Saturday, January 23, 2010

တပ်မတော်မှ ယာဉ်ထိန်းရဲ (မော်တော်ပီကယ်) များ


ဆောင်းပါးရှင် - ဗိုလ်ရဲရင့် (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)


ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် (D.S.A) တွင် ဗိုလ်လောင်းများ တက်ရောက်သင်ကြားသော စာပေ ဌာန (၁) နှင့် ကျောင်းဆင်းပြီး အရာရှိများကို ပြည်တွင်း Master (M.S.C) နှင့် နိုင်ငံခြားသို့ သင်တန်းတက်ရောက်ရန်အတွက် ဖွင့်လှစ် ထားသော သင်တန်းအဖြစ် စာပေ ဌာန (၂) တို့ ရှိပါသည်။ စစ်တက္ကသိုလ် စာပေ (၂) မှ သင်တန်းသား အရာရှိအချို့သည် စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် လားရှိုးမြို့သို့တက်ကာ တရုတ်နိုင်ငံမှလာသော တရားမ၀င် ဆိုင်ကယ်များအား ကိုယ်တိုင် သွားရောက်သယ်ယူခဲ့ကြပြီး မန္တလေးမြို့သို့ ဆင်းကာ ပြန်လည်ရောင်းချကြပါသည်။

ထိုသတင်းသည် တိုင်းမှူး၊ တပ်နယ်မှူး (စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး) များ သိရှိသွားသောအခါ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဟန် ဦးစီးသော စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အရာရှိငယ်များ၏ ကယ်ရီဆိုင်ကယ်များအား လိုက်လံဖမ်းဆီးခဲ့ရာ ဆိုင်ကယ်ပေါင်း မြောက်များစွာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်စုံစမ်းခဲ့ရာ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဟန်က တစ်ဦးလျှင် ကျပ်လေးသောင်းနှုန်းဖြင့် ဆိုင်ကယ်များကို ပြန်ရွေးခိုင်းကြောင်း သိရှိရပါသည်။ ဆိုင်ကယ်တစ်စီးကို ကျပ် လေးသောင်း မဟုတ်ပါ။ လူတစ်ဦးကို ကျပ် လေးသောင်း ဖြစ်ပါသည်။ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးလျှင် ကျပ် ရှစ်သောင်း ပေးရပါသည်။ တစ်ချို့အရာရှိများသည် ငွေကြေးမပြည့်စုံ၍ ရှယ်ယာထည့်ကာ အဖော်အဖြစ် လိုက်ပါပြီး သုံးယောက်စီးသဖြင့် ထိုသုံးယောက်စလုံး ဖမ်းမိလိုက်ရာ ကျပ်တစ်သိန်းနှစ်သောင်း ပေးရပါသည်။ ဆိုင်ကယ်ပေါင်း များစွာဖြင့် အရာရှိငယ်ပေါင်း မြောက်များစွာထံမှ သိန်းနဲ့ချီ၍ ပိုက်ဆံများ တောင်းယူခဲ့ပါသည်။


ပြင်ဦးလွင်တွင် သင်တန်းသားများ အလွန်များပြားနေရာ ဆိုင်ကယ်များ မည်မျှရှိသည်ကို ခန့်မှန်းနိုင်ပြီး ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဟန်နှင့် အပေါင်းအပါများ တောင်းခံထားသည့် ငွေပမာဏလည်း မြောက်မြားစွာ ရရှိသွားသည်ကို တွက်ကြည့် နိုင်ပါသည်။

ငွေကြေးအခက်အခဲများကြောင့် မပေးနိုင်သေးသည့် အရာရှိငယ်များအား "မင်းတို့ ဘ၀ပျက်သွားချင်သလား... ငါလုပ်လို့ ရတယ်..." စသည်ဖြင့် ဒုဗိုလ်မှူးကြီး မောင်မောင်ဟန်က ပိုက်ဆံ မပေးမချင်း ခေါ်ယူပြောဆို ခြိမ်းခြောက်ခဲ့ပါသည်။ ခေါ်ယူတိုင်းလဲ ဆူပူ သောင်းကျန်းသည်ဟု သိရပါသည်။ အမှန်တကယ်တော့ ဒီလောက်မဖြစ်သင့်ပါ။

သင်တန်းသားများ၏ ဘ၀ရပ်တည်ရေးနှင့် စားဝတ်နေရေးအတွက် ကိုယ်ချင်းစာနာမှု မရှိဘဲ စစ်တက္ကသိုလ်ရှိ နည်းပြ အရာရှိများက အဆမတန် နှိပ်ကွပ်သည်မှာ ရက်စက်လွန်းအား ကြီးလှပါသည်။ ဤသို့ဆိုလျှင် နည်းပြများ ကယ်ရီချသော အခါ မည့်သည့်အတွက်ကြောင့် ထိရောက်စွာ အပြစ်ပေး အရေးမယူသနည်း။ စဉ်းစားစရာ ရှိပါသည်။ သင်တန်းသားများ ဆိုင်ကယ်ကယ်ရီ လုပ်သောအခါ သူတို့ စားခွက်ဝင်လုသည်ဟု ထင်လို့လား…..

ရရှိသောငွေများအား တပ်တွင်း သက်သာချောင်ချိရေးအတွက် တထောင့်တနေရာတွင် အသုံးပြုခဲ့ခြင်းမျိုးလည်း မရှိဟု သိရပါသည်။ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများ၊ မျက်မမြင်၊ မိဘမဲ့၊ ဘိုးဘွားရိပ်သာ စသည်ဖြင့် တစ်နေရာရာကို လှူဒါန်းလိုက်ပါသည်ဆိုသော သတင်းလည်း မကြားရပါ၊ အရာရှိငယ်များ၏ အဆောင်တွင် မှန်ကွဲ၊ ခုံကျိုးများအား ပြုပြင် ပေးခြင်း၊ အရာရှိငယ်များ၏ စာပေသင်ကြားရေးအတွက် အထောက်အကူပြုပစ္စည်းများ ၀ယ်ယူပေးသံလည်း မကြားရပါ။ အရာရှိငယ်များ၏ စားရိပ်သာတွင် ပန်းကန်များ ကွဲနေခြင်း၊ ရိပ်သာ ပျက်ယွင်းခြင်းများအား ပြန်လည်ပြုပြင် ပေးခြင်းလည်း မတွေ့ရပေ။ ထိုကြောင့် သိန်းနဲ့ချီ ရထားသော ထိုငွေများသည် ဘယ်ရောက်သွားပါသနည်း။ မည်သည့်နေရာတွင် အသုံးပြု လိုက်ပါသနည်း။ အဆိုပါငွေများ ဘယ်ကိုရောက်သွားသည် ဆိုတာကိုတော့ အုပ်ချုပ်သည့် နည်းပြအရာရှိများနှင့် ကျောင်းအုပ်ကြီးတို့သာ အသိဆုံး ဖြစ်ပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ တဆင့် တင်ပြလိုက်ရပါသည်။


source by : http://www.photayokeking.org