယ်၊ တိရစ္ဆာန်တစ်ကောင်ကြောင့် ညီမလေးရဲ့ အပျိုစင်ဘဝဆုံးရှုံးခဲ့ရပြီ။ အခုအစ်ကိုဘာကြောင့်လာတယ်ဆိုတာ ညီမလေးသိပါတယ်။ညီမလေးကို လက်ထပ်ခွင့်တောင်းဖို့လာတာ။ ညီမလေးရဲ့ မသန့်ရှင်းတော့တဲ့ ကိုယ်ခန္ဓာကို ညီမလေးအရမ်းချစ်တဲ့၊အရမ်းတန်ဖိုးထားတဲ့ အစ်ကို့လက်ထဲ မထည့်ပါရစေနဲ့အစ်ကိုရယ်။ ညီမလေးကိုခွင့်လွှတ်ပါ။ရေစက်ကံရှိခဲ့ရင် နောင်ဘဝကျမှပဲ ပြန်ဆုံပါရစေနော်။ အဲဒီအခါကျရင် လူယောင်ဆောင်ထားတဲ့ တိရစ္ဆာန်တွေအုပ်ချုပ်တဲ့ တိုင်းပြည်မှာ လူမဖြစ်ပါရစေနဲ့လို့ ညီမလေး ဆုတောင်းချင်လိုက်တာ။စကားတစ်ခွန်းတော့ ပြောခဲ့ချင်တယ်အစ်ကိုရယ်။ ညီမလေးလေ၊ အစ်ကို့ကိုသိပ်ချစ်တယ်။
စာကိုဖတ်နေသည့်သူ့လက်များကတုန်ယင်လို့နေသည်။ တော်လှန်ရေးခရီး တလျှောက်မှာ လူမဆန်သူ တိရစ္ဆာန်များကြောင့် ကြွေလွင့်ခဲ့ရသော ပန်းတွေ ဘယ်လောက်ရှိခဲ့ပြီလဲ။ ညီမလေးရေ၊ ညီမလေး အပြီးမသတ်ခဲ့ရတဲ့ ဒီမိုကရေစီတိုက်ပွဲကို အစ်ကိုဆက်တိုက်မယ်။ ညီမလေးမြင်ချင်တဲ့ ဒီမိုကရေစီရ မြန်မာနိုင်ငံကို အစ်ကိုဖြစ်အောင်ကြိုးစားမယ်။ တမလွန်ကနေ စောင့်ကြည့်နေတော့နော်။ သူ့ရဲ့ ခိုင်မာသောဆုံးဖြတ်ချက်။
(၆)
အင်္ဂလန်၊လန်ဒန်မြို့၊ မြန်မာသံရုံးရှေ့။
သီချင်းသံများက လွင့်ပျံလို့လာသည်။
‘ကမ္ဘာမကျေဘူး။ ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့မော်ကွန်းတွေ။ တော်လှန်ရေး၊ဒီမိုကရေစီ တိုက်ပွဲတွင်းမှာ ကျဆုံးသော-သြော်သူရဲကောင်းတို့ရေ၊ အာဇာနည်တွေနေတဲ့တိုင်းပြည်၊ အမျိုးချစ်တဲ့ ဒို့ဇာနည်တွေ။ ကိုယ်တော်မှိုင်း၊ ရာဇဝင်တွေလဲရိုင်းခဲ့ရပြီအဖိုးရေ၊ သခင်အောင်ဆန်း၊ နိုင်ငံတော် လဲသွေးစွန်းခဲ့ပြီ အဘရေ၊ သြော်လုပ်ရက်ကြပေ။ ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ၊ အတုန်းအရုန်းလဲပြိုကာနေ။ညီအစ်ကိုတို့၊ ပေတရာပေါ်မှာ စွန်းတဲ့သွေးတွေ မခြောက်သေးဘူး။ တွေဝေမနေနဲ့။ ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာကျဆုံးသော၊ သြော်သူရဲကောင်းတို့လို အခိုင်အမာအပီအပြင် တော်လှန်ပစ်မလေ။ရဲရဲတောက်ဒို့ပြည်သူတွေ။’
ရဲစိတ်ရဲမာန်အပြည့်နှင့် သီဆိုနေသူများထဲတွင် ကိုနိုင်ဇော်ဟိန်း၏ အသံက အကျယ်ဆုံးဖြစ်ပေလိမ့်မည်။ ‘ကမ္ဘာမကျေဘူး’သီချင်းကို သီဆိုရတိုင်း နာကျည်းမှု ကြေကွဲမှုမှ ပွင့်အန်ကျလာသော မျက်ရည်စက်တို့ကို တမလွန်မှညီမလေး မြင်နိုင်ပါမည်လား။ မည်သို့ဆိုစေ၊ အသက်ထက်ဆုံး ဒီမိုကရေစီတော်လှန်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မည့် သူ့ရဲ့ သစ္စာစကားများကို ညီမလေးကြားနိုင်ပါစေဟု ဆုတောင်းရင်း----။
ခင်မမမျိုး (၂၀၀၄)
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါသည်။