Monday, January 18, 2010

ဒေါ်အောင်ဆန်းစုကြည် အမှု ပြင်ဆင်လျှောက်ထားချက် ဗဟိုတရားရုံးချုပ် အပြီးသတ်ကြားနာ

2010-01-18 ( RFA )

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ တနှစ်ခွဲကြာ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်အမှု နှစ်ဖက်လျှောက်ထားချက်တွေကို ဗဟိုတရားရုံးချုပ်က ဒီကနေ့ အပြီးသတ် ကြားနာခဲ့တယ်လို့ ရှေ့နေတွေက အာအက်ဖ်အေကို ပြောပါတယ်။

ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အဦ ဖြစ်ပါသည်။ (Photo: AFP)

ဒီကနေ့ အမှု ကြားနာရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ ဒေါ်ခင်ခင်ဝင်းတို့ သားအမိရဲ့ အမှုလျှောက်လဲချက်တွေကိုရော တရားလို အစိုးရရှေ့နေတွေဖက်ကရော အပြည့်အစုံ တင်ပြ ကြားနာခဲ့တယ်လို့ အကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။'ကျနော်တို့ ဒီနေ့ အမှုသုံးမှုပေါ့။ ဒေါ်အောင်ဆန်းစုကြည် တင်တဲ့အမှုက တမှု၊ ဒေါ်ခင်ခင်ဝင်းတို့ တင်တဲ့အမှုက တမှု၊ နောက် အစိုးရက ရန်ကုန်တိုင်း တရားရုံးကနေ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ မရှိတော့ဘူးလို့ သုံးသပ်ခဲ့တာကို မကျေနပ်လို့ တင်တဲ့အမှုက တမှု။ ဒီ သုံးမှုစလုံးအတွက် အစိုးရဖက်နဲ့ ကျနော်တို့ နှစ်ဖက်လျှောက်လဲချက် အပြည့်အစုံ ပေးပြီးသွားပါပြီ။ ကျနော်တို့ဘက်ကတော့ ဆရာဦးကြည်ဝင်းနဲ့ ဆရာဦးလှမျိုးမြင့်တို့က လျှောက်လဲချက် ပေးပါတယ်'

၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်း ထားတာနဲ့ ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် လျှောက်လဲခဲ့ကြတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။'အစိုးရဘက်ကလည်း ၆/၈၈ လို့ခေါ်တဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းစမှာ ဥပဒေတွေက မပယ်ဖျက်သေးပေမယ့် အတည်ဖြစ်တယ်ဆိုတဲ့ဟာ၊ ဒါကြောင့် ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မပယ်ဖျက်သေးဘူးဆိုတာကို သူတို့က ဇောင်းပေး ဖော်ပြတယ်။ ကျနော်တို့ဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာမှာ ရိုးရိုး ဥပဒေနဲ့ မတူဘူး၊ နောက်ပြီးတော့ လက်တွေ့အားဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ဖျက်ခြင်းမရှိဘဲနဲ့ အာဏာတွေ ပြောင်းသွားတာတွေ အများကြီးရှိတယ်၊ ကမ္ဘာနဲ့ ချီပြီးတော့ ကျနော်တို့တင်ပြတယ်။ ဘော်ရှီဗစ် တော်လှန်ရေးတို့၊ ပြင်သစ်တော်လှန်ရေးတို့ ဒါတွေနဲ့ တင်ပြတယ်။ နောက်တခုက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတည်ပြုခဲ့တဲ့ ဥပဒေ နိဒါန်းအရ ၈၈ ခုနှစ်ကတည်းက ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရပ်ဆိုင်းခဲ့ပြီ။ ရပ်ဆိုင်းနေတဲ့ကိစ္စမှာ ဘာမှ အသုံးပြုခွင့်မရှိဘူးဆိုတာကို ကျနော်တို့ ဥပဒေ အချက်အလက်တွေနဲ့ အကျယ်တဝင့် လျှောက်လဲချက် ပေးခဲ့ပါတယ်'

အမှုနဲ့ ပတ်သက်ပြီး တရားရုံးချုပ်အနေနဲ့ နှစ်ပတ်အတွင်း ဆုံးဖြတ်ချက်အမိန့် ချနိုင်တဲ့ အလားအလာ ရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးကြည်ဝင်းက သတင်းဌာနတွေကို မှတ်ချက်ပေးရာမှာ အမှု လျှောက်လဲချက်နဲ့ ပတ်သက်ပြီး အကောင်းဖက်က မျှော်လင့်ချက် ရှိတယ်လို့ ပြောကြားထားပါတယ်။

ဒီကနေ့ ဗဟိုတရားရုံးချုပ် အမှု ကြားနာတာကို ဗြိတိန်သံအမတ်ကြီးနဲ့အတူ သူ့ရဲ့ အတွင်းဝန်တဦး တက်ရောက် နားထောင်ခဲ့ပါတယ်။ တခြား လူငယ်ရှေ့နေ ၁ဝ ဦးလောက်ကလည်း အမှုကို စိတ်ဝင်တစား လာရောက် နားထောင်ကြတယ်လို့ သိရပါတယ်။

ရန်ကုန်ကလာတဲ့ သီးခြား သတင်းတွေအရ တရားရုံးချုပ်အနေနဲ့ အမိန့်ချမယ့် အမှုရက်ချိန်းကို ချက်ချင်း ဆုံးဖြတ်ချက် မပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ကြားနာစဉ် ရန်ကုန်မြို့ပေါ်မှာ အာဏာပိုင်တွေက လုံခြုံရေး အများအပြား ချထားတယ်လို့သိရပြီး အထူးသဖြင့် ဗဟိုတရားရုံး အနီးမှာ ထူထူထပ်ထပ် ချထားတာ တွေ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


source by : http://www.rfa.org