Saturday, January 16, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ပါမောက္ခ တွေ့ဆုံဆွေးနွေး

2010-01-16 ( RFA )

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ ဒီကနေ့ မနက် ၁၁ နာရီက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက အာအက်ဖ်အေကို ပြောပါတယ်၊၊ အမေရိကန်အဖွဲ့ကို ဦးဆောင်သူက ဝါရှင်တန်ဒီစီမြို့တော် Johns Hopkins တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာန ပါမောက္ခ ကားလ် ဂျက်ဆင် Karl Jackson ဖြစ်တယ်လို့ သိရပါတယ်။



၁၉၉၁ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ယခင်တချိန်က မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ပါမောက္ခဂျက်ဆင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ စုဆောင်းရယူနိုင်ဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာ သီတင်းတပတ်လောက် ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က NLD ရုံးချုပ်မှာ ပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့လည်း အခုနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် မနေ့က တွေ့ဆုံခဲ့ပါတယ်။ ပါမောက္ခဂျက်ဆင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အခု ခရီးစဉ်အတွင်း စစ်အစိုးရဘက်က ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတာ လောလောဆယ် အတိအကျ မသိရသေးပါဘူး။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါမောက္ခဂျက်ဆင်ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုဟာ နိုင်ငံတကာနဲ့ အပြန်အလှန် ထိတွေ့ခွင့်ရရှိတာ ဖြစ်တဲ့အတွက် ကြိုဆိုကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ပါမောက္ခဂျက်ဆင်ဟာ အမေရိကန် ဒု-လက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ၁၉၈၆ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး အမေရိကန်သမ္မတရဲ့ အာရှဒေသဆိုင်ရာ အမျိုးသား လုံခြုံရေးကောင်စီ အကြီးတန်း ညွှန်ကြားရေးမှူးအဖြစ် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ ဒါ့ပြင် သူဟာ အမေရိကန် ဒုတိယသမ္မတရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ၁၉၉၁ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။

လောလောဆယ် ပါမောက္ခဂျက်ဆင်ဟာ Johns Hopkins တက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံပါမောက္ခအဖြစ် ထမ်းဆောင်နေတဲ့အပြင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရဲ့ အကြံပေးပုဂ္ဂိုလ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းရဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ စသဖြင့် နိုင်ငံတကာ စီးပွားရေးနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်း အတော်များများမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။


source by : http://www.rfa.org