Sunday, January 17, 2010

အကျယ်ချုပ် သက်တမ်းပြည့်တော့မည့် ဦးတင်ဦး ပြန်လွတ်မည်လော

မိုးမခအထောက်တော် အမှတ် ၀၀၆
ဇန်န၀ါရီ ၁၇၊ ၂၀၁၀


လွန်ခဲ့သည့် ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးတင်ဦး။ ယခုအခါ
၎င်းတို့ ၂ ဦး စလုံး ထိန်းသိမ်းခံနေရသည်။


NLD ခေါင်းဆောင်တယောက်ဖြစ်သူ ဦးတင်ဦးသည် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် အာဏာပိုင်တို့က မည်သို့ ဆက်လက်ကိုင်တွယ်မည်ကို နိုင်ငံရေး လေ့လာသူများက စိတ်ဝင်စားနေကြသည်။

“နောက်လ ဖေဖော်ဝါရီလ ၁၄ ရက်ဆိုရင် အခု နေအိမ်အကျယ်ချုပ်က ၆ နှစ် ပြည့်ပြီလေ၊ အဲဒီတော့ ကျနော် နားလည်တာကတော့ နေအိမ် အကျယ်ချုပ်ဆိုတာ ၆ နှစ်အထိပဲ သက်တမ်း ရှိတယ်။ အဲဒီမှာ သက်တမ်းကုန်ဆုံးမယ်” ဟု ဦးတင်ဦး၏ သားဖြစ်သူ ကိုသန့်ဇင်ဦးက DVB သတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောသည်။

နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူခံထားရသော သူ၏ ဖခင်သည် ထိုဥပဒေအရ အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြီးဆုံးတော့မည်ဖြစ်ကြောင်း ကိုသန့်ဇင်ဦး ပြောသွားခြင်း ဖြစ်သည်။

ထိုဥပဒေအရ ဦးတင်ဦး ပြန်လည် လွတ်မြောက်လာဖွယ်ရှိသည်ဟု ယူဆသူများ ရှိသည်။ တချို့ကလည်း အာဏာပိုင်တို့က သူ့ကို တနည်းနည်းဖြင့် ဆက်လက် ထိန်းသိမ်းထားဦးမည်ဟု ခန့်မှန်းကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ပုဒ်မတခုဖြင့် စွဲချက်တင်ကာ ထပ်မံထိန်းသိမ်းခဲ့ခြင်းကို ၎င်းတို့က ထောက်ပြကြသည်။

ဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်သည်။ ၂၀၀၃ ခုနှစ် မေလ က သူ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အဖွဲ့ချုပ်၏ မော်တော်ယဉ်တန်းသည် ဒီပဲယင်းမြို့ပြင်ရှိ အင်အား ၅၀၀၀ ခန့်ရှိသော လူအုပ်ကြီး၏ တိုက်ခိုက်ခြင်း ခံရသည်။

ဦးတင်ဦး နှင့် ဒေါ်စုသည် ထိုအချိန်မှစပြီး အထိန်းသိမ်းခံခဲ့ရသည်။ ဒေါ်စုက အင်းစိန်ထောင်သို့ ရောက်သွားပြီး ဦးတင်ဦးက စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့ ရောက်သွားသည်။

နောက်ပိုင်းတွင် အာဏာပိုင်တို့က ၎င်းတို့ကို နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခဲ့သည်။

ဤသို့ဖြင့် ဦးတင်ဦးသည် ကလေးမြို့ အကျဉ်းထောင်တွင် ၉ လကြာ နေခဲ့ရပြီး ၂၀၀၄ ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်သို့ ရောက်သွားခြင်းဖြစ်သည်။

ယခုအခါ ဦးတင်ဦးသည် အသက် ၈၃ နှစ် ရှိပြီဖြစ်သည်။

ဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အများ၏ လေးစားခြင်းကို ခံရသူ ဖြစ်သည်။


မူရင်းလင့်ခ်