Tuesday, January 19, 2010

တပ်မတော်သားများ ပြည်သူဘက် ရပ်တည်ရန် (မဒတ) ပန်ကြား

Tuesday, 19 January 2010 12:38 ဗထူး


တိုင်းပြည်၏ ပြဿနာအရပ်ရပ်ကို အတူတကွ ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် တိုင်းချစ် ပြည်ချစ် တပ်မတော်သားများ အနေဖြင့် ပြည်သူလူထုဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ရန် အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (မဒတ) မှ ပန်ကြားလိုက်သည်။

၁၉၆၂ မှ ယနေ့အထိ စစ်အာဏာရှင် စနစ်အောက်တွင် ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု အစစအရာရာတွင် နိမ့်ပါးကျဆင်းပြီး စစ်အာဏာရှင်များ ဖန်တီးသော ဆိုးဝါးသည့် ဘေးဒုက္ခဒဏ်ကို တပ်မတော်သားအားလုံး ပြည်သူများနည်းတူ ခါးစည်းခံနေရသည်ဟု ယခုလ (၁၆) ရက်နေ့ထုတ် (မဒတ)ပန်ကြားချက်တွင် ဖော်ပြထားသည်။

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်သည် တိုင်းရင်းသားပြည်သူတို့၏ အားကိုးယုံကြည်မှုကို အပြည့်အဝ ရရှိခဲ့ပြီး သမိုင်းအစဉ်အလာ တင့်တယ်စွာဖြင့် ဂုဏ်သိဏ္ခာကြီးမားသော တပ်မတော်တရပ် ဖြစ်ခဲ့သည်။

ယနေ့ တပ်မတော်သည် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် ရဟန်းသံဃာများကို သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ စစ်အာဏာရှင်တို့သည် တိုင်းရင်းသားပြည်သူတို့၏ မြေယာအိုးအိမ် စည်းစိမ်တို့ကို သိမ်းယူပြီး နိုင်ငံ၏ဘဏ္ဍာကို ကိုယ်ကျိုးအတွက် အသုံးချကာ အဆင်းရဲဆုံး တိုင်းပြည်အဖြစ် တွန်းပို့ခဲ့သဖြင့် တပ်မတော်၏ ဂုဏ်သိဏ္ခာလည်း အဆုံးစွန်ဆုံးထိ ကျဆင်း ကင်းမဲ့ခဲ့သည်ဟု ပန်ကြားချက်က ဆက်လက် ဖော်ပြခဲ့သည်။

တပ်မ (၇၇) နှင့် တပ်မ (၆၆) တို့၏ ၂၀၀၉ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၀ နှစ်ဦးပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သည့် အာဏာဖီဆန်မှုနှင့် သဘောထားကွဲလွဲမှုများသည် တပ်တွင်းတွင် အမှန်တကယ် ကြုံတွေ့နေရသော စားဝတ်နေရေးဒုက္ခ အခက်အခဲပြဿနာများဖြစ်ကာ နအဖလက်အောက်ခံ တပ်ရင်းများ၏ အခြေအနေမှန်များ ဖြစ်ပြီး ပြည်သူလူထု အခက်အခဲကို တပ်မတော်ကိုယ်စားပြု၍ ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ထောက်ပြခဲ့သည်။

နအဖစစ်အုပ်စုတွင် အောက်ခြေတပ်များ၏ အခက်အခဲကို နည်းမှန်လမ်းမှန် ဖြေရှင်းရန် အစီအမံ အတိအကျမရှိဘဲ အမိန့်အာဏာဖြင့် ထိန်းချုပ်ဖိနှိပ်ထားသည်ကိုသာ တွေ့မြင်နေရပြီး တိုင်းပြည်၏ အကျပ်အတည်း ရိုက်ခတ်မှုများကြောင့် ယနေ့ကာလတွင် တပ်တွင်း သဘောထားကွဲလွဲမှုများ၊ အမိန့်အာဏာ ဖီဆန်မှုများ ဆက်တိုက်ဖြစ်ပေါ်လာနေသည်ဟု (မဒတ) က ရှုမြင်သည်။

စစ်အုပ်စုသည် (၂၀၁၀) ရွေးကောက်ပွဲ ကျင်းပပြီး ရုပ်သေးအစိုးရထံ အာဏာလွှဲပြောင်းရန် စီစဉ်ခြင်း၊ စစ်ခေါင်းဆောင်အချို့ ရာထူးတိုးမြှင့် ပြောင်းရွှေ့ခြင်း၊ ဝန်ထမ်းလစာတိုးမြှင့် ပေးနေသည့် ဆေးမြီးတို နည်းလမ်းမှာ ပြည်သူနှင့် တပ်မတော်သားများ လက်ငင်း ရင်ဆိုင်နေရသော စားဝတ်နေရေး အကြပ်အတည်းကို မည်သို့မျှ ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ပန်ကြားချက်က ဆိုသည်။

ထို့ကြောင့် ပြည်သူတရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ တိုင်းချစ်ပြည်ချစ် တပ်မတော်သားများ ပြည်သူလူုထုဘက် ပြတ်ပြတ်သားသား ရပ်တည်ကာ ပြည်သူလူထုနှင့်အတူ ပြဿနာရပ်များ ဝိုင်းဝန်းဖြေရှင်းရန် (မဒတ) က တိုက်တွန်းထားသည်။

(မဒတ) ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ဖြင့် ၁၉၇၆ ခုနှစ်၊ မေလ (၁၁) ရက်နေ့၌ မာနယ်ပလောဒေသတွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်အချို့မှာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် လက်ရှိတွင် ရခိုင်၊ ချင်း၊ ကရင်၊ လားဟူ၊ မွန်၊ ပအို့ဝ်၊ ဝ၊ ပလောင် အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည်။


source by : http://www.yoma3.org